Chapter 52.2

984 123 0
                                    

အပိုင်း - ၅၂.၂

ဒီနေ့ နေ့လည်ခင်းမှာတော့ ထမင်းစားဖို့အတွက် ယွမ်ချန်းဖူက စစ်တပ်ကနေ ပြန်မလာခဲ့ပေ။ ရဲ့ချူးဝမ်သည်လည်းဘဲ ကျောင်းကနေ ပြန်မလာခဲ့ပေ။ ဒါ့ကြောင့် ထမင်းဝိုင်းလေးမှာ လူရှစ်ယောက်ဘဲရှိနေ၏။

အာကျယ်ကောင်ယွမ်ဟောင်ဂျန်၏ တရစပ်စကားပြောသံများမှလွဲ၍ မိသားစုထမင်းဝိုင်းလေးက တိတ်ဆိတ်လို့နေပါသည်။

အကုန်လုံး ထမင်းစားလို့ ပြီးခါနီးမှာဘဲ ယွမ်ချူးယန်က ယွမ်ချူးရွယ်ကိုကြည့်ကာ
"ဟဲ့။ ကျောင်းတုန်က နင်‌မိတ်ကပ်ဗူးတစ်ဗူးကိုင်ထားတာကို ငါမြင်လိုက်တယ်။ နင်အိမ်က ငွေတွေနဲ့ ခိုးပြီးဝယ်ထားတာမလား"
ဟု အကုန်လုံးကြားသွားအောင် မေးလိုက်၏။

ထိုအခါ ယွမ်ချူးရွယ်က
"အဲ့မိတ်ကပ်ဗူးက အမ‌ယွမ်ရိက ငါ့အတွက်‌ဝယ်ပေးတာလေ"
ဟု ပြန်ပြောလိုက်၏။

ဖန်းရှုံးယန်ကလည်း နားမလည်သဖြင့်
"ဘာမိတ်ကပ်ဗူးလဲ"
ဟု မေးလိုက်၏။

ယွမ်ချူးယန်လည်း ထမင်းစား စားပွဲကနေ ထကာ ယွမ်ချူးရွယ်၏ လွယ်အိတ်အား သွားယူလိုက်ပြီး အတွင်းမှ မိတ်ကပ်ဗူးကို လူတွေရှေ့ထုတ်ပြလိုက်ကာ
"ဒီဟာဘဲ။ ဒီမိတ်ကပ်ဗူးက တကယ်ဈေးကြီးတာနော်။ အမေ။ ယွမ်ချူးရွယ်က သေချာပေါက် အိမ်ကငွေတွေခိုးပြီး ဝယ်ထားတာဖြစ်ရမယ်"
ဟု သူမထင်မြင်ချက်ကိုဘဲ တဇောက်ကန်း ပြောနေခဲ့သည်။

တဖက်သတ်ငြင်းနေသည့် ယွမ်ချူးယန်ကြောင့် ယွမ်ရိသည်လည်း စကားဝိုင်းအတွင်း ဝင်ပါ‌လိုက်၏။
"အဲ့တာက ချူးရွယ်အတွက် ငါဝယ်ပေးတာလေ။ဘာကိစ္စစရှိလို့လဲ"

ထိုအခါလယွမ်ချူးယန်၏ အကြည့်များက ယွမ်ရိထံရောက်လာကာ
"ဒါဆိုရင် နင်ကရော ဘယ်နေရာကများ ငွေတွေရခဲ့တာမို့လို့တုန်း"
ဟု မေးလိုက်၏။

ယွမ်ရိလည်း ယွမ်ချူးယန်ကို ပြန်စိုက်ကြည့်ရင်း
"အဲ့တာက အဖွားပေးလိုက်တာလေ"

"ဘယ်လို အဖွားက နင့်ကို ငွေတွေပေးလိုက်တယ်ဟုတ်လား"
ယွမ်ချူးယန်က အံ့အားတကြီးမတ်တပ်ရပ်ရင်းထအော်၏။

