Chapter 48

938 110 0
                                    

အပိုင်း - ၄၈

ယွမ်ချူးရွယ်ဟာ ဒေါသဖြင့်ခြေကိုဆောင့်လျက် အောက်ထပ်ကို ပြန်ဆင်းသွားတော့သည်။

ဖန်းရှုံးယန်လည်း ကျန်နေခဲ့သည့် ယွမ်ချူးယန်၏လက်ကိုကိုင်လိုက်ပေမယ့် ယွမ်ချူးယန်က သူမအမေ၏လက်ကို ဖယ်ထုတ်လိုက်၏။

ဖန်းရှုံးယန်လည်း သက်ပြင်းမောကြီးတစ်ခုကိုအသာချကာ
"ချူးယန်။ တကယ်တော့ ရှောင်ရိက သနားစရာအရမ်းကောင်းတယ်ကွဲ့။ သူကငယ်ငယ်လေးကတည်း အမေတို့နဲ့အတူတူမနေရပဲ တောင်ပေါ်မှာဘဲ ကြီးပြင်းလာခဲ့ရတာတာလေ။ ဒါ့ကြောင့်မို့ သမီးရဲ့အမကို သမီးကဘဲ အလျော့ပေးလိုက်ပါကွယ်"
ဟု ဆုံးမလိုက်၏။

ယွမ်ချူးယန်က သူမအမေအား ဒေါသထွက်နေသော မျက်ဝန်းများဖြင့်
"သမီးက ဘာလို့အလျော့ပေးရမှာလဲ။ သူ့ဘာသာတောင်ပေါ်မှာ‌ငယ်ငယ်လေးကတည်းက နေရတာကလည်း သမီးကြောင့်မှာမဟုတ်တာ။ ဘာလို့များ အခုသမီးအခန်းကို လုရတာလဲ"

ဖန်းရှုံးယန်တစ်ယောက် သူမ၏သမီးတွေကြောင့်ခေါင်းကိုက်နေပြီဖြစ်သည်။ ယွမ်ချူးယန်က ဒေါသတကြီးအော်ဟစ်နေသလို၊ ရဲ့ချူးဝမ်ကလည်း သူမအခန်းထဲမှာငိုကြွေးလို့နေသည်။ ဒါ့ကြောင့် ဖန်းရှုံးယန်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိတော့ချေ။

တခဏကြာပြီးတဲ့နောက် ဖန်းရှုံးယန်ဟာ ရဲ့ချူးဝမ်ကို အရင်ဆုံးချော့ဖို့ဆုံးဖြတ်လိုက်တော့သည်။ ဒါ့ကြောင့် သူမက ရဲ့ချူးဝမ်၏အခန်းထဲကို ဝင်လိုက်သည်။

သူမက ရဲ့ချူးဝမ်၏ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်ရင်း ရဲ့ချူးဝမ်၏ကျောပြင်ကို အသာအယာပွတ်လျက်
"ချူးဝမ်။ သမီးရဲ့ညီမရှောင်ရိကို အမေတို့က အချိန်အကြာကြီး ပစ်ထားမိသလိုဖြစ်နေတော့ သူမရဲ့စိတ်ထဲမှာ အမေတို့အပေါ် အပြစ်တင်စိတ်လေးတွေ ရှိနေတာကွဲ့။ ဒါ့ကြောင့်မို့လို့ အခုလိုမျိုး ဂျစ်ကန်ကန်လေးဖြစ်နေတာ။ အမေတို့က သူမကို ပိုပြီးဂရုစိုက်ပေးရင်း သူမရဲ့ဂျစ်ကန်ကန်အကျင်တွေကို ပြင်ပေးရဦးမှာ။ ဒါ့ကြောင့် သမီးရဲ့ညီမအပေါ် အပြစ်မမြင်ပါနဲ့ကွယ်"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ်က ကုတင်ပေါ်မှာ လှဲလျောင်းနေရင်းဖြင့်ပင်
"သမီးက ရှောင်ရိကိုအပြစ်မမြင်ပါဘူး အမေ။ သမီးငိုမိသွားတယ်ဆိုတာကလည်း သူမီးရဲ့မိဘတွေအကြောင်း ပြန်တွေးမိသွားလို့ပါ။ သူတို့သာ ဒီအချိန်မှာအသက်ရှင်နေဦးမယ်ဆိုရင် သမီးလည်း ရှောင်ရိရဲ့ အမအကြီးဆုံးနေရာကို လုယူမိမှာမဟုတ်ဘူး။ဒါတွေအားလုံးက သမီးအပြစ်ပါဘဲ"

