မဖဲဝါ အသက် ၄၄

915 72 6
                                    

Unicode

အညာမိုးလေဗျာ။ ဖွဲကနဲ ရွာလိုက် နေပူလိုက်။
သည်းကနဲ နေပူလိုက်ပေါ့။ တန်ခူး၊ ကဆုန်မှာကြဲတဲ့
နှမ်းက ဝါဆို ဝါခေါင်မှာ နှုတ်ရတယ်။ ကျုပ်တို့အညာက
တောင်သူဆိုတာ ရင်တမမနဲ့ စိုက်ကြ ပျိုးကြရတာပေါ့ဗျာ။
မိုးက လိုသလောက်မရရင်လည်း သီးနှံက မအောင်ဘူးဗျ။
လိုတာထက် ပိုသွားရင်လည်း သီးနှံက ပျက်ပြန်ရောဗျ။

ဒါပေမဲ့ ဘာတတ်နိုင်မှာတုံးဗျာ။ တာတေက အညာသားလေ။
ပြီးတော့ တောင်သူရဲ့ သားလေးဗျာ၊ ဒီလိုပဲ မိရိုးဖလာ
လုပ်လာတဲ့ နှမ်းစိုက် ပဲစိုက်အလုပ်ကို လုပ်ရတော့တာလေ။
တင်တပမ်း စိုက်ကြ ပျိုးကြ ။ ပြီးရင် ရင်တမမနဲ့
ဘုရားတပြီး သီးနှံအောင်ဖို့ ဆုတောင်းကြရတာပဗျာ။

ဒီနှစ်တော့ တာတေတို့ မဆိုးပါဘူး၊ နှမ်းနှုတ်၊
နှမ်းထောင်၊ နှမ်းပုတ်၊ နှမ်းခါပြီးတော့ အတော်လေး
ရလိုက်တယ်ဗျို့။ အဘရော အမေရော ပြုံးပြုံးနဲ့ဗျ။

"ဂွပ်၊ ဂွပ် ၊ ဂွပ် ၊ ဂွပ် ၊ ဂွပ်"

ကျုပ်အမေက ကျုပ်ကို ငရုပ်သီးထောင်းခိုင်းထားလို့
ထောင်းနေရတာလေဗျာ။ ပြောရဦးမဗျို့။ အမေက
ဟင်းချက်ရင် ငရုတ်သီးကို အပုတဝက် ၊ အရှည်တစ်ဝက်
ထောင်းတာဗျို့၊ ကျုပ်မှာ ငရုတ်သီး ရေစိမ်ကတည်းက
ငရုတ်ပုဆယ့်တောင့် ငရုတ်ရှည်ဆယ်တောင့် စိမ်ရတာဗျ။

ရေမစိမ်ခင် ငရုတ်သီးတွေကို အညှာတံခြေရသဗျ။
ပြီးတော့မှ ဇလုံထဲမှာထည့်ပြီး ရေစိမ်တာ ၊
ငရုတ်သီး ရေစိမ်ထားတုန်း ကျုပ်က ကြက်သွန်နီ၊
ကြက်သွန်ဖြူကို ခွာထားရသေးသဗျ။ ကြက်သွန်တွေလည်း
ခွာပြီးရော စောစောက ရေစိမ်ထားတဲ့ ငရုတ်သီးတွေလည်း
ရေနူးရောပေါ့ဗျာ။ ဒီတော့မှ ငရုတ်ဆုံထဲထည့်ပြီး
ငရုတ်သီး အရင်ထောင်း ညက်တော့မှ ကြက်သွန်
ထည့်ရတာပေါ့ဗျာ။

"ဟဲ့ တာတေ ၊ ငရုတ်သီးကို ညက်အောင်ထောင်း၊
လေးစိတ်ကွဲအောင် မထောင်းနဲ့ ၊ အစေ့ပျောက်အောင်
ထောင်း ကြားလား၊ ငရုတ်သီး အစေ့ပျောက်ပြီး
စေးပိုင်လာတော့မှ ကြက်သွန်ထည့်ထောင်း၊
ကြားလား"

ကျုပ် ငရုတ်သီးထောင်းတိုင်း အမေက ကျုပ်ကို
သင်တာဗျို့၊ တကယ်ကတော့ ဒီလို ငရုတ်သီးထောင်းတာကို
သမီးမိန်းခလေးကို သင်ရမှာပေါ့ဗျာ၊ ဒါပေမဲ့ အမေက
သ္မီး မမွေးဘဲ ကျုပ်တစ်ယောက်တည်း မွေးထားတော့
ကျုပ်ကိုချည်း လွှတ်သင်တော့တာဗျို့၊

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now