Chapter 47.1

1.1K 127 0
                                    

အပိုင်း - ၄၇.၁

ယွမ်ရိကလင်းယောင်ထံကို ပြေးသွားသည့်အတွက် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့လည်း ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်ကြ၏။

ယွမ်ချန်းဖူက ကျောပေါ်မှ ယွမ်ဟောင်ဘင်းအား အောက်ကိုချလိုက်ပြီး အဝေးမှ လင်းယောင်ကို ကြည့်ကာ
"အဲ့ဒါ ဘယ်သူလဲ"
ဟု ဖန်းရှုံးယန်အား မေးကြည့်လိုက်သည်။

ဖန်းရှုံးယန်က
"ရှောင်ရိရဲ့သူငယ်ချင်း ဖြစ်မှာပေါ့။"
ဟု ခန့်မှန်းဖြေဆိုလိုက်သည်။

ယွမ်ချန်းဖူက ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက်
"ငါတို့တွေ ရွာကို ပြန်မလာတာ တော်တော်ကြာနေပြီ။ ဒါ့ကြောင့် ငါတို့နဲ့သမီးကြီးရဲ့ကြားမှာ ဆက်ဆံရေးက တော်တော်လေးအေးစက်နေပြီ"

ဖန်းရှုံးယန်က
"အင်းးး။ အဲ့တာကလည်း ကျွန်မတို့ရဲ့ အပြစ်တွေပါဘဲလေ။ ဘာပဲဖြစ်ဖြစ် ရှောင်ရိကို ပိုဂရုစိုက်ပေးရင်း မိသားစုကြားမှာ ရင်းနှီးမှုပိုတိုးအောင်လုပ်ရမှာဘဲ"

ယွမ်ချန်းဖူက ခေါင်းညိတ်လိုက်ပြီး
"သမီးကြီးက ငါတို့အပေါ် စကားတွေကောင်းကောင်းမွန်မွန်ပြောပြီး ရင်းနှီးတာမျိုးမရှိသေးပေမယ့် ငါတို့အပေါ် အပြစ်တင်တာမျိုး၊ မုန်းတီးတာမျိုးမရှိဘူးဆိုတာနဲ့ပင် တော်တော်လေး အခြေအနေကောင်းနေပါပြီကွာ"
ဟု ပြောလိုက်သည်။

ဖန်းရှုံးယန်ကလည်း ခေါင်းညိတ်ထောက်ခံကာ
"အင်း။ ရှောင်ရိက ငါတို့အပေါ်မှာ အမုန်းတရားတွေမရှိဘူးဆိုတာကပဲ ငါတော်တော်လေး ပျော်နေရပြီ"

မကြာခင်မှာဘဲ ယွမ်ရိက သူတို့ဆီကို ပြန်ပြေးလာခဲ့၏။

ယွမ်ကျဲက ယွမ်ရိ သူမအနားရောက်တာနဲ့ လင်းယောင်ကို ကြည့်ကာ
"သူ အဆင်ပြေပါ့မလား"
ဟု မေးလိုက်သည်။

ယွမ်ကျဲမေးလည်း မေးချင်စရာပေ။ လင်းယောင်ဟာ ယွမ်ရိနဲ့မတွေ့ခင်တုန်းက အခြားသောလူတွေဖြင့် ပြောဆိုဆက်ဆံတာမျိုး လုံးဝမရှိဘဲ တစ်ယောက်တည်းနေကာ နေ့ရက်တိုင်းကို ခြောက်ကပ်စွာဖြတ်သန်းနေသူဖြစ်သည်။ ယွမ်ရိနဲ့တွေ့မှသာ သူ့ဘဝက ရောင်စုံပန်းချီကားချပ်ကြီးအသွင် ပြောင်းလဲလာရခြင်းဖြစ်သည်။

အခု ယွမ်ရိထွက်သွားပြီဖြစ်သည့်အတွက် လင်းယောင်ဟာ အရင်လိုတစ်ယောက်တည်း ပြန်ဖြစ်သွားပြီဖြစ်သည်။

ဒါဟာ တွေးကြည့်ရုံလေးနဲ့တင် အလွန်စိတ်မကောင်းဖြစ်ရပေသည်။

ယွမ်ရိကိုယ်တိုင်လည်း လင်းယောင်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပေမယ့် သူမ၏စိတ်ကိုတင်းတင်းထားကာ ယွမ်ကျဲအား
"သွားကြရအောင်"
ဟု ပြောလိုက်တော့သည်။