နောက်ဆုံးစကားလုံးတွေမှာ ရဲ့ချူးဝမ်၏အသံက တိမ်ဝင်သွားပြီး ငိုရှိုက်သံများ ပြန်လည်ထွက်ပေါ်လာတော့သည်။

ဖန်းရှုံးယန်လည်း ဝမ်းနည်းတကြီး ငိုယငိနေသည့် သူမ၏သမီးကြီးကြောင့် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ခုအသာချရင်း
"ချူးဝမ်၊ သမီး အဲ့လိုအတွေးတွေမတွေးရဘူးလေ။အဲ့ဒါတွေအားလုံးက သမီးအပြစ်မှ မဟုတ်တာ။ ရှောင်ရိကိုလည်း အမေတို့သွန်သင်ဆုံးမနိုင်ပါတယ်ကွယ်။ အမေတို့လိုနေတာက အချိန်လေးတစ်ခုပါဘဲ"

ရဲ့ချူးဝမ်လည်း မျက်ရည်များကို ရှိုက်လိုက်ပြီး သူမအမေကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများဟာ ငိုယိုထားရသဖြင့် နီရဲလို့နေသည်။ သူမက
"သမီးကလေ ရှောင်ရိရောက်လာခဲ့ရင် ညီအမတွေပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ စိတ်ကူးထားတာ။ အဲ့တာက အခုချိန်မှာ မဖြစ်နိုင်တော့ဘူးထင်တယ်။ ရှောင်ရိကြည့်ရတာ သမီးကို မုန်းနေသလိုဘဲ"

ဖန်းရှုံးယန်လည်း သူမသမီးကြီးကို ပွေ့ဖက်နှစ်သိမ့်ပေးလိုက်ပြီး
"စိတ်မကောင်းပါဘူးချူးဝမ်ရယ်။ ဘာပဲဖြစ်ဖြစ် သမီးက တကယ်ကို ကောင်းမွန်တဲ့အမကြီးတစ်ဦးဘဲ"

ရဲ့ချူးဝမ်လည်း မျက်ရည်များကို သုတ်ကာ
"နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်အမေ"

ဖန်းရှုံးယန်က ပြုံးလိုက်ပြီး
"သမီးက တကယ့်ကို ရင့်ကျက်လာခဲ့ပြီဘဲ"
ဟု ပြောလိုက်သည်။ ထို့နောက်သူမက ဆက်လက်ပြီး
"ဒါနဲ့ သမီးကြီး၊ ချူးယန်ကို ရှောင်ရိ၊ ရှောင်ကျဲတို့နဲ့ စကားမများဖို့ နားချပေးပါဘူးကွယ်။ အဲ့ကောင်မလေးက အမေတို့စကားထက် သမီးစကားကိုဘဲ ပိုနားထောင်တာကွဲ့"

ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ပြကာ ယွမ်ချူးယန်ကို ခေါ်ပြီး အောက်ထပ်ကို ဆင်းသွားကြတော့သည်။

ဖန်းရှုံးယန်ကတော့ အောက်ထပ်ကို လိုက်ဆင်းမသွားခဲ့ပေ။ သူမက ယွမ်ရိတို့အခန်းတံခါးရှေ့သွားကာ တံခါးကို အသာခေါက်လိုက်ပြီး
"ရှောင်ရိ၊ ရှောင်ကျဲ။ အေးအေးဆေးဆေးနားကြနော်။ စောင်တွေကိုတော့ ညနေကျမှ လာပို့ပေးမယ်။ တစ်ခုခုလိုရင်လည်း အမေ့ကိုလာပြောဟုတ်ပြီလား"