ဖန်းရှုံးယန်လည်း သူမ၏လေးယောက်မြောက်သမီးကို စိတ်ပျက်သလိုကြည့်ကာ
"ယွမ်ချူးယန်။ ငြိမ်ငြိမ်ထိုင်ပြီး ကိုယ့်ထမင်းကိုယ်စားတော့။ ပြီးတော့ အိမ်မှာလည်း ငွေတွေပျောက်တာမျိုး မရှိတာမို့ ကိုယ့်ညီမလေးအပေါ် မဟုတ်ကဟုတ်ကတွေ မစွပ်စွဲနဲ့"
ဟု ဆူပူလိုက်တော့သည်။

ဒါ့ကြောင့် ယွမ်ချူးယန်လည်း ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ပြန်ထိုင်ကာ ထမင်းကိုဘဲ ငုံ့စားနေလိုက်တော့သည်။ ဒါပေမယ့် သူမစိတ်ထဲမှာတော့ မနာလိုမှုတွေအပြည့်ဖြစ်‌တည်နေ၏။

မိသားစုအတွင်းမှာ မိန်းကလေးငါးယောက်ရှိပြီး သူမအမကြီးဖြစ်သူရဲ့ချူးဝမ်ထံမှာလည်း မိတ်ကပ်ဗူးတစ်ဗူးရှိနေတာကို သူမသိပေသည်။ အခု ယွမ်ချူးရွယ်ထံမှာလည်း ယွမ်ရိဝယ်ပေးထားတာကြောင့် မိတ်ကပ်ဗူးတစ်ဗူးရှိနေ၏။ ယွမ်ရိနဲ့ယွမ်ကျဲထံမှာလည်း မိတ်ကပ်ဗူးတစ်ယောက်တစ်ဗူး ရှိနေမယ်ဆိုတာကို သူမအတပ်သိပေသည်။

မိန်းကလေးငါးယောက်အတွင်း သူမတစ်ယောက်တည်းမှာဘဲ မိတ်ကပ်ဗူးရှိမနေခြင်းပင်။

ခဏကြာတော့ သူမက ထမင်းစားနေရာကနေ ခေါင်းမော့ကာ သူမ၏မိခင်ဖန်းရှုံးယန်အား
"အမေ၊ သမီးလည်း ချူးရွယ်လိုမျိုး မိတ်ကပ်ဗူးတစ်ဗူးလောက် လိုချင်တယ်"
ဟု ပူဆာလိုက်၏။

ဖန်းရှုံးယန်လည်း ယွမ်ချူးယန်ကိုကြည့်ကာ
"သမီးရဲ့အသားအရည်က ကောင်းပြီးသားဘဲ။မိတ်ကပ်တွေ၊ ဘာတွေ မလိုပါဘူးကွယ်"
ဟု ပြောလိုက်၏။

"ဒါပေမယ့် သမီး မိတ်ကပ်သုံးချင်တယ်လေ"
ယွမ်ချူးယန်က ထပ်ပြီး ပူဆာပြန်သည်။

ဒီတစ်ကြိမ်မှာတော့ ဖန်းရှုံးယန်လည်း သက်ပြင်းအသာချလျက်
"ချူးယန် သမီးလည်း အမေတို့မိသားစုရဲ့အခြေအနေကို သိတယ်မို့လား။ အမေတို့မှာ ဝင်ငွေသိပ်မရှိဘူး။ ဒါ့ကြောင့် ကိုယ့်ဆီရောက်လာတဲ့ ငွေကို ခြွေတာပြီးသုံးစွဲရတယ်ကွဲ့။ သမီးရဲ့အမချူးဝမ်အတွက် မိတ်ကပ်ဗူးဝယ်ပေးတာကလည်း သမီးအမချူးဝမ်ရဲ့အသားအရည်က မိတ်ကပ်နဲ့ထိန်းသိမ်းမှ အဆင်ပြေတော့မှာ မို့လို့ပါကွယ်။ လိုတယ်ဝယ်၊ မလိုတာမဝယ်နဲ့တဲ့။ အမေတို့က သမီးအတွက် အမှန်တကယ်လိုအပ်လာခဲ့ရင် ငွေဘယ်လောက်ဘဲ ကုန်ကုန်ဝယ်ပေးပါတယ်သမီးရယ်"
ဟု ဆုံးမလိုက်၏။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးယန်တို့အတွက်ကတော့ သူတို့ကမိတ်ကပ်ဗူးကို သူတို့ငွေနဲ့သူတို့ ဝယ်ယူခဲ့ကြပြီးပြီဖြစ်တာမို့ သူမက ဘာမျှထပ်မပြောတော့ခြင်းပင်။

