Chapter 42

980 128 0
                                    

အပိုင်း - ၄၂

မြို့ပေါ်ကနေပြန်ရောက်တာနဲ့ ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ အိမ်မှာ နှစ်ရက်လောက် နားနားနေနေ နေခဲ့ကြ၏။ ခရီးသွားရတာ ပင်ပန်းတာကြောင့်ရော၊ ရုပ်ရှင်ကိုညလုံးပေါက်ကြည့်ခဲ့ရသည့်အတွက် အိပ်ရေးပျက်တာကြောင့်ရော၊ နောက်ရက်တွေမှာ တောက်ပေါ်ကရွာအသီးသီးမှာ စက်ချုပ်သွားရတော့မှာကတစ်ကြောင်းမို့လို့ အေးအေးဆေးဆေး နှစ်ရက်လောက်နားခဲ့ကြခြင်းဖြစ်သည်။

နှစ်ရက်လောက် အနားယူပြီးတာနဲ့ တောင်ပေါ်မှာရှိသည့် ရွာတိုင်းကို လှည့်လည်သွားလာကြရင်း ဝတ်စုံတွေကို ချုပ်ပေးခဲ့ကြတော့သည်။ သူမတို့နှစ်ယောက်ဟာ နှစ်သစ်ကူးရောက်ရန် နှစ်ရက်လောက် လိုတော့သည့်အချိန်မှ စက်ချုပ်တာကို ရပ်နားကာ အိမ်ကိုပြန်လာခဲ့ကြသည်။

ထို့နောက် နှစ်သစ်ကူးမရောက်ခင် နှစ်ရက်အတွင်း လျူရှင်းဟွာကို ဝိုင်းကူ၍ နှစ်သစ်ကူးမှာ စားသောက်ဖို့အတွက် အမျိုးမျိုး၊ အဖွယ်ဖွယ်သော မုန့်တွေကို ကူလုပ်ပေးခဲ့ကြသည်။ အိမ်ကိုလည်း အနီရောင်စက္ကုများဖြင့်ဖြစ်စေ၊ ပန်းများဖြင့်ဖြစ်စေ အလှဆင်ခဲ့ကြ၏။

နှစ်သစ်ကူးအကြိုနေ့ရောက်တဲ့အခါမှာတော့ တစ်အိမ်လုံးအား သန့်ရှင်းရေးလုပ်ကာ တစ်မိသားစုလုံး အဝတ်အစားအသစ်တွေဝတ်ကာ မုန့်စားရင်းဖြင့် နှစ်သစ်ကိုကြိုဆိုကြတော့သည်။

ယနေ့ခေတ်ကဲ့သို့ ဆင်းရဲ‌သည့် ကာလမှာ တောင်ပေါ်မှာရှိသည့်လူတွေအတွက် နှစ်သစ်ကူးဖြတ်သန်းသည့် ပုံစံဟာ ရိုးရှင်းလှပေသည်။ သူတို့ဟာ တစ်နှစ်ပတ်လုံးပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးရှာထားသမျှငွေတွေကို နှစ်သစ်ကူးပွဲတော်မှာပဲ အဝတ်အစားအသစ်တွေကို ဝယ်၍သော်လည်း‌ကောင်း၊ စားကောင်းသောက်ဖွယ်များကို စားသောက်၍သော်လည်းကောင်း သုံးကာ ဖြတ်သန်းကြခြင်းဖြစ်ပေသည်။

တစ်နှစ်ပတ်လုံး သူတို့အတွက် ငွေသုံးစရာနေရာက နှစ်သစ်ကူးပွဲတော်အတွင်းမှာပဲ ဖြစ်သည်။ ဒါ့ကြောင့် ဖန်းမင်းတောင်ပေါ်က လူတွေ၏ရင်ထဲမှာ နှစ်ကူးပွဲတော်ဟာ အလွန်ပင် အရေးကြီးသော ပွဲတော်တစ်ခုဖြစ်လေ၏။

ညပိုင်း‌ကိုရောက်လာသည့်အခါ ယွမ်မိသားစုတစ်စုလုံး နှစ်သစ်ကူးညစာစားပွဲ ကျင်းပကြတော့သည်။

တကယ်တော့ ယွမ်ရိတို့ကနှစ်သစ်ကူးညစာအဖြစ် ဟော့ပေါ့လုပ်စားကြဖို့ ဆုံးဖြတ်ထားခဲ့ကြသည်။သူမတို့ဟာ ပဲသီးတွေ၊ ဝက်သားတွေ၊ ဝက်အူချောင်းတွေ၊ ကြက်သားတွေ၊ ငရုတ်သီးတွေ၊ ငါးတွေ၊ အသီးအရွက်တွေ အစရှိသဖြင့် အမျိုးမျိုးအဖွယ်ဖွယ်ကို ပြင်ဆင်ထားခဲ့ကြသည်။