'အမကြီးနဲ့အဆင်ပြေအောင်နေကြ'
ဟူသော စကားကိုပြောချင်သေးပေမယ့် ရဲ့ချူးဝမ်အပေါ် ယွမ်ရိ၏သဘောထားကို ပြန်တွေးမိပြီး ထိုစကားလုံးများအား ဖန်းရှုံးယန်မပြောဖြစ်လိုက်တော့ချေ။

ယွမ်ကျဲဟာ ယွမ်ရိ၏အခန်းထဲဆွဲသွင်းပြီး တံခါးပိတ်လိုက်သည်အထိ ရင်ထဲမှာတုန်လှုပ်နေခဲ့၏။ သူမကြုံတွေ့ရသည့်အရာတွေကြောင့် သူမစိတ်တွေလည်း ရှုပ်ထွေးထိတ်လန့်လို့နေသည်။

သူမက သူမရင်ဘက်ကို လက်ဖြင့်အသာအယာဖိလိုက်ကာ ယွမ်ရိအား လေးစားမှုအပြည့်ဖြင့်ကြည့်လိုက်မိ၏။

သူ့အမက ဒီအိမ်ကိုရောက်ကတည်းက သူမ၏လွှမ်းမိုးမှုများကို ပြသခဲ့၏။ အကယ်၍ သူ့အမနေရာမှာ သူမသာဆိုလျှင်တော့ ထားရာနေ၊ စေရာသွား ရုပ်သေးရုပ်လေးဖြစ်နေတော့မှာပင်။

ယွမ်ရိလည်း ယွမ်ကျဲအကြည့်၍ ပြုံးလိုက်ကာ
"ကြောက်သွားလား"
ဟု မေးလိုက်၏။

ယွမ်ကျဲက ခေါက်းညိတ်ပြလိုက်ပြီး
"အမ နင်ကအရမ်းမိုက်တာဘဲ။ ဒီလိုမျိုး ကိုယ့်နယ်ကိုယ့်မြို့မဟုတ်တဲ့ သူစိမ်းနေရာမှာတောင်မှ အမက သတ္တိရှိရှိပြောရဲဆိုရဲတယ်။ ညီမကတော့ စိတ်နှလုံးထဲကနေပါ ကြောက်ရွံ့ထိတ်လန့်နေတုန်းဘဲ"
ဟု ပြောလိုက်သည်။

ယွမ်ရိက
"ရှောင်ကျဲ။ အမက ဒီမိသားစုကလူဖြစ်ပေမယ့် မိသားစုဝင်တွေနဲ့ ရင်းနှီးတာမျိုးမရှိဘူး။ သူတို့တွေအမကို အနိုင်ကျင့်လာကြမှာကို စိုးတယ်။ ဒါ့ကြောင့် အမဘက်က သန်မာပြနေမှဖြစ်မှာ။ တကယ်လို့ အမအနိုင်ကျင့်ခံခဲ့ရတာမျိုးရှိလာလို့ အဖေနဲ့အမေကို သွားပြောရင်လည်း အမဘက်ကနေ ရပ်တည်ပေးဖို့က မသေချာဘူးလေ။ ဒီတော့ အမက သန်မာနေမှရမှာ"
လို့ ပြောလိုက်၏။

ဆက်လက်ပြီးသူမက ယွမ်ကျဲအား
"ရှောင်ကျဲ။ အမတို့ ဒီကိုရောက်လာရတဲ့ အဓိက ရည်ရွယ်ချက်ကိုသာ မမေ့နဲ့လိုက်နော်။ အမတို့က ပညာရေးကို ကောင်းကောင်းမွန်မွန်သင်ယူပြီး ကိုယ့်ဘဝကိုယ်တိုးတက်အောင် ဆောင်ရွက်ဖို့ဘဲ"
ဟု ဆုံးမလိုက်၏။

ယွမ်ကျဲကလည်း ခေါင်းညိတ်ရင်းဖြင့်
"ဟုတ်ကဲ့ပါ။ အမ"
ဟု ပြောလိုက်သည်။

ထို့နောက် ယွမ်ရိက အခန်းထဲက အဝတ်ဗီဒိုကို ဖွင့်ကာအတွင်းမှ ယွမ်ချူးယန်၏အဝတ်အစားတွေကို ထုတ်ယူလိုက်သည်။ ယွမ်ကျဲကလည်း ယွမ်ရိကို ကူကာ အဝတ်တွေကို ထုတ်ပေးလိုက်၏။

