Chapter 52.1

953 112 0
                                    

အပိုင်း - ၅၂.၁

ရဲ့ချူးဝမ်ဟာ မနက်ကကိစ္စကြောင့် မိသားစုဝင်များဖြင့် မျက်နှာချင်းဆိုင်ရန် အလွန်အမင်းမျက်နှာပူကာ ရှက်ရွံ့လို့နေခဲ့သည်။ ဒါ့ကြောင့်သူမက နေ့လည်ခင်းထမင်းစားနားချိန်တွင် အိမ်ကိုပြန်မလာခဲ့ခြင်းဖြစ်သည်

ဒါ့အပြင် ညနေကျောင်းဆင်းသည့်အခါမှာလည်း တော်တော်လေးနောက်ကျပြီးမှ ကျောင်းကနေ အိမ်ကိုပြန်လာခဲ့၏။ တစ်နေကုန် ဘာမှစားမထားရ၍ သူမ၏ ဗိုက်ဟာ 'တဂွီဂွီ'မြည်ကာ ဆာလောင်နေပြီဖြစ်သည်။

ဒါ့ကြောင့် သူမက အိမ်ကိုပြန်ရောက်တာနဲ့ အပေါ်ထပ်ကို တန်းမတက်ဘဲ တစ်ခုခုစားပြီး ဗိုက်ဖြည့်ဖို့အတွက် မီးဖိုချောင်ထဲအရင်ဝင်လိုက်သည်။

ထိုအချိန်မှာဘဲ သူမနောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားလိုက်ရ၍ နောက်ကို လှည့်ကြည့်လိုက်ရာ သူမအမေ ဖန်းရှုံးယန်ကို မြင်လိုက်ရသည်။ သူမက ရှက်ရွံ့နေတာကြောင့်
"သမီးကျောင်းကပြန်လာပြီနော်။ အဲ့တာ နည်းနည်းဗိုက်ဆာတာနဲ့ တစ်ခုခုစားမလို့"
ဟု ဖြေရှင်းချက်ကို အရင်ပေးလိုက်၏။

ဖန်းရှုံးယန်ကလည်း သူမ၏သမီးကြီးဟာ တစ်နေကုန် ဘာမှ စားမထားရသေးဘူးဆိုတာကိုသိပေ၏။ ဒါ့ကြောင့်လည်း သူမက ရဲ့ချူးဝမ်အတွက် အစားအစာတချို့ကို သီးသန့်‌ဖယ်ပေးထားခဲ့ပါသည်။
"ခဏစောင့်နော်။ အမေ မင်းအတွက် စားစရာတွေကို ပြန်နွှေးပေးမယ်"

ရဲ့ချူးဝမ်က ရှက်ရွံ့နေသော လေသံဖြင့်
"ရပါတယ်၊ အမေ။ သမီးကိုယ်တိုင်ဘဲ လုပ်လိုက်ပါ့မယ်"
ဟု ပြန်ပြောလိုက်သည်။

ဒါပေမယ့် ဖန်းရှုံးယန်က လက်မခံခဲ့ချေ။ သူမက ရဲ့ချူးဝမ်ကို ထမင်းစား စားပွဲမှာ သေချာလေးထိုင်ခိုင်းလိုက်၏။ ပြီးမှ ဟင်းတွေကို သူမကိုယ်တိုင် နွှေးတော့သည်။

ဟင်းတွေနွှေးပြီးတာနဲ့ ထမင်းပူပူ၊ ဟင်းပူပူများကို ခူးခပ်ကာ ရဲ့ချူးဝမ်စားသောက်ဖို့အတွက် ပြင်ဆင်ပေးလိုက်သည်။

