Chapter 22

2.2K 265 1
                                    

အပိုင်း -၂၂


ယွမ်ရိလည်း ရပ်မနေတော့ဘဲ ရွှေသရဖူရွာထဲသို့ဝင်လာခဲ့တော့သည်။

ဆန်းရှောင်ဟိုင်ရဲ့အကြံတွေက ဘယ်လောက်ဘဲအောက်တန်းကျနေပါစေ၊ သူမကို ကိုယ်ထိလက်ရောက် လာမထိပါးသေးသရွေ့ သူမကလည်းလျစ်လျူရှုထားမှာ ဖြစ်သည်။

အဖိုးဆောင်းရဲ့အိမ်ရှေ့ကိုရောက်တဲ့အခါ ခြံတံခါးကို အရင်ခေါက်ပြီးမှ ဝင်သွားလိုက်သည်။ ခြံထဲကိုရောက်တာနဲ့
"အဖိုးဆောင်း။ သမီး ပြန်ခဲ့ပြီ"
လို့ အသံပေးလိုက်၏။

ထိုအသံကြောင့် အိမ်ရဲ့ရှေ့မှာ သူ့ဖိနပ်များအား တောက်ပြောင်အောင် ပွတ်နေသည့် အဖိုး ဆောင်းရဲ့လှုပ်ရှား‌မှုတွေ ရပ်တန့်သွားတော့သည်။

ဒါကို မြင်လိုက်တာကြောင့် ယွမ်ရိလည်း ဝိုင်ထည့်ထားသည့် ဘူသီးခြောက်အား နည်းနည်းလှုပ်ကာ
"အဖိုး။ သမီးကို မလွမ်းဘူးလား"
လို့ မေးလိုက်သည်။

သူမ ပြန်ရသည့် အဖြေကတော့
"ပေး ပေး။ ငါ့ကို ဝိုင်ထည့်ထားတဲ့ ဘူသီးခြောက် မြန်မြန်လေး ပေးစမ်းပါ။ ငါ မသောက်ရတာတော်တော်လေး ကြာနေပြီ"

ဒါ့ကြောင့် ယွမ်ရိလည်း အဖိုးဆောင်းအား ဘူးသီခြောက်ကို ချက်ချင်းပေးလိုက်သည်။

အဖိုးဆောင်းက ဘူးသီးခြောက် ယူပြီးတာနဲ့
"မီးဖိုထဲက ခွက်သေးသေးလေး တစ်ခွက်လောက် ယူပေးဦး"
လို့ ခိုင်းလိုက်သည်။

ယွမ်ရိလည်း
"ခဏစောင့်ပါဦး"
လို့ ပြောပြီး မီးဖိုချောင်ဘက် ထွက်လာခဲ့ဝော့သည်။

မီဖိုးချောင်ထဲ မဝင်ခင် အရင်ဆုံး သူမ၏ လွယ်အိတ်ကို ချွတ်ထားခဲ့၏။ သူမက မီးဖိုချောက်ထဲ ရောက်သွားတာနဲ့ ခွက်ကို အရင်ဆုံး မယူခဲ့ပေ။သူမက အရင်ဆုံး ကြောင်အိမ်ကို ဖွင့်၍ မြေပဲ လက်နှစ်ဆုပ်လောက် ယူခဲ့သည်။ ပြီးတဲ့နောက် မီးမွှေးလိုက်ပြီး မြေပဲများကို ဒယ်အိုးအတွင်း ထည့်လျက် လှော်လိုက်တော့သည်။

မြေပဲခွံတွေ ကြွပ်ရွပြီး အမွှေးနံ့တွေ‌ ထွက်လာတဲ့အထိ သူမက လှော်နေခဲ့သည်။ ပြီးတာနဲ့ လှော်ထားသော မြေပဲများအား ပန်ကန်တစ်ခု‌အတွင်း ထည့်လိုက်တော့သည်။

ထိုအရာကို ပြင်ဆင်ပြီးသွားမှ ခွက်တစ်ခွက်ကို ယူကာ ထိုမြေပဲလှော် ပန်းကန်နဲ့အတူ အဖိုးဆောင်းထံယူသွားတော့၏။

အဖိုးဆောင်းကလည်း အခန်းထဲမှာ ထိုင်နေရင်း ယွမ်ရိကို စောင့်နေခဲ့သည်။ နည်းနည်းလေး ကြာနေပေမယ့် သူက သိပ်မလောခဲ့ချေ။ သိပ်မကြာခင်မှာ သူ့နှာခေါင်းထဲ မွှေးပျံ့လှသည့် ရနံ့တစ်ခုအား ရရှိလိုက်တော့သည်။

ထို့အတူ ယွမ်ရိက မြေပဲလှော် ပန်းကန်နဲ့ ခွက်တစ်ခွက်အား ယူလာတာကို သူ မြင်လိုက်ရတော့၏။ ဒါ့ကြောင့် သူက ပြုံးလိုက်ပြီး
"မဆိုးဘူး။ မင်းက တကယ့်ကို အလိုက်သိတာဘဲ"
လို့ ကျေနပ်သော လေသံဖြင့် ချီးကျူးလိုက်သည်။

တကယ်တော့ အခန်းထဲမှာ အဖိုးဆောင်းတစ်ယောက်တည်း ရှိနေခဲ့ခြင်း မဟုတ်ပေ။ ယွမ်ရွယ်ဂျင်းလည်း ရှိနေကာ သူက အပ်ချုပ်စက် ရှေ့မှာထိုင်နေ၏။ သည်နေ့ အဖိုးဆောင်းက သူ့ကို အပ်ချည်အား အပ်ချုပ်စက်မှ အပ်အတွင်း ထိုးပုံထိုးနည်တွေကို သင်ပြပေးထားပါသည်။ ဒါ့ကြောင့်အပ်ချုပ်စက် ရှေ့မှာ ထိုင်၍ အကြိမ်ကြိမ် လေ့ကျင့်နေခဲ့၏။

ယွမ်ရိ ခြံထဲကို ပထမဆုံး ဝင်လာကတည်းက သူဟာ မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားခဲ့သည်။ အခုတစ်ကြိမ် မြေပဲလှော် ပန်းကန်ကိုင်၍ အခန်းအတွင်း ဝင်လာချိန်မှာလည်း သူက လျစ်လှူရှူထားဆဲပင်။

ဒါပေမယ့် အဖိုးဆောင်းအား ယွမ်ရိ မြေပဲလှော်ပေးတာကို တွေ့လိုက်ရတာကြောင့် သူ့စိတ်ထဲကနေ ယွမ်ရိအား ပျက်ရယ်ပြုနေတော့သည်။
'ဟား၊ ဒီဖားယားတဲ့ အရည်အချင်းက‌ တကယ်ကို ငါ့ထက်သာတာပဲ။ ဒီနယ်ပယ်မှာဆိုရင် ယွမ်ရိကို ငါဘယ်လိုမှ မယှဉ်နိုင်ဘူး'

ယွမ်ရိက မြေပဲ ပန်းကန်နဲ့ ဝိုင်ခွင်အား အဖိုးဆောင်း ရှေ့ချပေးလိုက်သည်။ ပြီးတော့ ဘူးသီးခြောက်အတွင်းမှ ဝိုင်များကိုပါ ဝိုင်ခွက်ထဲ ငှဲ့၍ အဖိုးဆောင်းထံ ကမ်းပေးလိုက်သည်။

ပြီးတဲ့နောက် မြေပဲလှော် နည်းနည်း ယူ၍ ခွဲစားလိုက်သည်။

ယွမ်ရိက အခွံကို ခွဲလိုက်၍ မွှေးပျံ့လှသည့်မြေပဲလှော်ရဲ့ ရနံ့ဟာ အခန်းထဲ ပိုပြီး ပျံ့နှံ့သွားတော့သည်။ ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်းအလိုအလျောက်ပင် တံတွေးမြိုချမိလိုက်တော့၏။

ယွမ်ရိဟာ အဖိုးဆောင်းနဲ့ အတူတူ ထိုင်ရင်မြေပဲလှော်များအား စားနေခဲ့သည်။ အဖိုးဆောင်းနည်းနည်းလောက် ဝိုင်သောက်ပြီးသွားတာနဲ့ သူမက
"အဖိုး။ သမီး ဝိုင်သွားဝယ်တုန်း အဖိုးက ဘာလို့ သမီးရဲ့ဝမ်းကွဲကို တပည့်အဖြစ် လက်ခံလိုက်တာလဲ"
လို့ မေးလိုက်၏။

အဖိုးဆောင်းက ဝိုင်းနည်းနည်း ထပ်သောက်ပြီးမှ
"သူက ပြောတယ်။ မင်းထက်စာရင် သူကသာအပ်ချုပ်ဆရာ တစ်ယောက်ဖြစ်ဖို့ ပိုပြီး သင့်တော်ပါတယ်တဲ့။ ဒါ့ကြောင့် ငါလည်း ဒီရက်ပိုင်းထဲမှာတပည့်အဖြစ် လက်ခံရင်း အပ်ချုပ်နည်းအချို့သင်ပေးထားလိုက်တယ်။ မင်းရော ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုထင်လဲ။ ဒါမှမဟုတ် သူ့ကို မောင်းထုတ်လိုက်ရမလား"

ယွမ်ရိလည်း သူမ၏ မျက်ဝန်းများ မှေးသွားသည်အထိ ပြုံးလိုက်ကာ
"အဖိုး။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံလိုက်ပြီဆိုတာနဲ့ ရေစက်ဆိုတာ ရှိသွားပြီလေ။ ပြီးတော့ သမီး ဝမ်ကွဲက အမှန်တကယ်လည်း ဉာဏ်ကောင်းပါတယ်။ ဒီတော့ အဖိုးထံကနေ အပ်ချုပ်ပညာတွေကို ကောင်းကောင်းမွန်မွန် သင်ယူနိုင်မှာပါရှင်"