သူမတို့က မီးဖိုအသေးစားလေးကို မီးဖိုကာ ထိုအပေါ်မှာ ဟော့ပေါ့လုပ်စားဖို့အတွက် ဒယ်အိုးကို ရေထည့်၊ အခြားအဆာပလာများကိုထည့်ကာ ပွက်ပွက်ဆူအောင် ပြုလုပ်ခဲ့ကြတော့သည်။

နှစ်သစ်ကူးပွဲတောက်ဟာ တစ်နှစ်ပတ်လုံးမှာ အရေးအကြီးဆုံးပွဲတော်ဖြစ်ပေသည်။ ထိုပွဲတော်ကာလအတွင်း လူတွေအကုန်လုံး စိတ်ညစ်စရာတွေကို မေ့ပျောက်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ဖြတ်သန်းကြသည်။

ယွမ်ကျီကောင်းနဲ့ယွမ်ချန်းရှန်တို့သားအဖနှစ်ယောက်ဟာ ဝိုင်ခွက်ကိုယ်စီမြှောက်လို့ မော့သောက်လိုက်ကြသည်။ လေတိုက်၍တလှုပ်လှုပ်ဖြစ်နေသည့် ဆီမီးရောင်အောင်မှာ သူတို့နှစ်ယောက်၏မျက်နှာတွေဟာ ဝိုင်ရှိန်ဖြင့် နီရဲလို့နေ၏။

ယွမ်ချန်းရှန်က ဝိုင်ကိုမော့သောက်ပြီးတာနဲ့ လေချဉ်တစ်ချက်တက်လိုက်ပြီး
"ဘာလိုလိုနဲ့ နောက်ထပ်တစ်နှစ်ကုန်သွားပြန်ပြီ။နှစ်သစ်ကစပြီး ယွမ်မိသားစုဝင်တွေအကုန်လုံး ကျန်းမာချမ်းသာကြပါစေ"
ဟု အော်ဟစ်ဆုတောင်းလိုက်၏။

ယွမ်ရိလည်း ရေများသာဖြည့်ထားသည့် သူမ၏ခွက်ကိုကိုင်ကာ ယွမ်ကျဲ၊ ယွမ်ချီကျီ၊ လျူရှင်းဟွာတို့ဖြင့် အတူတူမော့သောက်လိုက်တော့သည်။သူမတို့က ဝိုင်တော့ မသောက်ခဲ့ကြပါ။

ယွမ်ရိဟာ ရေထည့်ထားသောခွက်ကို မော့သောက်ပြီးတာနဲ့ ယွမ်ချန်းရှန်အား
"ဦးလေးငါး၊ အိမ်ထောင်ပြုတော့မှာဖြစ်တဲ့အတွက် ကြိုပြီးတော့ ဂုဏ်ပြုပါတယ်နော်။ နှစ်သစ်ကစပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ"
ဟု ဆုမွန်ကောင်း တောင်းပေးလိုက်တော့သည်။

ယွမ်ရိ ဆုတောင်းပေးတာကိုမြင်တော့ ယွမ်ကျဲကလည်း
"နှစ်သစ်ကစပြီး အဖိုးအဖွား၊ တတိယအဒေါ်၊ ဦးလေးငါးနဲ့ အမယွမ်ရိတို့အကုန်လုံး ကျန်းမာရေးတွေကောင်းမွန်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဖြစ်ကျပါစေ"
ဟု ဆုမွန်ကောင်းတောင်းပေးလိုက်၏။

ယွမ်ကျဲ၏ဆုတောင်းစကား‌ပြောပြီးသည့်နောက် တစ်မိသားစုလုံး တစ်ယောက်ကိုတစ်ယောက် ဆုတောင်းစကားများ ပြောခဲ့ကြသည်။ မိသားစု၏ နှစ်သစ်ကူးညစာစားပွဲလေးဟာ ရယ်မောသံတညံညံဖြင့် နွေးထွေးမှုအပြည့် ဖြစ်နေတော့သည်။

နှစ်သစ်ကူး ညစာစားပြီးကြတဲ့နောက်မှာ သူတို့ဟာ အိုးခွက်ပန်းကန်တွေကို သေချာဆေးကြော သန့်စင်ခဲ့ကြ၏။ သူတို့ဟာ ချက်ချင်းမအိပ်ကြသေးပဲ ညသန်းခေါင်းယံ၊ နှစ်သစ်ကူးချိန်အထိ စကားတပြောပြောဖြင့်စောင့်နေခဲ့ကြသည်။

