Chapter 17

1.9K 254 0
                                    

အပိုင်း-၁၇


ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်လည်း သူတို့ကြားနေရသည့် စကားတွေ အမှန် ဟုတ် မဟုတ် သိရအောင် သူတို့၏ မျက်နှာချင်းဆိုင်မှ ယွမ်အိမ်သို့ အသာလေး ချောင်းကြည့်လိုက်သည်။ ထိုအခါလက်ထဲမှာ ကြက်သား တစ်ဝက်ကို ကိုင်ထားသည့်လျူရှင်းဟွာနဲ့ ငွေ တစ်ယွမ်ကို ကိုင်ထားသည့် ယွမ်ရိတို့ နှစ်ယောက် ပြုံးပျော်နေတာအား သူတို့နှစ်ယောက်လုံး တွေ့မြင်လိုက်ကြရတော့သည်။

ယွမ်ရိလည်း သူမ လက်ထဲမှ ငွေ တစ်ယွမ်အား သူမအဖွား လျူရှင်းဟွာ၏ အင်္ကျီအိတ်ကပ်အတွင်း ထည့်ပေးလိုက်၏။ သူမဟာ အရမ်း ပျော်ရွှင်နေခဲ့၏။ ဒါ့ကြောင့် သူမက ပြုံးလိုက်ပြီး ...
"ဆရာက ပြောတယ်။ သမီးက ဆရာ့ကို ဝတ်စုံချုပ်ရာမှာ ဝိုင်းကူခဲ့တာကြောင့် ငွေရသင့်တယ်တဲ့။ ဒါ့ကြောင့် ဆရာက ကြက်တစ်ကောင်လုံးရဲ့ တစ်ဝက်နဲ့ ငွေ တစ်ယွမ်ကို သမီးကို ပေးလိုက်တာ"

အိမ်တိုင်ရာရောက် ဝတ်စုံကို သွားချုပ်ပေးရတာ ဖြစ်၍ ချုပ်ခဟာ တစ်နေ့ကို ငွေ နှစ်ယွမ် ဖြစ်၏။ သူတို့ဟာ အစိမ်းဝတ် အမျိုးသမီး အိမ်က တစ်ရက်နဲ့ နေ့တစ်ဝက် ကြာခဲ့တာဖြစ်၍ ငွေ သုံးယွမ် တောင်းခဲ့ကြ၏။ အစိမ်းဝတ် အမျိုးသမီးကလည်းငွေ သုံးယွမ်အပြင် ကြက်တစ်ကောင်ကိုပါ လက်ဆောင်အဖြစ် ပေးလိုက်သေး၏။ ဒါ့ကြောင့် အဖိုး ဆောင်းက ငွေ နှစ်ယွမ်နဲ့ ကြက်သား တစ်ဝက်ကို ယူကာ ယွမ်ရိအား ကျန်သည့် ငွေ တစ်ယွမ်နဲ့ကြက်သား တစ်ဝက်ကို ပေးလိုက်ခြင်း ဖြစ်၏။

ယွမ်ရိအနေနဲ့ ကူးပြောင်းလာပြီးတဲ့နောက် ငွေလေး တစ်ယွမ်အတွက်နဲ့ ပျော်ရွှင်နေရလိမ့်မည်လို့ အိမ်မက်ထဲမှာတော့ ထင်မှတ်ထားခြင်း မရှိခဲ့ပေ။

လျူရှင်းဟွာကလည်း သူ မြေးမဟာ ဝတ်စုံချုပ်ရင်း ငွေရခဲ့တာမို့ အပြုံးတွေ ဝေဝေဆာနေတော့သည်။ သူမက သူမ၏ အိတ်ကပ်အတွင်းမှ ငွေ တစ်ယွမ်ကို ထုတ်ကာ ယွမ်ရိထံ ပြန်ပေးလိုက်ရင်း ...
"မင်း သိမ်းထားပြီး လိုအပ်တာ တစ်ခုခု ဝယ်သုံးလိုက်ပေါ့"
လို့ ပြောလိုက်၏။

ယွမ်ရိကလည်း သူမထံ ပြန်ပေးနေသည့် ငွေကို သူမ အဖွားထံ ပြန်တိုးပေးလိုက်ကာ
"အဖွား၊ အဖွားက ယွမ်မိသားစုမှာ ငွေးကြေးကို ကောင်းမွန်စွာ အစီမံတတ်ဆုံး လူတစ်ယောက်လေ။ဒါ့ကြောင့် အဖွားပဲ သိမ်းထားလိုက်ပါ"

ထိုစကားကြောင့် လျူရှင်းဟွာက တစ်စုံတစ်ခုကိုတွေးမိသွား၏။ ဒါ့ကြောင့် သူမ၏ ခေါင်းကို ယွမ်းချန်းကွေ့တို့ အိမ်ကို မသိမသာ လှည့်ကြည့်လိုက်သည်။ ထိုအခါ မီးဖိုချောင် ပြတင်းပေါက်ကနေ သူမတို့ထံ အသာချောင်းကြည့်နေသည့် ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့၏ ခေါင်းနှစ်လုံးကို သူမရိပ်ခနဲ မြင်လိုက်ရ၏။ ဒါ့ကြောင့် သူမ၏ လေသံကို မြင့်လိုက်ကာ
"အိုး၊ ဟုတ်လို့လား ငါ့မြေးရယ်။ အဖွားက ငွေးကြေးတွေကို ကောင်းကောင်း မစီမံတတ်ပါဘူးကွယ်။ အထူးသဖြင့် လူတချို့ရဲ့ မျက်လုံးထဲမှာပေါ့"

လျူရှင်းဟွာလည်း ထိုသို့ ပြောပြီးတာနဲ့ယွမ်ချန်းကွေ့တို့ ဘက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့ နှစ်ယောက်လုံး သူတို့ရဲ့ခေါင်းတွေကို နောက်ပြန်ဆုတ်လိုက်ကြတော့သည်။

လျူရှင်းဟွာလည်း ယွမ်ရိဘက်ကို တစ်ဖန် ပြန်လှည့်ပြီး
"ကောင်းပြီလေ။ ဒါဆိုရင် အဖွား မင်းအတွက် ဒီငွေကို သိမ်းထားပေးမယ်။ နောက် မင်း လိုအပ်လာတဲ့ အခါကျရင် အဖွားဆီ လာတောင်းပေါ့"

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါ အဖွား ရှင့်"
လို့ ပြောလိုက်တော့သည်။

လျူရှင်းဟွာလည်း ပြုံးလိုက်ပြီး သူမ လက်ထဲက ကြက်သား တစ်ဝက်ကို ကြည့်ကာ
"ကဲ၊ ဒီနေ့ အဖွားက ကြက်သား ချက်ပေးမယ်။ဘယ်လို ချက်ထားတာ စားချင်လဲ"