ထိုအချိန်မှာဘဲ အခန်းတံခါးခေါက်သံနဲ့အတူ ဖန်းရှုံးယန်၏အသံကိုကြားလိုက်ရ၏။

ဒါ့ကြောင့် ယွမ်ရိလည်း အခန်းတံခါးကို ဖွင့်လိုက်ပြီး သူ့မ၏အမေအား ယွမ်ချူးယန်၏အဝတ်အစားများကို ညွှန်ပြလျက်
"အမေ။ ဒီဟာတွေကို ဘယ်အခန်းမှာ သမီးထားလိုက်ရမလဲ"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က
"ချူးရွယ်နေတဲ့ ဟိုဘက်က အခန်းကိုသာ ပို့ပေးလိုက်ပါကွယ်"

ယွမ်ရိက
"ယွမ်ချူးယန်ကို ဘာလို့ ရဲ့ချူးဝမ်နဲ့တစ်ခန်းထဲမထားတာလဲ။ ရဲ့ချူးဝမ်ရဲ့ အခန်းက တော်တော်လေးကျယ်ပြီး လေဝင်လေထွက်ကလည်း ကောင်းတာဘဲဟာကို"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က
"ချူးဝမ်က သူတစ်ယောက်တည်းဘဲ အိပ်တတ်တာလေ။ အခန်းထဲမှာ နောက်လူတစ်ယောက်ရှိနေရင် သူမက အိပ်လို့မပျော်တော့ဘူး။ ဒါ့ကြောင့်မို့လို့ ချူးဝမ်ကို သက်သက်တစ်ခန်းပေးထားလိုက်တာ"

'တကယ့်ကို ဇာတ်လိုက်မင်းသမီးပီသပါ‌ပေတယ်။ဘာလုပ်လုပ် အခွင့်အထူးခံရနေတာဘဲ'
ယွမ်ရိလည်း စိတ်ထဲကနေ တွေးလိုက်မိ၏။ ထို့နောက် ယွမ်ကျဲနဲ့အတူတူ ယွမ်ချူးယန်၏အဝတ်များကို ယွမ်ချူးရွယ်၏အခန်းသို့ ပို့ပေးလိုက်တော့သည်။ ပြီးတာနဲ့ သူမတို့အခန်းကိုပဲ ပြန်လာခဲ့ကာ သူမတို့၏အဝတ်အစားများကို နေရာချလိုက်၏။

အကုန်လုံး သူ့နေရာနဲ့သူဖြစ်သွားပြီးတဲ့နောက်မှ ယွမ်ရိနဲ့ယွမ်ကျဲလည်း ကုတင်ပေါ်မှာထိုင်ရင် အနားယူလိုက်ကြတော့သည်။

ယွမ်ရိက ကုတင်ပေါ်မှာထိုင်ရင်းဖြင့် လက်ကို ယပ်တောင်ကဲ့သို့အသုံးပြုကာ လေရအောင်ခါလိုက်၏။
"ဟူးးးးပင်ပန်းလိုက်တာ"

ယွမ်ကျဲကလည်း အနားယူနေရာကနေ ယွမ်ရိဘက်ကိုခေါင်းလှည့်ကာ
"အမ။ ဦးလေးနဲ့ဒေါ်လေးတို့က ရဲ့ချူးဝမ်ကိုတအားပစားပေးနေတယ်လို့ မထင်ဘူးလား။ ဘာလို့လဲဆိုတော့ အိမ်က အကောင်းဆုံးဆိုတဲ့အရာတွေကို ရဲ့ချူးဝမ်ကိုချည်း ပေးနေတဲ့ပုံပေါ်တယ်။ ပြီးတော့ ချူးယန်နဲ့ချူးရွယ်ဆိုတဲ့အမည်တွေကလည်း ရဲ့ချူးဝမ်နဲ့ဆက်စပ်‌ပြီးမှ ပေးထားတာဖြစ်နိုင်တယ်နော်။တမျိုးကြီးဘဲ"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း ယွမ်ကျဲစကားကြောင့် သဘောကျစွာပြုံးလိုက်ပြီး
"ရှောင်ကျဲရေ။ ဒီအိမ်ကလူတွေရဲ့မျိုးရိုးနာမည်တွေ ရဲ့မဖြစ်သွားတာကိုပဲ ကျေးဇူးတင်ပါဦး"
ဟု အရွှန်းဖောက်လိုက်တော့သည်။

