ဂုဏ်ရောင်က ကားမောင်းနေပြီး အနားမှာမျက်ရည်သုတ်လိုက်၊နှပ်ညှစ်လိုက်နဲ မိုင်လေးကဖုန်းပြောနေသည်။တစ်ချက် တစ်ချက် ရှိုက်ရင်းအသံလေး ဝင်ဝင်သွားလို့ သူ့မှာ ခဏခဏလှမ်းကြည့်ရသည်။''အဟင့်...အန်တီငယ် အရမ်းရက်စက်တာ''
''.............''
''ဟုတ်...အခု အနားမှာ ကိုကြီးရှိတယ်လေ၊သမီးကို ကျောင်းလိုက်ပို့တာ''
''..............''
''မပြောပါဘူး...သမီးကတော့ အရမ်းလွမ်းနေတာဘဲသိတယ်''
''...........''
''ဟုတ်...အမြန်ပြန်လာစေချင်တာပေါ့...''
''.............''
''ဟင့်..ဟုတ်ကဲ့..အန်တီငယ်လည်း ကျန်းမာရေးဂရုစိုက်နော်''
''.............''
''ဟုတ်ကဲ့...''
ဟိုဘက်က ဖုန်းချသွားပေမဲ့ ဖုန်းကို အိတ်ထဲပြန်
မထည့်နိုင်သေးဘဲ လက်ကျန်မျက်ရည်တွေကို ကုန်စင်အောင် အရင်သုတ်လိုက်သည်။ဖုန်းပြောတိုင်း အန်တီငယ်ကို လွမ်းသလို၊အန်တီငယ်ရဲ့ အသံကြားတိုင်းလည်း မေမေ့ကိုအရမ်းလွမ်းရသည်။''ဘာတဲ့လဲ..အန်တီငယ်က ပြန်လာမယ်တဲ့လား''
''ဟင့်အင်း..နောက်လကုန်အထိတဲ့''
မေမေ ဆုံးပြီးတည်းက ပဲခူးကရိပ်သာမှာ တရားထိုင်နေတဲ့ အန်တီငယ်သည် အိမ်လည်းပြန်ခေါ်လို့မရဘဲ သူ့ဘာသာ ဘုရားရိပ်တရားရိပ်မှာဘဲနေပျော်ပါတယ်ဆိုပြီး တရားထိုင်နေတာအတော်ကြာပြီဖြစ်သည်။ အရင်နှစ်ကဆို စစ်ကိုင်းမှာ
အကြာကြီးဖြစ်သည်။''မိုင်လေ...အရမ်းလွမ်းတာဘဲသိလား၊မေမေနဲ့အန်တီငယ်ကို''
''အန်တီငယ်က ကုသိုလ်ကောင်းမှုလုပ်နေတာဘဲ၊အတင်းမခေါ်ပါနဲ့..သည်းငယ်ကလည်း''
''မခေါ်ပါဘူး...ဒါပေမဲ့ အရမ်းလွမ်းနေပြီကို''
''ပြန်မလာတော့လည်း ဘယ်တက်နိုင်မလဲကွာ''
''အင်းပေါ့...အိမ်မှာက ကိုကြီးအလုပ်လုပ်တဲ့ညတွေဆို ပျင်းနေတာဘဲသိလား..အန်တီငယ်သာရှိရင် မိုင်လည်း ပျင်းရမှာမဟုတ်ဘူး''