Chapter 7

2.1K 283 0
                                    

အပိုင်း - ၇


ညဘက်မှာပဲ ယွမ်ချန်းကွေ့က သူ့ ဇနီ‌ ဆန်းရှောင်ဟိုင်ကို အိမ်ပြန်ခေါ်လာခဲ့သည်။ သူတို့ရဲ့ အိမ်ဟာယွမ်‌အိမ်ရဲ့အနီးမှာ ဖြစ်၏။ ယွမ်အိမ် အပြင်မှာတော့ ယွမ်ရဲဟွာနဲ့ ယွမ်ရွယ်ဂျင်းတို့ နှစ်ယောက်ဟာဂျင်ပေါက်တမ်း ကစားနေကြလေသည်။

ယွမ်အိမ်အတွင်း ထမင်းစားခန်းအတွင်းမှာတော့ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချန်းရှန်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့ ငါးယောက် ညစာစားနေကြ၏။

ယွမ်ချန်းကွေ့တို့ လင်မယား နှစ်ယောက် အိမ်ခွဲပြီးသွားပြီ ဖြစ်ပေမယ့် ယွမ်အိမ်ကို ရောက်လာကြတာက ထမင်းစားဖို့အတွက် ဖြစ်သည်။ သူတို့တွေ ခွဲထွက်သွားသည့် အိမ်မှာ မီးဖို ပြုလုပ်ထားတာ မကြာသေး၍ အသုံးပြုလို့ မရသေးပေ။ ဒါ့ကြောင့်ယွမ်အိမ်ကို ရောက်လာခြင်း ဖြစ်ပေသည်။

ယွမ်ချန်းကွေ့က ယွမ်အိမ်၏ ထမင်းစားခန်းအတွင်း တစ်ချက် လှမ်းကြည့်ပြီးနောက် သူ့သား များအား ...
"မင်းတို့ စားပြီးကြပြီလား"
လို့ မေးလိုက်၏။

ယွမ်ရွယ်ဂျင်းက သူ့ရဲ့လက်ထဲက ဂျင်ကြိုးကိုယွမ်ရဲဟွာ လက်ထဲ ထည့်ပေးပြီး ...
"အဖွားက ပြောတယ်၊ သားတို့က အိမ်ခွဲလိုက်တော့  ထမင်းစားရင်လည်း ခွဲစားရမယ်တဲ့။ ပြီးတော့အဖွား‌တို့က ဟင်းတွေကို သူတို့ ငါးယောက်စာပဲ ချက်ထားတာတဲ့"

ယွမ်ချန်းကွေ့လည်း ယွမ်အိမ်၏ မီးဖိုချောင်အတွင်းကို သွားကာ ဟင်းအိုး၊ ထမင်းအိုးများကို လှန်လှောကြည့်လိုက်၏။ အကုန် ပြောင်သလင်းခါနေတာကိုမြင်‌လိုက်ရ၍ စိတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရကာ ...
"ဟူး၊ ကောင်းပြီလေ။ ငါ... ... ..."

ဆန်းရှောင်ဟိုင်က ယွမ်‌ချန်းကွေ့၏ စကားကို ဖြတ်ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ဘာဘဲဖြစ်ဖြစ် ငါတို့က အိမ်ခွဲပြီးသွားပြီဆိုမှာတော့ ငါတို့ဘာသာပဲ ချက်ပြုတ်စားသောက်သင့်တာပေါ့"

ဗိုက်ဆာနေပြီး ဖြစ်၍ ဆန်းရှောင်ဟိုင်ဟာ စကားထပ်မပြောတော့ပဲ ဆန်ကို လှမ်းယူလိုက်သည်။

ယွမ်ချန်းကွေ့ကလည်း မီးဖိုးချောင်း အတွင်းမှာ ရှိသည့် စားပွဲ အပုလေး ဘေးမှာ ခုံအပုလေး‌၊ လေးလုံးအား သေချာစီထားလိုက်၏။

ဆန်းရှောင်ဟိုင်က ဆန်ကို ရေဆေး၍ ဒန်အိုအတွင်းထည့်ပြီးသည့်နောက် ယွမ်အိမ်၏ ထမင်းစားခန်း အဝသို့ သွားကာ ...
"ရှောင်ကျဲရေ၊ ငါ့ကို မီးလာ‌မွှေးပေးဦး"
လို့ လှမ်းအော်လိုက်၏။

