ဗိုလ်တစ္ဆေရဲ့ တပ်မှူးကြီး (3)

622 49 5
                                    

Unicode

ညက မိုးလေး ဖျိုးဖျိုးဖျောက်ဖျောက်ရွာပြီး အအေးဓာတ်ကလေး ဝင်လာလို့ ထင်တယ်ဗျ။ အိပ်လို့ကောင်းလိုက်တာဗျာ။ ကျုပ်နိုးတော့ပဲ မိုးက စင်စင်လင်းနေပြီ။ မနေ့ကပဲ နှမ်းကြဲတဲ့ကိစ္စ ပြီးသွားလို့ စိတ်လျှော့ ချလိုက်တာလည်း ပါမယ်ဗျ။ ကျုပ်တို့ အညာသားတွေဆိုတာက တစ်ခုခု လုပ်စရာရှိလို့ကတော့ ညကို ဖြောင့်ဖြောင့်အိပ်လို့ ရကြတာမဟုတ်ဘူးဗျ။ အစောကြီးကို နိုးနေကြတာ။ အလုပ်ပြီးလို့ စိတ်လျှော့လိုက်ပြီဆိုရင်တော့ အိပ်လိုက်တာနဲ့ တုံးကနဲပဲဗျ။
အခုလည်း ကျုပ်နိုးတော့ နေတောင်မြင့်နေပြီဗျ။ အဘတို့ အမေတို့ ကလည်း ကျုပ်ကို ခါတိုင်းလို မနှိုးကြဘူးဗျ။ အလုပ်ပြီးသွားရင် ဒီလိုပဲ အိပ်ကြတယ်ဆိုတာ သိနေကြတာလေဗျာ။
"ကိုကြီးတာတေ နိုးပြီလားဗျ၊ အိပ်မက်ထဲမှာ နှမ်းတွေကြဲတုန်းပဲလား"

ကျောက်ခဲအသံဗျ။ ဝိုင်းထဲဝင်လာရင်းနဲ့ ပြောလာတာဗျို့။ "ကျောက်ခဲရေ နင့်အစ်ကိုကို နှင့်ဘာသာနှိုးပေတော့ဟေ့၊ နှင့် အစ်ကိုကတော့ အညာသားစည်းစိမ်ယူနေတာဟဲ့"

အမေက ကျောက်ခဲကို လှမ်းပြောလိုက်တာဗျ။ ဒီတော့မှ အမေ ဝိုင်းထဲရောက်နေတာ ကျုပ်သိလိုက်တာ။ အဘအသံတော့ မကြားဘူးဗျ။ အဘလည်း ရွာထဲသွားပြီထင်တယ်။
"လာဟေ့ ကျောက်ခဲ၊ ငါနိုးပါပြီကွ၊ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ အခုမှ နိုးတာဟေ့"
ကျောက်ခဲက အိမ်ပေါ်တန်းတက်လာတယ်ဗျ။ ကျုပ်က အိပ်ရာ သိမ်းလိုက်တယ်။
"ကျောက်ခဲ ထိုင်ဦးကွ၊ ငါမျက်နှာသွားသစ်လိုက်ဦးမယ်" ပြောပြောဆိုဆိုနဲ့ ကျုပ်က ဝိုင်းထဲဆင်းပြီး ရေအိုးဆီသွားပြီး မျက်နှာသစ်လိုက်တယ်။ ပြီးတာနဲ့ မီးဖိုထဲဝင်ပြီး အမေပြင်ပေးထားတဲ့ ထမင်းကြမ်းဇလုံနဲ့ ဟင်းကျန်ယူလာခဲ့တယ်။ ဟင်းကောင်းတော့ မရှိဘူးဗျ။ မနေ့ကကျန်တဲ့ ချဉ်ပေါင်ဟင်းကိုပဲ ရွှဲရွှဲဆမ်းပြီး စားလိုက်တာပေါ့ဗျာ။ ကျုပ်က ထမင်းကြမ်းစားပြီးတော့ ကျောက်ခဲထိုင်နေတဲ့ ခုံတန်း လျားနဲ့ မျက်နှာချင်းဆိုင်က တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။
"ဘယ်က လှည့်လာတာတုံးကွ ကျောက်ခဲရ" "ဒီကိုပဲ တန်းလာတာဗျ"
"ဒါဆိုရင် ကိစ္စတစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ် "
လို့ ကျုပ်က ပြောလိုက်တော့ ကျောက်ခဲက ငှဲ့ထားတဲ့ ရေနွေး
ပန်းကန်ကို ပါးစပ်မှာတေ့ပြီး "ဖရူး ဖရူး' နဲ့ လူကြီးတွေ သောက်သလိုသောက်ပစ်လိုက်တယ်ဗျ။ ရေနွေးတစ်ပန်းကန် ကုန်တော့မှ ဒီကောင်က စကားစပြောတာဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now