Chapter 47.2

950 113 0
                                    

အပိုင်း - ၄၇.၂

ရဲ့ချူးဝမ်က ယွမ်ချူးယန်၏ကုတင်ဆီလျှောက်လာပြီး
"လာပါဟာ။ အောက်ကိုသွားရအောင်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အမဘဲဟာကို"
ဟု ဖျောင်းဖျလိုက်၏။

ဒါပေမယ့် ယွမ်ချူးယန်ကတော့ ခေါင်းမာနေဆဲပင်။
"တော်ပါပြီဟာ။ ငါမလိုက်ချင်ဘူး"

အမှန်လည်း ယွမ်ချူးယန်တစ်ယောက် မကျေမနပ်ဖြစ်နေခဲ့တာပင်။

သူတို့အိမ်၏အပေါ်ထပ်မှာ အခန်းသုံးခန်းရှိသည့်အတွက် သူတို့ညီအမသုံးယောက်ဟာ တစ်‌ယောက်တစ်ခန်းယူကြခြင်းဖြစ်သည်။ ဒါပေမယ့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့က ယွမ်ရိကို သွားခေါ်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် ယွမ်ရိကို ယွမ်ချူးရွယ်နဲ့တစ်ခန်းတည်းထားဖို့ သူမတို့ ဆုံးဖြတ်ခဲ့ကြ၏။

ဒါပေမယ့် လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်လောက်က သူမတို့ဟာ သူမတို့၏ဖခင်ထံကနေ  ယွမ်ရိသာမက၊ ဝမ်းကွဲယွမ်ကျဲကိုပါ ခေါ်လာခဲ့တာမို့ သူမအတွက် နေရာစီစဉ်ထားနှင့်ဖို့အတွက် အကြောင်းကြားချက်တစ်ခု ရရှိခဲ့၏။

ယခင်တုန်းက သူမတို့၏အရင်အိမ်ဟောင်းဟာ သိပ်မကြီးသည့်အတွက် သူမနဲ့ယွမ်ချူးရွယ်တို့ကတစ်ခန်းကို အတူတူမျှသုံးခဲ့ကြရသည်။ သူမဟာ အမကြီးရဲ့ချုးဝမ်ကဲ့သို့ ကိုယ်ပိုင်အခန်းတစ်ခန်းကို လိုချင်နေခဲ့တာပင်။

ထိုအိပ်မက်လေးဟာ လွန်ခဲ့သည့် နှစ်‌ပိုင်းလောက်ကပြည့်ဝခဲ့ပြီး အခုအိမ်သစ်သို့ ပြောင်းလာပြီးသည့်နောက်မှာ ကိုယ်ပိုင်အခန်းကို သူမရရှိခဲ့၏။ ဒါပေမယ့် ဘယ်သူထင်ခဲ့မှာလဲ။ ထိုအိပ်မက်လေးက တခဏတာဘဲကြာလိမ့်မယ်ဆိုတာကို။ အခုတော့ သူမဟာ ယခင်အိမ်ဟောင်းတုန်းက ကဲ့သို့ပင် ယွမ်ချူးရွယ်နဲ့အတူတူ တစ်ခန်းတည်းပြန်မျှသုံးရတော့မှာဘဲဖြစ်သည်။

သူမတကယ်ဘဲ သူမမိဘတွေကို နားမလည်နိုင်တော့ပေ။ ယွမ်ရိကိုဘဲ ခေါ်လာရင် ပြီးပြီလေ။ ဘာကိစ္စနဲ့များ ဝမ်းကွဲကိုခေါ်လာရတယ်မသိဘူး။ ဒါ့ကြောင့်လည်း ယွမ်ချူးယန်၏စိတ်ထဲ မကျေမနပ်ဖြစ်နေခြင်းပင်။

ရဲ့ချူးဝမ်က
"နင်မလိုက်ဘူဆိုရင် ငါတို့အောက်ဆင်းတော့မယ်နော်"
ဟု ပြောလိုက်သည်။

ယွမ်ချူးယန်ကတော့ စာဖတ်နေရာကနေ ခေါင်းပင်ထောင်မလာခဲ့။

ဒါ့ကြောင့်မို့ ရဲ့ချူးဝမ်လည်း ယွမ်ချူးရွယ်ကို ခေါ်၍ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