အော်သံကြားတာနဲ့ ထမင်းစားခန်း အတွင်းမှာထမင်းစားနေသည့် ယွမ်ကျဲ၏ လက်ဟာ လေပေါ်မှာ တန့်သွားတော့သည်။ ထို့နောက် နှုတ်ခမ်းကိုအသာကိုက်လျက် အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။

သူမ တစ်ခုခု ပြောမလို့ ပြင်နေချိန်မှာပဲ အဖွား လျူရှင်းဟွာက ...
"ရှောင်ကျဲ ထမင်းစားနေတယ်၊ နင့်ကို မီးမွှေးပေးလို့ မရသေးဘူး"
လို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

လျူရှင်းဟွာ၏ အသံကြောင့် ဆန်းရှောင်ဟိုင် လန့်ဖြန့်သွား၏။ သူမဟာ အခုအချိန်မှာ အိမ်ခွဲလိုက်ပြီဆိုပေမယ့် ဆယ်နှစ်ကြာ ကြောက်ခဲ့ရသည့် ယောာက္ခမ ဖြစ်၍ သူမရဲ့စိတ်ထဲမှာတော့ ကြောက်နေဆဲဖြစ်၏။

ဒါ့ကြောင့် သူမက သူမ အသံကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းလျက် ...
"ဪ၊ အဲ့တာဆိုလည်း မြန်မြန်စားခဲ့"
လို့ ပြောလိုက်သည်။

ယွမ်ကျဲက တစ်ခုခု ပြန်ပြောမလို့ ပြင်လိုက်ပေမယ့်ပါးစပ် ဖွင့်လျှင်ဖွင့်ချင်း ယွမ်ရိက မုန်လာဥများ သွပ်လိုက်တာကြောင့် ဘာမှ ပြန်မပြော‌နိုင်တော့ပေ။

ယွမ်ကျီကောင်းက အခြေအနေကို ပိုဆိုးမသွားအောင် အနည်းငယ် ဝင်ထိန်းလိုက်သည်။
"သူမ စားပြီးရင် မင်းကို မီးမွှေးပေးပါလိမ့်မယ်"

ဆန်းရှောင်ဟိုင် တစ်ယောက် မျက်ခုံးများ တွန့်ချိုးလျက် ...
'ဒီလူတွေကတော့ ငါ့သမီးကို မီးမွှေးခိုင်းဖို့ လာခေါ်တာတောင် လွှတ်မပေးကြဘူး။ တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ၊ ဟွန့်'

သို့သော် သူမက ထိုစကားများကို စိတ်ထဲကနေသာပြောလိုက်ခြင်း ဖြစ်ပြီး အပြင်မှာတော့ ထုတ်ဖော်ပြောကြားရဲခြင်း မရှိချေ။ ဒါ့ကြောင့် ယွမ်မိသားစုထမင်းစားခန်း အနားမှ ထွက်လာကာ သူမယောက်ျား ယွမ်ချန်းကွေ့ထံ သွား၍
"ချန်းကွေ့၊ ကျွန်မတို့ကို ခွဲပေးထားတဲ့ ခြံထဲကနေခရမ်းသီး နည်းနည်းနဲ့ ငရုတ်သီး လက်တစ်ဆုပ်လောက် ခူးပေးဦး။ ပြီးတော့ ကြက်ခြဲထဲကနေကြက်ဥ နည်းနည်းလောက် ယူခဲ့ပေးဦး။ ဒီညတော့ကြက်ဥလေး ကြော်စားကြရအောင်"

အဖိုး ယွမ်ကျီကောင်းက ယွမ်ချန်းကွေ့တို့ အိမ်ခွဲသည့်အခါ ကြက် ငါးကောင်ကိုပါ တစ်ခါတည်း ခွဲပေးလိုက်၏။ ဒါ့ကြော င့်ကြက်ခြံအတွင်းမှ ကြက်ဥသွားယူဖို့ ဆန်းရှောင်ဟိုင်က ပြောလိုက်ခြင်း ဖြစ်ပေသည်။