ထို့နောက် သူတို့ဟာ ယွမ်ရွယ်ဂျင်းအကြောင်း ထပ်မပြောကြတော့ပေ။ အဖိုးဆောင်းက ယွမ်ရိအား
"ဟေး၊ ကလေးမ။ ဝိုင် မသောက်ဘူးလား"
လို့ ဘူးသီးခြောက်အား မေးဆတ်ပြရင်းမေးလိုက်၏။

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"တော်ပြီ အဖိုး၊ အဲ့တာတွေက သမီးအတွက် နည်းနည်းပြင်းတယ်"

သူမဟာ ကူးပြောင်းလာသူ တစ်ယောက် ဖြစ်တာမို့အရင်ဘဝမှ အချို့ အကြောင်းအရာတွေက လွှမ်းမိုးထားဆဲပင်။ ထိုအရာတွေထဲက တစ်ခုကတော့ သတ်မှတ်ထားတဲ့ အရွယ် မရောက်ခင်မှာအရက်သေစာ သောက်စားတာက ကိုယ်ခန္ဓာရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်းပင်။

သူမရဲ့ဝိညာဉ်က အရွယ်ရောက်ပြီးသား သူတစ်ယောက် ဖြစ်နေပေမယ့် သူမရဲ့လက်ရှိ ခန္ဓာကိုယ်ကဆယ့်လေးနှစ်သာ ဖြစ်သေးကာ အရွယ်မရောက်သေးတာမို့ သောက်ဖို့ မသင်တော်သေးချေ။ ဒါကိုသိလို့လည်း ယွမ်ရိက ငြင်းလိုက်ခြင်း ဖြစ်၏။

ယွမ်ရိနဲ့ အဖိုးဆောင်းတို့ဟာ စကားတပြောပြောဖြင့် မြေပဲလှော် စားလိုက်၊ ဝိုင်သောက်လိုက် လုပ်နေကြသည်။ ယွမ်ရွယ်ဂျင်းဟာ သူတို့ နှစ်ယောက်၏ သောက်စားတဲ့အထဲ မဝင်နိုင်၍ မွှေးပျံ့လှသည့် မြေပဲရနံ့များကိုသာ အကြိမ်ကြိမ် ရှူသွင်းနေရတော့သည်။

ဒါ့ကြောင့် အပ်အတွင်း အပ်ချည်ထိုးရာမှ အမှားအယွင်းတချို့ ဖြစ်ပေါ်သွား၏။ ဒါ့ကြောင့် သူဟာ နည်းနည်းလန့်သွားပြီး အဖိုးဆောင်းအား မျက်စိထောင့်ကပ်၍ ခိုးကြည့်မိလိုက်သည်။ သူ့ကို ကြည့်မနေတာကို မြင်တော့မှ သက်ပြင်း အသာချလိုက်ပြီး မှားယွင်နေသည့် အပ်ချည်များကို ပြင်ဆင်လိုက်တော့သည်။

အမှန်အားဖြင့် အဖိုးဆောင်းဟာ သူ ဘယ်လို လေ့ကျင် လေ့ကျင့် လာမကြည့်ခဲ့ချေ။

အဖိုးဆောင်းအတွက်တော့ 'သူ သင်ပေးသမျှသင်ယူနိုင်ရင် သင်ယူ၊ မသင်ယူနိုင်ရင် ထွက်သွား' ဆိုသည့် စည်းမျဉ်းကိုသာ လက်ကိုင်ထား၏။

အဖိုးဆောင်းဟာ ဝိုင်ကို အာသာပြေရုံလောက်သောက်ကာ ကျန်သည့် အရာများကို သိမ်းဆည်းထားလိုက်တော့သည်။

ဘာလို့လည်းဆိုတော့ ဝိုင်ရဖို့က မလွယ်လို့ပင်။ ဒါ့ကြောင့် ချွေတာပြီးသောက်ဖို့အတွက် သိမ်းဆည်းလိုက်ခြင်း ဖြစ်၏။

ဘူးသီးခြောက်အား သိမ်းဆည်းပြီးတာနဲ့ အဖိုးဆောင်းဟာ စာအုပ် တစ်အုပ်နဲ့ ခဲတံ တစ်ချောင်းအား ယူလာပြီး ယွမ်ရိအား ပေးလိုက်သည်။

"ကလေးမ။ ဒီနေ့ မင်းအတွက် လေ့ကျင့်ရမှာက ပုံဆွဲတာ။ ဒါကိုတော့ ငါလည်း သင်ပေးမှာ မဟုတ်ဘူး။ မင်းဘာသာ မင်း စိတ်ထဲမှာ တွေးမိသမျှဝတ်စုံလေးတွေကို ပေါ့ပေါ့ပါးပါး ချဆွဲလိုက်ရုံပဲ။အမှားပါလည်း ဘာမှမဖြစ်ဘူး။ မင်း စိတ်ကူးထဲက အတိုင်းသာ ဆွဲလိုက်"

ယွမ်ရိကလည်း စာအုပ်နဲ့ ခဲတံအား ယူလျက်
"ဟုတ်ကဲ့ပါ။ အဖိုး"
လို့ ပြောလိုက်တော့သည်။

အဖိုးဆောင်း ထွက်သွားတာနဲ့ အခန်းထဲမှာ ယွမ်ရိနဲ့ ယွမ်ရွယ်ဂျင်းတို့ နှစ်ယောက်တည်း ကျန်ခဲ့တော့သည်။ ယွမ်ရိဟာ တစ်ခါမှ ပုံမဆွဲဖူးသလိုဟန်ဆောင်၍ စာအုပ်ထဲမှာ မလှမပ ပုံတွေချည်း တမင်တကာ ရေးဆွဲလိုက်၏။

သူဟာ ယွမ်ရွယ်ဂျင်းနဲ့လည်း စကား မပြောခဲ့ချေ။ သူ့အမေ ဆန်းရှောင်ဟိုင်က သူမကို သူခိုးလို့ စွပ်စွဲပြီး ဒုက္ခပေးဖို့ ကြံစည်ခဲ့တာကို အသာထား အခုတောင်မှ သူမနဲ့ ဆရာတစ်ယောက်တည်း အောက်မှာ ပညာသင်ရင်း သူမကို မောင်းထုတ်နိုင်ဖို့ ကြံစည်နေလောက်ပေသည်။ ဒါ့ကြောင့် ယွမ်ရိကယွမ်ရွယ်ဂျင်းကို စကား သွားမပြောခြင်း ဖြစ်ပေသည်။

သူမက ပုံဆွဲရာမှာ အာရုံနှစ်၍ သေချာ ရေးဆွဲနေခဲ့သည်။

ဒါပေမယ့် ယွမ်ရွယ်ဂျင်းကတော့ အမှားတွေ ခဏခဏ ကြုံရကာ အစကနေ ပြန်ပြီးတော့ လုပ်ရတဲ့ အကြိမ်ကလည်း မနည်းတော့၍ စိတ်မ‌ရှည်တော့တဲ့အပြင် ဒေါသတွေပါ ထွက်လာတော့သည်။ဒါ့ကြောင့် သူ့ရဲ့ဒေါသတွေကို ဖောက်ထုတ်သည့်အနေဖြင့် ပုံဆွဲနေသည့် ယွမ်ရိအား

"မင်းက တကယ့်ကို အဖိုးဆောင်းကို ဖားယားတဲ့နေရာမှ ပညာရှိပဲ။ ဒါ့ကြောင့်လည်း အဖိုးဆောင်းက မင်းကို သဘောကျတာ ဖြစ်နိုင်တယ်"

ယွမ်ရိကတော့ ယွမ်ရွယ်ဂျင်းနဲ့ အဖက်လုပ်ပြီး စကားပြောချင်စိတ် မရှိတာမို့
"ဟုတ်တယ်။ အဲ့တော့ ဘာဖြစ်လဲ"
လို့ တုံးတိတိနဲ့သာ တုံ့ပြန်လိုက်သည်။

ယွမ်ရွယ်ဂျင်းက ပြုံးလိုက်ပြီး
"ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ငါ မင်းကိုအရမ်း အရမ်း လေးစားနေတဲ့ အကြောင်းတော့ သိစေချင်တယ်"

ယွမ်ရိက ခပ်ချေချေ လေသံဖြင့်
"နင် မနာလို ဖြစ်နေတာလား"

ယွမ်ရွယ်ဂျင်းလည်း တစ်ချက် ရယ်လိုက်ပြီး
"ငါက နင့်ကို မနာလိုဖြစ်တာ ဟုတ်လား"

ယွမ်ရိကလည်း တစ်ချက် ရယ်လိုက်ပြီး
"ဟုတ်တာပေါ့။ နင်လည်း နင့်အမေဆီကနေ အဲ့လို စိတ်တွေ ဆက်ခံလာတာ ဖြစ်နိုင်တာပဲလေ"

"နင် ဘာစကားပြောတာလဲ"
ထိုစကားကြောင့် ယွမ်ရွယ်ဂျင်းဟာ ဒေါသတွေ ထွက်လာပြီး ထိုင်နေရာကနေ ထရပ်လိုက်သည်။

ယွမ်ရိဟာ ယွမ်ရွယ်ဂျင်း၏ လှုပ်ရှားမှုများကို‌ ကြည့်လိုက်ရင်း
"နင်က ဘာလုပ်ချင်တာလဲ။ ငါ့ကို ရိုက်ချင်တာလား။ သတ္တိရှိရင် ငါ့ကို ရိုက်လိုက်လေ။ ပြီးရင်တော့ ဦးလေး ငါးနဲ့ ရှင်းကြပေါ့"
လို့ အေးအေးဆေးဆေး‌ ဖြစ်နေသော လေသံဖြင့် ပြန်ခွန်းတုံ့ပြန်လိုက်သည်။

ယွမ်ရွယ်ဂျင်းဟာ ယွမ်ချန်းရှန်ကို အမှန်တကယ်ပင် ကြောက်ရွံ့ပါသည်။ ဒါ့ကြောင့် မတ်တပ်ရပ်နေရာကနေ အသာပြန်ထိုင်လိုက်တော့သည်။