ယွမ်ရိလည်း ခဏ စဉ်းစားပြီးတဲ့နောက်
"ကြက်သား ငရုတ်သီးကြော်"
လို့ ပျော်ရွှင်စွာ ပြန်ဖြေလိုက်တော့၏။

တစ်ဖက် မီးဖိုခန်းထဲမှာတော့ ယွမ်းချန်းကွေ့ဟာမြက်ခြောက် တချို့ကို မီးဖိုအတွင်း ပစ်ချရင်း သူ့ရဲ့ကလီစာများကို ကြောင်ကုတ်ခံလိုက်ရလို ခံစားနေရ၏။‌ ယွမ်ရိ၏ 'ကြက်သားငရုတ်သီး‌ကြော်' ဆိုသည့် စကားကို ကြားလိုက်ချိန်မှာတော့ သူဟာ အလိုအလျောက်ပင် တံတွေး မျိုချမိလိုက်တော့၏။

ဆန်းရှောင်ဟိုင်ကလည်း သူမ၏ မျက်နှာအား ဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရကာ ပူခနဲ ဖြစ်ဖြစ်သွား၏။

သူမတို့ နှစ်ယောက်လုံး စကားမပြောကြပဲ အတွေးကိုယ်စီ ဖြစ်နေတာမို့ မီးဖိုခန်းလေးအတွင်းမှာဓားခုတ်သံက လွဲပြီး ဘာမျှ မကြားရချေ။

အသီးအရွက်တွေကို နုတ်နုတ်စဉ်းပြီးတဲ့နောက်မှာ ဆန်းရှောင်ဟိုင်က ဖွဲနုတချို့ဖြင့် ရောလျက် ကြက်ငါးကောင်ကို အစာကျွေးဖို့ ထွက်လာခဲ့တော့သည်။

အပြင်ရောက်‌တော့ ထင်စည်းသယ်ပြီး ပြန်လာသည့် ယွမ်ကျဲကို တွေ့လိုက်ရသည်။

ယွမ်ကျဲလည်း ဆန်းရှောင်ဟိုင်အား တမင်တကာ မမြင်ချင်ယောင်ဆောင်ကာ ယွမ်အိမ်၏ မီးခိုထဲသို့ထင်းများ သယ်သွားတော့သည်။

ယွမ်ကျဲ၏ အပြုအမူကြောင့် ဆန်းရှောင်ဟိုင် ဒေါသတွေ ထွက်လာသော်လည်း လျူရှင်းဟွာ ရှိနေသဖြင့် ဘာမှ မပြောဝံ့ပေ။ ဒါ့ကြောင့် သူမက အသံတိုးတိုးလေးဖြင့် ကြိမ်းမောင်းလိုက်၏။
"ကောင်းမစုတ်၊ နင့်နဲ့ ငါနဲ့ ထင်းခွေ မကြုံ၊ ရေခပ် ကြုံရမှာပဲ။ အဲ့ကျမှ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်။ ဟမ့်"

ယွမ်ကျဲဟာ မီးဖိုချောင်အတွင်း ထင်းစည်း သယ်လျက် ဝင်လာပြီးတဲ့နောက် ကြက်သားတွေ ခုတ်ထစ်နေသည့် သူမ အဖွားကို တွေ့လိုက်ရ၏။

ဒါ့ကြောင့် သူမက အံ့အားသင့်သွားပြီး
"အဖွား၊ ဒီနေ့ ဘာလို့ ကြက်ကို သတ်ပြီး စားဖို့ လုပ်လိုက်တာလဲ"
လို့ မေးလိုက်၏။

လျူရှင်းဟွာက ကြက်ကိုင်နေရင်း ပြုံးလိုက်ကာ
"ဒါကအိမ်က ကြက်ကို သတ်ထားတာ မဟုတ်ဘူး။နင့် အစ်မ ရှောင်ရိလေ၊ သူမရဲ့ဆရာနဲ့ ဝတ်စုံသွားချုပ်ရင်း လက်ဆောင်ရခဲ့တာတဲ့"

ယွမ်ကျဲလည်း ထင်းတွေကို အောက်ချနေတုန်း ယွမ်ရိက မီးဖိုးချောင်အတွင်း ဝင်လာခဲ့သည်။

သူမကို မြင်တာနဲ့ယွမ်ကျဲ အကြည့်တွေ တောက်ပသွားကာ
"အစ်မ၊ နင် အရမ်းတော်တာဘဲ"
ချီးမွမ်းလိုက်၏။

ယွမ်ရိကလည်း ပြုံးလိုက်ပြီး
"ဟီးဟီး၊ ချီးမွမ်းတဲ့အတွက် ကျေးဇူးပါ"

ထို့နောက် ရယ်မောသံများ တညံညံဖြင့် မြေအဖွား သုံးယောက် ထမင်းဟင်းများ ချက်ပြုတ်ကြတော့၏။

ယွမ်ရိနဲ့ ယွမ်ကျဲတို့ နှစ်ယောက် ထမင်းအိုး တည်နေချိန်မှာ လျူရှင်းဟွာက ကြက်သား ကိုင်လို့ ပြီးသွား၏။ သူမက ကြက်သားများကို ရေးဆေးလိုက်ပြီး တခဏလောက် ရေစစ်ထားလိုက်၏။

ထိုသို့ ရေစစ်နေချိန်မှာ သူမက အသီးအရွက်တွေ စိုက်ထားသည့် ခြံထဲကို ဆင်းလာခဲ့တော့သည်။ သူမတို့ဟာ သူမတို့ ခြံထဲမှ ထွက်သည့် အသီးအရွက်များကို မစားရသည်မှာ နည်းနည်း ကြာနေပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်အိမ်၏ ငွေရေး ကြေးရေး ခြွေတာဖို့အတွက် ထွက်သမျှ အသီးအရွက်တိုင်းကို အဝယ်ဒိုင်ဆီ တင်ပို့နေလို့ ဖြစ်၏။သူမတို့ကတော့ ဈေးနည်းသည့် အသီးအရွက်များကိုသာ ချက်ပြုတ် စားသောက်ကြခြင်း ဖြစ်ပေသည်။ ကြက်ဥဆိုရင်လည်း အိမ်အတွက် နည်းနည်းချန်ကာ ရသမျှ အကုန် ဝယ်လက်ဆီ ရောင်းချခဲ့ကြသည်။