သန်ခေါင်းယံ၊ နှစ်သစ်ကူးချိန်ကိုရောက်တဲ့အခါမှာတော့ ဟိုဟိုဒီဒီကနေ ဗျောက်ဖောက်သံတွေ စတင်ကြားလာရတော့သည်။
'ဖောင်းးးးးး'

'ဖောင်းးးးးဖောင်းးးးး'

ယွမ်ချန်းရှန်လည်း သူ့တူမနှစ်ယောက်ကိုခေါ်ကာ ဗျောက်အိုးများကိုယူ၍ အိမ်အပြင်ထွက်ပြီး ဗျောက်ဖောက်တော့သည်။

ယွမ်ရိဟာ တဖောင်းဖောင်းပေါက်ကွဲနေသည့် ဗျောက်များအား သူမ၏နားကိုပိတ်၍ ကြည့်နေခဲ့၏။ဒါပေမယ့် သူမမျက်နှာပေါ်မှာတော့ အပြုံးပန်းများက လှလှပပဖူးပွင့်လို့နေခဲ့၏။

နောက်ရက်မနက်ရောက်တဲ့အခါမှာတော့ ယွမ်အိမ်သားတွေအားလုံးဟာ အိပ်တာ နောက်ကျခဲ့ကြပေမယ့် စောစောထခဲ့ကြ၏။ ဘာလို့လည်းဆိုတော့ နှစ်သစ်ကူးပြီး ပထမဆုံးသောနေ့ရက်လေးဖြစ်နေလို့ပင်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ မနက်စာ စားပြီးတာနဲ့ မိုးပျံမျှော်စင်သို့ပြေးကာ ကျောင်းရွယ်ယန်၊ လင်းကျီကောင်းနဲ့လင်းယောင်တို့အား နှစ်သစ်ဆုတောင်းစကားတွေ သွားပြောခဲ့ကြသည်။

ကျောင်းရွယ်ယန်က သူမတို့ကို ရောင်စုံသကြားလုံးလေးများအား လက်ဆောင်အဖြစ်ပြန်ပေးခဲ့၏။ ထို့နောက် သူမတို့ဟာ လင်းယောင်ကိုခေါ်ကာ အခြားသောအိမ်များထံ နှစ်သစ်ကူးဆုတောင်းစကားများသွားပြောကြတော့သည်။

မနက်ခင်းတစ်ခုလုံး သူတို့သုံးယောက်ဟာ ဖန်းယန်ရွာအနှံ့ နှစ်သစ်ကူးဆုတောင်းစကားများ လိုက်လံပြောကြားခဲ့ကြသည်။ နေ့လယ်ခင်းကိုရောက်လာတဲ့အခါမှာတော့ သူတို့သုံးယောက်ဟာ အဖိုးဆောင်း၏အုတ်ဂူသို့ ထွက်လာခဲ့ကြတော့၏။

ယွမ်ရိဟာ အဖိုးဆောင်း၏အုတ်ဂူရှေ့မှာ ထိုင်ကာ သူမအိတ်ထဲကနေ စက္ကူဖြင့်ပြုလုပ်ထားသည့် ငွေတချို့ကို ထုတ်ယူလိုက်သည်။ ထိုငွေကိုတွေ မီးရှို့လိုက်ပြီး သူမက အဖိုးဆောင်း၏အုတ်ဂူရှေ့မှာ အချိန်အတော်ကြာအောင် ရပ်နေမိတော့သည်။

မီးလောင်နေသည့် စက္ကူတွေအကုန် ပြာအဖြစ်လောင်ကျွမ်းပျောက်ကွယ်သွားပြီးသည့်နောက်မှသာ သူမက ယွမ်ကျဲနဲ့လင်းယောင်ကို ခေါ်၍ အိမ်ကိုပြန်လာခဲ့တော့သည်။

နောက်ရက်မှာတော့ စတုတ္ထအဒေါ် ယွမ်ချိုင်လန်ကသူ့မ၏ယောက်ျားနဲ့သားသမီးများကို ခေါ်ကာ အလည်ပြန်လာခဲ့ကြ၏။ မိသားစုတွေ စုံစုံလင်လင်ဖြင့် ပျော်‌ရွှင်လို့နေကြသည်။

နှစ်သစ်ကူးပြီး ငါးရက်လောက်ကြာပြီးတဲ့နောက်မှာ နှစ်သစ်ကူးပွဲတော်၏အငွေ့အသက်လေးတွေဟာ အနည်းငယ် မှေးမှိန်သွားပြီဖြစ်သည်။

ယွမ်ရိနဲ့ယွမ်ချီကျီတို့ကလည်း ရွှေသရဖူရွာမှာရှိသည့် အပ်ချုပ်ဆိုင်မှာ အလုပ်ပြန်လုပ်နေကြပြီဖြစ်သည်။ ဒါပေမယ့် နှစ်ကူးပြီးခါစဖြစ်၍ အဝတ်အထည်ချုပ်ချင်သည့်သူ သိပ်မရှိတာကြောင့် သူမတို့နှစ်ယောက် အားနေကြ၏။

