Part-74

4K 227 32
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၇၄)

"ငြိမ်းခဏနော်.. ကိုယ်ဧည့်သည်နဲ့စကားပြောပြီးရင် ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့.."

အလုပ်ကိစ္စပြောနေရင်းမှ ဧည့်သည်ရောက်ချလာသဖြင့် ကောင်းခြင်းကတစ်ဖက်ကုမ္မဏီသို့ အပြေးလေးထွက်သွားသည်။

ငြိမ်းတစ်ယောက်တည်း ဧည့်ခန်းတွင် ငိုင်တိုင်တိုင်ကျန်ခဲ့သည်။ နဂိုကလည်း အလုပ်ကိစ္စကိုစိတ်မရောက်ဖြစ်နေသည်မို့ ကောင်းခြင်းအခုလိုထွက်သွားခြင်းက ပို၍ကောင်းသည်ဟုဆိုရမည်။

သူမမျက်ဝန်းထဲတွင် အဖန်တလဲလဲမြင်ယောင်နေမိသည်က နီးကပ်စွာရှိနေကြသည့်ကောင်းခြင်းနှင့် မုဒိတာပန်တို့၏ပုံရိပ်တွေပဲဖြစ်သည်။

သူတို့အဆင်ပြေသွားကြပြီလား။

မဖြစ်နိုင်ဘူးလို့ ဘယ်လောက်ပဲတွေးတွေး၊ ကောင်းခြင်းက မုဒိတာပန်အပေါ် အရင်လိုမာမာထန်ထန်ဆက်ဆံတာမျိုးမရှိတော့သည်ကိုတော့ ငြိမ်းသတိပြုမိသည်။ အရင်ကနှင့်နှိုင်းယှဉ်လျှင် ၎င်းတို့၏ဆက်ဆံရေးက တော်တော်လေးနူးညံ့နေသည်ဟုဆိုရမည်။

ပြီးတော့... မုဒိတာပန်။ အရင်လို ယောက်ျားဆန်ဆန်နှင့် ဖြစ်ကတတ်ဆန်းနေတတ်သည့် ကောင်မလေးမဟုတ်တော့ပါ။ ပြင်ပြင်ဆင်ဆင်လေးရှိလာတော့ နဂိုရှိပြီးသားရုပ်ကပိုထွက်လာပြီး လှလာသည်ဟုဆိုရမည်။ တစ်ရက်ထက်တစ်ရက်ပိုလှလာသည်က မုန်းစရာကောင်းလှသည်။

သူမနှင့်ယှဉ်နိုင်သည့် ရုပ်ရည်မျိုးမဟုတ်သည့်တိုင် ကောင်းခြင်းနှင့် နီးနီးကပ်ကပ်ရှိနေသည်ကိုမြင်ရတော့လည်း ငြိမ်းအတော်လေးပူလောင်နေရသည်။

"ဒန်... ဒန်... ဒန်း"

တစ်ယောက်တည်းပူလောင်နေသည့်ငြိမ်းသည် သီချင်းတညည်းညည်းနှင့် မုဒိတာပန်ထွက်လာသည်ကိုမြင်တော့ ဒေါသတွေကအလိုအလျောက်ထောင်းခနဲ့ထွက်သွားတော့သည်။

ကြည့်စမ်း.... ခုနတုန်းကတော့ ခြေထောက်ကကျိုးမလိုလိုဘာလိုလိုနဲ့ မူရာမာယာများပြလိုက်တာ။ တကယ်ဘာမှမဖြစ်ဘဲ ကောင်းခြင်းဆီကနေ အသားယူချင်တာပဲနေမယ်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now