သည်နေ့မှာတော့ ဟင်းကို ကောက်းကောင်းမွန်မွန် ချက်ပြုတ် စားသောက်တော့မှာ ဖြစ်၍ ခြံထဲက အသီးအရွက်တွေကို အသုံးပြုဖို့ လျူရှင်းဟွာ ဆုံးဖြတ်ထားတော့သည်။ ဒါ့ကြောင့် သူမက ခြံ‌ထဲကနေ ငရုတ်သီးများများ၊ သခွားသီး တချို၊ကြက်သွန်နီ တချို့နဲ့ ကြက်ဥ အနည်းငယ်ကို ခြံထဲကနေ ယူလာတော့သည်။

လျူရှင်းဟွာလည်း အရင်းဆုံး သခွားသီးနဲ့ ကြက်သွန်နီကို ရေဆေးလိုက်၏။ ပြီးသည့်နောက် စားပွဲပေါ် တင်ထားလိုက်တော့သည်။

ယွမ်ရိက လျူရှင်းဟွာ အနီးကို လာကာ
"အဖွား၊ သမီး ချက်ပေးမယ်လေ"
လို့ ပြောလိုက်၏။

လျူရှင်းဟွာက ယွမ်ရိကို တွန်းလိုက်ရင်း
"ဒီနေ့၊ သမီးက ပင်ပန်းလာတယ်လေ။ ဒီတော့ အဖွား ချက်လိုက်တော့မယ်။ သွား၊ အခန်းထဲ နားချင်ရင် နားချေ။ စားခါနီးမှ လာခေါ်လိုက်မယ်"

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"သမီးက မပင်ပန်းပါဘူး။ သမီးနဲ့ ယွမ်ကျဲ ငရုတ်သီးတွေ အရင်ဆုံး လှီးထားလိုက်မယ်နော်အဖွား"
လို့ ပြောကာ လျူရှင်းဟွာ အနီးကနေ ထွက်လာခဲ့တော့သည်။

ထို့နောက် မီးဖိုအတွက် မီးတောက် ပို‌တောက်အောင် မြက်ခြောက် နည်းနည်း ထပ်ထည့်လိုက်၏။ပြီးတဲ့နောက်မှာတော့ ညီအစ်မ နှစ်ယောက် ငရုတ်သီးများကို ရေဆေးပြီး စတင်လှီးကြတော့သည်။

လျူရှင်းဟွာက သူမ မြေးမ နှစ်ယောက်ကို ကြည့်ရင်း နှစ်လိုဖွယ် ပြုံးလိုက်ကာ
"တကယ့် မြေးမတွေက ကူဖော်လောင်ဖက်ရတော့တာပဲ"
လို့ သူမဘာသာ သူမ ကြားရုံ လေသံလေးဖြင့် ရေရွတ်လိုက်၏။

ယွမ်ရိဟာ ငရုတ်သီးများကို လှီးဖြတ်ပြီးသွားတာနဲ့ကြက်သွန်ဖြူများကိုပါ လှီးဖြတ်လိုက်သည်။ထို့နောက် ငံပြာရည်တချို့ကိုပါ အနားမှာ ယူထားလိုက်၏။ ပြီးသွားတဲ့နောက်မှာတော့ မီးဖိုပေါ်ကို ဒယ်အို တစ်လုံး တင်ကာ ဆီအနည်းငယ် ထည့်လိုက်၏။ ပူပြင်းလှသည့် မီးဖိုကြောင့် အချိန်သိပ်မကြာခင်မှာ ဆီများ ပွက်လာတော့သည်။ ယွမ်ရိလည်း အရင်ဆုံး ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးအောင် လုပ်လိုက်၏။

အနံ့ထွက်လာတာနဲ့ ငရုတ်သီးများကို ဒယ်အိုထဲ ထည့်လိုက်တော့သည်။ မွှန်လှသည့် အနံ့ကြောင့်လက်ဖြင့် နှာခေါင်းကို ကာလျက် မွှေနေခဲ့သည်။အနံ့အသက်ဟာ မွှေးသည့်ဘက်ကို ရောက်သွချိန်မှာတော့ လျူရှင်းဟွာက ရေစစ်ထားသည့် ကြက်သားများကို ကိုင်လျက် ရောက်လာတော့သည်။

ထို့နောက် လျူရှင်းဟွာက ကြက်သား တစ်တုံးချင်းဆီကို ကိုင်လျက် ဒယ်အိုအတွင်း ထည့်လိုက်တော့သည်။

ယွမ်ရိနဲ့ ယွမ်ကျဲလည်း ဒယ်အိုးအတွင်းမှ ကြက်သားများ ရွှေရောင် ပြောင်းလာပြီး မွှေးပျံနေသည့် အနံ့များ ထွက်လာတာကို ကြည့်ရင်း၊ ရှူရှိုက်ရင်းဖြင့် သူမတို့ နှစ်ယောက်လုံး တံတွေးကို အကြိမ်ကြိမ် မျိုချမိကြတော့၏။

ကြက်သားကြော် ကျက်ခါနီးမှာ အဖွား လျူရှင်းဟွာက ငရုတ်ကောင်း နည်းနည်း၊ ပဲငံပြာရည် နည်းနည်း ထပ်ထည့်ပြီး မွှေလိုက်၏။ ထိုအခါ ကြက်သားကျော်၏ အရောင်နဲ့ အနံ့က ပိုလှပလာကာ မစား,စားချင်အောင် ဆွဲဆောင်နေသလို ဖြစ်လာတော့သည်။

မွှေးပျံ့သည့် ရနံ့တွေဟာ ယွမ်အိမ်မှ တဆင့် အနီးမှဆန်းရှောင်ဟိုင်တို့ အိမ်ထဲ ပျံ့လွင့်လာတော့သည်။

ဆန်းရှောင်ဟိုင်ဟာ သူမတို့ မီးဖိုချောင်ထဲမှာ ထမင်း၊ ဟင်း ချက်နေရင်း မွှေးပျံ့လာသည့် ရနံ့ကြောင့် အလိုအလျောက်ပင် တံတွေး မျိုချမိလိုက်တော့သည်။

ယခင်က ယွမ်မိသားစုမှာ အသား ဟင်း မစားရတာကြာလွန်းလှပြီ ဖြစ်၍ သူမ ကိုယ်တိုင် သူမ ယောက်ျားအား အိမ်ခွဲဖို့ စည်းရုံးခဲ့ခြင်း ဖြစ်၏။ဒါ့‌အပြင် ယွမ်ချန်းရှန်နဲ့ ယွမ်ရိကိုလည်း အသုံးမကျသည့် အိမ်အတွက် လူပိုများလို့ ပြောခဲ့မိသေးသည်။