ယွမ်ရိဟာ သူမ‌၏နေ့စဉ်ဘဝကို ထိုသို့ဖြင့် ဖြတ်သန်းနေခဲ့သည်။ သူမက စက်ချုပ်လိုက်၊ ကျန်သည့်အချိန်များတွင် စာတွေ၊ သင်ခန်းစာတွေကို ပြန်လည်လေ့လာမှတ်သားလိုက်ဖြင့်ပင် အချိန်ကုန်နေခဲ့သည်။

နှစ်ကူးပြီး ဆယ့်ငါးရက်နေ့မှာတော့ တောင်ပေါ်မှာ မီးထွန်းပွဲတော်ရှိပေသည်။

ညနေခင်းရောက်လာတဲ့အချိန်မှာတော့ ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ အပ်ချုပ်ဆိုင်တံခါးတွေကို သေချာပိတ်ပြီး ယွမ်ကျဲ၊ လင်းယောင်တို့နဲ့အတူတူ အိမ်ကိုပြန်လာခဲ့ကြတော့သည်။

သူတို့လေးယောက် တောင်ပေါ်လမ်းလေးမှာ လျှောက်လှမ်းနေကြစဉ်မှာပဲ သူတို့ဟာ စာပို့သမားကိုမြင်တွေ့လိုက်ရသည်။ ဒါ့ကြောင့်
"စာတွေလာပို့တာလား"
ဟုပြောကာ နှုတ်ဆက်လိုက်၏။

ဖန်းမင်းတောင်ပေါ်မှာ စာပို့သမားဟူ၍ တစ်ယောက်တည်းသာရှိပေသည်။ တောင်ပေါ်ကလူတွေအနေနဲ့ စာပို့တာမျိုးဖြစ်စေ၊ တစ်ဖက်ကပို့တာကို လက်ခံရယူတာမျိုးဖြစ်စေ အချိန်တွေအရမ်းကြာပေသည်။ ဒါ့ကြောင့်တချို့သောသူတွေက ကိုယ်တိုင်ပဲ စာပို့တာမျိုးရှိပေသည်။

လမ်းပန်းဆက်သွယ်ရေးအပြင်၊ လုပ်သားအင်အားနည်းပါးခြင်းက ဒီနယ်ပယ်မှာ ပြဿနာတစ်ခု ဖြစ်ပေသည်။

စာပို့သမားက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ စာလာပို့တာ"
ဟု ပြန်ဖြေခဲ့သည်။

"ဒီ‌တစ်ခေါက်ဘယ်သူ့ဆီကိုများ သွားပို့ရမှာလဲ"
ယွမ်ကျဲက စပ်စုလိုက်၏။

ဟိုတလောက သူမ၏ဦးလေးယွမ်ချန်းဖူထံ စာရေးထားသေးတာကြောင့် ဒီပြန်စာကို သူမဦးလေးထံကဖြစ်ဖို့ဆုတောင်းနေခဲ့၏။

စာပို့သမားက
"ဒီတစ်ခေါက် ယွမ်အိမ်ကို ပို့ရမှာ"
ဟု ပြန်ဖြေခဲ့သည်။

"ယွမ်အိမ်ဟုတ်လား။ အဲ့ဒါ ကျွန်မတို့အိမ်ပဲ။ ကြည့်ရတာ ဦးလေးဆီက အကြောင်းပြန်စာထင်တယ်"
ယွမ်ကျဲက ပျော်ရွှင်စွာဖြင့်ပြောလိုက်၏။

ထိုအခါ စာပို့သမား၏အကြည့်တွေ တောက်ပသွားတော့သည်။ သူဟာ တောင်အောက်ကနေ တောင်ပေါ်ကိုတက်လာရတာဖြစ်၍ ပင်ပန်းနေပြီဖြစ်သည်။ ဒီအချိန်မျိုးမှာ လမ်းကြုံသင့်နေ၍ သူလည်း ဝမ်းသာသွားကာ
"ဒါဆိုရင် မင်းတို့တစ်ခါတည်း ယူသွားလိုက်ကြတော့လေ"
လို့ပြောရင်း သူ့လက်ကထဲက စာကို ယွမ်ချီကျီထံပေးလိုက်တော့သည်။

ယွမ်ချီကျီလည်း သူမလက်ထဲကစာကို ငုံ့ကြည့်လိုက်၏။ စာပေါ်မှာ လက်ခံသူနေရာက ယွမ်ကျီကောင်းမဟုတ်ပဲ သူမနာမည်ဖြစ်နေ၏။ ပေးပို့သူနေရာမှာလည်း ယွမ်ချန်းဖူမဟုတ်ဘဲ လျူရှောင်းဖြစ်နေတာကို သူမမြင်တွေ့လိုက်ရတော့သည်။

