🌵၁၈🌵

154 9 0
                                    

ပြန်လည်ဆယ်ယူ၍ မရသည်အထိ....

ကန္တာဦးတစ်ယောက် မိုးရိပ်ညို၏အိမ်ရှေ့၌ မတ်တပ်ရပ်နေမိတာ သိပ်ကိုကြာနေပါပြီ။ အထဲကိုဝင်ဖို့လည်း မဝံ့မရဲဖြစ်နေသလို၊ မိုးရိပ်ညိုထံသို့ သူရောက်နေကြောင်းကိုလည်း မက်ဆေ့ခ်ျမပို့ချင်။

ယောင်ရမ်းပြီး လက်မှနာရီကို ကြည့်မိကာမှ ထိုနာရီဟာ မိုးရိပ်ညိုထံသို့ ရောက်ရှိသွားပြီမှန်း သတိရလိုက်မိသည်။ သူ့ထံ၌ နာရီမရှိတာ (၁)လလောက်တောင်ကြာနေပြီဖြစ်သော်လည်း (၄)နှစ်လုံးလုံးအတူတူရှိလာသည့်ပစ္စည်းလေးမို့ နာရီကြည့်တတ်သည့်အကျင့်ဟာ နည်းနည်းလေးမှ မပျောက်ပျက်ပါလေ။

[ဒီတိုင်း...လှည့်ပြန်လိုက်ရင် ကောင်းမလား]

ကန္တာဦးမှာ ဝေခွဲမရစွာဖြင့် ခေါင်းငုံ့လျက် ခြေချောင်းများကို ငုံ့ကြည့်နေဖြစ်ပြန်သည်။

မနေ့က...အစ်ကို့သူငယ်ချင်းမလေးထံက မလိုလားတဲ့အကြည့်တို့ကြောင့် သူ နည်းနည်းတော့ အားငယ်နေမိတာ အမှန်ပါလေ။ ထို့အတွက်လည်း အိမ်ထဲသို့ ခြေတစ်လှမ်းလေးပင် လှမ်း၍ မဝင်ရဲနေတာမို့လား။ ထုတ်မပြောသော်လည်း အကယ်၍...အစ်ကို့မိဘတွေကပါ သူ့ကို မလိုလားဘူးဆိုလျှင်ရော.....။ အတွေးလေးနဲ့တောင် မွန်းကြပ်နေရသဖြင့် သက်ပြင်းအရှည်ကြီးကို ရှိုက်ထုတ်ပစ်လိုက်ရသည်။

ထို့နောက် လွယ်အိတ်ထဲ၌ ထည့်လာခဲ့သည့် ပုဆိုးတစ်ထည်၊ နံ့သာရောင်ရှပ်လက်ရှည်နှင့် ကတ္တီပါဖိနပ်ဘူးကို အပြင်ဘက်မှ အသာကိုင်မိလိုက်သည်။

တန်ဖိုးကြီးသည့် မွေးနေ့လက်ဆောင်တွေကြားမှာ သောင်းကျော်‌တန်လောက်ပဲရှိသည့် သူ၏မွေးနေ့လက်ဆောင်ဟာ သေချာပေါက် မျက်နှာငယ်နေလိမ့်မည်ပင်။

[ဘယ်လိုလုပ်ရမလဲ]

ကန္တာဦးသည် အင်မတန်ကိုပဲ စိတ်ရှုပ်လာသည်မို့ အနည်းငယ်မျှ ရှည်နေပြီ‌ဖြစ်သော ဆံပင်တို့ကို ထိုးဖွဖြစ်လိုက်ရသည်။

ဘာလို့များ သူဟာ ပျော့ညံ့တဲ့သူတစ်ယောက် ဖြစ်နေရတာပါလဲ။ ဘာဖြစ်လို့များ ဘယ်ဆုံးဖြတ်ချက်ကိုမဆို တိကျစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိနေရတာပါလဲ။ ဘာ့ကြောင့်များ လိုသည်ထက်ပို၍ အတွေးများနေမိတာပါလဲ။ 'လဲ'ပေါင်းများစွာဟာ ခေါင်းထဲ၌ ဟိုဟိုဒီဒီပြေးလွှားနေလျက်ရှိနေပါသည်။

OASIS [COMPLETE]Where stories live. Discover now