ခေါင်းရောင်းတဲ့ဆိုင် part-1

851 56 0
                                    

Unicode

အညာဆောင်းတဲ့ဗျို့။
ပြာသိုလဗျာ။ လွှတ်အေးတဲ့လပေါ့။
စောင်ဘယ်နှထပ်ခြုံမလဲ ခြုံစမ်းဗျာ။
အရိုးထဲကကို ချမ်းနေတာဗျ။ ဘယ်လိုမှ မရဘူး။
ဒါပေမဲ့ တာတေဆိုတဲ့ ကောင်ကတော့ ဆောင်းကို
စိန်ခေါ်ဝံ့သဗျ။ ဂုန်နီဖျင်ကို ဆက်ချုပ်ထားတဲ့
ဂုန်နီအိပ်စောင်ပေါ့ဗျာ။
အဲဒါကို အောက်ကတစ်ထပ်ခြုံ၊ ပြီးတော့မှ
အညာစောင် ဖျင်ကြမ်းကို အပေါ်ကထပ်ခြုံ။
အဲဒါမှ နွေးတာဗျ။

ဒါတောင် ဒီအတိုင်းမရဘူး။ နေ့ခင်းဘက်မှာ
စောင်တွေကို နေထုတ်လှမ်းထားရသေးတာဗျို့။
ဒါမှ ညဘက်နွေးတာ။ အဲဒီလောက်အေးတဲ့ ပြာသိုပါဗျာ။
ဒါပေမဲ့ ကျုပ်က ပြာသိုဆို ပိုတောင် ပျော်သေးတယ်ဗျ။
ညဦးမှာ ဝိုင်းထဲက ပဲရိုး နှမ်းရိုးတွေ မီးရှို့ပြီး
မီးလှုံကြ၊ စကားတွေ ဝိုင်းဖွဲ့ပြောကြ၊
အညာဓလေ့ စားစရာတွေစားကြ၊
ရေနွေးကြမ်းသောက်ကြ တယ်ပျော်စရာ
ကောင်းတာဗျ။ ပြောရဦးမယ်ဗျို့။

ကျုပ်အမေက အညာသားကျောကုန်းလို့ ခေါ်တဲ့
မုန့်လုပ်တာ နာမည်ကြီးဗျ။ အပေါ်က အုန်းသီးလေးဖြူး
ပေးလိုက်ရင် ကျောက်ခဲတို့ ၊ သံမဏိတို့ ၊
လက်မတို့ ၊ မျက်ပြူးတို့ အကြိုက်ပေါ့ဗျာ။
တစ်ခါ တစ်ခါကျတော့လည်း ရွာထဲကကောင်တွေက
အမေ့ကို ရယ်စရာပြောကြသဗျ။

"အရီးရယ်၊ တခြားမုန့်လေး ပြောင်းလုပ်စမ်းပါဗျာ၊
အရီးလုပ်တဲ့မုန့်က စားလို့ကောင်းပါရဲ့၊
ဒါပေမဲ့ ကိုယ့်ကျောကုန်းကို ကိုယ်ပြန်စားနေရသလို
ဖြစ်နေလို့ဗျ"

လို့ ပြောရင် အမေတို့ အဘတို့က ရယ်ကြတော့တာပေါ့ဗျာ။
ညဘက် မီးလှုံလာကြရင် အမေက အညာသားကျောကုန်း
လုပ်ကျွေးတာကိုဗျ။ အညာသားကျောကုန်းကလည်း
လုပ်ရတာ တော်တော်လက်ဝင်သားဗျ။ ဒါပေမဲ့
ကျုပ်အမေကတော့ အပင်ပန်းခံပြီးတော့ကို
လုပ်ကျွေးတာဗျ။

ဒီညလည်း ကြည့်လေ။ အမေ အညာသားကျောကုန်း
ကျွေးမယ်ဆိုလို့ ကျောက်ခဲတို့တင်မကပါဘူးဗျာ။
အရီးရွှေမြတို့၊ အရီးဘုမတို့၊ အရီးမပြားကြည်တို့၊
အရီးထယ်တို့ပါ ရောက်လာကြတာဗျ။

ကျုပ်အမေရဲ့ မိတ်ဆွေတွေလေဗျာ။ ဒီညတော့
ဝိုင်းထဲက မီးလှုံပွဲက ပျော်စရာကောင်းနေတော့ပေါ့ဗျာ။
အဲဒီထဲမှာ အရီးရွှေမြတို့ အရီးဘုမတို့ဆိုတာ
ရှေ့မီနောက်မီ အဘွားကြီးတွေဗျ။ကြားဖူးနားဝကလည်း
လွှတ်ရှိတာ။ သူတို့ပြောပြရင် ဘာပြောပြော နားထောက်လို့
တယ်ကောင်းတာဗျာ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now