သူမက စာအိတ်ကို ကြည့်နေရာကနေ စာပို့သမားကိုကြည့်ကာ
"စာပို့ပေးနဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"
လို့ပြောကာ စာကို သူမအိတ်ထဲ ထည့်သိမ်းလိုက်သည်။

စာပို့သမားကတော့ သူ့တာဝန်ပြီးသွားပြီဖြစ်၍ ယွမ်ချီကျီကို နှုတ်ဆက်ကာ ပြန်လှည့်သွားတော့သည်။

ယွမ်ချီကျီလည်း ယွမ်ရိ၊ ယွမ်ကျဲနဲ့လင်းယောင်းတို့ကို ခေါ်ကာ ဖန်းယန်ရွာကိုပြန်လာခဲ့တော့သည်။

ဖန်းယန်ရွာထဲကိုရောက်တာနဲ့ လင်းယောင်ကတော့ သူ့အိမ်ကိုသူ ပြန်သွားခဲ့သည်။

ယွမ်ရိတို့ အိမ်ကိုပြန်ရောက်တာနဲ့ ယွမ်ချီကျီနဲ့အတူတူအခန်းထဲကို လိုက်ဝင်ခဲ့ကြသည်။ ယွမ်ချီကျီက အခန်းထဲကိုရောက်တာနဲ့ စာအိတ်ကို ဖောက်ဖွင့်ကြည့်လိုက်သည်။ ထိုအခါ စာထဲမှာ 'ကွာရှင်းခြင်း'ဆိုသည့် စကားလုံးကြီးကို ယွမ်ချီကျီ၊ ယွမ်ရိနဲ့ယွမ်ကျဲတို့ သုံးယောက်လုံး ထင်ထင်ရှားရှားမြင်တွေ့လိုက်ကြရတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲလည်း ဝမ်းသာအားရဖြင့် ပြုံးလိုက်မိကြသည်။ ယွမ်ကျဲက
"ကောင်းလိုက်တာ။ နောက်ဆုံးတော့ တတိယအဒေါ်ကို ကွာရှင်းပေးဖို့ သူတို့ဘက်က ဆုံးဖြတ်လိုက်ကြပြီးဘဲ"

ယွမ်ချီကျီကလည်း စာရွက်ပေါ်က စကားလုံးတွေကိုကြည့်ပြီး စိတ်သက်သာရာရသွားကာ
"ငါ မနက်ဖြန်ကျရင် ဒီကိစ္စကို အပြတ်ဖြတ်ဖို့ မြို့ပေါ်သွားမယ်"
လို့ ချက်ချင်း ပြောလိုက်တော့သည်။

ညစာစား‌တဲ့အခါမှာ ယွမ်ချီကျီက သူမထံရောက်လာသည့်စာအကြောင်းကို သူမ၏အဖေနဲ့အမေတို့ကို ပြောပြခဲ့၏။ ထိုအခါ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့လည်း သူတို့၏သမီးအတွက် စိတ်သက်သာရာရသွားတော့သည်။

ယွမ်ကျီကောင်းက
"မြို့ပေါ်ကို သွားတဲ့အခါ နင့်မောင်ချန်းရှန်ကိုခေါ်သွား။ သူပါမှ ငါတို့လည်း စိတ်ချနိုင်မှာ။ ပြီးတော့ နင့်မောင်ကလည်း အိမ်ထောင်ပြုတော့မှာဆိုတော့ သူ့တို့နေမယ့်နေရာကို အလှဆင်ဖို့အတွက် ပစ္စည်းတချို့နဲ့ အခြားလိုအပ်တဲ့အရာတချို့ကိုလည်း ဝယ်ရဦးမှာပဲဟာ။ မြို့ပေါ်ကို အတူတူသွားကြ"
ဟု မှာလိုက်၏။

ယွမ်ချီကျီက ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ အဖေ။ သမီး ချန်းရှန်နဲ့ အတူတူသွားလိုက်ပါ့မယ်"
ဟု ပြန်ပြောလိုက်သည်။

နောက်ရက်မနက်မှာပဲ ယွမ်ချီကျီဟာ ယွမ်ချန်းရှန်နဲ့အတူ တောင်အောက်ကို ဆင်းသွားကြတော့သည်။ ဒါ့ကြောင့် အပ်ချုပ်ဆိုင်သို့ ယွမ်ရိတစ်ယောက်တည်းပဲ ထွက်လာခဲ့၏။ နေ့လည်ရောက်တဲ့အခါမှာ ယွမ်ကျဲနဲ့လင်းယောက်တို့ရောက်လာကြပြီး စာပေတွေကို လေ့လာမှတ်သားခဲ့ကြသည်။