ထိုကဲ့သို့ပြင်ဆင်ပေးပြီးတာနဲ့ ဖန်းရှုံးယန်က သူ့သမီးကြီး၏ဘေးမှာဝင်ထိုင်လိုက်ပြီး
"ချူးဝမ်။ သမိီးရဲ့ညီမနှစ်ယောက်ဖြစ်တဲ့ ချူးယန်နဲ့ချူးရွယ်တို့ တစ်ယောက်နဲ့တစ်ယောက်မတည့်ကြတာကိုသမီးသိတယ်မလား။ သူတို့ကိုသာ တစ်ခန်းတည်း အတူတူအိပ်ခိုင်းလိုက်ရင် ညတိုင်းရန်ဖြစ်ကြလိမ့်မယ်ကွဲ့။ ဒါ့ကြောင့်မို့ ချူးယန်ကို သမီးနဲ့ဘဲ အတူတူတစ်ခန်းတည်းအိပ်ခိုင်းမလို့။ အဲ့တာသမီးအဆင်ပြေမလား"
ဟု မေးလိုက်၏။

ထိုစကားတွေကိုကြားတာနဲ့ ရဲ့ချူးဝမ်ဟာ ခေါင်းငုံ့ပြီး ထမင်းစားနေရာကနေ သူမ၏မိခင်အား မော့ကြည့်မိလိုက်သည်။

အမှန်အား သူမဟာ ထိုတောင်းဆိုချက်ကို လက်မခံလိုချေ။ ဒါပေမယ့်လည်း သူမဟာ တစ်ယောက်တည်းဘဲ အိပ်တတ်သည်ဆိုသည့် အလိမ်အညာကလည်း ပေါ်သွားပြီဖြစ်သည့်အပြင် မိဘနှစ်ပါးအား သူမအတွက်နဲ့ဝန်ပိုမိသွားမှာကို စိုးရိမ်နေ၏။

ဒါ့ကြောင့်သူမက ခေါင်းကိုအသာညိတ်လျက်
"ရပါတယ်။ အမေ"
ဟု အဖြေပေးလိုက်သည်။

သူမ၏အဖြေကြောင့် ဖန်းရှုံးယန်လည်း ပြုံးရွှင်သွားကာ
"ကောင်းလိုက်တာ။ သမီးကြီးက မိသားစုထဲမှာ အမေတို့အပေါ် အသိတတ်ဆုံး၊ အလိမ္မာဆုံးနဲ့ နားလည်းအပေးနိုင်ဆုံးဘဲ"
ဟု ချီးမွမ်းလိုက်၏။

ရဲ့ချူးဝမ်လည်း ခြောက်ကပ်ကပ်ဖြင့် အသက်မပါသလို ပြုံးလိုက်ပြီး
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ အမေရယ်"

သူမ၏စကားဆုံးတာနဲ့ မီးဖိုချောင်အတွင်းသို့ နောက်ထပ်လူတစ်ယောက် ဝင်ရောက်လာ၏။ ထိုလူကတော့ အိမ်မှာ အမိုက်မဲဆုံးဖြစ်သည့် ယွမ်ဟောင်ဂျန်ပင်ဖြစ်သည်။ သူက မီးဖိုချောင်ထဲဝင်လာပြီး ရဲ့ချူးဝမ်ကိုမြင်တာနဲ့
"အမ၊ နင်နောက်ဆုံးတော့ အိမ်ကိုပြန်လာပြီပေါ့။ဒီတော့ မနက်ကကိစ္စလေးဆက်ပြောရအောင်။အမက တစ်ယောက်တည်းဘဲ အိပ်တတ်တယ်ဆိုတဲ့ ကိစ္စက လိမ်ထားတာမလား။ အဲ့တာ အမှန်အတိုင်းဖြေပေးနော်"
ဟု လက်ညှိုးတထိုးထိုးဖြင့် ပြောလိုက်၏။

ဖန်းရှုံးယန် : "............."

ရဲ့ချူးဝမ် : "................."