ဒါ့ကြောင့် ယွမ်ချူးယန်လည်း ခေါင်းကို အသာပြန်ငုံ့လို့ ထမင်းကိုဘဲ ဆက်စားနေခဲ့၏။ သူမ၏မျက်ဝန်းအိမ်များအတွင်းမှာလည်း မျက်ရည်ကြည်များက တဖြည်းဖြည်းနေရာယူ ရစ်သိုင်းလို့လာ၏။

ဒါပေမဲ့ ထမင်းဝိုင်းကလူတွေရဲ့အာရုံက ယွမ်ချူးယန်အပေါ်မှာ မရှိကြတော့ပေ။ ဒါ့ကြောင့် သူမ မျက်ရည်တွေ ဝိုင်းတာမဝိုင်းတာကိုလည်း ဘယ်သူမှ သတိမပြုမိခဲ့ကြတော့။

ယွမ်ဟောင်ဂျန်က ယွမ်ရိကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်
"အမ၊ အဖွားတို့က အရမ်းချမ်းသာတာလား။ ကျွန်တော်ကြားတာတော့ အဖိုးကလည်း ထုတ်လုပ်ရေးအဖွဲ့တစ်ခုမှာ အတွင်းရေးမှူးလည်း လုပ်နေသေးတယ်ဆို။ ဒီတော့ အဖိုးတို့အဖွားတို့က တော်တော်လေးချမ်းသာကြမှာဘဲ"
ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။

ယွမ်ရိလည်း ခေါင်းယမ်းကာ
"အဲ့လောက်ကြီးတော့ မဟုတ်ပါဘူးကွယ်"
ဟု ပြန်ပြောလိုက်၏။

"ဒါဆိုရင် အဖိုးအဖွားတို့က အမတို့နှစ်ယောက်ကို တော်တော်ချစ်ကြမှာဘဲ။ ဒါ့ကြောင့်လည်း ငွေတွေအများကြီးပေးလိုက်တာနေမှာ"
ယွမ်ဟောင်ဂျန်က ဆက်ပြောလိုက်၏။

ယွမ်ရိလည်း ဖန်းရှုံးယန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ
"တကယ်တော့ အဖိုးနဲ့အဖွားတို့က ငါနဲ့ရှောင်ကျဲကို ဒီမှာ အခက်အခဲတွေ တွေ့မှာစိုးလို့ ငွေတွေကို ပေးလိုက်တာပါ"
ဟု ရှင်းပြလိုက်၏။

ယွမ်ရိ၏စကားများကြောင့် ဖန်းရှုံးယန်၏မျက်နှာဟာ ရှက်ရွံ့စိတ်ကြောင့် နီရဲလို့သွားတော့သည်။ ထို့နောက် သူမက မျက်နှာထားကို အမြန်ပြင်လိုက်ပြီး  ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ဟုတ်သားဘဲ။ ဒီနှစ်ရက်အတွင်း အလုပ်ရှုပ်နေတော့ အမေ မေ့နေလိုက်တာ။ ရှောင်ရိနဲ့ရှောင်ကျဲအတွက် လိုအပ်တာတွေ ဘာမှ မဝယ်ပေးရသေးဘူးဘဲ။ ဒီလိုလုပ်လေ ထမင်းစားပြီးလို့ ခ‌ဏနေကျရင် သမီးနဲ့ရှောင်ကျဲတို့ လိုအပ်တာလေးတွေ သွားဝယ်ကြချေလေ။ အမေ၊ သမီးတို့ လိုအပ်တာမှန်သမျှ အကုန်ဝယ်ပေးမယ်"
ဟု ပြောလိုက်သည်။

'မေ့နေတယ်ဆိုပါလား'
ယွမ်ရိက စိတ်ထဲကနေ တစ်ချက်တွေးလိုက်မိ၏။ ထို့နောက် သူမက ပြုံးလျက်
"မလိုတော့ပါဘူးအမေ။ သမီးတို့အတွက် လိုအပ်တာတွေအကုန်လုံးကို မနေ့ကဘဲ ချူးရွယ်နဲ့အတူတူသွားဝယ်ထားပြီးပြီ"
ဟု ပြောလိုက်၏။