ယွမ်ချန်းကွေ့လည်း ခြံဝန်းထဲသို့ ဆင်းသွားကာခရမ်းသီး အနည်းငယ်နဲ့ ငရုတ်သီး လက်တစ်ဆုပ်စာခန့် ခူးကာ မီဖိုချောင် အတွင်း ပြန်ယူလာခဲ့သည်။ ထို့နောက် ကြက်ခြံဘက်သို့ ထွက်လာခဲ့၏။

ကြက် ငါးကောင်ထဲမှာ သုံးကောင်ပဲ ဥ, ဥထားကာကျန်နှစ်ကောင်က ဥထားခြင်း မရှိပေ။ ယွမ်ချန်းကွေ့လည်း ကြက်ဥ အနည်းငယ်ခန့်ကို ကြက်ခြံအတွင်းမှ ယူလာခဲ့တော့သည်။

ထိုအချိန်မှာ ယွမ်ကျဲကလည်း ထမင်းစားလို့ ပြီးသွားပြီ ဖြစ်၏။

ထိုအရာကို မြင်လိုက်သည့် ဆန်းရှောင်ဟိုင်က ...
"သမီးလေး၊ ရှောင်ကျဲ၊ အမေ့ကို ဝိုင်ကူပေးလှည့်ပါဦးကွယ်"
လို့ လှမ်းအော်ပြောလိုက်သည်။

ယွမ်ကျဲက သူမ လက်ထဲတွင် ဆေးစရာရှိသောပန်းကန်များဖြင့် ...
"သမီးမှာ ဆေးစရာ ပန်းကန်တွေ ရှိနေသေးတယ်"
လို့ မတိုးမကျယ်သော လေသံလေးဖြင့် ပြန်ပြောလိုက်သည်။

ထိုအခါ ဆန်းရှောင်‌ဟိုင် တစ်ယောက် ဒေါသထွက်သွားကာ ...
"ဟဲ့၊ ငါက နင့်ကို မွေးထားတဲ့ နင့်အမေနော်၊ မအေက တစ်ခုခု ခိုင်းဖို့ ခေါ်နေတာပါဆိုနေ လာရကောင်းမှန်း မသိဘူးလား"

ဆူငေါက်ခံလိုက်ရ၍ ယွမ်ကျဲ၏ မျက်ဝန်းထဲ ငွေ့ရည်များ ဖွဲ့တည်လာကာ နှုတ်ခမ်းကိုပါ ကိုက်ထားမိလိုက်တော့သည်။ သူမ ပြန်ပြောတော့မည့် အချိန်မှာဘဲ အဖွား လျူရှင်းဟွာ၏ အသံက ဟိန်းကနဲ့ထွက်ပေါ်လာတော့သည်။

"နင် မွေးထားမှန်းတော့ သိသေးသားပဲ။ ဒါပေမယ့် နင် ကောင်းကောင်းမွန်မွန် ပျိုးထောင်ခဲ့လို့လား။ ငါတို့တွေပဲ ရှောင်ကျဲလေးကို ပျိုးထောင်ပေးခဲ့တာလေ။ ပြီးတော့ ရှောင်ကျဲက နင်တို့ဆီက စားစရာတွေကို စားတော့မှာ မဟုတ်တဲ့အတွက် ခိုင်းစရာရှိရင် ရှောင်ကျဲကို ခေါ်ပြီး ခိုင်းစရာ မလိုဘူး"

ဆန်းရှောင်ဟိုင်က အဖွား လျူရှင်းဟွာ အနေနဲ့ယခုကဲ့သို့ ပြောဆိုလိမ့်မည်လို့ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ဒါ့ကြောင့် သူမက ခဏမျှ ကြောင်အသွားခဲ့သည်။ ထို့နောက် ဒေါသတကြီး ပြန်တုံ့ပြန်လိုက်၏။
"အဲ့တာဆိုရင် ယွမ်ကျဲကို ကျွန်မတို့နဲ့ပဲ ခေါ်ထားလိုက်တော့မယ်။ ရှင်တို့နဲ့ မထားခဲ့တော့ဘူး"

ယွမ်ကျဲသည် အသက် တစ်ဆယ့်သုံးနှစ် အရွယ်မိန်းကလေးတစ်ဦး ဖြစ်၏။ ထိုအသက်အရွယ်အရအိမ်မှာ ကူဖော်လောင်ဖက် အနေဖြင့် လုံလောက်တာထက်ပင် ပိုနေပြီ ဖြစ်သည်။ ဒါ့ကြောင့် ဆန်းရှောင်ဟိုင်ရဲ့ စိတ်တွေ ပြောင်းလဲသွားကာ ယွမ်ကျဲကို‌ သူမတို့နဲ့ ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။အလွန်ဆုံးအနေနဲ့ ယွမ်ကျဲကို ထမင်းတစ်နပ် လျော့စားခိုင်းလိုက်ရုံပင်။