ရဲ့ချူးဝမ်၏မျက်နှာထားဟာ လုံးဝမိုးပြိုသလို မှောင်မိုက်သွားတော့သည်။

သူမဟာ သူမ၏မောင်ငယ်၊ ညီမငယ်လေးများအပေါ်မှာ အမြဲတစေ ငဲ့ညှာထောက်ထားပေးခဲ့တာဘဲရှိကာ တစ်ခါမှ သူတို့အပေါ်ဒေါသမထွက်ဖူးခဲ့ချေ။

အခုချိန်မှာတော့ သူမရင်ထဲ ဒေါသတွေတနုံ့နုံ့ထွက်နေကာ ယွမ်ဟောင်ဂျန်အား အားရပါးရ ရိုက်နှက်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေ၏။

ဒါပေမယ့် ထိုကဲ့သို့ လုပ်လိုလည်း မဖြစ်သေးချေ။ ထိုကဲ့သို့ သူမ၏ကြမ်းတမ်းသည့် ပုံစံအား မောင်နှမတွေနဲ့မိဘများရှေ့ချပြလိုက်ပြီးပါက သူတို့၏မျက်လုံးများအတွင်း ယခင်ကဲ့သို့ ဖြူစင်ရိုးသားပြီး ကြင်နာမှုအပြည့်ရှိသည့် အမကြီးတစ်ဦး၊ သမီးတစ်‌ဦးအဖြစ် မမြင်ကြတော့မှာကို စိုးရိမ်လို့ဘဲဖြစ်သည်။

ဒါ့ကြောင့် ရဲ့ချူးဝမ်လည်း ခေါင်းကိုအသာပြန်ငုံ့လျက် ထမင်းကိုဘဲ ဆက်စားနေလိုက်သည်။

ဖန်းရှုံးယန်ကတော့ ယွမ်ဟောင်ဂျန်ကို လက်ညှိုးထိုးလျက်
"ဟဲ့ကောင်လေး စကားကိုဘယ်လိုမျိုးပြောနေရတာလဲ။ နင့်အဖေကို နာနာလေးရိုက်ခိုင်းရမယ်"
ဟု မာန်လိုက်၏။

ဒါပေမဲ့ ယွမ်ဟောင်ဂျန်ကတော့ သူ့အမေ၏မာန်မဲဆူပူစကားကို အာရုံမထားဘဲ ရဲ့ချူးဝမ်ကိုသာ လက်ညှိုး တွင်တွင်ထိုးလျက်
"အမ လိမ်ထားတာလား။ မလိမ်ထားဘူးလားဆိုတာကို ဖြေပေးဦး။ မဟုတ်ရင် ဒီညကျွန်တော်အိပ်လို့ပျော်မှာ မဟုတ်တော့ဘူး"

ရဲ့ချူးဝမ် : "................"
'သူမမှာ ဘာအပြစ်ရှိလို့ ဒီလိုမျိုး မောင်လေးတစ်ယောက်ရှိနေရတာလဲ'

ဖန်းရှုံးယန်လည်း သူမအပေါ် အာရုံရောက်မနေသည့် သားဖြစ်သည့်ကြောင့်
"အေး။ နင်ဒီနေရာကနေ စောင့်နေစမ်း။ ငါအခုချက်ချင်း နင့်အဖေကိုသွားခေါ်လာပြီး မှတ်လောက်သားလောက်အောင်ကို ရိုက်ခိုင်းဦးမယ်"
ဟု ပြောကာ မီးဖိုချောင်ထဲကနေ ထထွက်သွားတော့သည်။

ယွမ်ဟောင်ဂျန်လည်း သူ့‌အမေက အခန်းထဲက သူ့အဖေကို သွားတိုင်တော့မှာကို မြင်လိုက်၍ ထိုင်နေရာကနေထရပ်ကာ
"အမေ၊ အဖေ့ကို သွားမတိုင်နဲ့လေ။ ကျွန်တော် ထပ်မမေးတော့ဘူး။ အမေလို့။ မတိုင်နဲ့နော်။ အမေ၊ အဖေ့ဆီကို မသွားနဲ့လေ။ ဟောဗျာ။ အဲ့ဒီအခန်းထဲကို ဝင်မသွားနဲ့လေ"
ဟု ပြာပြာသလဲ တားဆီး၏။