ဒါပေမယ့် သူမတို့ အိမ်ခွဲပြီးတဲ့နောက်မှာ ယွမ်ချန်းရှန်ဟာ မိသားစုအတွက် အလုပ် လုပ်ပြီး ငွေရှာပေးနေပြီ ဖြစ်သလို ယွမ်ရိကလည်း အသားစားနိုင်ဖို့အတွက် ကြက်သားကိုတောင်မက ငွေ တစ်ယွမ်တောင် ရအောင် ရှာနိုင်ခဲ့ပေသည်။

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်လည်း သူမ၏ မျက်နှာအား အကြိမ်ကြိမ် အခါခါ ဖြတ်ရိုက်ခံနေရသလို ခံစားလိုက်ရ၏။

ယွမ်ချန်းကွေ့လည်း အိမ်ပေါက်ဝမှာ မျက်စိမှိတ်ရင်း တစ်ဖက်အိမ်မှ ထွက်လာသည့် မွှေးပျံ့သည့် ရနံ့များကို ရှူသွင်းနေခဲ့သည်။ သူရဲ့စိတ်ထဲမှာလည်း နောင်တ အနည်းငယ်ရနေခဲ့ကာ ရှက်ရွံ့မှုကို ခံစားနေရ၏။

ယွမ်ရွယ်ဂျင်နဲ့ ယွမ်ရဲဟွာတို့ ညီအစ်ကို နှစ်ယောက်လည်း တစ်နေကုန် ကစားလို့ ပင်ပန်းလာ၍ အိမ်ကို ပြန်လာကြတော့သည်။ ခြံဝန်းထဲကို ရောက်တာနဲ့ သူတို့ ညီအစ်ကို နှစ်ယောက်ဟာ မွှေးပျံ့လွန်းသည့် ရနံ့ကို ရလိုက်၍ သူတို့အိမ်ကို တန်းမပြန်ကြပဲ အမွှေးနံ့၏ အရင်းမြစ်ကို လိုက်ရှာရင်း ယွမ်အိမ်၏ မီးဖိုချောင်ထံ ရောက်လာကြတော့သည်။

သူတို့ ညီအစ်ကို နှစ်ယောက်လည်း မီးဖိုချောင် ပြတင်းပေါက်မှ တဆင့် အတွင်းထဲကို ကြည့်လိုက်တဲ့အခါ ဟင်းတွေ ချက်နေသည့် ယွမ်ရိကို မြင်လိုက်ရပြီး ယွမ်ရဲဟွာက
"အစ်မ၊ ဘာတွေ ချက်ပြုတ်နေတာလဲ"
ဟု မေးလိုက်သည်။

ယွမ်ရိလည်း
"ကြက်သား"
လို့ တုံးတိတိ ဖြေလိုက်၏။

ယွမ်ရဲဟွာက စကား ထပ်ပြောချင်သေးပေမယ့် သူ့ရဲ့နောက်ကနေ ယွမ်ရွယ်ဂျင်းရဲ့ ဆွဲခေါ်တာကို ခံလိုက်ရတော့သည်။

ယွမ်ရဲဟွာလည်း တော်တော်ဝေးဝေးအထိ ဆွဲခေါ်ခံရပြီးတဲ့‌နောက် ယွမ်ရွယ်ဂျင်း၏ လက်ထဲကနေ လွတ်အောင် ရုန်းလိုက်ကာ ဒေါသတကြီးဖြင့်
"အစ်ကို၊ မင်း ဘာလို့ ငါ့ကို ဆွဲနေရတာလဲ"
ဟု မေးလိုက်၏။

ယွမ်ရွယ်ဂျင်ဟာ သူတို့ မိသားစုက ယွမ်အိမ်ကနေ ခွဲထွက်ပြီးသွားပြီ ဖြစ်၍ ယွမ်အိမ်ကဟာတွေ မစားသင့်တော့ဘူး ဆိုပေမယ့် မွှေးပျံ့သည့် ရနံ့ရဲ့ ဆွဲဆောင်မှုအောက်ကနေ လွတ်အောင် မရုန်းနိုင်ခဲ့ပေ။ဒါ့ကြောင့် ဒေါသတွေ ထွက်လာကာ သူ့ညီ ယွမ်ရဲဟွာအပေါ် ပုံချဖို့ ကြိုးစားတော့သည်။
"ဟမ့်၊ မင်းကိုမင်း ကြည့်စမ်း။ ပါးစပ်ထောင့်ကနေ သရေတွေ ကျနေတာ ကြည့်လို့ကို မကောင်း‌ဘူး"

ယွမ်ရဲဟွာကလည်း သူ့အစ်ကို့ကို စူးစူးဝါးဝါး ပြန်အော်ပြောတော့သည်။
"မင်းကရော မစားချင်နေလို့လား"

ယွမ်ရွယ်ဂျင်းဟာ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ဘာမျှ ပြန်မပြောတော့ချေ။ သူ့အနေနဲ့ အရမ်း စားချင်နေရင်တောင်မှ သည်းခံရုံသာ တတ်နိုင်ပေသည်။

ယွမ်းချန်းကွေ့ဟာ သူတို့ အိမ်အပေါက်ဝမှာ ထိုင်နေတာမို့ ထိုညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် အစအဆုံးကို တွေ့မြင်လိုက်ရပေသည်။ ဒါ့ကြောင့် သူက ဒေါသတကြီးဖြင့်
"မင်းတို့ နှစ်ကောင် ဘာတွေ လုပ်နေကြတာလဲ။ အခု ချက်ချင်း အိမ်ထဲကို ဝင်ကြစမ်း"
လို့ အော်ဟစ် ဆူပူလိုက်တော့သည်။

ယွမ်ရဲဟွာလည်း ခေါင်းငုံ့ပြီး သူ့အစ်ကိုနောက်ကနေ အိမ်ထဲကို ဝင်သွားတော့သည်။ ဒါပေမယ့် ခြေတစ်လှမ်း လှမ်းတိုင်း ကြက်သားကြော် ရနံ့ကိုအားရပါးရ ရှူရှိုက်သွားတော့၏။

ယွမ်ကျီကောင်းနဲ့ ယွမ်ချန်းရှန်တို့ဟာ သည်နေ့မှာ အလုပ်ကနေ နောက်ကျပြီးမှ ပြန်လာခဲ့ကြ၏။ သူတို့ နှစ်ယောက်လည်း အိမ်ထဲ မဝင်ခင်မှာ အလွန်မွှေးပျံ့သည့် ရနံ့များကို ရလိုက်ကြ၏။

ယွမ်ကျီကောင်းက နှာခေါင်းကို ခပ်ပြင်းပြင်းလေး ရှူလိုက်ရင်း
"အရမ်း မွှေးတာပဲ။ ဘယ်အိမ်ကများ ဘာတွေ ချက်ပြုတ်နေကြတာလဲ မသိဘူး"