ဒါပေမာ့် ဖန်းရှုံးယန်က အပြုံးမပျက်သေးဘဲ
"ဒါဆိုရင်လည်း အဝတ်အစားအသစ်တွေ သွားဝယ်ကြလေ။ သမီးတို့အတွက် ဝတ်စုံအသစ်လေးတွေ အမေဝယ်ပေးပါ့မယ်"
ဟု ထပ်ပြောလိုက်သည်။

ဒီတစ်ကြိမ်မှာတော့ ယွမ်ရိလည်း သူမ၏အမေနဲ့မျက်လုံးချင်း မစုံစေတော့ဘဲ ခေါင်းကိုအသာငုံ့ချလိုက်ကာ
"ဝတ်စုံအတွက်တော့ စိတ်မပူပါနဲ့အမေ။ သမီးတို့ အမကြီးချူးဝမ်ရဲ့အကျတွေကိုဘဲ ဝတ်လိုက်ပါ့မယ်"
ဟု ပြန်ပြောလိုက်၏။

ယွမ်ရိ၏စကားလုံးတွေကြောင့် ဖန်းရှုံးယန်၏မျက်နှာပေါ်က အပြုံးများဟာ ပျောက်ကွယ်လို့သွားတော့သည်။

ယွမ်ချူးယန်က
"ဟဲ့။ နင်ကဘာမို့လို့ အမေ့စကားကို ကန့်လန့်တိုက်နေရတာလဲ။ အမေက ဝယ်ပေးမလို့ပါဆိုနေ လက်ခံလိုက်ရင် ပြီးနေတာဘဲ မဟုတ်ဘူးလား။ ဘာလို့များ မလိုအပ်တဲ့စကားတွေ လျှောက်ပြောနေရမှန်းကို မသိဘူး။ တကတည်း စကားပြောကလည်းမတတ်၊ ယဉ်ကျေးမှုလည်း တစ်စက်မှကို မရှိဘူး"
ဟု ယွမ်ရိကို အပြစ်ပြောလိုက်၏။

ဖန်းရှုံးယန်လည်း ယွမ်ချူးယန်အား အမြန်တားဆီးလိုက်ရ၏။

ဒါတွေအကုန်လုံးဟာ သူမ၏ပေါ့ဆမှုတွေကြောင့်ပင်။ အကယ်၍ သူမသာ ကလေးနှစ်ယောက်ရောက်လာသည့်နေ့ကတည်းက လိုအပ်သော ပစ္စည်းပစ္စယများကို လိုက်လံဝယ်ယူပေးတာမျိုးတွေ လုပ်ခဲ့လျှင် ဒီနေ့ကဲ့သို့စိတ်မကောင်းစရာများဖြင့် ကြုံတွေ့ရမှာမဟုတ်ပေ။

ယွမ်ရိဟာလည်း သူမ၏အမေသာ သူမတို့ရောက်သည့်နေ့ကတည်းက သတိတရဖြင့် လိုအပ်သည့်ပစ္စည်းများကို လိုက်လံဝယ်ယူပေးပါက ပျော်ရွှင်စွာဖြင့် လက်ခံလိုက်မှာပင်။ အခုလိုမျိုး နှစ်ရက်သုံးရက်ကြာပြီးသွားမှ သူမတို့အတွက် လိုအပ်တာတွေ ဝယ်ပေးရဦးမယ်ဆိုတာကို သတိရသွားပြီး၊ ဝယ်ပေးမယ်ဆိုတာမျိုးကိုတော့ ယွမ်ရိ လုံးဝလက်မခံနိုင်တော့ချေ။

ယွမ်ရိဟာ ထမင်းစားနေစဉ်တလျှောက်လုံး ဘာစကားမှ ထပ်ပြောခြင်းမရှိတော့ချေ။ သူမက ထမင်းစားပြီးတာနဲ့ အပေါ်ထပ်ကို တန်းတက်ခဲ့တော့၏။ယွမ်ကျဲကလည်း သူမနောက်ကနေ အခန်းထဲကို ဝင်သွားလိုက်တော့သည်။