ယွမ်ရိတစ်ယောက် အတော်လေး နှုတ်စွာကြောင်း ယွမ်ရွယ်ဂျင်း သိသွားတဲ့အပြင် သူမရဲ့နောက်မှာလည်း ဦးလေး ငါး ရှိနေပါသေးသည်။ ဒါတွေကို တွေးမိလိုက်ပြီး ယွမ်ရွယ်ဂျင်းဟာ ယွမ်ရိကို နောက်ထပ် ရန်မစဝံ့တော့ဘဲ အပ်ချည်များကိုသာ မမှားအောင် အာရုံစိုက်၍ အပ်ပေါက်ထဲ ထည့်ကာ အပ်ချုပ်စက်မှာ တပ်ဆင်တာကို လေ့ကျင်နေလိုက်တော့သည်။

နေ့လည် နေနည်းနည်းစောင်းချိန်မှာတော့ ယွမ်ရိဟာ ပုံဆွဲနေတာကို ရပ်လိုက်၏။ သူမက  သူမရဲ့လွယ်အိတ်ကို သေချာလွယ်ကာ ထုံးစံအတိုင်း ပြန်ဖို့ပြင်တော့သည်။ သူမက မထွက်ခွာခင် အဖိုးဆောင်းအား နှုတ်ဆက်ခဲ့သေး၏။

ယွမ်ရွယ်ဂျင်းကတော့ အပ်ချုပ်စက်နဲ့ အလုပ်ရှုပ်နေဆဲပင်။

ယွမ်ရွယ်ဂျင်းအနေနဲ့ အပ်ချုပ်သည့် အလုပ်အား လာသင်ရခြင်းမှာ အကြောင်းအရင်း နှစ်ချက်ကြောင့်ပင် ဖြစ်သည်။ ပထမ အကြောင်းအရင်းကတော့ အပ်ချုပ်ဆရာ အလုပ်ဟာ အလွန်သက်သာပြီး လစားကောင်းသည့် အလုပ် ဖြစ်နေလို့ပင်။ ဒုတိယအကြောင်းပြချက်ကတော့ ယွမ်ရိအားအဖိုးဆောင်းမှ မောင်းထုတ်အောင် ကြံစည်ဖို့ဖြစ်၏။

သူမကို အဖိုးဆောင်းမှ မောင်းမထုတ်မချင်း သူဟာနည်းအမျိုးမျိုးဖြင့် ကြံစည်တော့မှာ ဖြစ်သည်။

သည်အချက်နှစ်ချက်လုံး ပြည့်စုံနေလို့သာ သူက အဖိုးဆောင်းထံမှာ စိတ်ရှည်ရှည်ဖြင့် ပညာလာသင်နေရခြင်း ဖြစ်ပေသည်။ မဟုတ်လို့ကတော့ ပထမဆုံးအကြိမ်ကတည်းက လုံးဝ လာတော့မှာ မဟုတ်ချေ။

တကယ်တော့ အပ်ချုပ်ပညာနဲ့ ပတ်သတ်ရင် ယွမ်ရွယ်ဂျင်းရဲ့သင်ယူနိုင်စွမ်းက ယွမ်ရိထက် အများကြီး နိမ့်ကျ၏။ ဒါ့ကြောင့် သူအနေနဲ့ ယွမ်ရိကို မောင်းထုတ်နိုင်ဖို့က အိပ်မက်တစ်ခုသာသာပင် ဖြစ်ပေသည်။

ယွမ်ရိကတော့ ထိုအရာတွေကို မသိခဲ့ပေ။ သိရင်လည်း ဂရုစိုက်မှာ မဟုတ်။ သူမဘာသာ သူမတောင် လုပ်စရာ အလုပ်တွေ တပုံကြီးဖြင့် မအားမလက် ဖြစ်နေတာကြောင့်ပင်။

ယွမ်ရိဟာ သူမ၏ လွယ်အိတ်ကို လွယ်လျက် ရွှေသရဖူရွာကနေ ထွက်လာခဲ့သည်။ သိပ်မကြာခင်မှာ ယွမ်ကျဲဟာ ယခင် နေရာလေးမှာ သူမကို စောင့်နေသည်အား မြင်တွေ့လိုက်ရ၏။ ထို့နောက် ညီအစ်မ နှစ်ယောက်သား လင်းယောင် ရှိနိုင်သည့်တောင်စောင်းလေးထံ သွားကြတော့သည်။

ယွမ်ရိနဲ့ လင်းယောင်တို့နှစ်ယောက် တောင်အောက်ဆင်းသွားကြသည့် နှစ်ရက်အတွင်း ယွမ်ကျဲဟာ သူမ သင်ထားသမျှ စာတွေ၊ သင်ခန်းစာတွေကို ပြန်လည်လေ့ကျင့်နေခဲ့ပါသည်။

ယခင် တောင်စောင်းလေးမှာ သူမတို့ နှစ်ယောက်ဟာ လင်းယောင်နဲ့ တွေ့လိုက်ကြရသည်။ လင်းယောင်က ယွမ်ကျဲအား ယခင်တုန်းက သင်ခဲ့သည့်သင်ခန်းစာများကို ပြန်လည် မေးမြန်းနေခဲ့၏။ ယွမ်ကျဲကလည်း မှန်ကန် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်။

ဒါ့ကြောင့် လင်းယောင်ဟာ သင်ခန်းစာ အသစ်တွေကို သင်ကြားလိုက်တော့သည်။

ယွမ်ရိအတွက်ကတော့ တောင်အောက် ဆင်းရင်း မြို့သို့သွားသည့် ခရီးမှာ စကားများစွာပြောရင်း စာအကြောင်းပါ ပြောဆိုခဲ့ကြပါသေးသည်။ ထိုအချိန်ကတည်းက ယွမ်ရိက ကျွမ်းကျွမ်ကျင်ကျင် ပြန်ဖြေထားတာကို သူသိသောကြောင့် လင်းယောင်က ယွမ်ရိကို ထပ်မမေးတော့ချေ။

ယွမ်ရိဟာ ဒီနေ့ နေ့လည်အထိ အိပ်စက်ခဲ့ပေမယ့်စာအုပ်ကို အချိန်အတော်ကြာအောင် ဖတ်ပြီးတဲ့နောက်မှာ မျက်ခွံများ လေးလာတော့သည်။နောက်ဆုံးမှာတော့ မထိန်းနိုင်တော့ပဲ ကျောက်တုံးပေါ် ခေါင်းချပြီး အိပ်ပျော်သွားတော့သည်။

လင်းယောင်လည်း ယွမ်ရိဘက်ကို လှည့်ကြည့်လိုက်ချိန်မှာ သူမ အိပ်ပျော်နေပြီ ဖြစ်တာ မြင်လိုက်ရသည်။ သူမရဲ့မျက်နှာဟာ ကျောက်တုံးနဲါတိုက်ရိုက် ထိနေခဲ့ပြီး ကြားထဲမှာ ဘာမှ ရှိမနေတာကို မြင်လိုက်ရ၍ လင်းယောင်လည်း ယွမ်ရိ အနားသွားလိုက်၏။ ပြီးသည့်နောက် သူမ၏ ခေါင်းအား အသာမ,ကာ စာအုပ်တချို့ ခံပေးလိုက်တော့သည်။

ယွမ်ကျဲဟာ လင်းယောင်ရဲ့ အပြုအမူတွေကို ကြည့်ပြီး
"နင်က ဂရုတစိုက်ရှိသားဘဲ"
လို့ ပြုံးပြုံးလေးနဲ့ ပြောလိုက်၏။

လင်းယောင်က သူမ သိတဲ့ အခြားသော ကောင်လေးများနဲ့ မတူပေ။ သူမ သိသမျှ ကောင်လေးတွေ အကုန်လုံးက မိန်းကလေးတွေကို စဖို့ နောက်ဖို့လောက်သာ သိကြတဲ့ အရူးတွေချည်း ဖြစ်သည်။

ယွမ်ကျဲက ထပ်ပြီးတော့ မေးလိုက်သည်။
"မြို့ပေါ်က ကောင်လေးတွေ အကုန်လုံးက နင့်လို့မျိုးလား"

လင်းယောင်က ခေါင်းယမ်းလိုက်ပြီး
"လူတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထားခြင်း မတူကြသလို ကိုယ်ရည်ကိုယ်သွေးလည်း တူကြမှာ မဟုတ်ဘူး"

ယွမ်ကျဲက
"ဒါဆိုရင် ထိုးနှက်ရတာ သဘောကျတဲ့ ငါ့ရဲ့ ဦးလေး ငါးလို လူမျိုးတွေရော ရှိလား"

လင်းယောင်လည်း ခေါင်းညိတ်လိုက်ပြီး
"အဲ့လို လူ‌တွေလည်း ရှိတာပေါ့"

ယွမ်ကျဲဟာ လင်းယောင်အား မြို့ပေါ်က လူတွေအကြောင်း၊ နေပုံ ထိုင်ပုံတွေ၊ ဘာတွေ ရှိကြတာလဲ၊ ဘယ်လိုနေရာတွေရှိကြလဲ၊ အစရှိသဖြင့် အများကြီး မေးမြန်ချင်နေခဲ့သည်။

ဒါပေမယ့် လင်းယောင်က သူမနဲ့ စကားပြောရတာ သိပ်မကြိုက်တာကို သတိထားမိလိုက်၏။ ဘာလို့လည်းဆိုတော့ သူ့ရဲ့စကားတွေဟာ တဖြည်းဖြည်း တို၊ တိုလားပြီး လိုတာထက် ပိုမပြောတာကို တွေ့လိုက်ရလို့ပင်။ ဒါ့ကြောင့် ယွမ်ကျဲလည်း အလိုက်တသိဖြင့် သိချင်သော မေးခွန်းများကို ထပ်‌မမေးတော့ချေ။

သစ်ရွက်တစ်ရွက်ဟာ သစ်ပင်ပေါ်မှ ကြွေကျပြီးလေအဝှေ့မှာ ယွမ်ရိ မျက်နှာပေါ် တင်သွားတော့၏။

