🌵၃၉🌵

127 9 0
                                    

အရမ်းကိုမှ နှစ်နှစ်ကာကာ.....

တစ်နေ့တာဟာ ဘယ်လိုကုန်သွားမှန်းမသိ။

ညအခါမှာတော့ မိုးရိပ်ညိုတစ်ယောက် ဖျားနာခြင်းနှင့် အဖော်ပြုရပါပြီ။

အနွေးထည်ထူတာမပါသည့်အပြင် သည်နှစ်ဆောင်းက ကုန်ခါနီးမှပဲ အအေးလှိုင်းထပ်ဖြတ်လာပြန်တာမို့ ခြုံထားသည့် ‌ချည်စောင်လေးသုံးထည်ဟာ အအေးဒဏ်ကို လုံခြုံအောင် ကာကွယ်မပေးနိုင်ပါလေ။ ထို့အတွက် ညဉ့်နက်လေ အအေးဓာတ်ကဲလာလေမို့ မိုးရိပ်ညိုမှာ နဖူးနှင့်ဒူး ထိမတတ်ကို ကွေးထားမိတော့သည်။

အခန်းထဲမှ ကန္တာဦးမှာလည်း ရှည်ကြာသည့် ဆောင်းည၏အလယ်မှာ အိပ်၍မပျော်နိုင်။ အခန်းအပြင်ဘက်ကြမ်းပြင်ဆီမှ လူးလှိမ့်နေသံတွေကို အတိုင်းသားကြားနေရသည်မို့ နေရာမှ  ငုတ်တုပ်ထထိုင်ရ၏။ သူ့အိပ်ယာဘေးမှာတော့ သံဒယ်တစ်ခုအတွင်းမှာ တဖျစ်ဖျစ်မြည်သံပေး၍တောက်လောင်နေသည့် မီးလင်းဖိုအသေးစားလေးတစ်ခုရှိနေသည်။

ကန္တာဦးဟာ သက်ပြင်းတစ်ချက်ကို ရှည်ကြာစွာချ၏။

ဘယ်လိုပဲ အဖြစ်အပျက်တွေအပေါ်မှာ အကြောက်တရားတွေရှိနေစေဦးတော့၊ ချစ်ရသူကို ကြောက်ရွံ့နေတာကြီးကတော့ မဖြစ်သင့်ဘူးဟုထင်သည်။ မဟုတ်လျှင်တောင် သည်လူက သူ့အတွက်နဲ့ အရာရာကို ပုံအောပေးချင်တဲ့သူမဟုတ်လား။ ပြီးတော့ သည်လူက သူ့ကို ဘယ်လောက်တောင်မှ ချစ်ထားလိုက်လဲ၊ အဲ့ဒီနေ့က အဖြစ်အပျက်ထဲက ရင်နင့်စေတဲ့အကြောင်းအရာတစ်ခုကိုကြည့်ရုံနဲ့ မေတ္တာတရားက မည်မျှနက်ရှိုင်းနေပြီဖြစ်ကြောင်းကို ခန့်မှန်း၍ ရနေသည်ပဲလေ။

ကန္တာဦးမှာ တဖျစ်ဖျစ်မြည်သံပေး၍ တောက်လောင်နေသော မီးဖိုလေးကိုကြည့်ပြီး အတွေးတွေ များနေရတော့သည်။ ထို့အတွက် နေရာမှထ၍ စောင်တွေကို လုံးထွေး၍သယ်ယူလိုက်ပြီးနောက် ကွေးကွေးလေးအိပ်ပျော်နေသူ၏ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးပြီးလိုက်လျှင် မိုးရိပ်ညိုဟာ ဆတ်ခနဲလန့်နိုးလာရတော့သည်။

"Bee..ဘာဖြစ်လို့လဲ"

"...နေမကောင်းဘူးလား၊ အသားတွေပူနေတယ်"

OASIS [COMPLETE]Donde viven las historias. Descúbrelo ahora