🌵၃၀🌵

155 8 7
                                    

အညာခရီးစဉ်-၃

မိုးစုံးစုံးချုပ်နေပြီဖြစ်ပြီး မီးမရသည့်ဒေသမို့ ရွှေလရောင်ဟာ ထိန်လင်းနေသည်။

တချို့အိမ်ကလေးတွေမှာတော့ batteryအိုးဖြင့်ဖွင့်ထားကြသည့် မီးချောင်းမှိန်မှိန်လေးတွေရှိသော်လည်း အဘတို့အိမ်ကတော့ မည်သည့်မီးကိုမှ ထွန်းမတော့။

တစ်အိမ်လုံးမှာ အပေါ်ထပ်မှာ အဘနှင့်အမေကြီးနေပြီး အောက်ထပ်မှာတော့ သူနှင့်အစ်ကိုသာရှိ၏။

ခါတိုင်းရက်များဆိုရင် သည်အခန်းဟာ ဒွေးနဲ့ ပထွေးလေးအိပ်တာဖြစ်သော်လည်း ယခုတော့ ကန္တာဦးတို့ရောက်လာ၍ အရှေ့တောက သူတို့အိမ်မှာပြန်အိပ်ကြသည်။ တောင်ချိုင့်က ညီမဝမ်းကွဲတွေလည်း သူစိမ်းလူပျိုတစ်ယောက်ပါလာ၍ တောင်ချိုင့်မှာပဲ ပြန်အိပ်၏။ သူ့ကို မရမကခေါ်လာသည့် မျိုးပိုင်နှင့်မျိုးနိုင်တို့ကတော့ လူမှန်းသိတတ်စကတည်းက ဘုန်းကြီးကျောင်းမှာပဲအိပ်ကြသည်မို့ ယခုလည်း  ဘုန်းကြီးကျောင်းကိုသွားလိုက်ကြပြီ။

ညဟာ တဖြည်းဖြည်းနက်လာ၏။

ညဘက်မို့ တောင်ဘက်နှင့် ခြေရင်းဘက်ရှိ ပြတင်းပေါက်တွေကို အလုံးစုံဖွင့်ထားရသည်။ အိမ်က ကုန်းမြင့်ပေါ်မှာရှိသည်မို့ လေမတိုက်မှာတော့ မပူရပါလေ။

အိမ်အပေါ်ထပ်မှ အဘနှင့်အမေကြီးတို့က အိပ်ပျော်နေကြပြီ။ အဘရဲ့ သွားကြိတ်သံကိုပင် အောက်ထပ်ကနေ အတိုင်းသားကြားနေရ၏။ တစ်ခါခါမှာ အဘက ထထယောင်တတ်သေးတာမို့ ကန္တာဦးမှာ လန့်သွားရသေးသည်။

ကန္တာဦးတစ်ယောက် အသဲလေးအတွက်ပေးထားသည့်အိပ်ယာဘေး၌ ငုပ်တုပ်ထိုင်နေရင်းမှ မိုးရိပ်ညိုကို နှိုးသင့်မနှိုးသင့် တွေးနေမိ၏။

အိပ်ပျော်နေသူကို နှိုးလျှင်လည်းမကောင်းတတ်သလို ဘာမှမစားဘဲ အိပ်ပျော်သွား၍ ဗိုက်ဆာနေမှာကိုလည်းစိုးသည်။

ကန္တာဦးဟာ အသဲလေးကို ပွေ့ထားပြီး တဖွဖွကိုပဲ နမ်းနေမိတော့၏။

ယခုအခါ အသဲလေးက မိုးရိပ်ညိုပြောထားသည့်အတိုင်း ယခင်ကထက်(၄)ဆလောက် ပိုမိုဝတုတ်နေသည်မို့ အလွန်အင်မတန်ကိုမှ ချစ်စရာကောင်းနေကာ မနမ်းဘဲ မည်သို့မျှ မနေနိုင်ပါလေ။

OASIS [COMPLETE]Donde viven las historias. Descúbrelo ahora