အချိန်တချို့ကြာပြီးသည့်နောက်မှာတော့ သူမတို့၏အခန်းတံခါးအား ခေါက်သံနဲ့အတူ ဖန်းရှုံးယန်၏အသံက အခန်းအပြင်ကနေ ပျံ့လွင့်လို့လာ၏။
"သမီးတို့၊ အခန်းအပြင်ထွက်ခဲ့ကြပါဦး။ အမေတို့ ဈေးဝယ်ထွက်ကြရအောင်လေ"

ယွမ်ရိကတော့ အခန်းတံခါးကို သွားဖွင့်တာမျိုး မရှိခဲ့ဘဲ
"ရပါတယ်အမေ။ သမီးတို့အတွက် လိုတာတွေ မရှိတာကြောင့် ဝယ်စရာမလိုတော့ဘူး။ အမကြီးချူးဝမ်အတွက်ဘဲ ဝယ်ပေးလိုက်ပါ"
ဟုသာ ပြန်ပြောလိုက်၏။

သူမ၏အသံထဲမှာ ကြေကွဲမှုတချို့ပျော်ဝင်နေပြီး နားထောင်သူအဖို့ ကြီးစွာသော စိတ်မကောင်းခြင်းကို ခံစားမိစေနိုင်ပါသည်။ ဒါ့ကြောင့် ဖန်းရှုံးယန်သည်လည်း စိတ်မကောင်းဖြစ်သွားရသည်။ ထို့နောက် သူမက အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ပြီး ယွမ်ရိတို့၏ အခန်းတံခါးရှေ့မှာ ထွက်လာခဲ့လိုက်တော့သည်။

သူမ၏သမီးက သူမတို့အပေါ်မှာ နည်းနည်းပါးပါးတော့ စိတ်နာနေတာကို သူမကောင်းကောင်းကြီးခံစားရပေသည်။ ဒါပေမယ့် သူမတို့က လုံးဝလက်လျော့မှာမဟုတ်ပေ။

အချိန်ယူပြီး ယွမ်ရိကို သူမတို့မိသားစုဖြင့် တစ်သားတည်းဖြစ်လာအောင် သူမကြိုးစားမှာပင်။

တဖက်မှာ ယွမ်ချူးယန်ကတော့ မိတ်ကပ်ဗူးအကြောင်းဘဲ ခေါင်းထဲရောက်လို့နေ၏။ ဒါ့ကြောင့် ကျောင်းမှာ ဆရာ၊ ဆရာမတွေစာသင်တာကိုပင် အာရုံမရောက်ခဲ့။ သူမစိတ်ထဲမှာ သူမ၏မိဘများက ဘာလို့ မိတ်ကပ်တစ်ဗူးလေးကိုတောင်မှ သူမအတွက် ဝယ်မပေးရတာလဲဆိုတာကို တွေးတောလို့နေခဲ့၏။

သူမအခံပြင်းဆုံးအရာကတော့ သူမလိုချင်သည့် မိတ်ကပ်ဗူးမျိုး ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ထံမှာ တစ်ယောက် တစ်ဗူးရှိနေကြတာကိုပင်။

သူမဟာ ကျောင်းမှာ ရှိနေသည့်တစ်ချိန်လုံး စာထဲသို့စိတ်မရောက်ဘဲ မိတ်ကပ်ဗူးအကြောင်းဘဲကို ခေါင်းထဲတွေးတောလို့နေ၏။

ညနေအိမ်ပြန်ရောက်သည့် အချိန်ထိအောင်မိတ်ကပ်ဗူးအကြောင်းအား ခေါင်းထဲကနေ မထုတ်နိုင်သေးပေ။ ထိုမျှသာမကသေးဘဲ ထမင်းစားချိန်၊ ရေချိုးချိန်များအထိပါ မိတ်ကပ်ဗူးက သူမခေါင်းထဲတနုံ့နုံ့တွေးနေအောင် ဆွဲဆောင်နေ၏။

ရေချိုးပြီးသည့်နောက် အခန်းထဲကို ပြန်ဝင်လာချိန်မှာဘဲ တဖက်ရဲ့ချူးဝမ်၏စားပွဲပေါ်မှာတင်ထားသည့် ရဲ့ချူးဝမ်၏မိတ်ကပ်ဗူးကို သူမမြင်လိုက်ရ၏။ ဒါ့ကြောင့် သူမစိတ်ထဲ လိုအင်ဆန္ဒတစ်ခုက ရုတ်ချည်း ဖြစ်ပေါ်လာ၏။