အောက်ထပ်ကိုရောက်တဲ့အခါမှာ သူမတို့နှစ်ယောက်က ယွမ်ရိ၊ ယွမ်ကျဲနဲ့ဖန်းရှုံးယန်ထံမှ အဝတ်ထုပ်များကို ဝိုင်းသယ်ကာနေရာချထားပေး၏။ ရဲ့ချူးဝမ်က အမကြီးတစ်ဦးပီပီ ယွမ်ရိနဲ့ယွမ်ကျဲကို နွေးနွေးထွေးထွေးပြုံးပြကာ
"ရှောင်ရိ၊ ရှောင်ကျဲ။ ခရီးရှည်ကြီးထွက်လာရတော့ ပင်ပန်းနေကြမှာဘဲ။ အေးအေးဆေးဆေးထိုင်ပြီး အနားယူကြဦး"
ဟု ပြောလိုက်သည်။

ထို့နောက်သူမက ယွမ်ချူးရွယ်ကိုကြည့်ကာ
"ချူးရွယ်။ အမေတို့အတွက် သောက်စရာလေးတစ်ခုခု‌သွားဖျော်ခဲ့ချေ"
ဟု ပြောလိုက်၏။

ဖန်းရှုံးယန်က
"ခရီးသွားရတာ မလွယ်ပါဘူးကွယ်။ ကားစီးလိုက်ရ၊ ရထားစီးလိုက်ရနဲ့ ဒါတောင် လမ်းလျှောက်ရတာတွေမပါသေးဘူး။ လူတစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေတာဘဲကွယ်"
ဟု ညီးညူလိုက်၏။

ရဲ့ချူးဝမ်ကလည်း သူ့အမေ၏ခရီးဆောင်အိတ်ကို သယ်လာပြီး
"ဟုတ်တာပေါ့။ သွားတာကလည်း တောင်ပေါ်ဒေသ‌ဆိုတော့ လမ်းခရီးက နည်းနည်းပါးပါးတော့ ကြမ်းမှာဘဲလေ"

ထို့နောက်သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့ကိုကြည့်လိုက်ပြီး
"လာကြလေ။ ဧည့်ခန်းထဲမှာ အေးအေးဆေးဆေးသွားနားကြရအောင်"

ယွမ်ရိနဲ့ယွမ်ကျဲလည်း ဖန်းရှုံးယန်နဲ့ရဲ့ချူးဝမ်တို့၏နောက်ကနေလိုက်ကာ အိမ်ထဲကို ဝင်ခဲ့ကြသည်။ အိမ်အတွင်းထဲမှ ဧည့်ခန်းထဲကို ရောက်တာနဲ့ အထုပ်အပိုးတွေကိုချကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြ၏။

ယွမ်ချူးရွယ်ဟာလည်း သောက်စရာခွက်တချို့တင်ထားသည့် ဗန်းလေးကိုယူကာ ဧည့်ခန်းထဲဝင်လာခဲ့သည်။ ထိုခွက်တွေကို ယွမ်ရိ၊ ယွမ်ကျဲနဲ့ဖန်းရှုံးယန်တို့ရှေ့ချပေးပြီးတာနဲ့ သူမလည်း ဆိုဖာပေါ် ဝင်ထိုင်လိုက်တော့သည်။

အနည်းငယ်ခရီးပန်းနေသော မျက်နှာဖြင့် ဖန်းရှုံးယန်က ယွမ်ရိနဲ့ယွမ်ကျဲကို ရဲ့ချူးဝမ်နဲ့ယွမ်ချူးရွယ်တို့ဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ရှောင်ရိ၊ ရှောင်ကျဲ။ ဒီဘက်က အကြီးဆုံးအမကြီး ရဲ့ချူးဝမ်လို့ခေါ်တယ်။ ဟိုဘက်ကတစ်ယောက်တော့ ခြောက်ယောက်မြောက်ညီမလေး ယွမ်ချူးရွယ်တဲ့။ မှတ်ထားကြနော်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖေဖေးမမနေကြ"

