Part-24

2.3K 107 15
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၄)

ဒီနေ့တော့ ပန်ပန်က လည်သွားပြီဖြစ်သည်။ ညအိပ်ကတည်းက တံခါးကိုခုံတွေနှင့်ခုပြီး အိပ်ပစ်သည်။ မနက်ရောက်တော့ (၇)နာရီကျော်သည်အထိ မထသေးသည့်ပန်ပန့်အိပ်ခန်းကို ကောင်းခြင်းက ထုံးစံအတိုင်းလာတွန်းဖွင့်သည်။ သို့သော် ခုံတွေနှင့်အကျအနခုထားတော့ ဖွင့်မရ။ မနက်စောစောစီးစီး သူ့မှာဒေါသတွေထွက်ရပြန်၏။

"ဒုန်း.. ဒုန်း"

"တောက် မင်းဒါဘာသဘောလဲ မုဒိတာပန် တံခါးဖွင့်စမ်း"

ကောင်းခြင်းအပြင်ကနေ တဒုန်းဒုန်းနှင့်တံခါးကိုထုပြီး အော်ဟစ်နေသော်လည်း ပန်ပန်ကမူ အိပ်ရာထဲ၌ တုတ်တုတ်မျှပင် မလှုပ်။ နားကြပ်လေးတပ်ပြီး ဇိမ်နှင့်ပင်အိပ်နေသေးသည်။ နောက်တော့ ဒေါသအိုးကမောသွားပြီထင်သည်။ ထွက်သွားတော့သည်။ ပန်ပန်လည်း အိပ်ကောင်းကောင်းနှင့် ဆက်အိပ်နေသည်မှာ ၉နာရီကျော်သည်အထိပင်။ ရာသီဥတုက ပူသော်လည်း ဒီမှာအဲကွန်းနှင့်ဆိုတော့ အိပ်ရသည်မှာ အတော်လေး ဇိမ်ရှိသည်။

"ဝါး.. အခုမှပဲ အိပ်ရေးဝဝအိပ်လို့ရတော့တယ်"

အိပ်ရေးဝတော့ အကြောလေးဆန့်ပြီးတောင် ပန်ပန်က ရွှင်မြူးစွာပင် အိပ်ရာကထလာသည်။  မျက်နှာသစ်ပြီး အောက်ကိုဆင်းလာတော့ ဆယ်နာရီပင်ထိုးလုနေပြီ။ ဧည့်ခန်းတွင် သူမကိုမျက်မှောင်ကုပ်ပြီး စောင့်ဆိုင်းနေသူက ကောင်းခြင်း..။ သင်းဘယ်လောက်တောင် ဒေါသထွက်နေမှန်း မျက်နှာကြီးမည်းမှောင်နေသည်ကို ကြည့်ရုံနှင့် သိနိုင်ပါသည်။

ပန်ပန်မသိကျွမ်းပြုပြီး သူ့ရှေ့မှကျော်ဖြတ်သွားဖို့ပြင်သော်လည်း..

"မုဒိတာပန်.."

"ဘာလဲ"

ခေါ်လိုက်ပုံက မာဆတ်ဆတ်နိုင်လှသလို ပြန်ထူးသည့်ပန်ပန်လေသံကလည်းခပ်မာမာပင်။ ဟုတ်တယ်လေ.. သူကြင်ကိုယ်ကြင်ပဲ။

"မင်းဒါဘာအချိုးချိုးသလဲ.."

"ဘာကိုပြောနေသလဲ နားမလည်ဘူး"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now