တစ်ချိန်တည်းမှာဘဲ ယွမ်ရိဟာ အိပ်မက်အတွင်းအမြင့် တစ်နေရာမှ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး လန့်နိုးသွားတော့သည်။

ရုတ်တရက်ကြီး လန့်နိုးကာ ခေါင်းကို ဆတ်ကနဲထောင်လိုက်သည့် ယွမ်ရိကြောင့် ယွမ်ကျဲရော၊ လင်းယောင်ပါ လန့်သွားပြီး
"ဘာဖြစ်တာလဲ"
လို့ မေးလိုက်ကြသည်။

ယွမ်ရိလည်း သူမရဲ့ခေါင်းကို ကုတ်လို့ အသာလေးပြုံးကာ
"အိပ်မက်ထဲမှာ အမြင့်ပေါ်က ပြုတ်ကျသွားတယ်လို့ ခံစားရလို့ လန့်နိုးသွားတာ။ ဟီးဟီး"

ယွမ်ကျဲကလည်း ပြုံးလိုက်ပြီး
"ညီမလည်း မကြာခဏ အဲ့လို အိပ်မက်တွေ မက်ပြီးလန့်နိုးလာခဲ့ဖူးတယ်"

ယွမ်ရိဟာ သူမကိုသူမ နည်းနည်းပါးပါး လန်းသွားအောင် လုပ်လိုက်ပြီး‌ မိုးပေါ်မော့၍ နေကို ကြည့်လိုက်သည်။
"အိမ်ပြန်ချိန် နီးနေပြီလား။ ငါ အရမ်း အိပ်ချင်နေလို့"

ယွမ်ကျဲကလည်း ဝင်ခါနီး ဖြစ်နေပြီ ဖြစ်သည့် နေဝန်းကြီးကို ကြည့်ကာ
"အင်း။ ပြန်ကြစို့ မမ"
လို့ ပြောရင်း စာအုပ်တွေကို သိမ်းဆည်းလိုက်တော့သည်။

ယွမ်ရိလည်း ပြန်တော့မည် ဖြစ်၍ မတ်တပ်ထရပ်လိုက်သည်။ ဒါပေမယ့် အထိုင် ကြာနေရာကနေ ရုတ်တရက် ထရပ်လိုက်ခြင်း ဖြစ်၍ ယွမ်ရိ မိုက်ကနဲ ဖြစ်သွားတော့သည်။ အချိန်ခဏကြာမှသာ သူမရဲ့မြင်ကွင်းတွေ ပုံမှန် ပြန်ဖြစ်သွား၏။

ယွမ်ကျဲနဲ့ လင်းယောင်လည်း သိမ်းစရာရှိတာများကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် ဝက်များကို မောင်းလျက် ဖန်းယန်ရွာထံ ပြန်လာခဲ့ကြတော့သည်။

သူတို့ သုံးယောက်ဟာ လမ်းလျှောက်နေရင်းဖြင့်မနေ့က သွားခဲ့သည့် မြို့အကြောင်းအား ယွမ်ကျဲကို ပြန်ပြောပြနေခဲ့ကြသည်။

ယွမ်ရိက ယွမ်ကျဲအား
"ငါတို့ ဒန်ဒန် ခေါက်ဆွဲလည်း စားခဲ့ကြတယ်။ ပြီးတော့ ရုပ်ရှင် ပြနေတာနဲ့ ကြုံတာမို့ ရုပ်ရှင်လည်း ကြည့်ခဲ့ကြသေးတယ်"

ရုပ်ရှင်ဆိုသည့် အသံ ကြားတာနဲ့ ယွမ်ကျဲက ခေါင်းထောင်သွားပြီး လင်းယောင်အား
"အဲ့တာ အမှန်ပဲလား"
လို့ သေချာအောင် ပြန်မေးလိုက်၏။

လင်းယောင်ကလည်း ခေါင်းညိတ်လိုက်ပြီး
"အမှန်ပဲ။ မြို့ထဲက တုန်းဖန်း အလယ်တန်းကျောင်းရဲ့ ကစားကွင်းထဲမှာ ပြတာ"

ဒါ့ကြောင့် ယွမ်ကျဲက စိတ်လှုပ်ရှားသွားပြီး
"ဒီ‌လိုမှန်း သိရင် ဘယ်လောက် ပင်ပန်း ပင်ပန်၊ အစ်မနဲ့ အတူတူ တောင်အောက် ဆင်းခဲ့ပါတယ်။ညီမ အခု အရွယ်အထိ တစ်ခါမှ ရုပ်ရှင် မကြည့်ဖူးသေးဘူး။ ဒါ့ကြောင့် ညီမကို ရုပ်ရှင်အကြောင်း ပြန်ပြောပြ‌ဦးနော်"
လို့ ယွမ်ရိကို ပြောလိုက်သည်။

ထိုစကားကြောင့် ယွမ်ရိ၏ မျက်နှာ နည်းနည်း ရှုံ့မဲ့သွားကာ
"တကယ်တော့ ငါ ရုပ်ရှင် ကောင်းကောင်း မကြည့်လိုက်ရဘူး။ ဘာလို့လဲဆိုတော့ ငါ အိပ်ပျော်သွားခဲ့လို့"

ယွမ်ကျဲလည်း ယွမ်ရိအား မယုံနိုင်သလို ကြည့်ကာ
"အစ်မ။ ဘယ်လိုဖြစ်လို့ ရုပ်ရှင် ပြချိန်ကြီး အိပ်ပျော်သွားရတာလဲ"

ယွမ်ရိလည်း ပုခုံးအသာတွန့်၍
"ဘာလို့လည်းဆို‌တော့ ငါ အရမ်းအိပ်ချင်သွားခဲ့လို့"
သူမက ထို့သို့ ပြောပြီးတဲ့နောက် လင်ယောင်အားကြည့်ကာ
"တကယ်လို့ နင် သိချင်ရင် ယောင်ယောင့်ကို မေး။ သူက အစအဆုံး ကြည့်ခဲ့တယ်"

ဒါ့ကြောင့် ယွမ်ကျဲရဲ့ မြှားဦးက လင်းယောင်ဘက်လှည့်သွားတော့သည်။ လင်းယောင်လည်း ယွမ်ကျဲအား ရုပ်ရှင်အကြောင်း အစအဆုံး ပြန်ပြောပြလိုက်သည်။

ရုပ်ရှင်အကြောင်း အစအဆုံး နားထောင်ပြီးသည့်တိုင်အောင် ယွမ်ကျဲက မကျေနပ်နိုင်သေးဘဲ
"ငါ တကယ် အစ်မတို့နဲ့ မလိုက်ခဲ့တာကို နောင်တရတယ်။ ဒါကြီးကို ပြန်ပြန်တွေးမိနေရင် ညဘက်ကျအိပ်ပျော်နိုင်ပါဦးမလား မသိတော့ဘူး"

ယွမ်ရိလည်း ပြုံးလိုက်ပြီး သူ့ ညီမ ယွမ်ကျဲ၏ ပုခုံးအား အသာပုတ်လျက်
"နောက် အခွင့်အရေရင် အတူတူ ကြည့်ကြ‌တာပေါ့"

ယွမ်ကျဲက သူမကို ပြန်ကြည့်ကာ ခေါင်းယမ်းလျက်
"အတူတူ ကြည့်ကြစို့ ဟုတ်လား။ အဲ့တာက မလွယ်ဘူး။ တောင်အောက်ကို ဆင်းတဲ့အခါ အရမ်းပင်ပန်းတာကို အသာထားဦး။ ဟိုကိုရောက်လို့ရုပ်ရှင်ပြချိန်နဲ့ မကြုံရင် ဘယ်လိုလုပ်ကြမလဲ။ ဒီတစ်ခေါက် အစ်မတို့နဲ့ မလိုက်မိတာကို ငါ အရမ်းနောင်တရတယ်"

သူမတို့နဲ့ လင်း‌ယောင်ဟာ ဖန်းယန်ရွာကို ရောက်တဲ့အခါ ကိုယ့်အိမ်ကိုကိုယ် ပြန်ရင်း လမ်းခွဲခဲ့ကြတော့သည်။

ယွမ်အိမ်သို့ မရောက်ခင် လမ်းမှာ ယွမ်ကျဲက ယွမ်ရိအား
"အစ်မ၊ တတိယအဒေါ်ရဲ့ယေက်ျားက တတိယအဒေါ်ကို တကယ်ကြီး ရိုက်မယ်လို့ ထင်လား။ ညီမအထင် ဦးလေး လျူရှောင်းက ရိုးရိုးအေးအေးလေးပါ။ ပြီးတော့ တတိယအဒေါ်ကလည်း အနေအေးပါတယ်။ သူတို့မိသားစု ဘာပြဿနာများ ဖြစ်နေလို့လဲ မသိဘူး"

ယွမ်ရိက
"ညီမ။ လူတစ်ယောက်ကို ဘယ်တော့မှ ရုပ်ရည်လေး တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ အဲ့တာကို သေသည်အထိ မှတ်ထားရမယ်နော်။ ဦးလေး လျူရှောင်းရဲ့ ရုပ်ရည်က ရိုးအေးတဲ့ ပုံစံ ဖြစ်နေပေမယ့်သူရဲ့အမူအကျင့်က အဲ့လို ဟုတ်ချင်မှလည်း ဟုတ်မှာလေ"

ယွမ်ကျဲ ထိုစကားကြောင့် အသက်ပြင်းပြင် ရှုလိုက်မိပြီး
"အဲ့တာဆို မြို့ပေါ်က လူတွေက လက်ထပ်ဖို့အတွက် ယုံလို့ မရတော့ဘူး ထင်တယ်နော်၊ မမ"

ယွမ်ရိက ပြုံးလိုက်ပြီး
"လက်ထပ်တယ်ဆိုတာ ငါတို့ မိန်းကလေးတွေအတွက် လောင်းကစား လုပ်ရသလိုပဲ။ ကောင်းတဲ့အိမ်ထောင်ဖက် တစ်ယောက်ကို‌ မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှ ကျန်တဲ့ ဘဝတစ်လျှောက် စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်မှာ။ မှားယွင်း ရွေးချယ်မိရင်းတော့ ကျန်တဲ့ ဘဝတစ်လျှောက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြတ်သန်းရမှာပဲ။ ဒါ့ကြောင့် အိမ်ထောင်ဖက်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ကလည်း အရမ်း အရေးကြီးတယ်"