လျူရှင်းဟွာ အနေနဲ့ကလည်း‌ ဆန်းရှောင်ဟိုင်ကို အရင်ကတည်းက မကြိုက်ခဲ့ပေ။ သူမရဲ့သား ယွမ်ချန်းကွေ့နဲ့ ပေါင်းပြီး အိမ်ခွဲဖို့အတွက် ဇာတ်လမ်းတွေ ဆင်ပြီးသည့်နောက် သူမ အပေါ် ပိုပြီးတော့တောင် စိတ်ပျက်သွားခဲ့ရ၏။ အခုလည်း ယွမ်ကျဲကို သူမတို့ဘက်က ပျိုးထောင်းပေဖို့ တာဝန်ယူပြီးခါမှ ဆန်းရှောင်ဟိုင်က သူမတို့ထံ ပြန်ခေါ်ချင်နေ၍ လျူရှင်ဟွာ စိတ်ထဲ ဆန်းရှောင်ဟိုင်အား လုံးဝ စိတ်ပျက်သွားတော့သည်။

ဒါ့ကြောင့် သူမက အပြက်ပြောလိုက်၏။
"ရှောင်ကျဲက ငါ့ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရတာ၊နောင် အနာဂတ်မှာလည်း ငါတို့ကပဲ ပျိုးထောင်ပေးမှာ။ ဒီတော့ ရှောင်ကျဲကို နင် မွေးထားဆိုပြီးအနိုင်ကျင့်ဖို့ မကြိုးစားနဲ့"

ဆန်းရှောင်ဟိုင်သည် လျူရှင်းဟွာ၏ အရှိန်အဝါများကို အမှန်တကယ် ကြောက်ရွံ့ပြီး သူမ၏ ဒေါသများကို ပေါ်တင် ထုတ်မပြနိုင်ပေ။ ဒါ့ကြောင့်မီးဖိုထဲမှ ထင်းများကိုသာ ဒေါသတကြီး စိုက်ကြည့်နေကာ စိတ်ထဲကနေအမျိုးမျိုး ကျိန်ဆဲနေခဲ့သည်။

'အဖွားကြီကတော့၊ ကိုယ့်သမီးကိုယ် ခိုင်းတာ ဘာဖြစ်သလဲ။ သူမက အမေဖြစ်တဲ့ ငါ့ရဲ့ စကားပဲ နားထောင်ရမှာပေါ့။ အခုများတော့ မဟုတ်ပေါင်၊ တစ်ခွန်းပြီး တစ်ခွန်း ပြန်ခံပြောနေတော့တာဘဲ'

ယွမ်ချန်းကွေ့ဟာ သူ့ ရှေ့မှာ အဆိုးဘက်ကို ဦးတည်နေပြီ ဖြစ်တဲ့ အမေနဲ့ မိန်းမကြားမှာ အမြန်ဝင်ထိန်းပေးဖို့ သူ့မိန်းမအား စကားလမ်းကြောင်း လွှဲပေးလိုက်သည်။
"အားဆန်း၊ ငါ မင်း ပြောတဲ့ဟာတွေ အကုန်ယူခဲ့ပြီ။လာ ... မြန်မြန်ချက်ကြစို့"

ဆန်းရှောင်ဟိုင်လည်း အသက်ပြင်းပြင်း ရှုလိုက်ပြီးတော့ မီး စတင် မွှေးကာ ထမင်းအိုး တစ်လုံး တည်ထားလိုက်သည်။ ပြီးတော့ ကြက်ဥများကို ရေပြောင်အောင် ဆေး၍ တည်ထားသော ထမင်းအိုးအတွင်း တစ်ခါတည်း ထည့်ပြုတ်လိုက်တော့သည်။

ထမင်းအိုး တည်ထားတုန်းမှာပဲ ခရမ်းသီးကို ချက်လိုက်၏။ ပြီးနောက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးကိုရောထောင်းကာ ငရုတ်သီးထောင်း တစ်ခွက်အဖြစ် ပြင်ဆင်လိုက်သည်။

