Part-71

2.7K 241 37
                                    

Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၇၁)

"ရော့.. အမေ"

စားပွဲပေါ်ချပေးလာသည့်ပိုက်ဆံတစ်ထပ်ကိုကြည့်ပြီး ဒေါ်မိုးမျက်လုံးတွေပြူးကျယ်သွားကာ

"ဟဲ့အများကြီးပဲ ဘယ်ကပိုက်ဆံတွေလဲ"

"ပန်ပန်ပိုက်ဆံတွေပါ အမေကိုလေးပြည့်စုံအကြွေးဆပ်ပေးလို့ရအောင် ယူလာပေးတာ"

"ညည်းဘယ်ကယူလာတာလဲ"

အမေကမသင်္ကာစွာမေးလာတော့ ပန်ပန်ပြုံးရင်းဖြေမိသည်က..

"ပန်ပန်ဂုဏ်ထူးထွက်လို့ ကောင်းခြင်းက မုန့်ဖိုးပေးတာပါအမေရဲ့"

"ဟင်.. ဟုတ်ရဲ့လား"

"ဟုတ်ပါတယ်ဆို.. တစ်ဘာသာ(၁၀)သိန်းပေးမယ်ပြောထားတာ အခု(၂)ဘာသာထွက်တော့ သိန်း(၂၀)ပေးလိုက်တယ်"

"အေးကွယ်.. မောင်ကောင်းခြင်းက တကယ်သူတော်ကောင်းလေးပဲ စိတ်ထားကောင်းလိုက်တာကွယ်"

အမေကကောင်းခြင်းကိုတဖွဖွချီးကျူးနေတော့၏။  ပန်ပန်မချိပြုံးလေးသာပြုံးလိုက်မိပါသည်။ အမေ့မျက်လုံးထဲမှာတော့ ကောင်းခြင်းဟာ အရင်ကတည်းက နတ်သားဖြစ်နေခဲ့သည်ပဲလေ။

ပန်ပန်ထွေထွေထူးထူးရှင်းပြမနေတော့ဘဲ

"အဲ့ဒါ.. အမေသုံးလို့ရအောင် လာပေးတာ.. အမေလည်းပိုက်ဆံလိုနေတယ်ဆိုတော့လေ"

ပန်ပန်စကားကြောင့် အမေစိတ်မကောင်းဖြစ်သွားပုံရသည်။ သက်ပြင်းလေးတွေချရင်း

"သမီးပိုက်ဆံတွေကို အမေလည်းမယူချင်ပါဘူး တကယ်ဆို ဒါကသမီးမုန့်ဖိုးလေးတွေပဲ အကျိုးရှိရှိသုံးရမှာ.. အခုတော့"

"ရပါတယ်အမေရဲ့ ပန်ပန်လည်းသုံးစရာမရှိပါဘူး အမေစိတ်ဖြောင့်ဖြောင့်နဲ့သာယူ..."

ပန်ပန်တက်တက်ကြွကြွပင်ဆိုလိုက်သည်။ အခါတိုင်း အမေအပေါ်မသိတတ်ဘဲ ဂိမ်းဆော့ဖို့ ဖုန်းဘေလ်ချည်းသာ ထိုင်တောင်းတတ်သည့်သမီးက ငွေသိန်းနှစ်ဆယ်ကိုနှမြောတွန့်တိုခြင်းမရှိဘဲ ပေးလာတော့ ဒေါ်မိုးရင်ထဲတကယ်မကောင်းဖြစ်ရပါသည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now