ယွမ်ကျဲဟာ ယွမ်ရိစကားကို နားလည်သလို ခံစားရပေမယ့် သေချာ ပြန်တွေးကြည့်လိုက်သည့်အခါမှာတော့ နားလည်ခြင်း မရှိခဲ့ပေ။ ဒါကလည်း တောင်ပေါ်မှာနေသည့် သူတွေအတွက် အသိပညာဟာ ကန့်သတ်ခံထားရသလို ဖြစ်နေ၍ပင်။

လူအများစုက မွေးဖွားလာချိန်ကနေ သေဆုံးချိန်အထိ ဖန်းမင်းတောင်ပေါ်မှ တစ်ဖဝါးမှ မခွာခဲ့ဖူးကြချေ။ သူတို့အတွက် တောင်ပေါ်မှာ သတ္တူ တူးလိုက်၊ စိုက်ပျိုးရေး လုပ်လိုက်၊ မွေးမြူရေး လုပ်လိုက်ဖြင့် သေဆုံးတဲ့အထိ နေ့ရက်တိုင်းကို သံပတ်ပေးထားသည့် စက်ရုပ် တစ်ရုပ်နှယ် အလုပ်လုပ်ကိုင်ကြပါသည်။

ယွမ်ကျဲလည်း ယွမ်ရိအား ထူးဆန်းသော လူတစ်ယောက်ကို ကြည့်သကဲ့သို့ လှည့်ကြည့်လိုက်ကာ
"အစ်မ၊ အခုတလော ပြောင်းလဲသွားသလိုပဲနော်။ ဒါကလည်း လင်းယောင်နဲ့ ပေါင်းတာ များပြီး ပြောင်းလဲသွားတာ ဖြစ်နိုင်မလား"

ယွမ်ရိလည်း ပြုံးလိုက်ပြီး လင်းယောင်ကိုအကာအရံအဖြစ် ချက်ချင်းယူလိုက်ကာ
"ဟုတ်တယ်"
လို့ ပြန်ပြောလိုက်သည်။

ယွမ်ကျဲက
"ဘာဖြစ်ဖြစ်ပါ။ ညီမက အစ်မ စကားပဲနားထောင်မယ်။ အသက်ကြီးလာလို့ အိမ်ထောင် မပြုရလည်းဘာဖြစ်လဲ။ ကိုယ်ဘာသာကိုယ် တစ်ယောက်တည်းအသက်ကြီးသွားတဲ့အထိ နေမှာပေါ့လို့"

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"အိမ်ထောင် မပြုရဘူးလို့ ပြောတာ မဟုတ်ဘူး။အိမ်ထောင်ပြုဖို့အတွက် ကိုယ့်ရဲ့လက်တွဲဖော်ကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ ပြောတာပါဟယ်"

ယွမ်ကျဲလည်း ယွမ်ရိ၏ စကားများကို နားမလည်နိုင်တော့‌တာကြောင့်
"ထားလိုက်ပါတော့။ အိမ်ကို အရင် ပြန်ရအောင်။ကြက်စာ၊ ဝက်စာတွေကို ညီမ, မကျွေးခဲ့ရသေးဘူး"

သည်အသိပညာတွေကို ယွမ်ကျဲ နားလည်နိုင်ဖို့အတွက် အချိန်ယူရပေးဦးမည်။ ဒါနဲ့ ပတ်သတ်ပြီးယွမ်ရိလည်း ဘာမျှ မတတ်နိုင်ချေ။ ဒါ့ကြောင့် သူမတို့လည်း အိမ်ကို ခပ်သွက်သွက် ပြန်လာခဲ့ကြတော့၏။

သူမတို့ အိမ်ပြန်ရောက်ချိန်မှာ အဖွား လျူရှင်းဟွာက ကြက်စာ၊ ဝက်စာများကို နုတ်နုတ်စဉ်းနေတာကိုမြင်လိုက်ရ၏။ ဒါ့ကြောင့် သူမတို့ နှစ်ယောက်လုံး လွယ်အိတ်ကို မြန်မြန်ချလိုက်ကာ အဖွားအား ဝိုင်း လုပ်ပေးလိုက်ကြတော့သည်။

ယွမ်ကျဲဟာ ကြက်စာ ကျွေးဖို့ နုတ်နုတ်စဉ်းထားသည့် ကြက်စာများကို ယူ၍ ကြက်ခြံသို့ ထွက်လာခဲ့သည်။ သူမက ကြက်များကို အစာကျွေးပြီးတဲ့နောက်မှာ ကြက်ခြံထဲကနေ ကြက်ဥ အနည်းငယ်ကိုလည်း ကောက်ယူခဲ့ပါသေးသည်။

လျူရှင်းဟွာ၊ ယွမ်ရိနဲ့ ယွမ်ကျဲတို့အေးအေးဆေးဆေး ဖြစ်နေသလောက် တစ်ဖက်မှ ဆန်းရှောင်ဟိုင်ကတော့ အေးအေးဆေးဆေး ဖြစ်မနေခဲ့ပေ။

သူမကလည်း သူမတို့ အိမ်ဘက်မှာ ကြက်စာများကို နုတ်နုတ်စဉ်းနေခဲ့၏။ သူမက ထိုသို့ စဉ်းနေရင်းဖြင့် ကြက်စာ ကျွေးနေသည့် ယွမ်ကျဲကို ကြည့်ကာတစ်နေ့ ကောင်းကောင်း ဆုံးမပေးဖို့အတွက် စိတ်ထဲကနေ ကြိမ်းဝါးနေတော့သည်။

သူမဟာ ကြက်နဲ့ ဝက်တွေကို အစာကျွေးပြီးတဲ့နောက်မှာ သူမရဲ့သား၊ ယွမ်ရွယ်ဂျင်း ပြန်လာတာကိုတွေ့လိုက်ရ၏။

သူမ သားကို တွေ့မြင်လိုက်ရတာကြောင့်သူမ၏ သမီး ယွမ်ကျဲကြောင့် ဖြစ်နေသည့် အဆိုးမြင်စိတ်တွေပါ ပျောက်ကွယ်သွားတော့သည်။


အပိုင်း - ၂၂.၂


မိသားစုလိုက် ညစာစားချိန်မှာ ဆန်းရှောင်ဟိုင်က ယွမ်ရွယ်ဂျင်းအား
"ဒီနေ့ရော၊ အခြေအနေ ဘယ်လိုလဲ။ သင်ယူရတာရော၊ အဆင်ပြေရဲ့လား"

ယွမ်ရွယ်ဂျင်းက စားသောက်နေရင်းဖြင့်
"အဖိုးဆောင်း သင်ပေးတဲ့ဟာတွေက လွယ်လွယ်လေးတွေမို့လို့ သင်ယူရတာ မခက်ပါဘူး"

ထိုစကားကြောင့် ဆန်းရှောင်ဟိုင်လည်း ပျော်ရွှင်သွားတော့၏။ သူမက ယွမ်ရွယ်ဂျင်း၏ ပန်းကန်းအတွင်းသို့ ဟင်းတွေ ထည့်ပေးလိုက်ကာ
"ဟုတ်‌တာပေါ့။ ငါ့သားက ဉာဏ်ကောင်းတဲ့သူပဲဟာကို။ ဒါလေးတွေက မင်းအတွက် လွယ်ကူမှာပေါ့လေ"

သူမက ဆက်လက်ပြီးတော့ စပ်စပ်စုစုဖြင့်
"ဒါနဲ့ယွမ်ရိကရော၊ အခြေအနေ ဘယ်လို့လဲ။ သူမက ဒီနေ့ အိပ်ရာထ နောက်ကျလို့ နေ့လည်ခင်းကမှသွားတာကို ငါ တွေ့လိုက်ရတယ်။ အဖိုးဆောင်းကသူမကို ဘာတွေ သင်ပေးတာကို မင်း တွေ့လိုက်သေးလဲ။ သူမကရော သင်ပေးသမျှကိုကောင်းကောင်း သင်ယူရဲ့လား"

ယွမ်ရွယ်ဂျင်းက
"သူမလား။ အဖိုးဆောင်းက သူမကို ဘာမှသင်မပေးဘူး။ စာအုပ်နဲ့ ခဲတံ ပေးပြီးတော့ ဝတ်စုံပုံစံတွေ ဆွဲခိုင်းတာ။ ကျွန်တော် မြင်တာတော့ ဆွဲထားတဲ့ပုံတွေကလည်း တစ်စက်လေးမှ မလှပါဘူးဗျာ"

ဆန်းရှောင်ဟိုင်လည်း သူ့သားထံမှ အဖြေကြောင့်ပျော်သွားကာ
"ဒါဆိုရင် အဖိုးဆောင်းက သူမကို အပ်ချုပ်ပညာနဲ့ပတ်သတ်ပြီး ဘာမှ သင်မပေးသေးဘူးပေါ့၊ ဟုတ်လား"

ယွမ်ရွယ်ဂျင်းလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ ဒီနေ့ ကျွန်တော် မြင်သလောက်တော့ယွမ်ရိကို အဖိုးဆောင်းက ဘာမှသင်မပေးဘူး"

ဆန်းရှောင်ဟိုင်က
"ဒါဆိုရင် ဘာလို့ အဖိုးဆောင်းက သူမကိုကောင်းကောင်းမွန်မွန် ဆက်ဆံရတာလဲ"
လို့ ထပ်မေးလိုက်၏။

ယွမ်ရွယ်ဂျင်းက
"ဘာလို့လည်းဆိုတော့ သူမက အဖိုးဆောင်းကို ဖားယားတဲ့ နေရာမှာ အလွန်တော်လို့ပေါ့ဗျ။ သူမက‌ရအဖိုးဆောင်းကို ဖားဖို့အတွက်နဲ့ တောင်အောက်ကိုဆင်းပြီး ဝိုင်တောင် သွားဝယ်လိုက်သေးတယ်"