ယွမ်ရိဟာ သင်ခန်းစာတွေကို လေ့လာ‌နေရင်းဖြင့် စပျစ်စင်ကို ငေးကြည့်မိကာ သူမ၏ဦးလေးငါးဟာ လအနည်းငယ်အတွင်း လက်ထပ်တော့မှာကို တွေးမိသွားသည်။ သူမ၏ဦးလေးငါးအတွက် အိမ်မှာ အခန်းတစ်ခု ထပ်ပြီးတော့ ဆောက်လုပ်ရမည်ဖြစ်သည်။ ထိုအခါ သူမ၏ဒုတိယအဒေါ် ဆန်းရှောင်ဟိုင်၏ မနာလို့၍ ပွစိပွစိပြောမှာကို သူမ စိုးရိမ်ပေသည်။

သူမက ခဏလောက်စဉ်းစားပြီးတဲ့နောက် ယွမ်ကျဲအား
"ငါတို့သုံးယောက်အိပ်တဲ့အခန်းက ဦးလေးငါးအခုနေတဲ့အခန်းထက် အများကြီးကျယ်တယ်နော်"

ယွမ်ကျဲက ခေါင်းညိတ်ပြီး
"ဟုတ်တယ်လေ"
ဟု ထောက်ခံလိုက်၏။

ယွမ်ရိက ဆက်လက်ပြီးတော့
"ငါတို့ ဒီလိုလေးလုပ်ကြရင်ရော ငါရယ်၊ နင်ရယ်၊ အဒေါ်ရယ်က ဒီအဖိုးဆောင်းအိမ်ကို ပြောင်းလာကြမယ်လေ။ ငါတို့အခန်းကိုတော့ ဦးလေးနဲ့သူ့ဇနီးတို့ လက်ထပ်ပြီးတဲ့အခါကျရင်‌ နေဖို့အခန်းအဖြစ် ပေးလိုက်ကြမယ်လေ။ ဒါဆိုရင် အဆင်ပြေမသွားဘူးလား"

ယွမ်ကျဲလည်း ခဏမျှစဉ်းစားလိုက်ပြီး
"အဲ့တိုင်းလည်း ကောင်းတာပဲ။ အိမ်ရောက်ရင် အဖွားနဲ့တိုင်ပင်ကြည့်ကြတာပေါ့"
ဟု ပြောလိုက်တော့သည်။

သူမတို့ဟာ ညနေအိမ်ကို ပြန်ရောက်တာနဲ့ သူမတို့ပြောခဲ့ကြသည့်အကြောင်းတွေကို လျူရှင်းဟွာနဲ့ယွမ်ကျီကောင်းအား ပြောပြလိုက်ကြသည်။ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာက ယွမ်ရိတို့၏စကားကို‌နားထောင်ပြီးတဲ့နောက် သူမတို့ပြောတဲ့အတိုင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဒါ့ကြောင့် မနက်ရောက်တဲ့အခါမှာ ယွမ်ကျီကောင်းက ရွာထဲက လူတချို့ကို ခေါ်ကာ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့၏ ပစ္စည်းတွေကို ရွှေသရဖူရွာက အဖိုးဆောင်းအိမ်သို့ သယ်ပို့ပေးဖို့ အကူအညီတောင်းလိုက်တော့သည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့၏ ပစ္စည်းတွေကို ရှင်းထုတ်ပြီးတဲ့နောက်မှာ အခန်းက လုံးဝပြောင်ရှင်းသွားတော့သည်။ အခန်းကို ဆေးပြန်သုတ်ဖို့နဲ့ အလှဆင်ဖို့ကတော့ တဖြည်းဖြည်းအချိန်ယူပြီးမှ လုပ်ရမှာပဲဖြစ်သည်။

ယွမ်ကျီကောင်းဟာ တောင်ပေါ်က လက်သမားဆရာအချို့အား အိမ်ထောင်ပရိဘောဂ တချို့ပြုလုပ်ဖို့အတွက် ငှားရမ်းခဲ့၏။ ယွမ်ချန်းရှန်ဟာလည်း တောင်အောက်ကနေ ပစ္စည်းတချို့ဝယ်လာပြီး တောင်ပေါ်ပြန်လာခဲ့သည်။ ထို့နောက် တောင်အောက် ဆင်းသွားပြန်၏။

လေးငါးရက်ကြတဲ့နောက်မှာတော့ ယွမ်ချီကျီလည်း ယွမ်ချန်းရှန်နဲ့အတူ တောင်ပေါ်ကို ပြန်ပါလာခဲ့သည်။