ယွမ်ကျဲကတော့ ယွမ်ရိ၏အရွှန်းဖောက်မှုကို မရယ်မောနိုင်ခဲ့ပေ။
"အမ။ ငါတို့တွေ တောင်ပေါ်ကိုပြန်ကြမလား။ ဒီမှာက အမလိုသွေးရင်းသားရင်းထက် မွေးစားသမီးကို ပိုပြီးအရေးပေးနေကြတယ်။"
ယွမ်ကျဲက မကျေနပ်ဆိုလိုက်၏။

ယွမ်ရိလည်း ယွမ်ကျဲ၏စကားလုံးများကြောင့် ခပ်ဖွဖွလေးပြုံးလိုက်မိ၏။
"ရှောင်ကျဲရယ်။ ဘယ်လောက်ပဲ သွေးရင်းသားရင်းဖြစ်နေပါစေဦးတော့။ အမက ဒီမိသားစုနဲ့အနေစိမ်းတယ်လေကွယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူတို့တွေ အမတို့အပေါ်ဘယ်လိုဘဲ သဘောထားထား အမတို့ ဒီကိုလိုက်လာရတဲ့ အဓိကရည်ရွယ်ချက်က ပညာကောင်းကောင်းသင်ယူတတ်မြောက်ဖို့ဘဲ။ ကျန်တာတွေကို စိတ်ထဲအရမ်းထည့်မနေနဲ့"

ထိုအခါမှ ယွမ်ကျဲလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်ကဲ့ပါ အမ"
ဟု ပြန်ပြောလိုက်တော့သည်။

တဖက်မှာတော့ ရဲ့ချူးဝမ်က ဒေါသတကြီးဖြစ်နေသည့် ယွမ်ချူးယန်ကို ဖျောင်းဖျလို့နေ၏။
"ချူးယန်။ စိတ်လေးဘာလေးလျော့ပါဦးကွယ်။ ဒီလိုမျိုး ဒေါသတွေတရှူးရှူးထွက်မနေနဲ့။ တော်ကြာ အဖေပြန်လာလို့ ဒီလိုပုံကိုမြင်သွားရင် အဆူခံနေရဦးမယ်"

ရဲ့ချူးဝမ်၏ဆုံးမစကားဆုံးတာနဲ့ အိမ်အပြင်ကနေ
"ငါပြန်ရောက်ပြီ"
ဆိုသည့် ယွမ်ချန်းဖူ၏အသံ ထွက်ပေါ်လာတော့သည်။

ထို့ကြောင့် ညီအမနှစ်ယောက်လုံး တုန်လှုပ်သွားတော့၏။

ဖန်းရှုံးယန်ကလည်း မီးဖိုခန်းအတွင်း ချက်ပြုတ်နေရာကနေ ထွက်လာကာ ယွမ်ချန်းဖူအား
"ရှင်ပြောတော့ တပ်ထဲမှာ အလုပ်ရှိသေးလို့ဆို။ အခုကျတော့ ပြန်လာတာစောလှချည်လား"
ဟု မေးလိုက်၏။

ယွမ်ချန်းဖူက ခေါင်းညိတ်ကာ
"အေး။ ဟုတ်တယ်ဟေ့။ ဒါပေမယ့် အလုပ်က စောပြီးသွားတယ်လေ။ အဲ့တာကြောင့်မို့ စောစောပြန်လာတာ။ ဒါနဲ့ မင့်သမီးတွေရော အဆင်ပြေကြရဲ့လား"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က သက်ပြင်းချလိုက်ပြီး
"စ,စချင်းဆိုတော့လည်း အဆင်မပြေကြသေးပါဘူးရှင်"
လို့ ပြောလိုက်၏။