ဆန်းရှောင်ဟိုင် အံ့အားသင့်သွားသော လေသံဖြင့်
"ဟယ်။ အဲ့လိုကြီးလား"

ယွမ်ရွယ်ဂျင်းလည်း ခေါင်းညိတ်လိုက်ပြီး
"အဲ့တာ အမှန်ပဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရလို့"

ဆန်းရှောင်ဟိုင်က 'ကျွတ်' သပ်လိုက်ပြီး
"ကျွတ်၊ ကျွတ်၊ ကျွတ်။ ယွမ်ရိကတော့ တကယ့်ကိုစိတ်ပျက်စရာပဲ။ သူတို့အိမ်က ကြက်ဥနှစ်ခြင်းတော့ အဖိုးဆောင်းကို အလကား ပေးလိုက်ရသလို ဖြစ်နေတော့မှာ"
လို့ ပြောရင်းလှောင်လိုက်၏။

ယွမ်ရွယ်ဂျင်းက ထပ်ပြီးတော့
"သူမက ဘာမှ မလေ့လာရတဲ့အပြင် အဖိုးဆောင်း အတွက် မီးဖိုချောင်ထဲက မြေပဲတောင်မှ လှော်ပေးလိုက်သေးတယ်။ သူမရဲ့ဖားယားမှုက ကျွန်တော်တောင် အရှုံးပေးရလောက်တယ်"

ဆန်းရှောင်ဟိုင်က ခေါင်းညိတ်လိုက်ပြီး
"အေးပါဟယ်။ သူက အဲ့လိုကြီးဆိုတော့ မင်းအတွက် ကောင်းတာပေါ့။ ဒါမှ နောင်တချိန်မှာစီးပွားပြိုင်ဘက် ရှိမလာနိုင်မှာ။ မင်းလည်း အဖိုးဆောင်း သင်ပေးသမျှကို သေသေချာချာ လေ့လာနော်"

ယွမ်ရွယ်ဂျင်းက ခေါင်းညိတ်လိုက်ပြီး
"ဟုက်ကဲ့ပါ။ အမေ"

နောက်ရက် မနက်မိုးလင်းတဲ့အခါမှာ ယွမ်ရိက ရွှေသရဖူရွာကို ထွက်လာခဲ့တော့သည်။ အဖိုးဆောင်းတို့ အိမ်ကို ရောက်တော့ သူမက သန့်ရှင်းရေး လုပ်ဖို့ ပြင်နေချိန်မှာ အဖိုးဆောင်းက တားလိုက်ကာ
"ကလေးမ။ အဲ့တာတွေ မလုပ်နဲ့တော့။ လုပ်ပေးမယ့်သူက သပ်သပ်ရှိတယ်"

အဖိုးဆောင်း စကားဆုံးသွားတာနဲ့ ခြံထဲကို ယွမ်ရွယ်ဂျင်းလည်း ရောက်လာတော့သည်။ သူက ရောက်တာနဲ့ တံမြက်စည်းကို ကောက်ကိုင်ကာသန့်ရှင်းရေး စလုပ်တော့၏။

တစ်ခဏအကြာမှာ‌ တစ်ခုခုကို သတိထားပြီးသွားပြီး ယွမ်ရိအား လက်ညှိုးထိုးလျက် အဖိုးဆောင်းအား
"အဖိုး၊ သူမကရော ဘာလို့ သန့်ရှင်းရေး မလုပ်တာလဲ"
လို့ မေးလိုက်၏။

အဖိုးဆောင်းက
"ဘာလို့လည်းဆိုတော့ သူမက ထမင်း၊ ဟင်း ချက်ပေးတယ်လေ"
လို့ တုံးတိကြီး ပြန်ဖြေပေးလိုက်တော့သည်။

ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်း အောင့်သက်သက်ဖြင့် သန့်ရှင်းရေး ဆက်လုပ်တော့၏။

သူ သန့်ရှင်းရေးလုပ်ပြီးသွားချိန်မှာ အဖိုးဆောင်းကယွမ်ရိအား အပ်ချုပ်ပညာကို မသင်ပေးဘဲ မနေ့ကလို့ ပုံဆွဲခိုင်းနေတာကိုသာ မြင်လိုက်ရသည်။ ယွမ်ရိအနေနဲ့ အပ်ချုပ်ပညာမှာ သူ့ထက် အများကြီး ညံ့တယ်လို့ တွေးမိရင်း သူ့ရဲ့စိတ်အခြေအနေက ပိုကောင်းလာတော့သည်။

ယွမ်ရိဟာ အဖိုးဆောင်းထံကနေ ဘာအပ်ချုပ်ပညာကိုမှ သင်ယူတာကို သည်ရက်ထဲ သူ မမြင်မိချေ။ ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းဟာ ယွမ်ရိအား ပြိုင်ဘက် တစ်ယောက်လို့ပင် မမြင်တော့ချေ။

သူကသာ စိတ်ရှည် သည်းခံပြီး အဖိုးဆောင်းသင်ပေးသမျှကို တတ်မြှောက်အောင် လေ့ကျင့်ပါက နောင်တစ်ချိန် အဖိုးဆောင်း ကွယ်လွန်သွားသည့်အခါ ဖန်းမင်းတောင်ပေါ်မှာ အပ်ချုပ်ဆရာဆို၍ သူတစ်ယောက်တည်း ရှိနေတော့မှာပါ။

ထိုသို့ တွေးမိပြီး ယွမ်ရွယ်ဂျင်းဟာ စိတ်ထဲနေကြုံးဝါးလိုက်၏။
"အဲ့အခါကျမှ ငါ့ကို လူဘယ်လောက်များများက မနာလိုဖြစ်မလဲဆိုတာ တွေးကြည့်လို့တောင် မရတော့ဘူး'

ယွမ်ရွယ်ဂျင်းလည်း ယွမ်ရိကို တစ်ခဏမျှ စိုက်ကြည့်ပြီးသည့်နောက် လျစ်လျူရှုလိုက်တော့သည်။

ယွမ်ရိကတော့ အစတည်းက ယွမ်ရွယ်ဂျင်းအား ခေါင်းထဲပင် မထည့်ကာ အင်္ကျီပုံများကိုသာ စိတ်နှစ်ပြီး ရေးဆွဲနေခဲ့သည်။ နေ့လည်ခင်း ရောက်တဲ့အခါ သူမက ပန်းချီ ဆွဲတာကို ရပ်လိုက်၏။

သူမက အရင်ဆုံး မီးဖိုချောင်ထဲ ဝင်ကာ ထမင်းအိုးတည်လိုက်သည်။ ပြီးနောက်
သူမက ခြံထဲဆင်းကာ ခရမ်းချဉ်သီး နည်းနည်းနဲ့ငရုတ်ပွသီး တချို့ကို ခူးဆွတ်လိုက်သည်။

ကြောင်အိမ်ထဲမှ ကြက်ဥနှစ်လုံးကိုလည်း ထုတ်ယူလိုက်သည်။ ထို့နောက် ခရမ်းချဉ်သီးကို အစိတ်သေးသေးလေးတွေ ဖြစ်အောင် လှီး၍ ပန်းကန်တစ်လုံးထဲ ထည့်လိုက်သည်။

ငရုတ်ပွသီးကိုလည်း အစိတ်သေးသေးလေးတွေ ဖြစ်အောင် လှီးကာ အခြားသော ပန်ကန်းတစ်လုံးထဲ ထည့်လိုက်တော့သည်။

ပြီးတာနဲ့ ကြက်ဥ တစ်လုံးကို ဖောက်ကာ ခရမ်းချဉ်သီးများ လှီးထည့်ထားသည့် ပန်းကန်းထဲ ထည့်လိုက်၏။ ကျန်တဲ့ ကြက်ဥကိုတော့ ငရုတ်ပွသီး လှီးထားသည့် ပန်းကန်အတွင်း ဖောက်ထည့်လိုက်တော့သည်။

နှစ်ပန်းကန်လုံးကို သမအောင် မွှေလိုက်ပြီးခရမ်းချဉ်သီး ကြက်ဥမွှေကြော် တစ်ခွက်နဲ့၊ ငရုတ်ပွသီး ကြက်ဥမွှေကြော် တစ်ခွက်အား နေ့လည်စာအဖြစ် ပြင်ဆင်လိုက်တော့သည်။

ထို့နောက် သူမက ကြက်ဥမွှေကြော် နှစ်မျိုးအား ပန်ကန်းထဲ ထည့်လျက် အခန်းထဲမှ စားပွဲပေါ် သွားတင်ထားလိုက်တော့၏။

ယွမ်ရွယ်ဂျင်း တစ်ယောက် နေ့လည်စာ စားဖို့ အိမ်ပြန်ခါနီးမှာ ယွမ်ရိဟာ အခန်းထဲကို ပန်ကန်းပြား နှစ်ချပ် ကိုင်လျက် ဝင်လာကာ စားပွဲပေါ် တင်လိုက်တာကို တွေ့လိုက်ရ၏။ ပန်းကန်ပြာတွေထဲမှာ နီရဲနေသည့် ကြက်ဥကြော်နဲ့ စိမ်းဖန့်ဖန့်အရောင်ဖြစ်နေသည့် ကြက်ဥမွှေကြော်များကို မြင်တာနဲ့ ယွမ်ရွယ်ဂျင်းရဲ့ မျက်လုံးတွေဟာ ကော်ကပ်ထားသကဲ့သို့ ကြက်ဥကြော်တွေထံကနေ အကြည့် ခွာမရတော့ချေ။

အရင်နေ့တွေတုန်းက သူ့အမေက အဖိုးဆောင်းကိုလက်ဆောင်ပေးဖို့အတွက် ရွာထဲကနေ ကြက်ဥများချေးခဲ့သည်။ ဒါ့ကြောင့် သည်ရက်တွေမှာ အိမ်က ကြက်မများ ဥသည့် ကြက်ဥတွေကို ချေးယူခဲ့သည့်သူတွေထံ ပြန်ပေးနေရ၍ အိမ်မှာ ကြက်ဥ မစားရတာ ရက်နည်းနည်း ကြာနေပြီ ဖြစ်၏။