ယွမ်ရိတို့လည်း ယွမ်ချန်းရှန်ကိုကျော်ပြီး ယွမ်ချီကျီနားကိုကပ်ကာ
"ဘယ်လိုလဲ။ ကွာရှင်းတာက အဆင်ပြေခဲ့ရဲ့လား"
ဟု မေးလိုက်ကြ၏။

ယွမ်ချီကျီက ခေါင်းညိတ်ကာ
"အဆင်ပြေခဲ့ပါတယ်။ အခုဆိုရင် ငါတို့က ကွာရှင်းပြီးသွားပြီ"

လျူရှင်းဟွာက ဝမ်းသာအားရဖြင့်
"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ"
ဟု သုံးကြိမ်ရေရွတ်မိလိုက်သည်။

သူမကဆက်လက်ပြီး
"နောက်ဆုံးမှာတော့ ဆင်းရဲဒုက္ခတွင်းထဲကနေ ငါ့သမီးလေး လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားခဲ့ပြီဘဲ။ဘာပဲဖြစ်ဖြစ် ငါ့သမီးလေးက အရွယ်ကောင်းပြီး၊အလှတရားတွေရှိနေတုန်းပဲ။ နောက်ထပ်အိမ်ထောင်ထပ်ပြုဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး"
ဟု ဝမ်းနည်းဝမ်းသာဖြစ်နေသော လေသံဖြင့် ရေရွတ်လိုက်တော့သည်။

ယွမ်ချီကျီက သက်ပြင်းတစ်ခုချရင်း ခေါင်းယမ်းကာ
"သမီး။ အဲ့ဒီကိစ္စတွေကို ထပ်ပြီးမစဉ်းစားချင်တော့ဘူး အမေ"

လျူရှင်းဟွာက သူမသမီးကွာရှင်းခဲ့ပြီး ဒုက္ခတွင်းမှ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်လာသည့် အထိမ်းအမှတ်အနေဖြင့် ညစာအတွက် ဟင်းကောင်းနှစ်ခွက်ကို ထပ်ပြီးချက်ပြုတ်ခဲ့သည်။

အကယ်၍ ဆန်းရှောင်ဟိုင်သာ ထိုအကြောင်းကို သိပါက လျူရှင်းဟွာအား နောက်ကွယ်မှာ နှာခေါင်းရှုံ့ပေလိမ့်မည်။

ညစာစားပြီး ယွမ်ချီကျီဟာ အနားယူအိပ်စက်ဖို့အတွက် အခန်းထဲကို ဝင်လာလိုက်၏။ ထိုအခါ အခန်းတစ်ခုလုံး ပြောင်ရှင်းနေကာ ဘာမျှမရှိတော့တာကို မြင်လိုက်ရ၏။ ယွမ်ရိနဲ့ယွမ်ကျဲက သူမတို့အစီအစဉ်ကို ပြောပြလိုက်မှသာ ယွမ်ချီကျီလည်း နားလည်သဘောပေါက်သွားတော့သည်။

ထို့နောက် တူဝရီးသုံးယောက်သား ရွှေသရဖူရွာရှိ အဖိုးဆောင်းခြံဘက်ကို ထွက်လာခဲ့ကြတော့သည်။

အဖိုးဆောင်း၏အိမ်မှာ ကုတင်နှစ်လုံးရှိသော်လည်း သူမတို့သုံးယောက်က ကုတင်နှစ်လုံးကို ပူးကာ သုံးယောက်သား အတူတူအိပ်ကြ၏။

ယွမ်ချီကျီက ကုတင်ပေါ်မှာ လဲလျောင်းရင်းဖြင့်
"နောက်ဆုံးတော့ ငါကွာရှင်းခဲ့ပြီ။ အခုချိန်ကစပြီး ငါက လျူ‌မိသားစုနဲ့ ပတ်သက်စရာအကြောင်း လုံးဝမရှိတော့ဘူး"
ဟု ရေရွတ်လိုက်၏။

ယွမ်ကျဲက သိချင်စိတ်ဖြင့်
"ဒါ‌နဲ့ လျူရှောင်းက ဘယ်လိုဖြစ်ပြီး ကွာရှင်းပေးဖို့ ဆုံးဖြတ်လိုက်ရတာလဲ"
ဟု မေးမြန်းလိုက်သည်။

ယွမ်ချီကျီက ပြုံးကာ
"သူကပြောတယ်။ သူ့ရဲ့ အဖိုးတန်အချိန်တွေကို ငါ့ကို‌ စောင့်ဖို့မသုံးချင်ဘူးတဲ့။ သူ့ရဲ့ အရွယ်ကောင်းမှာရှိနေချိန်မှာပဲ နောက်မိန်းမထပ်ယူမယ်တဲ့လေ။ ငါ့အတွက်တော့ တောင်ပေါ်မှာပဲ အရိုးထုတ်ပါတော့တဲ့။ အဲ့လိုမျိုး ပြောလို့လည်း နင့်တို့ဦးလေးက လျူရှောင်းကို နှစ်ချက်သုံးချက်လောက် ရိုက်နှက်ထားခဲ့သေးတယ်ကွဲ့"