ယွမ်ရိလည်း ရဲ့ချူးဝမ်ကို သေချာအကဲခတ်လိုက်၏။
'ဆိုတော့ ဒါက အဓိကဇာတ်လိုက်အမျိုးသမီးပေါ့လေ'
သူမက စိတ်ထဲကနေ အကဲခတ်လိုက်ပြီး ပြုံးပြလိုက်ကည
"မင်္ဂလာပါ"
ဟုနှုတ်ဆက်လိုက်သည်။

ရဲ့ချူးဝမ်ဟာ သူမထက် လအနည်းငယ်ခန့်သာ အသက်ကြီးသော်လည်း ရဲ့ချူးဝမ်၏ရင့်ကျက်တည်ကြည်ပြီး လေးလေးနက်နက်ပြောဆိုဟန်တွေကြောင့် သူမနဲ့ရဲ့ချူးဝမ်ကြား နှစ်နှစ်၊ သုံးနှစ်လောက်အသက်အရွယ်ကွာဟသလို ယွမ်ရိခံစားလိုက်ရသည်။

ဒါ့အပြင် ရဲ့ချူးဝမ်ဟာ အသားအရည်က ဖြူ‌ဖြူဖွေးဖွေးလေးဖြင့် ရုပ်ရည်ရူပကာကလည်း လှပလှပေသည်။ သူမ၏ဟန်အမူအရာများကလည်း တကယ်ကိုအိန္ဒြေအပြည့်ဖြင့်ပင်။

ရဲ့ချူးဝမ်ကလည်း ယွမ်ရိကို ညင်သာစွာပြန်ပြုံးပြလိုက်ပြီး
"မင်္ဂလာပါ"
ဟု ပြန်နှုတ်ဆက်လိုက်၏။

ထို့နောက် သူမက သူမ၏ဖြူဖွေးနေသောပုလဲသဏ္ဌာန်သွားများ ပေါ်သည်အထိပြုံးကာ
"သက်တောင့်သက်သာနေကြနော်။ ကိုယ့်မိသားစုဝင်အချင်းချင်းတွေဘဲဟာကို။ တအားကြီးယဉ်ကျေးနေစရာ မလိုဘူးရယ်"

ထိုစကားကြောင့် ယွမ်ရိလည်း စားပွဲပေါ်က သောက်စရာခွက်ကို ယူလိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးကာ
"ကောင်းပြီ။ အဲ့တာဆိုရင် ယဉ်ကျေးမနေတော့ဘူး"
ဟု ပြောလိုက်သည်။

ယွမ်ရိ၏စကားကြောင့် ရဲ့ချူးဝမ်၏အပြုံးတွေဟာ အေးခဲသွားတော့သည်။

ဖန်းရှုံးယန်ကလည်း ယွမ်ရိအနေနဲ့ စကားကို အခုလို ပြောမယ်လို့ မျှော်လင့်မထားခဲ့ပေ။ ဒါ့ကြောင့် သူမက သူမ၏သမီးကြီးအား အားနာစွာတချက်ကြည့်လိုက်၏။ပြီးမှ ယွမ်ရိဘက်ကိုလှည့်ကာ
"ရှောင်ရိ။ ချူးဝမ်က သမီးရဲ့အမကြီးနော်။ ကိုယ့်အမနဲ့စကားပြောတဲ့အချိန်မှာ စကားကိုအခုလိုမျိုးမပြောရဘူး"
ဟု ဆုံးမလိုက်သည်။

ယွမ်ရိဟာ ရဲ့ချူးဝမ်ကို မမြင်တွေ့ရခင်အထိ အိမ်ကလူတွေနဲ့ ပြဿနာမဖြစ်စေဘဲ သဟဇာတဖြစ်အောင်နေမည်ဟု ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ရဲ့ချူးဝမ်နဲ့တွေ့ပြီး သူမ၏စကားတွေကိုကြားလိုက်တာနဲ့ သူမစိတ်ထဲအကြောင်းအရင်းမရှိ ဒေါသတွေတပုံကြီးထွက်လာကာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှု လွတ်သွားခဲ့သည်။

မူလယွမ်ရိ၏မကျေနပ်မှုတွေ၊ ဒေါသတွေက ရဲ့ချူးဝမ်နဲ့တွေ့ပြီးသည့်နောက်မှာ ပိုပြီး အုံကြွလို့လာ၏။