ထို့နောက် သူမတို့ဟာ တောင်ပေါ်လမ်းလေးအတိုင်း လျှောက်လမ်းရင်း တောင်အောက်ကို ဆက်ဆင်းကြတော့သည်။

ဒီတစ်ကြိမ်မှာတော့ လင်းယောင်က သူမတို့နောက်ကနေ ဆက်လိုက်မလာတော့ဘဲ ရပ်နေသည့်နေရာလေးကဘဲ လှမ်းမျှော်ကြည့်နေခဲ့၏။

တဖြည်းဖြည်းဖြင့် ယွမ်ရိ၏ပုံသဏ္ဍာန်ဟာ သူ့မြင်ကွင်းအတွင်းမှာ တဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်သွားတော့သည်။ ထို့အတူ တောင်ပေါ်မှာ ရှိသမျှ ရှုမျှော်ခင်းတွေအားလုံးဟာလည်း လင်းယောင်၏မျက်လုံးအတွင်းမှာ‌ ခြောက်ကပ်ကပ်ဖြင့် အရောင်တွေ မှိန်ကျသွားကုန်တော့၏။

ယွမ်ရိတို့ဟာ တောင်ပေါ်လမ်းလေးမှာ နှစ်ရက်ခန့် ခရီးသွားပြီးသည့်နောက် တောင်ခြေမှာရှိသည့် တုန်းဖန်းမြို့သို့ ရောက်လာကြ၏။ ထိုမြို့ကိုရောက်တာနဲ့ တစ်ညတာအနားယူဖို့ ဆုံးဖြတ်လိုက်ကြပြီး တည်းခိုခန်းတစ်ခန်းငှားရမ်းခဲ့ကြ၏။

သူတို့အကုန်လုံး ခရီးသွားလာရတာကြောင့်ပင်ပန်းနေကြပြီဖြစ်သည်။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ရေချိုးပြီးတာနဲ့ ချက်ချင်းဘဲ အိပ်စက်အနားယူလိုက်ကြတော့သည်။

နောက်တစ်နေ့ရောက်တဲ့အခါ သူတို့တွေဟာ စောစောအိပ်ရာထခဲ့ကြပြီး မြို့ထဲမှာရှိသည့်‌ ဈေးဆိုင်တစ်ဆိုင်မှာ မနက်စာစားခဲ့ကြသည်။ စားပြီးတာနဲ့ ခရီးဆက်ဖို့ပြင်ကြတော့သည်။

ခရီးက ဝေးတဲ့အပြင် ယွမ်ချန်းဖူကလည်းစစ်တပ်၏အရာရှိတစ်ဦးဖြစ်တာမို့ စစ်တပ်ကသူတို့အတွက် ကားတစ်စီးလွှတ်ပေးလိုက်၏။

ကားဟာ စစ်တပ်သုံး အစိမ်းရောင်ဂျစ်ကားဖြစ်ပြီး ယွမ်ချန်းဖူက ကားမောင်းသည့်သူ၏ ဘေးခုံမှာ ထိုင်ခဲ့သည်။

ယွမ်ရိ၊ ယွမ်ကျဲ၊ ဖန်းရှုံးယန်တို့ကတော့ ကားနောက်ခန်းထဲကနေ ထိုင်လိုက်ခဲ့၏။ ယွမ်ဟောင်ဘင်းကတော့ ဖန်းရှုံးယန်၏ပေါင်ပေါ်ကနေ ထိုင်လိုက်ခဲ့သည်။

ကားနောက်ခန်းထဲမှာ ကပ်လျက်ထိုင်လိုက်လာကြပေမယ့် ယွမ်ရိဟာ သူ့‌အမေဖန်းရှုံးယန်ဖြင့် စကားပြောဆိုခြင်းမပြုခဲ့ပေ။ ယွမ်ချန်းဖူကတော့ ရှေ့ခန်းထဲမှာ ကားမောင်းသည့်သူဖြင့် စစ်တပ်ထဲမှာ သူမရှိတုန်း ဘာတွေဖြစ်သွားသေးလဲဆိုတာကို အသေးစိတ်မေးမြန်းလို့နေသည်။