ဒါပေမယ့် ဖန်းရှုံးယန်ကတော့ ယွမ်ဟောင်ဂျန်ကို လျစ်လျူရှု၍ သူမတို့၏အခန်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။

ဒါ့ကြောင့် ယွမ်ဟောင်ဂျန်လည်း စိတ်ပျက်စွာဖြင့် ပြန်ထိုင်လိုက်၏။ သူက ထမင်းငုံ့စားနေသည့် ရဲ့ချူးဝမ်ကိုကြည့်ကာ
"အဲ့တာအမကြောင့်။ အမသာ ကျွန်တော်သိချင်တဲ့အရာကို မြန်မြန်ပြောလိုက်ရင် ပြီးနေတဲ့ဟာကို"
ဟု ညီးညူလိုက်၏။

ရဲ့ချူးဝမ် : "........….."
'ဟောတော့။ ငါက ဘယ်ကနေ ဘယ်လို ထပ်ပြီး ပါလာရပြန်တာတုန်း'

ရဲ့ချူးဝမ်ဟာ ခုနကထက်ပင်ဒေါသတွေ ထွက်လာကာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လွတ်တော့မလို ဖြစ်သွား၏။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အမြန်ပြန်ထိန်းကာ ဒေါသများကို ချုပ်တည်းလိုက်သည်။

တစ်ဖက် ယွမ်ချန်းဖူတို့အခန်းထဲမှာတော့။

ဖန်းရှုံးယန်က အခန်းကို ရောက်တာနဲ့ ကုတင်ပေါ်မှာ အနားယူလှဲလျောင်းနေသည့် ယွမ်ချန်းဖူအား
"ချူးဝမ်က ချူးယန်နဲ့ တစ်ခန်းတည်းအတူတူအိပ်ဖို့သဘောတူလိုက်တယ်"
ဟု ပြောလိုက်၏။

ထိုအခါ ယွမ်ချန်းဖူက ပြုံးလိုက်ပြီး
"ဟုတ်လား။ အဲ့တာဆိုရင် အရမ်းကောင်းတာပေါ့"
ဟု ဝမ်းသာအားရပြောလိုက်တော့သည်။

ရဲ့ချူးဝမ်ဟာ ထမင်းကို ကုန်အောင်စားပြီးတာနဲ့ အပေါ်ထပ်ကို တက်လာခဲ့၏။ သူမအခန်းထဲကို ဝင်လိုက်တာနဲ့ ကုတင်ပေါ်မှာ ဝတ္ထုစာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီးဖတ်နေသည့် ယွမ်ချူးယန်ကို မြင်လိုက်ရသည်။

ယွမ်ချူးယန်ကလည်း သူမဝင်လာတာကို သတိထားမိသွားပြီး ဖတ်လက်စဝတ္ထုစာအုပ်ကို ပိတ်လိုက်ကာ
"အမ၊ ပြန်လာပြီလား။ အမေက ညီမနဲ့အမနဲ့တစ်ခန်းတည်း အိပ်ဖို့ပြောထားလို့။ အဲ့တာ ညနေကတည်းက အမေကညီမရဲ့ပစ္စည်းတွေ တစ်ခါတည်း ရွှေ့ထားလိုက်တာ"
ဟု ပြောလိုက်၏။

ထိုအခါ ရဲ့ချူးဝမ်လည်း မချိပြုံးတစ်ခုကို ဆင်မြန်း၍
"အေးပါ။ ရပါတယ်"
ဟု ပြန်ပြောလိုက်သည်။