တဖြည်းဖြည်းတိုးပွားလာသည့် မကျေနပ်စိတ်များကြောင့် ယွမ်ရိလည်း စိတ်မထိန်းနိုင်တော့ဘဲ
"သမီးက တောင်ပေါ်မှာဘဲ အနေများခဲ့တော့ စကားပြောသိပ်မတတ်ဘူး။ ယဉ်ယဉ်ကျေးကျေးပြောဖို့ သင်ပေးမယ့်သူမရှိတာကြောင့်လည်း စကားကို ဘယ်လို ယဉ်ယဉ်ကျေးကျေးပြောရမလဲဆိုတာကို သမီးမသိဘူး"
ဟု ပြန်ပြောမိလိုက်တော့သည်။

ထိုစကားကြောင့် ဖန်းရှူံးယန်၏မျက်နှာပေါ်တွင် စိတ်မကောင်းမှုများစွာ ဖြစ်ပေါ်လာပြီး သေသံအေးအေးလေးဖြင့်
"ရှောင်ရိရယ်။ အမေတို့မှာ အချိန်တွေအများကြီးရှိပါသေးတယ်ကွဲ့။ အမေတို့ တဖြည်းဖြည်းချင်း သင်ယူရင်း ရင်းနှီးလာကြမှာပါကွယ်။ ပြီးတော့ မင်းရဲ့အမအကြီးဆုံးကလည်း.........."

"သူက သမီးရဲ့အမအရင်းမဟုတ်ဘူး"
ယွမ်ရိက ရဲ့ချူးဝမ်နဲ့ပတ်သက်တာမှန်သမျှ ဘာမျှမကြာချင်၍ ဖန်းရှုံးယန်၏စကားကို ဖြတ်ပြောလိုက်တော့သည်။

ယွမ်ရိဟာ သူမကိုယ်သူမ မှားနေမှန်းသိပေမယ့် ထိန်းချုပ်လို့မရခဲ့ပေ။ ဒါ့ကြောင့် သူမက သူမအမေကိုကြည့်ကာ
"ဒီမိသားစုမှာ သမီးက အမအကြီးဆုံးဘဲ"
ဟု တစ်ခွန်းတည်းပြောချလိုက်တော့၏။

ထိုသို့ပြောခံလိုက်ရသည့်တိုင်အောင် ရဲ့ချူးဝမ်၏မျက်နှာပေါ်မှာ အပြုံးပန်းများက ပျောက်ကွယ်မသွားခဲ့ပေ။

ယွမ်ချူးရွယ်ကတော့ ယွမ်ရိကိုဘဲ တအံ့တ‌ဩငေးမောနေခဲ့သည်။ သူမစိတ်ထဲ သူမ၏ဒုတိယအမအား အခုလိုမျိုး စိတ်ဆက်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
'အိုက်ယာ။ သူက ဒုတိယအမ မဖြစ်ချင်ဘဲ အမကြီးလို့ ပြောထားတာဘဲ။ ဒါနဲ့ ရွာကတက်လာတဲ့သူတွေက နုံအကြတယ်ဆို။ အခုကျတော့ အမကြီးက ဘာလို့ နုံ့နုံ့အအဖြစ်မနေရတာလဲ'

သူမက တိတ်တဆိတ်ဖြင့် စကားဝိုင်းအား ငြိမ်သက်စွာနားထောင်နေလိုက်တော့သည်။

"ဪ။ ဒီမိသားစုရဲ့ သမီးအကြီးဆုံးက ဘယ်သူလဲဆိုတာ ငါဆုံးဖြတ်ပေးရမလား"
ထိုအချိန်မှာဘဲ ယွမ်ချူးယန်က အပေါ်ထပ်လှေကာကနေ တဆစ်ချင်းဆင်းလာရင်း အထက်ပါစကားများကို ပြောလိုက်၏။

ယွမ်ချူးရွယ်လည်း အပေါ်ထပ်က ဆင်းလာသည့် သူ၏လေးယောက်မြောက်အမကို ကြည့်ရင်း
'ကောင်းရော။ ပွဲကတော့ ပိုလှတော့မယ်'
ဟု စိတ်ထဲကနေ တွေးလိုက်မိတော့သည်။