ငရုတ်သီးထောင်းကို ပြုလုပ်စဉ်တုန်းက ငရုတ်ဆုံအတွင်းမှာ အဖွား လျူရှင်းဟွာအား ထည့်ပြီးထောင်းနေသကဲ့သို့ ဆန်ရှောင်ဟိုင်ဟာ အားမာန်အပြည့်ဖြင့် ထောင်း‌ခဲ့သည်။ ဒါ့ကြောင့် သူမက စိတ်ထဲကနေ ကြုံးဝါးလိုက်၏။

'ဒီလိုမျိုး ထောင်းကောင်းမယ်မှန်း သိရင် အရင်ကတည်းက ငရုတ်သီး များများ စားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့က စပြီး ငရုတ်သီးထောင်ကို နေ့တိုင်းထောင်းသားတော့မယ်'

အမှန်အားဖြင့် ငရုတ်သီးထောင်ကို နေ့တိုင်း မစားဘူး ဆိုပေမယ့် ဒီနေ့မှာ သူမရဲ့ စိတ်ထဲ ပျော်ရွှင်နေသည့် အတွက် ထို့သို့ ကြုံးဝါးလိုက်ခြင်းမျှသာဖြစ်၏။

ထမင်းနဲ့ ဟင်တွေ အကုန်လုံး ကျက်သွားသည့်နောက်မှာ ဆန်းရှောင်ဟိုင်က စားပွဲပေါ်မှာပြင်ဆင်လိုက်သည်။ ထမင်းများကို လေးယောက်စာ ခူးခပ်ပေးကာ ခရမ်းသီးချက်၊ ကြက်ဥပြုတ်၊ငရုတ်သီးထောင်း ပန်းကန်များကိုပါ စားပွဲပေါ် တင်လိုက်သည်။

ဗိုက်ဆာနေပြီ ဖြစ်သည့် ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာတို့ နှစ်ယောက်ဟာ ထမင်းနဲ့ ဟင်းတွေကို မြင်တာနဲ့ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

ယွမ်ချန်းကွေ့က ...
"ကဲ၊ ဒီနေ့တော့ အစပ် အရသာလေးတွေ စားကြတာပေါ့ကွာ"
ထို့နောက် သူတို့မိသားစု လေးယောက်လုံး ညစာ၊ စားလိုက်ကြတော့သည်။

တစ်ဖက် ယွမ်မိသားစုအိမ်။
ညစာ စားပြီးတဲ့နောက်မှာ ယွမ်ကျီကောင်းနဲ့ ယွမ်ချန်းရှန်းတို့ နှစ်ယောက်က လမ်းလျှောက် ထွက်သွားကြကာ လျူရှင်းဟွာ၊ ယွမ်ရိနဲ့ ယွမ်ကျဲတို့သာ ယွမ်အိမ်အတွင် ကျန်ခဲ့တော့သည်။ အသံတွေတိတ်ဆိတ်နေပြီ ဖြစ်၍ တစ်ဖက်အိမ်မှာ ယွန်ချန်းကွေ့၊ ဆန်းရှောင်ဟိုင်၊ ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာတို့၏ ပျော်ပျော်ရွှင်ရွှင်‌ ရယ်မော စားသောက်နေသံများကို အတိုင်းသား ကြားနေရ၏။

လျူရှင်းဟွာက ယွမ်ကျဲအား ...
"မင်း မိဘတွေနဲ့ ပြန်သွားနေချင်ပြီလား"
လို့ မေးလိုက်သည်။

ယွမ်ကျဲ ခေါင်းကို အသားလေး ယမ်းကာ သက်ပြင်း တစ်ခုကို အသာလေးချလိုက်သည်။ သူမလည်း အစ်ကိုတွေ၊ မောင်တွေလို မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်မိ၏။ ဒါပေမယ့် သူမအတွက် ထိုအရာက နေ့လည်ခင်း အိပ်မက်တစ်ခုသာသာပဲ ဖြစ်ကြောင်း သူမ နားလည်ထားလေသည်။

လျူရှင်းဟွာလည်း အခန်းအတွင်းမှာ ဆီမီးခွက်ကိုထွန်းလိုက်သည်။ ထို့နောက် ယွမ်ကျဲအား ထပ်မေးလိုက်၏။
"နောင်တတွေ ရနေပြီလား"