ဒါ့ကြောင့် အခန်းအပြင်ဘက်ကို ခဏမျှ နားစွင့်လိုက်၏။ ရဲ့ချူးဝမ်၏အသံတွေကို မကြားရဘူးဆိုတော့မှ ရဲ့ချူးဝမ်၏မိတ်ကပ်ဗူးနားကို တဖြည်းဖြည်းချင်းချည်းကပ်သွားကာ မိတ်ကပ်ဗူးကို ဆတ်ခနဲ ကောက်ကိုင်လိုက်သည်။

ထို့နောက် မိတ်ကပ်ဗူးကို ဖွင့်၍ ရနံ့အား အရင်ရှူရှိုက်ကြည့်လိုက်သည်။ သင်းပျံ့ပျံ့မွှေးရနံ့ကလေးကြောင့် ယွမ်ချူးယန်၏စိတ်ထဲမှာ အလွန်အမင်းကြည်နူးသွားရတော့သည်။

အနံ့ကို ရှူရှိုက်ပြီးတာနဲ့ မိတ်ကပ်ဘူးအတွင်းမှ မိတ်ကပ်သားအနည်းငယ်ကို လက်ညိုးလေးဖြင့် အသာကော်ယူလိုက်ကာ မျက်နှာပေါ်တင်ပြီး ညှင်သာစွာပွတ်လိမ်းလိုက်တော့သည်။

အေးစက်ပြီး နူးနူးညံ့ညံ့ဖြစ်သွားသည့်အထိအတွေ့လေးကြောင့် ယွမ်ချူးယန်တစ်ယောက် သဘောအကျကြီးကျနေတော့သည်။ မိတ်ကပ်သားကို မျက်နှာတစ်ခုလုံးအနှံ့လိမ့်ပြီးတာနဲ့ အဖုံးသေချာပိတ်ပြီးနေရာပြန်ထားလိုက်၏။

နေရာပြန်ထားပြီးမှ ယွမ်ချူးယန်လည်း တစ်ခုခုကို အမှတ်ရသွား၏။ ဒါ့ကြောင့် မိတ်ကပ်ဘူးကို ပြန်ယူလိုက်ကာ အတွင်းမှ သူမလက်ညှိုးဖြင့် ကော်ယူထားသောကြောင့် ချိုင့်ဝင်နေသည့် ပုံစံအား ဖျောက်လိုက်၏။ မိတ်ကပ်ဗူးကို စားပွဲပေါ်သို့ ခပ်ဆတ်ဆတ်လေးရိုက်ကာ မိတ်ကပ်မျက်နှာပြင်အား ညှိလိုက်၏။

အကုန်လုံးလုပ်ပြီးသွားသည့်နောက် သူမစိတ်ထဲက သံသယတွေပျောက်ကွယ်သွားတော့သည်။ ဒါ့ကြောင့် မိတ်ကပ်ဗူးအား သူ့နေရာနဲ့သူပြန်ထားလိုက်ပြီး သူမကိုယ်တိုင်လည်း ကုတင်ပေါ်လှဲချလိုက်၏။

ကုတင်ပေါ်လှဲနေရင်းဖြင့် မိတ်ကပ်လိမ်းထားသည့် သူမ၏မျက်နှာလေးအား ပွတ်သပ်ကာ သဘောအကျကြီးကျနေတော့သည်။
'ငါ့မျက်နှာတစ်ခုလုံး အေးအေးလေးနဲ့ ချောချောလေးဖြစ်နေတော့ သက်တောင့်သက်သာဖြစ်လိုက်တာ'

ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့ကတခန်းတည်း အတူတူနေကြကာ သူတို့ညီအမနှစ်ယောက်တစ်ဖွဲ့၊ ယွမ်ချူးရွယ်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့ ညီအမသုံးယောက်က တစ်ဖွဲ့ စသည့်ဖြင့် မိသားစုအတွင်းမှ ညီအမများဟာ နှစ်ဖွဲ့ကွဲလို့နေ၏။ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း လျစ်လျူရှုထားကြကာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတာမျိုးလည်း လုံးဝမလုပ်ခဲ့ကြပေ။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကြာသပတေးနေ့ကိုရောက်တဲ့အထိ အိမ်မှာနေရင်း အိပ်လိုက်၊ စားလိုက်လုပ်ရုံကလွဲလို့ လုပ်စရာအလုပ်များ မရှိခဲ့ချေ။ ထို့နေ့၊ညစာ စားကြတဲ့အခါ ယွမ်ချန်းဖူက စာရွက်နှစ်ရွတ်ထုတ်ကာ ယွမ်ရိနဲ့ယွမ်ကျဲအား တစ်ယောက်တစ်ရွက်ပေးလိုက်ပြီး
"သမီးတို့နှစ်ယောက်လုံးအတွက် သတင်းကောင်းရှိတယ်။ သမီးတို့အတွက် လိုအပ်တဲ့အထောက်အထားတွေ ရခဲ့ပြီ။ ဒါ့ကြောင့်မို့ သမီးတို့နှစ်ယောက်လုံး ကျောင်းတက်ရတော့မယ်"
ဟု ပြောလိုက်၏။

ယွမ်ရိဟာ သူမလက်ထဲက စာရွက်ကို ငုံ့ကြည့်လိုက်၏ တစ်ဖန်သူမ၏ဖခင်ကို တလှည့်ကြည့်ကာ ပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ်။ အဖေ"
ဟု ဝမ်းသာအားရ ပြောလိုက်တော့သည်။

ယွမ်ချန်းဖူဟာ သူ့သမီး၏မျက်နှာပေါ်က အပြုံးကိုမြင်တော့ ရင်ထဲမှ မတိုင်းမသိကြည်နူးသွားရတော့သည်။ သူ့အတွက်တော့ သူ့မိသားစု‌အသိုက်အမြုံလေး ပျော်ရွှင်အောင်ထားနိုင်ဖို့က အရေးအကြီးဆုံးပင်။

ယွမ်ရိက သူမ၏အဖေကိုကြည့်ကာ
"အဖေ၊ သမီးနဲ့ယွမ်ကျဲအတွက် အလယ်တန်းနဲ့ ပတ်သက်တဲ့သင်ရိုးစာအုပ်လေးတွေကို ဝယ်ပေးပါဦး"
ဟု ပြောလိုက်၏။

သူမစကားကြောင့် ယွမ်ချန်းဖူရင်ထဲ အပျော်များပြည့်နှက်သွား၏။ နောက်ဆုံးမှာတော့ သူ့သမီးက သူ့အပေါ်မှာမှီခိုလာခဲ့ပြီမို့လို့်ပင်။ ဒါ့ကြောင့် သူက ပီတိအပြည့်ဖြင့် ခေါင်းညိတ်ကာ
"ကောင်းပါပြီဗျာ။ အဖေ ဝယ်ပေးမယ်"
ဟု ကတိပေးလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ချူးယန်က
"ဝမရှိဘဲ ဝိလုပ်ချင်နေတဲ့ဟာတွေ ကျောင်းကိုရောက်လာတော့မှာဘဲ"
ဟု မတိုးမကျယ်သောလေသံ‌ဖြင့် ဝင်ပြောလိုက်သည်။

ဒါ့ကြောင့် ယွမ်ချန်းဖူလည်း ယွမ်ချူးယန်အား သတိပေးသောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ ယွမ်ချူးယန်လည်း သူမအဖေ၏အကြည့်ကို ခံစားမိလိုက်တာကြောင့် အသံတိတ်သွားတော့သည်။

ထိုအခါမှ ယွမ်ချန်းဖူလည်း ယွမ်ရိကိုပြန်ကြည့်ကာ
"ကျောင်းမှာ နားမလည်တာတွေရှိခဲ့ရင် သမီးရဲ့အမချူးဝမ်ကိုဘဲ ဖြစ်ဖြစ်၊ မောင်လေးရဲ့ဖန်ကိုဘဲဖြစ်ဖြစ် မေးလို့ရတယ်နော်။ သူတို့နှစ်ယောက်လုံးက ကျောင်းမှာဆိုရင် အဆင့်ကောင်းကြတယ်"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း ပြုံးကာ
"ရပါတယ်အဖေ။ သူတို့ကို ဒုက္ခပေးသလိုဖြစ်သွားမှာစိုးရတယ်"