ယွမ်ချူးယန်က ရဲ့ချူးဝမ်၏ဘေးမှာ ဝင်ထိုင်လိုက်ပြီး ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက်လုံးကို အထက်အောက် စုံဆန်ကြည့်လိုက်၏။
ပြီးတော့ ယွမ်ရိကိုကြည့်ကာ
"နင့်ကိုကြည့်ရတာ အရင်နေရာမှ အကြီးဆုံးအမကြီးဖြစ်ခဲ့ပုံဘဲ။ အဲ့မှာဖြစ်ခဲ့ရုံလေးနဲ့ ဒီမှာလာပြီး အာကျယ်မနေနဲ့"
လို့ ပြောလိုက်သည်။

ယွမ်ရိလည်း ထိုမိန်းကလေးအား မျက်လုံးမှေးလျင်ကြည့်ပြီး ပြုံးလိုက်ကာ
"နင်က ယွမ်ချူးယန်ဆိုတဲ့ တစ်ယောက်မလား"
လို့ မေးလိုက်၏။

ယွမ်ချူးယန်ကလည်း ယွမ်ရိကို စူးစူးရဲရဲပြန်ကြည့်ကာ
"နင်ကရော ယွမ်ရိလား။ ယွမ်ကျဲလား"
ဟု ပြန်မေးလိုက်သည်။

ယွမ်ရိက ခေါင်းမော့က
"ငါက အကြီးဆုံးအမယွမ်ရိဘဲ"
ဟု ပြန်တုံ့ပြန်လိုက်တော့သည်။

ထိုအခါ ယွမ်ချူးယန်က ခပ်သော့သော့လေးရယ်လိုက်ပြီး
"ငါတို့ရဲ့ အမအကြီးဆုံးအဖြစ် အမ 'ရဲ့ချူးဝမ်'ကိုဘဲ လက်ခံတာ"

ယွမ်ရိလည်း လှောင်ပြုံးတစ်ခုဆင်မြန်းလိုက်ပြီး
"ဪ။ ဒါနဲ့ သူတို့နဲ့က မျိုးရိုးမတူဘူးနော်။ သူတို့က ရဲ့မျိုးရိုးဖြစ်ပြီး နင်ကယွမ်မျိုးရိုးလေ။ ဘယ်လိုဖြစ်ပြီး ညီအမတော်သွားရတာ‌တုန်း"

ယွမ်ရိပါးစပ်မှ ထိုမေးခွန်းထွက်လာတာနဲ့ အပြုံးမပျက်သည့် ရဲ့ချူးဝမ်တစ်ယောက် မျက်နှာ သိသိသာသာပျက်သွားတော့သည်။ ထို့နောက် ဧည့်ခန်းအတွင်းကနေ အပေါ်ထပ်သို့ ပြေးထွက်သွားတော့၏။

ယွမ်ချူးရွယ်က ပြေးထွက်သွားသည့် ရဲ့ချူးဝမ်ကိုကြည့်ပြီး
"အကြီးဆုံးအမကြီးကြည့်ရတာ ငိုတော့မယ်ထင်တယ်။ အယ်၊ မှားလို့ အမချူးဝမ်ကို ကြည့်ရတာငိုတော့မယ်ထင်တယ်"
ဟု ရေရွတ်လိုက်၏။

ယွမ်ချူးယန်လည်း သူ့ခြောက်ယောက်မြောက်ညီမ၏ရေရွတ်သံကြောင့် ရုတ်တရက် ဘာပြောရမှန်းမသိတော့ချေ။

ဖန်းရှုံးယန်ကလည်း တဖက်မှာ သူတို့နဲ့သံယောဇဉ်အကြာကြီး ငြိတွယ်လာခဲ့ရသည့်‌မွေးစားသမီးဖြစ်သလို၊ တဖက်မှာလည်း သူမတို့အချိန်အကြာကြီးပစ်ထားမိခဲ့သည့် သမီးအရင်း။ ထိုနှစ်ဦးကြားမှာ သူမ ဗျာများနေရတော့သည်။ ဒါ့ကြောင့် သူမဟာ ဘာဝင်ပြောလို့ပြောရမှန်းလည်း ခေါင်းထဲ မတွေးမိတော့ချေ။