ယွမ်ရိက ကြက်ဥကြော် ပန်းကန်ကို ချပြီးတာနဲ့ထမင်းခူးဖို့အတွက် မီးဖိုချောက်ထဲ ပြန်ဝင်သွားတော့သည်။

အဖိုးဆောင်းဟာ ထမင်စားဖို့အတွက် ထိုင်လိုက်ပြီး ကြက်ဥကြော်များကို စိုက်ကြည့်နေသည့် ယွမ်ရွယ်ဂျင်းကို တွေ့လိုက်ရ၍
"ဒါက နှစ်ယောက်စာတည်းရယ်"
လို့ ပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းလည်း နည်းနည်းရှက်သွားပြီးချက်ချင်း အကြည့်လွှဲလိုက်၏။ ထို့နောက် သူက အိမ်ထဲထဲကနေ ထွက်သွားတော့သည်။

အိမ်အပြင်ကို ရောက်ခါနီးမှာ မီးဖိုချောင်ထဲကနေ ထမင်းပန်းကန်များ သယ်လာသည့် ယွမ်ရိနဲ့ ဆုံလိုက်၏။ ယွမ်ရိက ယွမ်ရွယ်ဂျင်းကို လျစ်လျူရှူကာ ကျော်သွားလိုက်သည်။

ယွမ်ရွယ်ဂျင်းလည်း နောက်ပြန်လှည့်ကြည့်ရင်း ယွမ်ရိတို့ ထမင်းစားနေတာကို ငေးလိုက်မိသည်။

ယွမ်ရိဟာ သူမ၏ တူကို ကိုင်၍ ကြက်ဥမွှေကြော်တဖဲ့အား ညှပ်ကာ ပါးစပ်ထဲ ထည့်ရင်း အရသာခံလိုက်၏။

ထိုမြင်ကွင်းကြောင့် ယွမ်ရွယ်ဂျင်းတစ်ယောက် စိတ်ထဲကနေ
'အမ်း၊ သူ့လို ဖားယားတာကလည်း မကောင်းတာတော့ မဟုတ်ဘူး ထင်တယ်'

ထို့သို့သော အတွေး ဝင်လာတာနဲ့ ယွမ်ရွယ်ဂျင်းဟာခေါင်းကို ခါယမ်းလိုက်ပြီး
'ငါ ဘာတွေ လျှောက်တွေးနေတာလဲ။ ဘာလို့ သူ့လိုမျိုး အရှက်မရှိ၊ သူများကို ဖိနပ်လျှက်ပေးရမှာလဲ။ ဒီလို အ‌တွေးတွေ နောက်ထပ် မတွေးမိအောင် နေရမယ်'

ယွမ်ရိနဲ့ အဖိုးဆောင်းတို့ဟာ နေ့လည်စာ စားပြီးတာနဲ့ ခဏ အနားယူခဲ့ကြ၏။ အဖိုးဆောင်းကလည်း ကုလားထိုင်ပေါ်မှာ မှီထိုင်ရင်း အနားယူနေသလို၊ ယွမ်ရိကလည်း စားပွဲပေါ် ခေါင်းတင်၍ ခဏမှေးစက်လိုက်၏။

သူမ အိပ်ပျော်သွားပြီး မကြာခင်မှာ တစ်ယောက်ယောက်၏ အသံကို ကြားလိုက်ရပြီး နိုးလာတော့သည်။ ဒါ့ကြောင့် သူမလည်း ခေါင်းထောင်ကြည့်လိုက်သည့်အခါ အနည်းငယ် ပိန်သွယ်သည့် အမျိုးသမီး တစ်ဦးက
"အပ်ချုပ်ဆရာ ရှိလား။ ကျွန်မရဲ့ဝတ်စုံလေးကို နည်းနည်းပါးပါး ပြင်ဆင်ချင်လို့ပါရှင်"

ယွမ်ရိလည်း မတ်တပ်ရပ်လိုက်ပြီး ထိုအမျိုးသမီးနားကို သွားကာ
"ဆရာက အိပ်နေပါတယ် ရှင့်။ ဘာပြင်ချင်လို့လဲ။ သမီးကို ပြကြည့်ပေးပါလား ရှင့်။ သမီး ပြင်ပေးပါ့မယ်"

ထိုအမျိုးသမီးက ယွမ်ရိကို ကြည့်ကာ
"နင်က အပ်ချုပ်ဆရာရဲ့တပည့်အသစ်မလား။ သင်တာကလည်း ရက်နည်းနည်းပဲ ရှိသေးတယ်လေ။ ဖြစ်ပါ့မလား။ နင့်ဆရာကို သွားခေါ်လိုက်ပါကွယ်"

ယွမ်ရိက‌
"အစ်မရယ်။ သမီးလည်း နည်းနည်းပါးပါးတော့ ပြင်တတ် ဆင်တတ်နေပါပြီ ရှင့်"

အမျိုးသမီးက
"တော်ပါပြီအေ။ နင့်ဆရာကိုသာ ခေါ်ပေးစမ်းပါဟယ်။ ငါ့ ဝတ်စုံက တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ဝတ်ရသေးတဲ့ အသစ်ချွတ်ချွတ်လေး ရှိသေးတာ။တော်ကြာ မတော်လို့ ပျက်စီးသွားမှဖြင့်အေ"

ယွမ်ရိလည်း ပြုံးလိုက်ပြီး
"စိတ်မပူပါနဲ့ အစ်မရယ်။ တကယ်လို့ အစ်မရဲ့ဝတ်စုံပျက်စီးသွားခဲ့ရင် သမီးက အသစ်တစ်စုံ ပြန်လျော်ပေးပါ့မယ်"

"အသစ်တစ်စုံ ဟုတ်လား။ နင် တကယ်ပြောတာလား"
အမျိုးသမီးက မယုံသလို ထပ်မေးလိုက်၏။

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"တကယ်ပြောတာပေါ့ရှင်"

အမျိုးသမီးလည်း ယွမ်ရိ မျက်နှာကို တစ်လှည့် သူမ လက်ထဲက ဝတ်စုံကို တစ်လှည့် ပြန်ကြည့်လိုက်သည်။ ထို့နောက်
"ထားလိုက်ပါတော့။ နင်ပဲ ငါ့ဝတ်စုံကို ပြင်ဆင်ပေးလိုက်တော့။ မြန်မြန်လေးတော့ လုပ်ပေးနော်။င ငါလည်း အလျင်လိုနေလို့"

အမှန်တကယ်တော့ အမျိုးသမီး လက်ထဲက ဝတ်စုံဟာ ဘောင်းဘီတစ်ထည် ဖြစ်၏။ ယွမ်ရိလည်း အမျိုးသမီးလက်ထဲက ဘောင်းဘီကို ယူလိုက်သည်။ အမျိုးသမီး၏ ခြေထောက်များကိုလည်း တိုင်းတာလိုက်သေး၏။

အတိုင်းအတာများကို သေချာစွာ ယူလိုက်ပြီးတဲ့နောက် ဘောင်းဘီအား အတိုင်အတာများနဲ့အညီ ကိုက်ဖြတ်လိုက်၏။ ပြီးသည့်နောက် အပ်ချုပ်စက်ပေါ် တင်၍ အပြီးသတ် ချုပ်‌ရိုးလိုက်ပေးလိုက်တော့သည်။

ပြန်ချုပ်ပြီးသွားတဲ့နောက်မှာ ယွမ်ရိက ဘောင်းဘီအား မီးပူတိုက်သည့်‌ စားပွဲပေါ် တင်လိုက်သည်။မီးပူအိုးထဲ မီး‌ကျီးခဲ နည်းနည်းထည့်ကာ ပူလာအောင် ခဏစောင့်လိုက်၏။ မီးပူ‌အိုး ပူလာတာနဲ့ယွမ်ရိက ဘောင်းဘီအား ခေါက်ရိုးလေးတွေ ညီညီညာညာ ကျိုးတဲ့အထိ သပ်သပ်ရပ်ရပ် တိုက်လိုက်တော့သည်။

ယွမ်ရိ၏ သပ်သပ်ရပ်ရပ် လုပ်ဆောင်မှုတွေ၊ဂရုတစိုက်ဖြင့် မီးပူတိုက်ပေးမှုတွေကို အမျိုးသမီးက ဘေးကနေ မြင်နေခဲ့၏။ ဒါ့ကြောင့် သူမက ပြုံးလိုက်ပြီး ယွမ်ရိအား
"မင်းရဲ့လုပ်ဆောင်မှုတွေက တကယ့်ကို သပ်ရပ်တာပဲ။ ကြည့်ရတာ မင်းက အပ်ချုပ်ဆရာထံကနေကောင်းကောင်းမွန်မွန် သင်ယူခဲ့ရပုံရတယ်"

ယွမ်ရိလည်း အမျိုးသမီး၏ ချီးမွမ်းစကားကြောင့် ပြန်ပြုံးပြလိုက်သည်။ ထို့နောက် မီးပူတိုက်ထားသော ဘောင်းဘီအား ထိုအမျိုးသမီး၏ လက်ထဲ ထည့်လိုက်ကာ
"စမ်း ဝတ်ကြည့်လိုက်ပါဦး ရှင့်"

အမျိုးသမီးလည်း ယွမ်ရိ ပေးသည့်ဘောင်းဘီကို ယူ၍ အခန်းတစ်ခုအတွင်း ဝင်ကာ ဝတ်ဆင်ကြည့်လိုက်၏။ ဘောင်းဘီဟာ သူမ၏ ခြေထောက်များနဲ့ အပိုအလို မရှိ ကွက်တိ တော်နေတာကို သူမ ကြုံတွေ့လိုက်ရတော့သည်။

