🌵၁၇🌵

167 12 0
                                    

ဆံခြည်မျှင်လေးတချို့....

ရန်ကုန်မြို့ဟာ ခါတိုင်းလိုပဲ လှုပ်ရှားအသက်ဝင်နေ၏။

ပျားပန်းခတ်သွားလာနေသော လူအုပ်ကြီး၊ မီးပွိုင့်မိ၍ ရပ်နေရသော ကားတန်းကြီးမှာလည်း အနည်းဆုံး (၃)မိုင်လောက်တော့ရှိလိမ့်မည်။

ကားလမ်းကို ကျော်၍ဆောက်တည်ထားတဲ့ ကုန်းကျော်တံတားပေါ်မှာလည်း လူတွေအပြည့်...၊ ကားမီးခိုးနံ့၊ လူနံ့၊ အမှိုက်သရိုက်နဲ့ မြောင်းပုပ်အနံ့တွေ...၊ နောက်ပြီး လမ်းဘေးမှာချရောင်းတဲ့ သရက်သီးပေါင်း၊ အချဉ်ပေါင်း၊ ရေခဲရေဆိုင်သေးသေးလေးတွေ၊ ကြာဇံကြော်/ခေါက်ဆွဲကြော်ရောင်းတဲ့ဆိုင်တွေ....။

အရာအားလုံးဟာ ‌သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေပါ၏။ ထိုကဲ့သို့ အံဝင်ခွင်ကျ ရှိနေသူများထဲတွင် မီးပွိုင့်မိလို့ ကားရပ်ထားရသည့် ဦးအဲရစ်နှင့် ဒေါ်မြသွဲ့ဝေရီလည်း ပါဝင်နေပါ၏။

"မြသွဲ့ဝေရီ...."
ဦးအဲရစ်တစ်ယောက် ခပ်လှမ်းလှမ်းမှာမြင်နေရသည့် အချိန်ရေတွက်နေသည့်မီးပွိုင့်ကို တမျှော်တခေါ်ငေးကြည့်ရင်းမှ ဇနီးဖြစ်သူကို ခပ်တိုးတိုးခေါ်လာ၏။

ယခုအခါ ဦးအဲရစ်မှာ ပါမောက္ခအလုပ်မှအနားယူလိုက်ပြီး လှည်းတန်းမှာ English speaking classတစ်ခုဖွင့်ထားပြီမို့ အချိန်တော်တော်များများဟာ အားလပ်နေပါလေသည်။

"မြသွဲ့ဝေရီလို့..."
ဦးအဲရစ်သည် အတွေးရေယာဉ်ကြော၌ နစ်မြောနေသည့် ဒေါ်မြသွဲ့ဝေရီ၏ လက်မောင်းကို အသာလှုပ်လိုက်ရင်းမှ ခေါ်လာသည်။

ထိုအခါမှ ဒေါ်မြသွဲ့ဝေရီသည်လည်း အတွေးစတို့ပြတ်တောက်သွားပြီး ခင်ပွန်းသည်ဘက်ကို လှည့်ကြည့်ပြီး...
"တောင်းပန်ပါတယ်၊ ကျွန်မ မကြားလိုက်လို့"

"အင်း...ဘာတွေတွေးနေတာလဲ"

".....ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ ကန္တာဦးလေးရဲ့အကြောင်းကို တွေးကြည့်နေတာ"

"အော် ဟိုကလေးလေးလား"

ဦးအဲရစ်၏အမေးကြောင့် ဒေါ်မြသွဲ့ဝေရီတစ်ယောက် ခေါင်းငြိမ့်ရ၏။ ထို့နောက် ကားပြတင်းပေါက်မှမြင်နေရသည့် ပြင်ပကို ငေးငိုင်ပြီးကြည့်နေဖြစ်ပြန်သည်။

OASIS [COMPLETE]Where stories live. Discover now