ယွမ်ကျဲကတော့ ယွမ်ရိ၏ဘေးမှာထိုင်ရင်းဖြင့် ယွမ်ရိလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့ထားသည်။

ယွမ်ကျဲဟာ တုန်းဖန်းမြို့ကို နှစ်ကြိမ်သုံးကြိမ်ခန့်ရောက်ဖူးပေမယ့် တုန်းဖန်းမြို့ကိုကျော်ပြီးတော့ ဘယ်နေရာကိုမှ မရောက်ဖူးပေ။ ကားဆိုသည့် အရာကိုလည်း တစ်ခါမှစီးနင်းဖူးတာမျိုးမရှိခဲ့ချေ။ ဒါ့ကြောင့် သူမက အရမ်းစိတ်လှုပ်ရှားနေပြီး နှလုံးခုန်သံတွေလည်း မြန်ဆန်လို့နေ၏။

ကံကောင်းထောက်မစွာဖြင့် သူမဘေးမှာထိုင်နေသည့် ယွမ်ရိက အလွန်တည်ငြိမ်လို့နေသည်။

ဒါ့ကြောင့် ယွမ်ရိအပေါ် သူမ၏လေးစားမှုတွေဟာ ပိုပြီးကြီးမားလာရတော့သည်။ ယွမ်ရိဟာလည်း သူမကဲ့သို့ပင် တုန်းဖန်းမြို့ကိုကျော်၍ ဘယ်နေရာကိုမျှ မရောက်ဖူးချေ။ ဒါပေမယ့် ယွမ်ရိက အခုလိုပထမဆုံးအကြိမ် တုန်းဖန်းမြို့ကိုကျော်ပြီးခရီးထွက်လာရတာတောင်မှ စိတ်အေးချမ်းတည်ငြိမ်လို့‌နေသည်။

ယွမ်ကဲက သူမကိုယ်သူမ သတ္တိမရှိဘဲ စိတ်အားငယ်တတ်သည့်သူဆိုတာသိပေသည်။ သူမဟာ ကားအတွင်းထဲကနေ ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကြည့်ရှုချင်ပေမယ့် စိတ်လှုပ်ရှားပြီး ကြောက်လန့်နေ၍ ကြည့်ရှုဖို့ မဝံ့ရဲခဲ့ပေ။

ထိုအချိန်မှာဘဲ ယွမ်ချန်းဖူက နောက်လှည့်လာကာ
"ရှောင်ကျဲ။ ကားစီးရ‌တာ အဆင်ပြေရဲ့လား"
ဟု မေးလာ၏။

ယွမ်ကျဲလည်း ပြုံးပြလိုက်ပြီး
"ဟုတ်၊ ဟုတ်ကဲ့။ အဆင်ပြေပါတယ်"
ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ယွမ်ချန်းဖူက ခေါင်းတညိတ်ညိတ်ဖြင့်
"အခုတစ်ကြိမ်က ပထမဆုံးအကြိမ် ကားစီးတာဆိုတော့ အဆင်မပြေတာမျိုးတော့ ဖြစ်ဦးမှာဘဲကွယ်။နောက်ဆိုရင် အသားကျသွားမှာပါ"

ယွမ်ကျဲလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါ"
ဟု ပြန်ပြောလိုပ်သည်။

ယွမ်ချန်းဖူလည်း သူ့တူမနဲ့စကားပြောပြီးနောက် သူ့သမီးကြီးယွမ်ရိကို ကြည့်လိုက်သည်။ ယွမ်ရိဟာ ဖန်းရှုံးယန်နဲ့‌ယွမ်ကျဲတို့၏အလယ်မှာ မျက်လုံးကိုမှိတ်၍ ထိုင်နေ၏။ သူမအိပ်ပျော်နေသလား၊အိပ်‌မပျော်ဘူးလားဆိုတာကိုတော့ သူသေချာမပြောနိုင်ပေ။

ဒါ့ကြောင့် သူက ရှေ့ကိုပြန်လှည့်၍ ကားမောင်းသည့်သူနဲ့ဘဲ စကားတွေ ပြန်ပြောနေခဲ့တော့သည်။