ယွမ်ချူးယန်က
"ရဲ့ပဲဖြစ်ဖြစ်၊ ယွမ်ပဲဖြစ်ဖြစ် ငါတို့က ညီအမတွေဘဲ။ ဒါလေးကိုတောင်မှ နင်မသိဘူးလား"
ဟု ခနဲ့လိုက်၏။

ယွမ်ရိကလည်း အလျော့မပေးဘဲ
"သေချာတာပေါ့။ ငါက အရင်က တောမှာနေလာတာဆိုတော့ အခုလို မျိုးရိုးမတူလည်း ညီအမတွေဖြစ်နိုင်တာကို သိမထားတာက ပုံမှန်ဘဲလေ"
ဟု ပြောရင် ပြန်ခနဲ့လိုက်သည်။

ယွမ်ရိလည်း ထိုစကားကိုပြောပြီးတာနဲ့ မတ်တပ်ထရပ်လိုက်ကာ သူမအမေဘက်ကိုလှည့်ပြီး
"အမေ။ သမီးပင်ပန်းလို့ နားချင်နေပြီ။ သမီးဘယ်မှာနေရမလဲ"
ဟု မေးလိုက်၏။

ထိုအခါမှ ဖန်းရှုံးယန်က
"ဪ။ သမီးက အပေါ်ထပ်မှာနေရမှာလေ။ သမီးတို့ ညီအမတွေအကုန်လုံးအပေါ်ထက်မှာ နေရမှာကွဲ့"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး ဘေးမှာထိုင်နေသည့် ယွမ်ကျဲအား
"လာ။ ငါတို့သွားနားကြစို့"
ဟု ပြောကာအိမ်အပေါ်ထပ်ကို တက်လာခဲ့သည်။

ယွမ်ကျဲဟာ အိမ်ကိုရောက်ကတည်းက အပြောင်းလဲကြီးပြောင်းလဲသွားသည့် ယွမ်ရိကြောင့် အံ့အားသင့်တုန်လှုပ်နေခဲ့ရ၏။ ဒါပေမယ့် သူမမှာအားကိုးစရာဟူ၍ ယွမ်ရိဘဲ ရှိတာမို့ ယွမ်ရိစကားကို နားထောင်ကာ အထုပ်အပိုးတွေကိုသယ်လျက် ယွမ်ရိနောက်ကနေ အပေါ်ထပ်ကို တက်လာလိုက်တော့သည်။

ဖန်းရှုံးယန်ကလည်း ရှောင်ရိနဲ့ရှောင်ကျဲအား နေရာချထားပေးဖို့အတွက် အပေါ်ထပ်ကို အတူတူတက်လာခဲ့၏။

ယွမ်ချူးယန်ကတော့ ယွမ်ရိ၏အနိုင်းပိုင်းကာ စကားဖြတ်သွားမှုကြောင့် အံ့အားသင့်ကြောင်အသွား၏။ သူမသတိပြန်ဝင်လာချိန်မှာတော့ ယွမ်ရိက အပေါ်ကိုတက်သွားပြီဖြစ်သည်။ ဒါ့ကြောင့် သူမက ဒေါသထွက်စွာဖြင့်
"အပြုအမူတွေက အရမ်းရိုင်းတာဘဲ"
ဟု ယွမ်ရိအပေါ် မှတ်ချက်ချလိုက်ပြီး အပေါ်ကို လိုက်တက်သွား၏။

ယွမ်ချူးရွယ်ဟာလည်း ဘာတွေဆက်ဖြစ်မည်ဆိုတာကို သိချင်၍ အပေါ်ကိုဘဲ လိုက်တက်လာခဲ့တော့သည်။

ယွမ်ရိဟာ အပေါ်ထပ်ကိုရောက်တာနဲ့ အခန်းသုံးခန်းကိုတွေ့လိုက်ရသည်။ အခန်းတစ်ခုအတွင်းမှ ငိုရှိုက်သံသဲ့သဲ့ကြားလိုက်ရတာမို့ ထိုအခန်းက ရဲ့ချူးဝမ်၏အခန်းမှန်း သူမသိလိုက်သည်။ ဒါ့ကြောင့် ထိုအခန်းကို ကျော်ကာအနီးဆုံးအခန်းအတွင်းကို ဝင်ပြီး အထုပ်တွေကို နေရာချလိုက်တော့သည်။