ယွမ်ကျဲက ခေါင်းယမ်းလိုက်ကာ ...
"နောင်တ မရပါဘူး၊ အဖွား"

ယွမ်ရိကတော့ ယွမ်ကျဲကို ပြုံးပြုံးလေးပဲ ကြည့်နေခဲ့သည်။

ယွမ်ကျဲက ဆက်လက်ပြီးတော့ ...
"အဖွား၊ သမီးက ငတုံး မဟုတ်ဘူး။ ဘယ်သူကသမီးကို အမှန်တကယ် ချစ်တယ်၊ မချစ်ဘူးဆိုတာကို သိတတ်တဲ့ အရွယ် ရောက်နေပြီ၊ အဖွား။ အဖိုး အဖွားတို့နဲ့ နေရလို့ အစားကောင်း၊ အသောက်ကောင်း မစားရချင်နေ၊ သမီးအတွက် ဘာမှဖြစ်မသွားဘူး။ ဘယ်လို အခက်အခဲတွေ ကြုံနေရပါစေ၊ သမီး ရင်ဆိုင်နိုင်ပါတယ် အဖွားရဲ့"

ထိုစကားကြောင့် ယွမ်ရိက ပြုံးလိုက်ပြီး ...
"မစိုးရိမ်ပါနဲ့၊ ဒီလို ဒုက္ခကို သိပ်အကြာကြီး မခံစားရစေပါဘူး"

ဒါကိုကြားတော့ လျူရှင်းဟွာက ယွမ်ရိ အကြောင်းကို သတိရသွားပြီး ...
"ဟုတ်သား။ ရှောင်ရိ၊ ဒီနေ့ အပ်ချုပ်သမား အဖိုးကြီးဆီ သွားသေးတာဘဲ။ ဘာတွေ သင်ပေးလိုက်လဲ။ အပ်ချုပ်စက် သုံးနည်းတွေ သင်ပေးလိုက်ရဲ့လား"

ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး ...
"အပ်ချပ်စက် သုံးနည်းတင် မကဘူး၊ ချုပ်ရိုးတန်း‌အောင် ဘယ်လို ချုပ်ရမယ်ဆိုတာ‌တွေ၊ ပုံဖော်နည်းတွေ အစရှိသဖြင့် တော်တော်များများ သင်ပေးလိုက်တယ်"

လျူရှင်းဟွာရော၊ ယွမ်ကျဲရော နှစ်ယောက်လုံးက အပ်ချုပ်စက်အကြောင်းနဲ့ အပ်ချုပ်နည်းအကြောင်း သေချာ နားမလည်ပေမယ့် ယွမ်ရိတတ်မြောက်ကြောင်း ကြားလိုက်ရ၍ ဝမ်းသာနေခဲ့ကြသည်။ လျူရှင်းဟွာက အကြည့်တွေ တောက်ပလာကာ ...
"တကယ်ကြီး တတ်မြောက်လာတာလား"

ယွမ်ရိက သူမရဲ့ အဖွား လက်ကို ကိုင်ကာ ...
"အဖွား၊ သမီးသာ တကယ် မတတ်ဘူးဆိုရင်ဘယ်လိုလုပ် ဒီလို အသုံးအနှုန်းတွေကို သိမလဲအဖွားရဲ့။ တကယ်တတ်လို့ပေါ့။ အဖိုးကလည်း အပြောဆိုးတာက လွဲရင် သမီးကို သေချာသင်ကြားပေးပါတယ်"

လျူရှင်းဟွာရဲ့ အပြုံးတွေက ပိုပြီးတော့ တောက်ပလာကာ ...
"မင်းသာ တကယ် အပ်ချုပ်တာကို သင်ချင်ရင် ဒါလေးကိုတော့ သည်းခံရမှာဘဲ။ ဒါကို ဘာမှ စိတ်ထဲထားမနေနဲ့၊ ကိုယ်ဘာသာ ကြိုးစာပြီး သင်၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ အဖွား"

ဆီမီးရောင်ရဲ့ အောက်မှာ မြေးအဖွား သုံးယောက်၏ ကြည်လင် တောက်ပနေသည့်မျက်နှာများဟာ အလင်းပြန်နေသည်။ သူတို့၏ စကားဝိုင်းဟာ ဆီမီးငြိမ်းသွားမှသာ တစ်ခန်းရပ်သွားတော့၏။