ဖန်းရှုံးယန်ကတော့ သူမပေါင်ပေါ်က ယွမ်ဟောင်ဘင်းလေးနဲ့ စကားတွေအများကြီးပြောနေရသည်။ယွမ်ဟောင်ဘင်းကဲ့သို့ အသက်ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကလေးများဟာ မြင်မြင်သမျှစူးစမ်းလေ့လာချင်ကြပြီး အမေးအမြန်းထူသည့် အရွယ်‌ဖြစ်ပေသည်။ ဒါ့ကြောင့် ယွမ်ဟောင်ဘင်းမေးသမျှကို ဖန်းရှုံးယန်က ပြန်လည်ဖြေကြားပေးနေခြင်းဖြစ်သည်။

ယွမ်ဟောင်ဘင်းက သူ့အမေနဲ့စကားအကြာကြီး‌ ပြောပြီးသည့်နောက် ငြီးငွေ့လာ၏။ ဒါ့ကြောင့် ယွမ်ရိဘက်ကိုလှည့်ကာ
"ဒုတိယအမ၊ အိပ်ပျော်နေတာလား"
ဟု အသံဆာဆာလေးဖြင့်မေးလိုက်၏။

ယွမ်ရိလည်း ယွမ်ဟောင်ဘင်းစကားကြောင့်မျက်လုံးကို အသာဖွင့်ကာ
"ငါက ဒုတိယအမမဟုတ်ဘူး။ အမအကြီးဆုံးပါ"
လို့ အမှန်ပြင်ပေးလိုက်သည်။

ယွမ်ဟောင်ဘင်းကတော့ ထိုအရာကိုလက်မခံပေ။သူက ခေါင်းတယမ်းယမ်းဖြင့်
"အမေကပြောတယ်။ အမက ဒုတိယအမတဲ့။ အမအကြီးဆုံးက အိမ်မှာရှိတယ်"

ယွမ်ရိလည်း ထိုစကားကြောင့် သူမ၏မိခင်ကို တစ်ချက်ကြည့်ကာ မျက်လုံးကိုသာပြန်မှိတ်လိုက်တော့သည်။

ထိုအချိန်မှာဘဲ ယွမ်ချန်းဖူက နောက်ကိုပြန်လှည့်လာကာ
"ရှောင်ရိ၊ ချူးဝမ်က မင်းထက်လပိုင်းလောက် အသက်ပိုပြီးတယ်။ ဒါ့ကြောင့်မို့လို့ သူမက အမကြီးဖြစ်ပြီး၊ မင်းကတော့ ဒုတိယအမဘဲ"
ဟု ရှင်းပြလိုက်သည်။

ချူးဝမ်ဆိုသည့် အမည်ကိုကြားတော့ ယွမ်ရိဟာ မသိစိတ်အတွင်းမှ မလိုမုန်းထားမှုအနည်းငယ် ဖြစ်လာတော့သည်။ သူမက အဓိကမင်းသမီးကို မမြင်ဖူးသေးတာကြောင့် ထိုအဓိကအမျိုးသမီးဇာတ်ကောင်အပေါ် မလိုမုန်းထားမှုများမရှိသင့်သေးချေ။ ဒါပေမယ့် ထိုမနာလိုမုန်းထားမှုများက သူမ၏နှလုံးသာအောက်ခြေအတွင်းထဲမှ အလိုအလျောက်ဖြစပွားလာခြင်းပင်။

တကယ်တော့ ထိုအရာများက မူလယွမ်ရိကြောင့်ပင်။ သူမနဲ့မူလယွမ်ရိက လုံးဝပေါင်းစည်းသွားပြီဖြစ်၍ မူလယွမ်ရိ၏မကျေနပ်မှုတချို့ကလည်း သူမ၏စိတ်နှလုံးအတွင်း ဝင်ရောက်နေခဲ့ခြင်းဖြစ်သည်။

မဟုတ်ပါက သူမကဲ့သို့၂၁ရာစုမှ ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် ကိုယ်တစ်ခါမှ မတွေ့ဖူးသည့်လူတစ်ယောက်အပေါ် မလိုမုန်းထားမှုများ ဖြစ်ပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