ထိုအခါ ယွမ်ချန်းဖူက မျက်မှောင်ကြုတ်ကာ
"ဘာဖြစ်သွားလို့လဲ"
ဟု မေးလိုက်၏။

ဖန်းရှုံးယန် ဘာမှမပြောခင်မှာဘဲ ယွမ်ချူးယန်နဲ့ ရဲ့ချူးဝမ်တို့နှစ်ယောက်က အနားကိုရောက်လာပြီး
"အဖေ"
ဟု ခေါ်လိုက်ကြ၏။

ယွမ်ချန်းဖူလည်း သူ့သမီးနှစ်ယောက်ကို လှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးများနီရဲပြီး ငိုယိုထားတာကို သတိပြုမိလိုက်ပြီး
"ဘာဖြစ်ကြတာလဲ"
ဟု မေးလိုက်၏။

ယွမ်ချူးယန်ကလည်း
"အဖေ။ ယွမ်ရိဆိုတဲ့တောသူမက အရမ်းလွန်တာဘဲ။ သမီးကိုလည်း အနိုင်ကျင့်တယ်။ သမီးအခန်းကို အတင်းလုယူသွားသေးတယ်။ စကားပြောတာကလည်း အရမ်းအပေါက်ဆိုးတယ်"
ဟု သူမ၏ဖခင်အား တိုင်တန်းတော့သည်။

ယွမ်ချန်းဖူလည်း သူ့လေးယောက်မြောက်သမီးကို မျက်မှောင်ကြုတ်ကြည့်ကာ
"ချူးယန်။ သမီးအမကြီးကို ဘယ်လိုခေါ်လိုက်တာလဲ။ တောသူမ ဟုတ်လား။ အဖေတို့က မင်းကိုအဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောတတ်အောင် သင်ပေးခဲ့မိလို့လား"
ဟု ပြောကာ ဆူလိုက်၏။

ယွမ်ချူးယန်လည်း သူမ၏အဖေထံကနေ အဆူခံလိုက်ရ၍ ထိတ်လန့်သွားကာ စကားတွေပါထစ်ကုန်တော့၏။
"ဒါ...ဒါက..…."

ယွမ်ချန်းဖူလည်း ထစ်ထစ်အအဖြစ်သွားသည့် သူ့သမီးကြောင့်
"နင်အမှန်တိုင်း ပြောတာမဟုတ်ဘူးမလား"
လို့ ထပ်မာန်မဲလိုက်သည်။ ထို့နောက် ရဲ့ချူးဝမ်ဘက်ကိုလှည့်ကာ
"သမီးကြီး။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အဖေ့ကို အမှန်အတိုင်းပဲ ပြော"
ဟု ပြောလိုက်တော့သည်။

ရဲ့ချူးဝမ်က ပြဿနာကို ဒီထက်ပိုမကြီးထွားစေချင်တော့သည့်အတွက်
"ယွမ်ရိကအနိုင်ကျင့်တာ လုံးဝမဟုတ်ပါဘူး။ နည်းနည်းပါးပါးအထင်လွဲသွားကြတာပဲ ရှိပါတယ်"
ဟု ရှင်းပြလိုက်၏။

ထိုအခါမှ ယွမ်ချန်းဖူကလည်း
"အေးလေ။ ရှောင်ရိလို ရိုးရိုးအေးအေးလေးက ဘယ်လိုလုပ်ပြီး အနိုင်ကျင့်တယ်ဆိုတာဖြစ်နိုင်မှာတုန်း"
ဟု ပြောချလိုက်တော့သည်။

ယွမ်ချူးယန် : "..........."
'ဒါ..ဒါမတရားခံရတာဘဲ'

သူမ တစ်ခုခုထပ်ပြောဖို့ပြင်လိုက်ချိန်မှာဘဲ ရဲ့ချူးဝမ်၏ ဆွဲခေါ်သွားမှုကို ခံလိုက်ရတော့သည်။

အပြင်ကိုရောက်တာနဲ့ ယွမ်ချူးယန်က ရဲ့ချူးဝမ်၏လက်ကို ပုတ်ချကာ
"အမ။ ဘာလို့ အမှန်အတိုင်းမပြောလိုက်တာလဲ"
ဟာ ညီးတွားလိုက်၏။