ထို့နောက် သူမက သူမ၏အဝတ်ဗီဒိုအတွင်းမှ ဝတ်စုံတချို့ကိုထုတ်ကာ
"အမ၊ ရေချိုးသွားလိုက်ဦးမယ်"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ် ရေချိုးထွက်သွားတာနဲ့ ယွမ်ချူးယန်လည်း ဝတ္ထုစာအုပ်ကို ပြန်ဖတ်လိုက်ကာ ခြေထောက်များကို လှုပ်ယမ်းရင်းဖြင့် နှုတ်ဖျားမှလည်း ခပ်မြူးမြူးသီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာဖြင့် သီကျူးလို့နေခဲ့၏။

ရဲ့ချူးဝမ်ရေချိုးပြီး ပြန်ဝင်လာတာနဲ့ သူမက ဝတ္ထု‌ဖတ်နေရာကနေ ရပ်ပြီး စကားတွေအများကြီးပြောခဲ့၏။

ဒါပေမဲ့ ရဲ့ချူးဝမ်ကတော့ စကားပြောချင်စိတ် သိပ်မရှိတာကြောင့် ကုတင်ပေါ်တစ်ခါတည်း လှဲချကာ အိပ်လိုက်၏။

ယွမ်ချူးယန်ကလည်း ကုတင်ပေါ်မှာ လှဲလျောင်းလိုက်၏။ ဒါပေမဲ့ သူမပါးစပ်ကတော့ ရပ်တန့်မသွားဘဲ စက်သေနတ်ကဲ့သို့ စကားလုံးများအား တရစပ်ပြောနေခဲ့သည်။
"အမ၊ အဖေနဲ့အမေတို့ ယွမ်ရိအပေါ် စိတ်ရှည်မှုတွေ ကုန်ဆုံးသွားတဲ့အခါကျရင် ညီမတို့ရဲ့အကြောင်း သိသွားအောင် မှတ်လောက်သားလောက်တဲ့အထိ ပညာပေးရမယ်"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ်လည်း ခန္ဓာကိုယ်အား တဖက်သို့စောင်းလိုက်ပြီး
"အဲ့ဒီအကြောင်းကို မေ့လိုက်တော့"
ဟု ပြောလိုက်၏။

ထိုအခါ ယွမ်ချူးယန်က လှဲလျောင်းနေရာကနေ ထရပ်လိုက်ပြီး
"ဘယ်လိုလုပ်မေ့ပစ်ရမှာလဲ။ အမ သူ ညီမတို့အပေါ်လုပ်ခဲ့တဲ့အရာတွေက နည်းနည်းနောနောမဟုတ်ဘူးနော်။ ဘယ်လိုလုပ်ပြီး မေ့ပစ်ဖို့ ပြောရက်ရတာလဲ"
ဟု မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်၏။

ရဲ့ချူးဝမ်က
"အင်း။ မေ့လိုက်တော့"
ဟု ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

သူမက ဘယ်သူ့ကိုမှလည်း အပြစ်တင်ဝာာမျိုးမရှိတော့သလို၊ လက်စားချေတာတွေလည်း မလုပ်ချင်တော့ပေ။

ထိုအခါ ယွမ်ချူးယန်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး
"ကောင်းပြီလေ။ အမက မေ့ပစ်ချင်တယ်ဆိုရင် မေ့လိုက်ပေါ့။ ဒါပေမဲ့ ညီမကတော့ လုံးဝမေ့ထားမှာမဟုတ်ဘဲ၊ သေချာပေါက် ယွမ်ရိကို လက်စား‌ပြန်ချေပစ်မှာ"

ရဲ့ချူးဝမ် : "............"