ဒါပေမယ့် ယွမ်ရိက မူလ ယွမ်ရိထံမှ ဘယ်လိုလွှမ်းမိုးမှုမျိုးကိုမှ လက်ခံမှာမဟုတ်ပေ။ ဒါ့ကြောင့် သူမက ချူးဝမ်နဲ့ပတ်သက်သည့် အမုန်းတရားများကို သူမခေါင်းထဲ ထည့်ထားမှာမဟုတ်ပေ။

မြို့ကိုလိုက်လာရသည့် သူမ၏အဓိကရည်ရွယ်ချက်ကလည်း ယွမ်ကျဲနဲ့အတူတူ ပညာသင်ယူရင်း ကျောင်းကောင်းကောင်းမှာတက်ကာ သူမဘဝကိုပြောင်းလဲနိုင်ဖို့အတွက်ပင်။

သူမက မူရင်းဇာတ်ကြောင်းကနေ သွေဖယ်လိုက်ပြီဖြစ်သည့်အတွက် ဇာတ်ကြောင်းကလည်း မူရင်းဇာတ်ကြောင်းကနေ ကွဲထွက်ကာ မတူညီသော အဆုံးသတ်တစ်ခုကို ဖြစ်စေတော့မည်ဖြစ်သည်။

သူတို့၏ခရီးက အလွန်းဝေးကွာလှပေ၏။ ကားနဲ့သာမက ရထားဖြင့်ပါ ခရီးဆက်ရပေဦးမည်။ ဒါ့ကြောင့် ဂျစ်ကားလေးဟာ ရထားဘူတာရုံအတွင်း တရွေ့ရွေ့မောင်းဝင်သွား၏။ ထို့နောက် သူတို့ဟာ ရထားလက်မှတ်ဝယ်ယူဖို့အတွက် ကားပေါ်ကနေ ဆင်းခဲ့ကြတော့သည်။

ဘူတာရုံအတွင်း လူအများထူထပ်စွာ ကူးလူးသွားလာနေကြ၏။ ဒါ့ကြောင့် ယွမ်ကျဲဟာ လူစုကွဲသွားမှာကို စိုးရိမ်တကြီးဖြစ်နေကာ ယွမ်ရိ၏လက်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြန်တော့သည်။

သူမတို့ဟာ ရထားလက်မှတ်ဝယ်ပြီး ရထားပေါ်ရောက်သည့်အခါမှသာ ယွမ်ကျဲ၏စိုးရိမ်စိတ်တွေ လျော့ကျသွားရတော့သည်။

မကြာခင်မှာဘဲ ရထားဟာ စတင်ခုတ်မောင်းတော့သည်။

ယွမ်ကျဲက ရထားထိုင်ခုံမှာထိုင်ရင်းဖြင့် ရင်ဘက်အား လက်ဖြင့်အသာဖိကာ
"အခုမှဘဲ စိတ်သက်သာရာရတော့တယ်"
လို့ ရေရွတ်လိုက်၏။

ထို့နောက် သူမက ယွမ်ရိအား
"ရှောင်ရိ။ အမက ဘာလို့ ဒီလောက်တောင် အေးဆေးတည်ငြိမ်နေရတာလဲ။ နည်းနည်းပါးပါးလေးတောင်မှ စိတ်လှုပ်ရှား ကြောက်ရွံ့တာမျိုးမဖြစ်ဘူးလား"
ဟု မေးလိုက်သည်။

ယွမ်ရိက ပြုံးလိုက်ပြီး
"ငါက နင့်အမပါ။ ငါကိုယ်တိုင်က ကြောက်ရွံ့ပြနေရင် နင့်ကို ဂရုစိုက်ပေးလို့ ဘယ်ရတော့မလဲ"
ဟု ပြောပြလိုက်သည်။

ထိုအခါ ယွမ်ကျဲက အံ့အားသင့်သွားပြီး
"ဒါဆိုရင် အမကတစ်ချိန်လုံး ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တလား"
ဟု ထပ်မေးလိုက်၏။ ဆက်လက်ပြီး သူမက
"ဘာပဲဖြစ်ဖြစ်ပါ။ အ‌မကြောင့်မို့ ညီမပိုပြီးတော့ သက်တောင့်သက်သာ ခံစားရတယ်။ ကျေးဇူးတင်ပါတယ်အမ"
ဟု ပြောလိုက်သည်။