အောက်ထပ်ကနေ လိုက်တက်လာသည့် ယွမ်ချူးယန်က ထိုအချင်းအရာကို မြင်လိုက်တာကြောင့် ယွမ်ရိဝင်သွားသည့် အခန်းဝရှေ့မှာရပ်ကာ
"ဟဲ့။ ဒါ ငါ့အခန်း။ နင်တခြားအခန်းကိုသွား"
လို့ ပြောလိုက်၏။

ယွမ်ရိလည်း ယွမ်ချူးယန်ကို စိုက်ကြည့်ကာ
"နင်က ရဲ့ချူးဝမ်ကိုအမကြီးအဖြစ် လက်ခံတယ်မလား။ သူတောင်မှ ကောင်းတဲ့အခန်းမှာနေသေးတာဘဲ။ ငါ့လို နင့်ထက်ကြီးတဲ့အမက ဘာလို့ ဒီအခန်းမှာ‌မနေရမှာလဲ"
ဟု ပြန်တုံ့ပြန်လိုက်၏။

ယွမ်ချူးယန်က
"အဲ့တာက တူမလားဟဲ့။ ဘာပဲဖြစ်ဖြစ် ဒါငါ့အခန်းဘဲ။ နင်တို့ အခုထွက်ပေးကြ"
ဟု စိတ်ဆိုးစွာ အော်ပြောလိုက်သည်။

ယွမ်ရိကတော့ ယွမ်ချူးယန်နဲ့ယှဉ်မပြောချင်တော့၍ အခန်းဝကို လာကာ အခန်းတံခါးကို ဆောင့်ပိတ်ကာ အတွင်းမှ ဂလန့်ချထားလိုက်တော့သည်။

ယွမ်ရိ လုပ်ရပ်ကြောင့် ယွမ်ချူးယန်လည်း ဒေါသထွက်ကာ တံခါးကို ဆောင့်ကန်လိုက်သည်။ သူမက ဖန်းရှုံးယန်ဘက်ကိုလှည့်ကာ
"အမေ။ ကြည့်ပါဦး။ အဲ့ကောင်မက အရမ်းလူပါးဝတာပဲ အမေရယ်"
ဟု ညီးညူလိုက်သည်။

ဖန်းရှုံးယန်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ချေ။ တစ်ဖက်မှာလည်း ယွမ်ရိဟာ သူမတို့နဲ့အကြာကြီးအတူတူမနေခဲ့ရတာကို တွေးမိပြီး သက်ပြင်းချကာ
"ချူးယန်။ သမီးအမကို အလျော့ပေးလိုက်ပါကွယ်။ သမီးနဲ့ချူးရွယ်တို့က အခြားအခန်းတစ်ခုမှာဘဲ နေလိုက်ကြနော်။ သမီးက လိမ္မာပါတယ်ကွယ်"
ဟု ဖျောင်းဖျလိုက်၏။

ဒါပေမယ့် ယွမ်ချူးယန်ကတော့ ခေါင်းတွေခါကာ
"မလိုချင်ဘူး။ သမီးဒီအခန်းကိုဘဲ လိုချင်တယ်"

ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်က
"လေးယောက်မြောက်အမ။ နင် ငါနဲ့ဟိုအခန်းမှာ အတူတူမနေချင်ရင် အမကြီးချူးဝမ်နဲ့အတူတူနေလိုက်ပါ့လား။"
ဟု ဝင်ပြောလိုက်သည်။

ဒေါသမီးလောင်နေသည့် ယွမ်ချူးယန်ဟာ ယန်ချူးရွယ်၏စကားကြောင့် စိတ်ပြေမသွားသည့်အပြင် ပိုပြီး စိတ်တိုလာတာမို့လို့ သူမဒေါသတွေကို ယွမ်ချူးရွယ်အပေါ် ပုံချလိုက်တော့သည်။
"နင်သေချင်နေတာလား။ ကိုယ့်နေရာကိုယ်နေတာမဟုတ်ဘူး။ အရမ်းလျှာ‌ရှည်တာဘဲ"

ထိုစကားကြောင့် ယွမ်ချူးရွယ်သည်လည်း ဒေါသထွက်သွားကာ
"ဟမ့်။ နင်ကမှ သေချင််နေတာ"
ဟု ပြန်ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now