Part-16

2.4K 99 4
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၆)

"အဟွတ်.. ဟွတ်"

အဆက်မပြတ်ချောင်းဆိုးနေသောကြောင့် ဒေါ်မိုးရင်ဘတ်တွေအောင့်လာသည်။ အအေးမိထားသည်မှာ သုံးလေးရက်ရှိပြီဖြစ်သည်။ ဆေးခန်းမပြသော်လည်း ဆေးတော့သောက်ထားပါသည်။ သို့သော်နားနားနေနေမနေ၍ထင်သည်။ ချောင်းကဆက်တိုက်ဆိုးနေသည်မှာ မရပ်နိုင်တော့ပါ။

"ပန်ပန်..."

"..........."

"ပန်ပန် အဟွတ် ဟွတ်"

"ရှင်.. အမေ"

ချောင်းဆိုးသံနှင့်အော်ခေါ်သံကြောင့် ပန်ပန် အိပ်ရာမှနိုးလာသည်။ အမေ့အခန်းရှိရာကို အိပ်ချင်မူးတူးနှင့်လျှောက်သွားလိုက်ပြီး

"ဘာလဲ.. အမေ"

"အမေ့ကို ထွန်းရွှေဝါဗူးရှာပေးဦး အဟွတ်ဟွတ် ပြီးရင်း ရေနွေးတစ်ခွက်လောက်လည်း ယူလာပေး သမီး "

ပန်ပန်လည်း အိပ်ရာဘေးတွင်ကျနေသည့် ထွန်းရွှေဝါဗူးကို အမေ့ကိုကောက်ယူပေးပြီးနောက် ရေနွေးတည်ဖို့ မီးဖိုချောင်ဘက်ထွက်လာလိုက်၏။ ရေနွေးတစ်ခွက်ယူပြီးသည်နှင့် အမေ့ဆီပြန်လာတော့ အမေကအိပ်ရာထက်တွင် မှိန်းနေပြီ။

"အမေ.. ရေနွေး"

"အင်း.. ဘေးမှာချထားလိုက် ဆေးဗူးထဲမှာ ချောင်းဆိုးပျောက်ဆေးရှိတယ် ရှာပေးဦး.. အဟွတ် ဟွတ်"

ပန်ပန်ဆေးတွေထည့်ထားသည့်ဗူးထဲမှ ချောင်းဆိုးပျောက်ဆေးကို ရှာပေးပြန်ရင်းနှင့် အမေ့ကိုဆူမိသည်။

"အမေ.. ချောင်းတွေတအားဆိုးနေတယ် ညနေကဆေးခန်းပြပါဆို မပြဘူး မနက်ဖြန်ကျရင် ကိုကြီးမင်းကြည်သာဆေးခန်းသွားလိုက်နော်.."

"အင်း.. အခုဘယ်နှစ်နာရီရှိပြီလဲ"

ပန်ပန်လက်မှနာရီကြည့်လိုက်ပြီး

"လေးနာရီထိုးတော့မယ် အမေ"

"မုန့်ဟင်းခါးအိုးတည်ရတော့မယ် အမေ့ကို မီးမွှေးပေးဦးနော်"

"ဟင်.. နေမကောင်းဖြစ်နေတာကို မုန့်ဟင်းခါးကရောင်းဦးမလို့လား"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now