"ဟယ်။ နင်ချုပ်ပေးတာလေးက တကယ်ပကို ကပ်ကပ်လေးနဲ့ သပ်ရပ်နေတာပဲ။ ချွတ်တောင် မချွတ်ချင်တော့ဘူး။ ဒီအတိုင်းပဲ ဝတ်သွားလိုက်တော့မယ်"

ထို့နောက် သူမက သူမ၏ အင်္ကျီအိတ်ကပ်အတွင်းမှ ငွေ နှစ်ဆင့်ကို ထုတ်ယူလိုက်ကာ
ယွမ်ရိ လက်ထဲကို ထည့်ပေးလိုက်ပြီးတဲ့နောက်
"အဆင်ပြေသွားပြီ‌ဆိုတော့ ငါ ပြန်တော့မယ်နော်။နောက် ချုပ်စရာ တစ်ခုခုရှိလာတဲ့အခါကျရင်ပြန်လာခဲ့ဦးမယ်"

ထိုအမျိုးသမီး ထွက်သွားပြီး မကြာခင်မှာ ယွမ်ရွယ်ဂျင်း ပြန်ရောက်လာတော့သည်။

ယွမ်ရိကတော့ ထိုလူကို လျစ်လျူရှု၍ ခြံထဲကကုလားထိုင်ပေါ် ဝင်ထိုင်လိုက်၏။ ကြောင်းဝါကြီးဟာ ချက်ချင်း သူမ ပေါင်ပေါ် တက်လာတာမို့ သူမလည်း ပွတ်သပ်ပေးလိုက်သည်။

ယွမ်ရွယ်ဂျင်းက သူမအနီးက ဖြတ်သွားတာနဲ့
"နင့် ကြည့်ရတာ တော်တော် အဆင်ပြေနေ‌တာပဲနော်"
လို့ ယွမ်ရိအား ခနဲ့လိုက်၏။

ယွမ်ရိကလည်း ကြောင်ဝါကြီးကို ပွတ်သပ်နေရင်းကနေ
"လူတချို့တော့ မနာလိုတဲ့ အနံ့တွေ ထောင်းထောင်းထနေပြီ"
လို့ ပြန်တုံ့ပြန်လိုက်သည်။

"မင်းကို ဘယ်သူက မနာလို ဖြစ်မှာမို့လို့လဲ"
ယွမ်ရွယ်ဂျင်းဟာ ထိုသို့ ပြောပြီးတာနဲ့ နှာခေါင်း တစ်ချက် ရှုံ့ကာ အတွင်းထဲကို ဝင်သွားတော့သည်။

ယွမ်ရိကတော့ ကြောင်ဝါကြီးကို ပွတ်သပ်ရင်းဖြင့် ကောင်းကင်ကို မော့ကာ တွေးလိုက်မိသည်။
'ဦးလေး ငါးက သန်မာဖြတ်လတ်တဲ့ သူတစ်ယောက်ဆိုတော့ ဒီအချိန်လောက်ဆိုရင် တောင်အောက်က မြို့ကို ရောက်လောက်ပြီ ထင်တယ်'

ယွမ်ချန်းရှန်ဟာ ယွမ်ရိနဲ့ လင်းယောင်တို့ကဲ့သို့ ငယ်ရွယ်တာ မဟုတ်တဲ့အပြင် အားကောင်း သန်မာသည့် အသက်အရွယ်မှာ ရှိတာမို့ နေ့လည်ခင်းမှာပဲ တောင်ခြေမှာ ရှိသည့် မြို့သို့ ရောက်သွားတော့သည်။ သူက လမ်းမှာ အနားယူခြင်း လုံးဝ မရှိခဲ့ပဲ ဆက်တိုက် ခရီးဆက်ခဲ့ခြင်းကြောင့် ယွမ်ရိ တွေးထားတာထက် ပိုပြီး စောစွာ ရောက်သွားခဲ့သည်။

သူက ယွမ်ချီကျီတို့ အိမ်ကို ဘယ်နေရာမှာရှိလဲဆိုတာ မှတ်မိ၍ ယွမ်ရိတို့ကဲ့သို့ လမ်းမေးစရာ မလိုတော့ချေ။ သူက ယွမ်ချီကျီတို့ အိမ်ရောက်ရင် လုပ်ရမယ့် အရာတွေကို လမ်းမှာကတည်းက အစီအစဉ်ချထပြီး ဖြစ်သည်။

နေ့လည်ခင်းမှာ သူ့ယောက်ဖ လျူရှောင်းအား အရင် အကဲခတ်လိုက်မှာ ဖြစ်၏။ ညဘက်ကျမှသာ သူ့အစ်မအား တိတ်တဆိတ် ခေါ်လျက် အနိုင်ကျင့်ခံနေရာတာ ဟုတ်လား၊ မဟုတ်လား မေးမှာ ဖြစ်သည်။

မဟုတ်ပါက လျူရှောင်းကို မှားယွင် စွပ်စွဲမိမှာ စိုးလို့ပင်။

ဒါပေမယ့် ယွမ်ချီကျီတို့ အိမ်ကို ရောက်တော့ တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားတော့၏။

လျူရှောင်ဟာ အိမ်မှာ ရှိသည့် ရေအင်တုံ တစ်ခုအား နေရာရွေ့ဖို့အတွက် ယွမ်ချီကျီကို ခိုင်းနေသည်။ ယွမ်ချီကျီလည်း လေးလံလှသည့် ရေအင်တုံအား မနိုင်မနင်းဖြင့် ရွေ့နေခဲ့၏။ ကံမကောင်းစွာနဲ့ ရေအင်တုံဟာ သူမ လက်ကနေ ချော်ကျကာ ကွဲသွားတော့သည်။

ဒါ့ကြောင့် လျူရှောင်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး ယွမ်ချီကျီ၏ ဗိုက်အား ဆောင့်ကန်လိုက်ကာ
"မင်း။ သောက်သုံးမကျတဲ့ မိန်းမ။ ဒီဟာလေးကို‌တောင်မှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူးလား"

ထိုမြင်ကွင်းကြောင့် ယွမ်ချန်းရှန် တစ်ယောက် သွေးတွေ ဆူပွက်လာကာ ဒေါသတွေ အပြင်းအထန် ထွက်လာတော့သည်။

သူက ဒေါသတကြီးဖြင့် လျူအိမ်၏ တံခါးအား ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး
"လျူရှောင်။‌ ခွေးမသား။ မင်းကို သတ်မယ်"
လို့ အော်လျက် လျူရှောင်း၏ မျက်ခွက်အား ပြေး ထိုးလိုက်တော့သည်။

ရုတ်တရက်မို့‌ လျူရှောင်းလည်း အထိုးခံရပြီး လဲကျသွားတော့သည်။ ယွန်ချန်းရှန်ဟာ လဲကျသွားတဲ့ လျူရှောင်းအား ခြေထောက်များဖြင့်ကန်ကျောက်နေခဲ့၏။

ယွမ်ချီကျီလည်း ရုတ်တရက် ဖြစ်သွားသောအခြေအနေမို့လို့ အထိတ်တလန့် ဖြစ်ကာ ကြောင်အနေခဲ့မိ၏။

ယွမ်ချီကျီ၏ သားအငယ်ဟာ ဆူဆူညံညံ အသံများကြောင့် အပြင်ကို ပြေးထွက်လာခဲ့ပြီး သူ့အဖေ အထိုးခံနေရတာကို မြင်တော့ အော်ဟစ်ငိုကြွေးတော့သည်။

ထိုအခါမှာ ယွမ်ချီကျီလည်း ကြောင်အ,နေရာကနေသတိ ပြန်ဝင်လာပြီး ယွမ်ချန်းရှန်းအား
"မောင်လေး ငါး။ ရပ်လိုက်ပါတော့။ ဆက်မထိုးပါနဲ့တော့"

ဒေါသတွေ ထွက်ကာ သွေအရမ်းဆူနေတဲ့ ယွမ်ချန်းရှန်ကတော့ သူ အစ်မ စကားကို နားမယောင်တော့ပဲ လျူရှောင်းကို အဆက်မပြက် ထိုးနှက်နေခဲ့သည်။အချိန်တစ်ခု ကြာတဲ့အထိ ထိုးနှက်ပြီးတဲ့နောက်မှာ ယွမ်ချန်ရှန်က ထိုးနှက်နေတာကို ရပ်လိုက်ပြီး အိမ်ထဲ ဝင်သွားတော့သည်။

မကြာခင်မှာ သူ့လက်ထဲ၌ ခပ်တုတ်တုတ် တုတ်တစ်ချောင်း ကိုင်လျက် ပြန်ထွက်လာတော့သည်။

ယွမ်ချီကျီ၏ အကြည့်အောက်မှာ ယွမ်ချန်းရှန်ဟာ လဲကျနေသည့် လျူရှောင်းအား လက်ထဲက တုတ်ဖြင့် ရိုက်နှက်လိုက်ပြန်တော့သည်။

သူမ၏ သားကလည်း ငိုယို‌နေခဲ့သလို ယွမ်ချီကျီ ကိုယ်တိုင်လည်း သူမ ရှေ့က မြင်ကွင်းအား မယုံနိုင်ခြင်းပေါင်း များစွာဖြင့် ကြည့်နေခဲ့၏။

ယွမ်ချန်းရှန်လည်း အချက်ရေ တော်တော်များများ ရိုက်နှက်ပြီးတဲ့နောက် လျူရှောင်းအား
"မင်းက ဘာကိစ္စနဲ့ ငါ့ အစ်မကို အနိုင်ကျင့်ရတာလဲကွ။ မင်းဆိုတဲ့ ကောင်ကို ငါ သတ်ပစ်ချင်နေတာနော်။ ငါ့ အစ်မနဲ့ ငါ့‌ တူတွေ မျက်နှာကြောင့်မို့လို့ကွာ၊ တောက်"

လျူရှောင်းကတော့ ဘာမှပြန်မပြောနိုင်ပဲ နာကျင်မှုဒဏ်ကြောင့် မြေပြင်ပေါ်မှာ လူးလှိမ့်နေတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now