ယွမ်ချန်းရှန်ကလည်း အမွှေးရနံ့များကို အားရပါးရ ရှူရှိုက်လိုက်ရင်း
"အဲ့ရနံ့က ကျွန်တော်တို့ အိမ်က လာတာထင်တယ်"

ယွမ်ကျီကောင်းလည်း အံ့အားတကြီး ဖြစ်သွားပြီး အိမ်ကို ခပ်သွက်သွက်လေး သွားလိုက်၏။ ထို့နောက် သူ့ပစ္စည်းများကို ချကာ မီးဖိုချောင်ဘက်ကို သွားလိုက်သည်။ ရောက်ရောက်ချင်း ကြက်သားကြော်များကို ဒယ်အိုးထဲကနေ ဆယ်ယူနေသည့် ယွမ်ရိကို မြင်တွေ့လိုက်ရ၏။

ဒါ့ကြောင့် ဘေးနားမှာ ရှိသည့် လျူရှင်းဟွာအား
"ဒီနေ့ ဘာလို့ ကြက်သားကြော်တာလဲ။ အိမ်က ကြက်တွေထဲက တစ်ကောင်ကို သတ်လိုက်တာလား"

လျူရှင်းဟွာ မဖြေခင်မှာ ယွမ်ကျဲက
"တကယ်တော့ ဒီကြက်က အစ်မ ရှောင်ရိ ယူလာတာပါ။ သူမက အပ်ချုပ်ဆရာနဲ့ ဝတ်စုံသွားချုပ်ပြီး ပြန်လာတော့ အပ်ချုပ်ဆရာက ကြက်သား တစ်ဝက်နဲ့ ငွေ တစ်ယွမ်ကို လစာအဖြစ်နဲ့ အစ်မကိုပေးလိုက်တာ"

ဒါကို ကြားတော့ နောက်ကနေ လိုက်ဝင်လာသည့်ယွမ်ချန်းရှန်က အံ့အားတကြီးဖြင့်
"ကြက် တစ်ကောင်လုံးရဲ့တစ်ဝက်နဲ့ ငွေ တစ်ယွမ်၊ ဟုတ်လား"

ယွမ်ကျဲက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်"
လို့ ဖြေပေးလိုက်၏။

ယွမ်ချန်းရှန်က ယွမ်ရိဘက်ကို လှည့်လိုက်ပြီး မယုံသလို လေသံဖြင့်
"ဒါက တကယ် ဖြစ်နိုင်လို့လား။ ရှောင်ရိရေ၊ မင်း ဆရာ အဖိုးကြီး ဘယ်လောက် တွန့်တိုတတ်လဲဆိုတာ ဖန်းမင်းတောင် တစ်ခွင် မသိတဲ့သူ မရှိဘူးနော်။ မင်းကို သူက ကြက်သားနဲ့ ငွေ တစ်ယွမ် ပေးလိုက်တယ် ဆိုတာကြီးက ဖြစ်နိုင်လို့လား ဟ"

ယွမ်ရိက ပြုံးလိုက်ပြီး
"ဦးလေး ငါး၊ ဟိုတစ်နေ့က အဖိုး ပေးလိုက်တဲ့ စပျစ်သီးတွေကို စားပြီးသွားပြီ မဟုတ်ဘူးလား။စပျစ်သီးကိုတောင် ပေးမှတော့ ဒါတွေ ပေးတာကလည်း မထူးဆန်းဘူးလေ"

ယွမ်ချန်းရှန်လည်း ဘာပြောရမယ်မှန်း မသိတော့ပေ။

ထိုနောက် မျက်နှာပိုးသက်လိုက်ပြီး ယွမ်ရိအား
"ရှောင်ရိ၊ အပ်ချုပ်ဆရာက နင့်ကို တော်တော်လေး သဘောကျပုံရတယ်။ နောက်ဆိုရင် လိမ်လိမ်မာမာနေပြီး သူ ခိုင်းတာလေးတွေ လုပ်ပေးလိုက်နော်။အပ်ချုပ်တာကို တတ်တာ မတတ်တာ အသာထား။အပ်ချုပ်ဆရာရဲ့ အိမ်ကိုတော့ သန့်ရှင်းရေး နေ့တိုင် လုပ်ပေးလိုက်နော်"

ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"စိတ်မပူပါနဲ့။ သမီးက အဖိုး ဆောင်ရဲ့အိမ်ကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးတယ်။ ဒါ့အပြင် အဖိုး ဆောင်း သင်ပေးတဲ့ဟာ မှန်သမျှ တတ်အောင် သင်တယ်"

ယွမ်ချန်းရှန်က ယွမ်ရိ၏ စကားကြောင့်
"ဟားးဟား၊ မင်းက တတ်အောင် သင်ထားတယ်၊ ဟုတ်လား။ ငါ မှတ်မိပါသေးတယ်။ အရင်တုန်းကအိမ်မှာရှိတဲ့ အဝတ်ပြဲ တချို့ကို မင်း ချုပ်ထားတဲ့ ပုံစံလေးတွေကို"
လို့ ပြောရင်း စနောက်လိုက်၏။

ယွမ်ရိလည်း ထိုသို့ စနောက်ခံလိုက်ရ၍ နည်းနည်းတော့ ရှက်သွား၏။ ဒါပေမယ့် ထိုသို့ဖြစ်ခဲ့တာက မူလယွမ်ရိ ဖြစ်ပြီး သူမ မဟုတ်တာမို့
"အဲ့တာ အရင်တုန်းကလေ။ အခုက ကောင်းကောင်းမွန်မွန် ချုပ်တတ် ကိုင်တတ် နေပါပြီနော်"
လို့ ပြန်တုံ့ပြန်ပြောဆိုလိုက်၏။

ယွမ်ချန်းရှန်က ထမင်းစားပွဲမှာ ဝိုင်ထိုင်လိုက်ရင်း
"အဲ့လို ချုပ်တတ်နေရင် ငါ့ကို တစ်ချိန်ချိန်ကျ ချုပ်ပြပေါ့။ အပ်ချုပ်ဆရာဆီကနေတောင် လစာရတဲ့အထိ ဆိုတော့ မင်း တတ်ထားတဲ့ ပညာတွေကလည်း မသေးလောက်ပါဘူး"

ယွမ်ရိလည်း ပြုံးလိုက်ပြီး
"အဲ့အချိန်က မကြာခင်မှာ ရောက်လာတော့မှာပါ။အဲ့ကျမှ သမီးရဲ့ အပ်ချုပ်နည်းတွေကို သေချာကြည့်ပေါ့"