ယွမ်ရိက
"ကျေးဇူးတင်စရာမလိုပါဘူးဟာ။ အခုချိန်မှာ ငါတို့က အဖိုးအဖွားတို့ဆီကနေ ထွက်လာခဲ့ကြပြီ။ ဒီတော့ အားကိုးစရာဆိုလို့ ငါတို့အချင်းချင်းဘဲကျန်တော့တယ်။ ဒါ့ကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးရမှာပေါ့ကွယ်"
ဟု လေးလေး‌နက်နက်ပြောလိုက်၏။

ယွမ်ကျဲက တခဏမျှတုံ့ဆိုင်းသွားပြီး ယွမ်ရိနား နားကို တိုးကပ်ကာ
"အမ၊ အမ‌အဖေနဲ့ အမေတို့ကိုရော"
ဟု မေးလိုက်၏။

ယွမ်ရိက
"အဖေနဲ့အမေက ငါနဲ့သိပ်မရင်းနှီးဘူး။ ဒီတော့ ကိုယ့်အားကိုယ်ကိုးရမှာဘဲ"
ဟု ပြန်ပြောလိုက်သည်။

ထို့နောက် သူမတို့နှစ်ယောက် စကားဆက်မပြောကြတေု့ဘဲ ထိုင်ခုံမှာ အသာမှီလျက် အိပ်စက်လိုက်ကြ၏။

ရထားကြီးကတော့ တဂျုန်းဂျုန်းတဂျက်ဂျက်ခုတ်မောင်းလျက် ခရီးဆက်လို့နေ၏။

"ပူ...ပူ။ ပူ....ပူ"
ဥဩဆွဲသံနဲ့အတူ ရထားဟာ တဖြည်းဖြည်းဖြင့် အရှိန်လျော့ကျလို့လာ၏။ ထို့နောက် ရပ်သွားတော့သည်။

ရထားရပ်တန့်သွားတာကြောင့် ယွမ်ရိနဲ့ယွမ်ကျဲလည်း အိပ်နေရာကနေ နိုးလာကြတော့သည်။ အခြားသူတွေလည်း ရထားပေါ်ကနေ ဆင်းနေကြတာကိုမြင်၍ သူမတို့နှစ်ယောက်လည်း အထုပ်အပိုးကိုယ်စီသယ်လို့ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်၏နောက်ကနေတဆင့် ရထားပေါ်ကနေဆင်းဖို့ ပြင်ကြတော့သည်။

ယွမ်ကျဲက အထုပ်အပိုးအပြည့်ဖြင့်
"ရောက်ပြီထင်တယ်"
ဟု မေးလိုက်၏။

ယွမ်ရိက ခေါင်းညိတ်ကာ
"အင်း။ ရောက်ပြီ"
ဟု ပြန်ဖြေပေးလိုက်သည်။

ယွမ်ကျဲလည်း ရထား၏ပြတင်းတံခါးတွေမှတဆင့် အပြင်ကို လှမ်းမျှော်ကြည့်လိုက်၏။ ထိုအခါ ခမ်းနားလှသည့် လူသွားလမ်းရယ်၊ ထိုလူသွားလမ်းပေါ်မှာ ဥဒဟိုသွားလာနေကြသည့် လူတွေရယ်ကို မြင်ကာ ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။ သူမတို့ နေရမည့်မြို့ကိုရောက်ပြီး အခြားသောဝမ်းကွဲများနဲ့ တွေ့ဆုံရတော့မည့်ဆိုသည့် အတွေးက သူမစိတ်ထဲလွှမ်းမိုးလာကာ စိုးရိမ်စိတ်တချို့က ယွမ်ကျဲ၏စိတ်ထဲ ဝင်ရောက်လာတော့သည်။

ယွမ်ရိကတော့ ပုံမှန်အတိုင်း ဘာစိုးရိမ်ကြောက်လန့်စိတ်ကိုမှ မခံစားရပေ။ ဒါပေမယ့် သူမတစ်ကိုယ်လုံးတော့ ညောင်းညာကိုက်ခဲလို့နေ၏။

ရထားဘူတာရုံအတွင်းကနေ အပြင်ကိုရောက်တာနဲ့ ယွမ်ရိဟာ သူမ၏ပါးစပ်ကို အကျယ်ကြီးဖွင့်လို့ လေကိုတဝကြီးရှုရှိုက်ပစ်လိုက်သည်။