ရဲ့ချူးဝမ်လည်း သက်ပြင်းအသာချကာ
"အဖေနဲ့အမေတို့ကို စိတ်ဆင်းရဲတာမျိုး မဖြစ်စေချင်လို့ပေါ့ကွယ်"
ဟု ရှင်းပြလိုက်တော့သည်။

မီးဖိုချောင်ထဲမှာတော့ ယွမ်ချန်းဖူက သူ့ရဲ့ဗိုက်ကို အစားအသောက်နည်းနည်းပါးပါးဖြင့် ဖြည့်လိုက်ပြီး
"ချူးဝမ်နဲ့ချူးယန်တို့နှစ်ယောက်လုံး ငိုထားကြဝာဘဲ။ သူတို့က တကယ်ကြီး ယွမ်ရိကြောင့်မို့ ငိုကြတာလား"
ဟု သူ့မိန်းမကို မေးလိုက်သည်။

ဖန်းရှုံးယန်က ခေါင်းညိတ်ကာ
"ရှောင်ရိ စိတ်ထဲမှာ သူ့ကိုအချိန်အကြာကြီး ပစ်ထားမိလိုက်တာမို့ ကျွန်မတို့အပေါ် မကျေနပ်တဲ့ စိတ်တချို့တော့ ရှိနေဦးမှာဘဲ။ သူမက အိမ်ကိုရောက်တာနဲ့ ချူးဝမ်ကို အမကြီးအဖြစ်မသတ်မှတ်ဘူးလို့ ပြောတာဘဲ။ ဘာလို့လည်းဆိုတော့ ချူးဝမ်ရဲ့မျိုးရိုးက 'ရဲ့'ဖြစ်ပြီး သူမနဲ့မျိုးရိုးချင်းမတူလို့တဲ့။ ဒါ့အပြင် သူမက ချူးယန်နေတဲ့အခန်းကိုလည်း ယူလိုက်သေးတယ်လေ။ ဒါ့ကြောင့်မို့ ချူးဝမ်ရော၊ ချူးယန်ပါ ငိုထားကြတာဘဲ"
ဟု အဖြစ်အပျက်တွေကို အတိုချုံ့ကာ ရှင်းပြလိုက်၏။

ယွမ်ချန်းဖူလည်း သက်ပြင်းတစ်ခုအသာချလို့
"ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့မှာအချိန်တွေ အများကြီးရှိနေတော့ ယွမ်ရိကို တဖြည်းဖြည်းလိမ္မာလာအောင် ဆုံးမရမှာဘဲ။ အဓိက,က ရှောင်ရိကို ဆုံးမနေတဲ့အချိန်အတောအတွင်းမှာ ချူးယန်ပြဿနာရှာလာမှာကိုဘဲ"
ဟု သူစိုးရိမ်နေတာကို ပြောလိုက်သည်။

ဖန်းရှုံးယန်က
"အဲ့တာအတွက်တော့ စိတ်မပူပါနဲ့ရှင်။ ရှောင်ရိနဲ့ချူးယန်ကို စကားများရန်ဖြစ်တာမျိုးမရှိအောင်လို့ တတ်နိုင်တာမှန်သမျှအကုန်လုပ်ရမှာဘဲ။ ဒီလိုဆိုရင်ရော ယွမ်ရိစိတ်ထဲ ကျွန်မတို့နဲ့လုံးဝမရင်းနှီးမချင်း ချူးယန်ကို စောင့်ကြည့်ပေးဖို့ ချူးဝမ်ကို ပြောထားလိုက်မယ်လေ။ ချူးယန်က သူ့အမကြီးဆိုရင်တော့ နည်းနည်းကြောက်မယ်ထင်တယ်"

ယွမ်ချန်းဖူလည်း ခဏမျှစဉ်းစားပြီးသည့်နောက် ခေါင်းညိတ်ကာ
"အင်း။ မင်းပြောသလိုဘဲ လုပ်ကြတာပေါ့"
ဟု သူ့မိန်းမ၏ အစီအစဉ်ကို ထောက်ခံလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး जहाँ कहानियाँ रहती हैं। अभी खोजें