ရဲ့ချူးဝမ်ကတော့ စကားဝိုင်းအတွင်းဝင်မလာခဲ့ပေ။

ရဲ့ဖန်ကဘဲ
"ဒုက္ခပေးသလိုမျိုး မဖြစ်ပါဘူး။ ကျောင်းစာနဲ့ပတ်သက်ပြီး သိချင်တာရှိရင် ကျွန်တော့်ကိုလာမေးလို့ရပါတယ်အမ"

ယွမ်ရိလည်း ရဲ့ဖန်ကိုကြည့်ကာ
"ကျေးဇူးတင်ပါတယ်"
ဟု ပြန်ပြောလိုက်၏။

ရဲ့ဖန်က ဆက်လက်ပြီး
"ငါ့ဆီမှာ အလယ်တန်းနဲ့ပတ်သက်တဲ့ စာအုပ်တွေလည်း အများကြီးရှိတယ်။ လေ့လာချင်ရင် လာယူလှည့်"
ဟု ယွမ်ရိကို ပြောလိုက်၏။

"အိုးးး တကယ်လား"
ယွမ်ရိလည်း စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်မိသည်။

ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က ရဲ့ဖန်ကို ပြုံးပြုံးကြီးကြည့်ကာ
"ဒီကောင့်ကိုကြည့်ကြဦး။ သူနဲ့သာဖတ်တာ ဝါသနာပါတဲ့လူနဲ့လည်း တွေ့ရော သွားကြီးကို ဖြီးနေတာဘဲ"
ဟု ဝင်ပြောရင်း ဟာသလုပ်လိုက်၏။

ရဲ့ဖန်လည်း ယွမ်ဟောင်ဂျန်ကို စိုက်ကြည့်ရင်း
"ပါးစပ်ပိတ်"

ယွမ်ဟောင်ဂျန်ကတော့ ရဲ့ဖန်ကို လျှာထုတ်ပြောင်ပြလျက်
"မပိတ်နိုင်ဘူး"
ဟု ပြန်ပြောလုက်သည်။

ရဲ့ဖန် : "......."

ဒါပေမယ့်လည်း ယွမ်ဟောင်ဂျန်ပြောတာက မှန်ပေသည်။

ရဲ့ချူးဝမ်ကလည်း စာလေ့လာရတာကိုကြိုက်ပေမယ့် သူ့ထက်အတန်းကြီးတာကြောင့် တစ်ယောက်နဲ့တစ်ယောက် စာကိုအတူတူလေ့လာဆွေးနွေးဖို့က အဆင်မပြေပေ။ ထို့အတူ ယွမ်ချူးရွယ်လေးဟာလည်း ဉာဏ်ကောင်းပြီး စာတော်ပေမယ့် သူ့ထက်အတန်းပိုငယ်နေ၏။

ယွမ်ချူးယန်နဲ့ယွမ်ဟောင်ဂျန်‌တို့ကတော့ စာပေလေ့လာရမှာကို အလွန်ပျင်းရိကြပေသည်။ သူတို့နှစ်ယောက်၏ ကျောင်းလွယ်အိတ်ထဲမှာ ဆိုရင်လည်း‌ ကျောင်းစာအုပ်က နည်းနည်း၊ ဝတ္ထုစာအုပ်တွေ၊ အရုပ်တွေကသာ အပြည့်ဖြင့် ရှုပ်ပွနေတတ်၏။

ဒါ့ကြောင့် အိမ်မှာဆိုရင် သူနဲ့စာတွေအတူတူလေ့လာလို့ရမည့် ဝါသနာတူသူတစ်ယောက်မှမရှိချေ။

တကယ်တော့ ကျောင်းစာတွေကို လေ့လာရတာအား မည်သူမျှ မကြိုက်ကြချေ။ ရဲ့ဖန်ကိုယ်တိုင်လည်း လုံးဝမကြိုက်ပေ။

ဒါပေမယ့် ဘဝ၏ရှေ့ရေး၊ တိုးတက်ရေးအတွက် ရှေးရှုလို့ ကျောင်းစာကို တစိုက်မတ်မတ် ကြိုး‌စားနေရခြင်းဖြစ်ပေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now