ထို့နောက် သူမတို့တွေ အားလုံး ထမင်းခူးသူက ခူး၊ဟင်းခပ်သူက ခပ်ဖြင့် ထမင်းစားပွဲပေါ်မှာ နေရာချလိုက်ကြ၏။ ကြက်ဥပေါင်း၊ သခွားသီးထောင်နဲ့ကြက်သား ငရုတ်သီးကြော်။ သည်ဟင်းသုံးမျိုးဖြင့်ယွမ်မိသားစုတို့၏ ထမင်းဝိုင်းလေးဟာ ချိုမြိန်နေတော့သည်။

ထမင်းစ စားလိုက်ကြတာနဲ့ ကြက်ဥပေါင်းနဲ့ သခွားသီးထောင်းဟင်းများကို နှိုက်စားကြပေမယ့် ကြက်သားကြော်ကိုတော့ ဘယ်သူမှမနှိုက်ကြပေ။

နောက်ဆုံးမှာ လျူရှင်းဟွာက ကြက်သားကြော် ပန်းကန်ကို ယွမ်ရိထံ တိုးပေးလိုက်ကာ
"ရှောင်ရိ၊ သမီး အရင်ဆုံး ထည့်စားလိုက်ပါကွယ်"

ယွမ်ရိလည်း သူမထံ တိုးလာသည့် ကြက်သားကြော် ပန်းကန်ကို အမြန် ငြင်းလိုက်ရင်း
"အဖိုးနဲ့ အဖွား အရင်ဆုံး ထည့်လိုက်ပါ"
လို့ ပြန်ပြောလိုက်၏။

ယွမ်ရိဟာ အခုခေတ်၊ အခုကာလ ဘာမဆို ရှားပါးနေသည့် ကာလမှာ ကြက်သားကို ရရှိခဲ့ပြီး မိသားစု အတူတူ စားနေခဲ့ကြရပြီ ဖြစ်တာမို့ သူမ ရင်ထဲ ဝမ်းသာကြည်နူးမှုကို ခံစားနေရတော့သည်။ သူမရဲ့ အရင်ဘဝမှာတုန်းကတော့ ကြက်သားလေး တစ်‌ခွက်ကြော်နဲ့ အခုလို ပျော်ရွှင် ကြည်နူးရလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ချေ။

ယွမ်ကျီကောင်းလည်း လျူရှင်းဟွာ့ လက်ထဲမှ ကြက်သားကြော် ပန်းကန်ကနေ ကြက်သာကြော် တစ်တုံး ယူလိုက်၏။ ထို့နောက် တစ်ဝက်ပိုင်းလိုက်ကာ လျူရှင်းဟွာ၏ ထမင်းပန်းကန်အတွင်း ထည့်ပေးလိုက်ပြီး
"ကဲ၊ မြန်မြန် စားကြနော်။ မဟုတ်ရင် ငရုတ်သီးကြော် စားရလိမ့်မယ်"
လို့ အရွှန်းဖောက်လိုက်၏။

ထို့နောက် ယွမ်မိသားစုဝင်တွေ အကုန်လုံး ကြက်သားကြော် ပန်းကန်‌ထဲကနေ ကြက်သားတုံးများကို မျှစားလိုက်ကြတော့သည်။

ယွမ်ချန်းရှန်ကလည်း အဆီတဝင်းဝင်း ဖြစ်နေသည့် ကြက်သား တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်ကာ ဝါးလိုက်၏။ ပြီးနောက် မျက်စိများ မှေးသွားကာ
"အရေခွံလေးတွေက ကြွပ်ရွနေပြီး အရသာလေးကလည်း ခပ်စပ်စပ်လေးဆိုတော့ အရမ်း စားလို့ ကောင်းတယ်"
လို့ ပြောလိုက်၏။

ထို့နောက် သူက ယွမ်ရိအား လက်မထောင်ပြကာ
"အရမ်း အရသာရှိတယ်"
လို့ ပြောလိုက်၏။

ယွမ်ရိကလည်း ခေါင်းညိတ်ပြလိုက်ပြီး
"များများ ထည့်စားပါ၊ ဦးလေး"
လို့ ပြောလိုက်၏။

ယွမ်ချန်းရှန်လည်း နောက်ထပ် ကြက်သား အနည်းငယ် ထပ်ယူလိုက်ပြီး ကြက်သားကြော်ထဲမှ ငရုတ်သီးများကိုပါ ထမင်းဖြင့် နယ်စားတော့သည်။

စားနေရင်းဖြင့် သူက ယွမ်ရိအား
"မင်း ဟိုတစ်နေ့က ပြောထားတဲ့ ကိစ္စလေ။ အဲ့တာရွာထဲက ကောင်စုတ်လေး တချို့ကို ငါ သတိပေးထားခဲ့ပြီ။ ဒီကြားထဲ အဲ့ကောင်တွေ ဟိုကောင်လေးကို နှောင့်ယှက်ကြသေးလား"
လို့ ပြောလိုက်၏။

ယွမ်ရိလည်း အချိန်ခဏမျှ ပြန်စဉ်းစားပြီးမှသူမ၏ ဦးလေး ငါး ပြောနေတာက လင်းယောင်အကြောင်းဖြစ်မှန်း သိသွားကာ
"ဒီရက်ပိုင်း သူ့ကို ဘယ်သူမှ မ‌နှောင်ယှက်ကြပါဘူး"
လို့ ပြန်ပြောလိုက်သည်။

ယွမ်းချန်းရှန်လည်း ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင် ကောင်းတာပေါ့"

ဘေးမှာရှိတဲ့ လျူရှင်းဟွာက တူဝရီး နှစ်ယောက်၏ စကားဝိုင်ကို နားမလည်တာကြောင့် ဝင်မေးလိုက်၏။
"နင်တို့ ဘာ‌အကြောင်းတွေ ပြောနေကြတာလဲ။ ဘယ်က ကောင်လေးတွေက ပါလာရတာလဲ"

ယွမ်ချန်းရှန်က
"မိုးပျံ မျှော်စင်ပေါ်မှာ နေတဲ့ မိသားစုထဲက ကလေး တစ်ယောက်လေ။ သူက အရင်တုန်းက ရွာထဲက ကောင်စုတ်တချို့ အနိုင်ကျင့်ခံနေရတာမို့လို့‌၊နောက် အနိုင်မကျင့်ဖို့ ကောင်စုတ်တွေကို သွားပြောထားတာပါ"

လျူရှင်းဟွာလည်း တစ်ခဏမျှ စဉ်းစားပြီးတဲ့နောက်
"ဪ၊ ဟို မြို့ပေါ်ကနေ ပြောင်းလာတဲ့ မိသားစုထဲက ကလေးကို ပြောတာလား"

ထို့နောက် သူမက ယွမ်ရိကို ကြည့်ကာ
"အဲ့ကောင်လေးနဲ့ သမီးနဲ့က သိကြတာလား"

ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"ဟိုတလောက သမီး တောင်ပေါ်ကနေ ခြေခေါက်ပြီး ပြုတ်ကျတယ်လေ။ အဲ့တုန်က သူ ကယ်ပေလို့သာပေါ့။ မဟုတ်ရင်တော့ မတွေးဝံ့စရာဘဲ"

ထိုအခါမှာ လျူရှင်ဟွာလည်း သဘောပေါက်သွားပြီး
"ဒါဆိုရင် သူ့ကို ပြန်ကူညီရမှာပေါ့။ မဟုတ်ရင် ငါတို့ ယွမ်မိသားစုက ကျေးဇူး မသိတတ်တဲ့ သူတွေ ဖြစ်သွားလိမ့်မယ်"

ယွမ်ကျီကောင်းကလည်း
"လင်းမိသားစုက တကယ့်ကို အလုပ်ကြိုစားကြသူတွေပါကွာ။ အလုပ်ထဲမှာဆိုရင်လည်း သူက စကားမပြောသလောက် နည်းပါးပြီး အလုပ်ကို မဲလုပ်တာကွ။ သူတို့က တကယ့်ကို အလုပ်ချိုးတွေဘဲ"

ယွမ်ချန်းရှန်က သူ့ ထမင်းပန်းကန်းအတွင်းမှ လက်ကျန် ထမင်းများကို အမြန် အပြီးသတ်လိုက်ရင်း
"ဒါပေမယ့် သူတို့မိသားစုက အခြားသူတွေနဲ့ ဘယ်ပြောဆို ဆက်ဆံချင်ပါ့မလဲ။ ဘာဘဲဖြစ်ဖြစ် သူတို့လို မြို့ကနေ လာတဲ့သူတွေရဲ့ မျက်လုံးထဲမှာ ကျွန်တော်တို့က တောသား အရိုင်းအစိုင်းတွေလို့ မြင်နေကြမှာလေ"

ယွမ်ရိလည်း ယွမ်ချန်းကွေ့၏ စကားကြောင့် အနည်းငယ် စိတ်ဆိုးသွားကာ
"ဦးလေး ငါး။ သူတို့က အဲ့လိုမဟုတ်ပါဘူး။ တကယ်တော့ သူတို့က အခြားလူတွေနဲ့ ပြောဆိုဆက်ဆံဖို့အတွက် အခက်အခဲ တချို့ ရှိနေလို့နေမှာပါ"

ယွမ်ချန်းရှန်းလည်း အစက စကားကို ပေါ့ပေါ့လေးပြောလိုက်ခြင်း ဖြစ်၏။
မထင်မှတ်ထားတာက သူ့ တူမက တကယ်ကြီး လေးလေးနက်နက် တုံ့ပြန်လာလိမ့်မယ်လို့ပင်။ ဒါကြောင့် သူက ပြန်တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်၊ ငါ စကားမှားသွားလို့ပါ"

ယွမ်ရိလည်း ဘာမျှပြန်မပြောပဲ ငရုတ်သီး နှစ်တောင့်ကို တူဖြင့် ညှပ်၍ စားလိုက်၏။

ယွမ်ချန်းရှန်လည်း သူ့ တူမ တကယ်ကြီး စိတ်ဆိုးနေတာကို မြင်လိုက်ရ၍ စိတ်ဆိုးပြေအောင် သူမကဲ့သို့ ငရုတ်သီး နှစ်တောင့်အား ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။ ထို့နောက် စပ်သွားသည့်ဟန် လုပ်လိုက်၏။

ယွမ်ရိလည်း ယွမ်ချန်းရှန်၏ ပုံစံကြောင့် စိတ်ဆိုးပြေသွားကာ ရယ်မောမိလိုက်တော့သည်။

တစ်ဖက်အိမ်မှာလည်း ယွမ်ချန်းကွေ့တို့ မိသားစု လေးယောက်ဟာ ထမင်းစားပွဲမှာ ထိုင်လျက် ထမင်းစားဖို့ ပြင်နေကြ၏။ ဒါပေမယ့် တစ်ယောက်မှ စားပွဲပေါ်က ဟင်းတွေကို အာရုံမရှိကြပေ။ သူတို့စိတ်ထဲမှာ ကြက်သား ငရုတ်သီးကြော်ကိုသာ မြင်ယောင်နေကြတော့သည်။

ယွမ်ရဲဟွာက သူ့ရဲ့ ထမင်းပန်းကန်အား တူဖြင့် ခေါက်ကာ
"အမေ၊ သား ကြက်သားကြော် စားချင်တယ်"
လို့ ပူဆာလိုက်၏။

ဆန်းရှောင်ဟိုင်က ယွမ်ချန်းကွေ့ကို အသာမော့ကြည့်လိုက်ပြီး ဘာစကားမှ မပြောခဲ့ပေ။

ယွမ်ချန်းကွေ့က အသက်ကို ခပ်ပြင်းပြင်းလေး ရှုလိုက်ပြီး
"ထမင်း စားစရာရှိတာ စားစမ်း။ မစားချင်ရင်လည်း ထွက်သွား"

သည်တစ်ခါမှာတော့ ယွမ်ရဲဟွာက သူ့အဖေကို မကြောက်တော့ပေ ။သူက သူ့ တူတွေကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး
"အိမ်ခွဲပြီးတည်းက အဖွားတို့ စပျစ်သီး စားနေချိန်မှာလည်း သားတို့ မစားရဘူး။ အခု ကြက်ကြော် စားနေချိန်မှာလည်း သားတို့ကို သွားမစားခိုင်းဘူး။ဘာလို့လည်း၊ သား တကယ် စားချင်လို့ပါ"

ယွမ်ချန်းကွေ့လည်း အလွန် ဒေါသထွက်လာကာ သူ့ရဲ့လက်ကို မြှောက်၍ ယွမ်ရဲဟွာအား ရိုက်ဖို့ ပြင်လိုက်သည်။ ယွမ်ရဲဟွာလည်း ချက်ချင်း ကြောက်လန့်ပြီး သူ့ အမေနောက်ကို ဝင်ပြေးတော့၏။

ဆန်းရှောင်ဟိုင်လည်း သူမရဲ့သားကို ကာကွယ်ပေးလိုက်ကာ ယွမ်ချန်းကွေ့အား
"ရှင် ဘာလုပ်တာလဲ။ ဒီအိမ်မှာ အသား မစားရတာ တော်တော်ကြာနေပြီ။ ဒါကြောင့် အခုလို အနံ့တွေရချိန်မှာ ကလေးတွေအနေနဲ့ စားချင်ကြတာက ပုံမှန်လေ ။ရှင်ကိုယ်တိုင်ကရော မစားချင်နေလို့လား"