ဘေးကနေ နားထောင်နေသည့် ယွမ်ရိဟာ သူမအဒေါ်၏စကားကြောင့် အသံထွက်သည်အထိ ရယ်မောမိလိုက်တော့သည်။

ယွမ်ကျဲက နှာခေါင်းတစ်ချက်ရှုံ့ရင်း
"အဲ့လူ၊ လျူရှောင်းက ဘာကောင်းလို့လဲ။ အဒေါ်လည်း အဲ့လူထက်သာတဲ့လူနဲ့ တွေ့ရမှာပါ"
ဟု ပြောလိုက်သည်။

ယွမ်ချီကျီကတော့ ယောင်ယောင်လေးပြုံးလိုက်ရင်း
"အဲ့အကြောင်းကို နောက်ထပ် မတွေးချင်တော့ပါဘူးကွယ်"
လို့ ပြောလိုက်တော့သည်။

ထို့နောက် ညကတဖြည်းဖြည်ညဉ့်နက်လာကာ တူဝရီးသုံးယောက်လုံး အိပ်စက်အနားယူလိုက်ကြတော့သည်။

နှစ်သစ်ကူးပြီးကတည်းက ယွမ်မိသားစုဟာ ယွမ်ချန်းရှန်၏လက်ထပ်ပွဲနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေခဲ့ကြ၏။

လက်ထပ်ပွဲနီးလာလေလေ ပိုပြီးအလုပ်များလာကြလေပင်။
တစ်အိမ်လုံးကို ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတွေ၏ အမှတ်အသားအရောင်ဖြစ်သည့် အနီရောင်ဖြင့် ခြယ်မှုန်းအလှဆင်ထား၏။

ယွမ်မိသားစုက ဧည့်ခံပွဲအသေးစားလေးတစ်ခုကို ကျင်းပရင်း သတို့သမီးရောက်လာမည့်အချိန်ကို မျှော်စောင့်နေကြတော့သည်။

လမ်းခရီးက ဝေးလွန်းတာမို့ ယွမ်ချန်းရှန်တို့က သတို့သမီးကို ရက်အနည်းငယ်စောပြီးတော့ ရောက်လာဖို့စီစဉ်ထားရသည်။

ယွမ်ရိတို့ကလည်း သူတို့ဦးလေး၏လက်ထပ်ပွဲ နီးကပ်လာပြီဖြစ်တာမို့ အပ်ချုပ်သည့်အလုပ်ကို ခဏမျှ ရပ်နားလို့ထား၏။ သူမတို့က နေ့ခင်းဘက်တွေမှာ ယွမ်အိမ်မှာ ကူလုပ်ပေးခဲ့ကြပြီး ညဘက်ရောက်တဲ့အခါ အဖိုးဆောင်းခြံထဲပြန်လာပြီး အနားယူအိပ်စက်ကြတော့သည်။

ဒီနေ့မှာလည်း ဝိုင်းကူလုပ်လာရ၍ ယွမ်ရိတစ်ယောက် အရမ်းပင်ပန်းလို့နေသည်။ ဒါ့ကြောင့် ဖရဲစေ့လှော်ကို လက်တစ်ဆုပ်ခန့်ယူလျက် ယွမ်အိမ်ခြံဝန်း၏ထောင့်တစ်နေရာမှ ထိုင်စားရင်းဖြင့် အနားယူနေ၏။

အချိန်ခဏအကြာမှာတော့ လင်းယောင် ရောက်လာပြီး ယွမ်ရိဘေးမှာ ဝင်ထိုင်လိုက်သည်။

ယွမ်ရိလည်း သူမလက်ထဲက ဖရဲစေ့လှော်ကို လင်းယောင်လက်ထဲ နည်းနည်းခွဲထည့်ပေးလိုက်၏။

လင်းယောင်က ယွမ်ရိပေးသော ဖရဲစေ့လှော်ကို ယူလိုက်ရင်း
"ငါ မနက်ဖြန်ကျရင် စောစောလာခဲ့မယ်"
လို့ ပြောလိုက်၏။

ယွမ်ရိက တစ်ခုခုပြန်ပြောဖို့ပြင်လိုက်ချိန်မှာပဲ အပြင်ဘက်ကနေ အလောတကြီးဖြစ်နေသည့် အသံကိုကြားလိုက်ရ၏။
"ရှောင်ရိရေ... ရှောင်ရိရေ... နင့်မိဘတွေ ပြန်ရောက်နေပြီတဲ့"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now