သူမက ကားတွေ၊ ရထားတွေကို အချိန်အကြာကြီးစီးနင်းရတာကို မနှစ်သက်ချေ။ နှစ်နာရီ၊ သုံးနာရီကြာ စီးနင်းခဲ့ရသည့် ရထားဟာလည်း နှစ်ရက်၊ သုံးရက်ခရီးဖြင့် တောင်ပေါ်တက်ခဲ့ရသလိုမျိုး သူမအတွက် အရမ်းပင်ပန်းလို့နေ၏။

ဒါ့ကြောင့်မို့လို့ ရထားနံ့၊ ကားနံ့တွေ၏ အဝေးကိုရောက်တာနဲ့ လေကိုတဝကြီးရှုရှိုက်လိုက်ခြင်းဖြစ်ပေသည်။

ဖန်းရှုံးယန်က ထိုအရာကို မြင်လိုက်တာကြောင့်
"ရှောင်ရိ။ ရထားမူးနေတာလား"
ဟု စိုးရိမ်သောလေသံလေးဖြင့် မေးလိုက်သည်။

ယွမ်ရိကခေါင်းကိုအသာခါလျက် အဝတ်ထုတ်ကို ဆွဲကာရှေ့ဆက်သွားလိုက်သည်။

ညနေခင်းအချိန်ဖြစ်၍ ဆည်းဆာနေရောင်ဟာ ရထားဘူတာအတွင်း လှုပ်ရှားသွားလာနေသည့် လူအများ၏အပေါ်မှာ ဖြာကျနေ၏။

ယွမ်ချန်းဖူကတော့ ယွမ်ဟောင်ဘင်းအားပွေ့ချီလျက် လမ်းလျှောက်နေသည်။ ဖန်းရှုံးယန်ကတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ကဲ့သို့ အထုပ်အပိုးများကို သယ်ယူလာခဲ့၏။

ယွမ်ရိနဲ့ယွမ်ကျဲတို့အား လူအုပ်အတွင်း ပျောက်ကွယ်သွားမှာစိုးသည့်အတွက် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့က နောက်ကနေနီးနီကပ်ကပ် လိုက်လာပေးကြသည်။

ဘူတာရုံမှာ ရထားရပ်သည့်အချိန်ဖြစ်၍ ဘူတာရုံထဲမှ ထွက်လာသည့် ခရီးသည်များကိုကြိုဆိုဖို့အတွက် ကားအများအပြားဟာ ဘူတာရုံအပေါက်ဝမှာ စောင့်ကြိုလို့နေကြသည်။

စစ်တပ်အရာရှိတစ်ဦးဖြစ်သည့် ယွမ်ချန်းဖူအတွက်လည်း လာရောက်စောင့်ကြိုနေသည့် ကားတစ်စီးရှိပေသည်။

သူတို့တွေလည်း ထိုလာကြိုသည့်ကားပေါ်သို့ အထုပ်အပိုးတွေတင်ပြီး တက်လိုက်ကြ၏။

ကားပေါ်ထိုင်ပြီးတာနဲ့ ဖန်းရှုံးယန်က ယွမ်ရိနဲ့ယွမ်ကျဲကို ကြည့်ကာ
"ငါတို့မကြာခင်မှာဘဲ အိမ်ကိုရောက်တော့မယ်"
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် ယွမ်ရိက မည်သို့မျှမခံစားရပေမယ့် ယွမ်ကျဲကတော့ အလွန်အမင်း စိတ်လှုပ်ရှား‌သွား၏။

ထိုသို့ဖြင့် သူတို့လိုက်ပါလာသည့် ကားလေးဟာ ရထားဘူတာရုံအတွင်းမှ တရွေ့ရွေ့ဖြင့် စတင်ရွေ့လျားလာတော့သည်။

ယွမ်ကျဲဟာ ကားပြတင်းပေါက်ကနေတဆင့် မြို့ပြ၏အဆောက်အဦးတွေကို တမေ့တမောကြီးငေးမောလို့နေသည်။ တခါတရံ အခြားသောကားတွေကလည်း သူမတို့စီးနင်းလာသည့် ကားလေးကို ကျော်ကာမောင်းနှင်သွားကြ၏။