နောက်မနက်ကို ရောက်တဲ့အခါမှာ ယွမ်ရိကစောစောထခဲ့ပြီး လျူရှင်းဟွာ၊ ယွမ်ကျဲတို့နဲ့ အတူ မနက်စာကို ဝိုင်းဝန်း ပြင်ဆင်ပေးကာ စားသောက်ခဲ့သည် ။ထို့နောက် ရေချိုးကာ မနေ့တုန်းက မလျှော်ရသေးသည့် အဝတ်တွေကို လျှော်ဖွတ်လိုက်၏။အကုန် ပြီးသွားသည့်နောက် ရွှေသရဖူရွာသို့အပ်ချုပ်သင်ဖို့အတွက် ထွက်လာခဲ့တော့သည်။

မနက်စာ စားပြီးသည့်နောက်မှာ ယွမ်ကျီကောင်းကပေါက်ပြားတစ်လက် ယူကာ ရွာထဲမှာ အခြားသောစိုက်ပျိုးရေး သမားများနဲ့ အတူ ထွက်လာခဲ့၏။ယွမ်ချန်းရှန်ကလည်း ပေါက်ပြားတစ်လက် ဆွဲလျက် လေတချွန်ချွန်ဖြင့် နောက်ကနေ လိုက်သွားခဲ့၏။

ယွမ်ကျီကောင်းဟာ သူ့သား၏ ထူးဆန်းသည့် ပုံစံကြောင့် ခဏခဏ ပြန်လှည့်ကြည့်နေရကာနောက်ဆုံး မနေနိုင်တော့ပဲ မေးမြန်းလိုက်ရတော့သည်။
"မင်း ဘာလုပ်နေတာလဲ"

ယွမ်ချန်းရှန်က ...
"အဖေကလည်းဗျာ၊ ပေါက်ပြား ကိုင်လာပါတယ်ဆိုမှတော့ အလုပ်လုပ်မလို့ပေါ့ဗျ"

ထိုအခါ ယွမ်ကျီကောင်းက မယုံသလို ကြည့်ကာ
"ကြည့်ရတာ ဒီနေ့တော့ ရာသီဥတုတွေ ဖောက်ပြန်တော့မယ် ထင်တယ်"

ယွမ်ချန်းရှန်ကတော့ သူအဖေရဲ့စနောက်မှုများကိုလျစ်လျူရှူရင်း လေတချွန်ချွန်ဖြင့် ရှေ့ဆက်သွားတော့သည်။

ယွမ်ကျီကောင်းဟာ သူ့ရဲ့ ဒုတိယ သားတို့ မိသားစုအိမ်ခွဲသွားရသည့်‌ အကြောင်းအရင်းတွေထဲမှ တစ်ခုကို သိနေခဲ့၏။ ထိုအကြောင်းကတော့ ဘာမှမလုပ်ပဲ အလေလိုက်နေတတ်သည့် ယွမ်ချန်းရှန်ကြောင့် ဖြစ်သည်။ ဒါ့ကြောင့် သူ့မှာ ဝင်ငွေ မရှိဘဲ အိမ်က ငွေကို ဖြုန်းသလိုမျိုး ဖြစ်နေခဲ့၏။

ယွမ်ချန်းရှန်လည်း ရှေ့ကို သုံးလှမ်းခန့် သွားပြီးသည်အထိ လိုက်မလာသေးသည့် အဖေဖြစ်သူကြောင့် နောက်ပြန်လှည့်ကြည့်လိုက်လျှင် အတွေးများနေသည့် အဖေ‌ဖြစ်သူကို တွေ့လိုက်ရသည်။
"အဖေ၊ ယောက်ျားဆိုတာ မနက်စောစောမှာ အတွေး မများသင့်ပဲ အလုပ်လုပ်ဖို့ တက်တက်ကြွကြွ ဖြစ်နေရမှာနော်"

ယွမ်ကျီကောင်းလည်း သူ့ရဲ့ မျက်ဝန်းများကို မှေးလျက် ယွမ်ချန်းရှန်ကို ကြည့်ကာ ...
"နောက်ဆုံးတော့ မင်း အသိဝင်လာခဲ့ပြီပဲ"
လို့ တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now