ယွမ်ချန်းကွေ့က သူ့ရဲ့လက်ကို ပြန်ချလိုက်ပြီး ဆန်းရှောင်ဟိုင်ကို ကြည့်ကာ
"မင်းက အရမ်း အရှက်မဲ့တာပဲ"
လို့ ပြောလိုက်တော့သည်။

ဆန်းရှောင်ဟိုင်ကတော့ သူမ ယောက်ျား၏ စကားကို စိတ်ထဲကနေ လှောင်လိုက်၏။
'အရှက်မဲ့တယ် ဟုတ်လား။ အရှက်မဲ့တယ်ဆိုလည်းမဲ့တယ်ပေါ့။ ဒီလောက် အနံ့တွေ မွှေးပျံ့နေတာကို ရူးနေတဲ့သူတွေပဲ သည်းခံနိုင်လိမ့်မယ်။ ကျွန်မကတော့ သည်းမခံနိုင်တော့ဘူး'

ထို့နောက် သူမက ပန်းကန်အ လွတ်တစ်လုံကို ယူကာ ယွမ်ရဲဟွာ လက်ထဲ ထည့်ပေးလိုက်၏။ ယွမ်ရဲဟွာကလည်း သူအမေ၏ ရည်ရွယ်ချက်ကို သိလိုက်တာမို့ သူအဖေကို လှမ်းခိုးကြည့်လိုက်၏။ သူ့အဖေက ဘာမျှ မပြောတာကို မြင်လိုက်ပြီးတဲ့နောက် ပန်းကန်ကို ကိုင်ကာ ထမင်းစားခန်းထဲကနေ တစ်ဖက်အိမ်သို့ ပြေးသွားတော့သည်။

ယွမ်ရဲဟွာလည်း ယွမ်ရိတို့ ထမင်းစားခန်းထဲကို ဝင်လာကာ
"အဖွား၊ သားလည်း ကြက်သားစားချင်တယ်"
လို့ အမောတကောပြောလိုက်၏။

ထမင်းစားနေကြသည့် ယွမ်မိသားစုဝင် ငါးယောက်လည်း ယွမ်ရဲဟွာကို ကြောင်ကြည့်နေမိကြ၏။

ယွမ်ချန်းရှန်လည်း ဝါးလက်စ ထမင်းကို မျိုချလိုက်ပြီး
"ငါ့တူ၊ မင်းန ည်းနည်းလေး နောက်ကျသွားပြီကွ။ဘာလို့လည်းဆိုတော့ ကြက်သားတွေက ကုန်သွားပြီမို့လို့ပဲ"

ယွမ်ရဲဟွာလည်း စားပွဲပေါ်မှ ဟင်းခွက်ထဲမှာငရုတ်သီးတောင့် အနည်းငယ်နဲ့ ဆီကွက်တွေသာ တွေ့လိုက်ရ၏။

ဒါ့ကြောင့် သူ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလို ငိုချတော့မတတ် ဖြစ်သွား၏။ ထို့နောက် ခေါင်းငိုက်စိုက်ချလျက် အပြင် ပြန်ထွက်သွားတော့သည်။

ယွမ်ရဲဟွာ ထွက်သွားတာနဲ့ယွမ်ချန်းရှန်ဟာ ကျန်နေသေးသည့် ငရုတ်သီးတောင့်တွေနဲ့ ဆီကွက်များအား ထမင်းဖြင့် ရောနယ်ကာ စားလိုက်ပြီး အပြက်ဖြတ်လိုက်တော့သည်။

တစ်ဖက်မှာတော့ ယွမ်ရဲဟွာဟာ မျက်ရည်ဖြိုင်ဖြိုင်ကျလျက် ဆန်းရှောင်ဟိုင်အား
"အကုန် ကုန်သွားပြီ။ ကြက်သား တစ်တုံးမှ မကျန်တော့ဘူး"
လို့ အော်ပြောလိုက်၏။

ဆန်းရှောင်ဟိုင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"ကြက်သား ကုန်သွားလည်း ဘာဖြစ်လဲ။ ငရုတ်သီးနဲ့ အသီးအရွက် တချို့တော့ ကျန်ဦးမှာပါ။ အဲ့တာတွေကလည်း အရသာ တကယ်ရှိလောက်တယ်"
လို့ ရေရွတ်လိုက်၏။

ထိုရေရွတ်သံကို ကြားတာနဲ့ ယွမ်ရဲဟွာလည်း ကြောင်အသွား၏။ ထို့နောက် တစ်ဖက်အိမ်သို့ အမြန် ပြေးသွားပြန်တော့သည်။

ဒါပေမယ့် ဟိုကို ပြန်ရောက်တဲ့အခါ သူ့ကို ကြိုနေတာက ပြောင်ရှင်းသွားပြီ ဖြစ်သည့် ပန်းကန်ပြား တစ်ချပ်ပင်။ ဒါ့ကြောင့် ယွမ်ရဲဟွာလည်း ဝမ်းနည်းတကြီး ဖြစ်သွားကာ အော်ငိုလျက် သူ့အိမ်သူ ပြန်သွားတော့သည်။

သူဟာ လမ်းတစ်လျှောက်မှာ
"ဘာမှ မကျန်တော့ဘူး"
လို့ ငိုသံကြီးဖြင့် ရေရွတ်သွားတော့၏။

ထိုရေရွတ်သံကြောင့် ယွမ်ရိ၊ ယွမ်ချန်းရှန်နဲ့ ယွမ်ကျဲတို့ သုံးယောက် ရယ်မောမိလိုက်ကြ၏။ ထိုရယ်သံတွေဟာ လှောင်ပြောင် ရယ်မောတာမျိုး မဟုတ်ပဲ သဘောကျ၍ ရယ်မောခြင်းသာ ဖြစ်၏။

ဒါပေမယ့် သူမတို့၏ ရယ်မော်သံများကို ယွမ်ကျီကောင်းနဲ့ ဆန်းရှောင်ဟိုင်တို့ ကြားချိန်မှာ ဒေါသတကြီး ဖြစ်သွားတော့၏။

ဒါ့ကြောင့် ယွမ်ချန်းကွေ့လည်း သူ့သားအား ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"တိတ်စမ်း။ ထမင်း စားစရာရှိတာ စားတော့။ ငိုမနေနဲ့"

ယွမ်ရဲဟွာလည်း သူ့အဖေကို ကြောက်လန့်၍ အငိုတိတ်သွားတော့သည်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ကြက်သား ငရုတ်သီးကြော် မွှေးမွှေးလေးအကြောင်း တွေးတောနေခဲ့၏။
'ငါ့ရဲ့ ကြက်သားကြော်လေး။ အရမ်းမွှေးပြီး စားကောင်းမယ့် ကြက်သားကြော်လေး'

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now