ထိုအချိန်မှာဘဲ ကားဟာ အိမ်ကြီးတစ်အိမ်ရှေ့မှာ ရုတ်တရက်ရပ်သွား၏။ ယွမ်ချန်းဖူက
"ကိုင်းးး ရောက်ပြီဟေ့"
ဟု အော်ပြောလိုက်သည်။

ထို့နောက်သူက ဖန်းရှုံးယန်အား
"ငါ လုပ်စရာလေးရှိလို့ စစ်တပ်ထဲကို တစ်ခါတည်းလိုက်သွားလိုက်ဦး‌မယ်။ ညစာအတွက် ငါ့ကို စောင့်မနေနဲ့တော့နော်"
ဟု မှာလိုက်၏။

ဖန်းရှုံးယန်က သူမ‌၏ယောက်ကျားအား
"တော့်မလဲနော်။ ခုမှ ခရီးကရောက်တယ် အလုပ်ကချက်ချင်းပေါ်လာတော့တာဘဲ"
ဟု မြည်တွန်တောက်တီးလျက် အထုပ်အပိုးတွေကို ကားပေါ်ကနေ အောက်ကိုချလိုက်၏။

အထုပ်အပိုးတွေချပြီးတာနဲ့ ကားလေးဟာ တဖန်ပြန်ထွက်သွားတော့သည်။

ဖန်းရှုံးယန်က ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ရင်း အနီးမှ နှစ်ထပ်အိမ်ကိုညွှန်ပြကာ
"အဲ့ဒီအိမ်ဘဲ"
ဟု ပြောလိုက်သည်။

ယွမ်ဟောင်ဘင်းကတော့ မြေကြီးပေါ်ချပေးလိုက်ကတည်းက ထိုအိမ်ဘက်ကို ပြေးသွားကာ
"အကိုသုံး၊ အကိုးငါး။ ငါပြန်လာပြီ"
ဟု ပျော်ရွှင်စွာအော်ပြောလိုက်သည်။

လောလောဆယ်အိမ်မှာ ယောက်ျားလေးနှစ်ယောက်က မရှိကြဘဲ မိန်းကလေးသုံးယောက်ဘဲရှိလို့နေသည်။

ယွမ်ဟောင်ဘင်း၏အော်သံကြောင့် ဒုတိယထပ်၏ပြတင်းပေါက်ကနေတဆင့် ရဲ့ချူးဝမ်နဲ့ယွမ်ချူးရွယ်တို့ ငုံ့ကြည့်မိလိုက်ကြသည်။ ထို့နောက် သူမတို့နှစ်ယောက်က အိပ်ရာပေါ်မှာ ဝတ္ထုစာအုပ်‌ဖတ်နေသည့် ယွမ်ချူးယန်အား
"မင်းရဲ့ ဒုတိယအမတော့ညရောက်‌လာပြီ။ အောက်ဆင်းပြီး သွားကြိုရအောင်"
ဟု ပြောလိုက်ကြ၏။

ယွမ်ချူးယန်က နောက်စာရွက်တစ်မျက်နှာကို လှန်လိုက်ပြီး
"မသွားဘူး"
ဟု မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

ယွမ်ချန်းဖူတို့မိသားစုမှာ ရဲ့ချူးဝမ်က သမီးအကြီးဆုံးဖြစ်သည်။ ယွမ်ရိကတော့ ဒုတိယအကြီးဆုံးဖြစ်ပြီး တတိယကတော့ ရဲ့ချူးဝမ်၏မောင် ရဲ့ဖန်းဖြစ်၏။ လေးယောက်မြောက်က မိန်းကလေးဖြစ်ကာ ယွမ်ချူးယန်ဟု ခေါ်သည်။ ငါးယောက်မြောက်ကတော့ ယွမ်ဟောင်ဂျန်ဟု ခေါ်သည့်‌ယောကျ်ား‌လေးဖြစ်သည်။ ခြောက်ယောက်မြောက်သည်ကား ယွမ်ချူးရွယ်ဖြစ်ပြီး ခုနှစ်ယောက်မြောက်နဲ့ အငယ်ဆုံးလေးကတော့ ယွမ်ဟောင်ဘင်းဖြစ်ပေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now