မြောက်ဘက်အစွန်ဆုံးအခန်းမှာတော့ ယွမ်ချူးရွယ်ဟာ ကုတင်အကျယ်ကြီးပေါ်မှာ တစ်ယောက်တည်း လှဲလျောင်းနေ၏။ အခန်းထဲမှာ ယွမ်ချူးယန်ရှိမနေသည့်အတွက် သူမ၏စိတ်ဟာ လန်းဆန်းပျော်ရွှင်လို့နေသည်။

ဒီနေ့ ကုတင်အကျယ်ကြီးမှာ သူမတစ်ယောက်တည်း ရှိနေတာမို့လို့ ဟိုဘက်လူးလှိမ့်လိုက်၊ ဒီဘက်ကို လူးလှိမ့်လိုက်ဖြင့် သာသာယာယာဖြစ်‌လို့နေ၏။ အားရအောင် လူးလှိမ့်ပြီးသည့်နောက် ယွမ်ချူးရွယ်လည်း ကုတင်ပေါ်ကနေ ထကာ သူမလွယ်အိတ်အတွင်းမှ ယွမ်ရိဝယ်ပေးထားသည့် မိတ်ကပ်ဗူးကို ထုတ်ယူလိုက်၏။

သူမက မိတ်ကပ်ရနံ့သင်းသင်းပျံ့ပျံ့‌လေးအား အနည်းငယ်ရှူရှိုက်ပြီးသည့်နောက် ပြန်သိမ်းလိုက်ကာ အိပ်စက်လိုက်တော့၏။

နောက်ရက်မှာ သူမကအိပ်ရာထ၊ မျက်နှာသစ် မနက်စာ စားပြီးတာနဲ့ ကျောင်းကို ထွက်လာခဲ့၏။ နေ့လည်‌ကျောင်းနားချိန်ကို ရောက်တဲ့အခါမှာ သူမက လွယ်အိတ်ထဲက မိတ်ကပ်ဗူးကိုထုတ်ယူ သူမ၏သူငယ်ချင်းများအား
"ဒီမယ်၊ ဒါကို ငါ့အမ ဝယ်ပေးတာလေ"
ဟု ပြောကာ ကြွားဝါလိုက်၏။

ထိုအခါ သူမ၏သူငယ်ချင်းများထံကနေ
"ဝိုးး နင့်အမက အရမ်းကောင်းတာဘဲ"

"ဟုတ်ပါ့ဟယ်။ ဒီလိုမျိုး ဈေးအရမ်းကြီးတဲ့ မိတ်ကပ်ဗူးကိုတောင်မှ နင့်ကို ဝယ်ပေးတယ်နော်"

"အားကျစရာကြီးဟယ်"

"နင့်အမလို အမမျိုး လိုချင်လိုက်တာဟယ်"
အစရှိသဖြင့် ချီးမွမ်းသံတွေကို ယွမ်ချူးရွယ်တစ်ယောက် တဝကြီး ကြားလိုက်ရ၏။

ထို့နောက် ယွမ်ချူးရွယ်လည်း မိတ်ကပ်ဗူးကို အသာဖွင့်ကာ သူမ၏သူငယ်ချင်းများအား မိတ်ကပ်ရနံ့သင်းပျံ့ပျံ့လေးကို ခံစားခိုင်းလိုက်၏။

ယွမ်ချူးရွယ်နဲ့သူမ၏သူငယ်ချင်းတို့တစ်စု မိတ်ကပ်ဗူးလေးဖြင့် အလုပ်များနေစဥ်မှာဘဲ ယွမ်ချူးယန်နဲ့စုမန်မန်တို့က အနီးကနေ ဖြတ်သွားခဲ့ကြသည်။ယွမ်ချူးယန်ဟာ အနီးကနေ ဖြတ်သွားရင်းဖြင့် ယွမ်ချူးရွယ်ကိုကြည့်လိုက်ရာ မိတ်ကပ်ဗူးအား ကိုင်နေကြတာကိုမြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် သူမမျက်လုံးထဲ အတွေးဆိုးတစ်ခုဝင်လာကာ လက်ခနဲဖြစ်သွား၏။ ဒါ့ကြောင့် ယွမ်ချူးယန်ဟာ စုမန်မန်ကို ဆွဲခေါ်လျက် ကျောင်းဝင်းအတွင်းထဲမှ ခပ်သွက်သွက်လေး ထွက်သွားတော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now