Chapter 11

2K 257 0
                                    

အပိုင်း-၁၁


ယွမ်ရဲဟွာကတော့ သူအမေ ဘာတွေ တွေးနေလည်း လုံးဝ မတွေးခဲ့ပေ။ သူ့စိတ်ထဲမှာ စပျစ်သီးစား‌ချင်နေတာပဲ သိ၏။ ဒါ့ကြောင့် သူ့အမေရဲ့ အင်္ကျီစကို ဆွဲကာ ...
"အမေ၊ သား စပျစ်သီး စားချင်တယ်"

ဆန်းရှောင်ဟိုင်လည်း သူမရဲ့ အင်္ကျီကို ပြန်ဆွဲထုတ်လိုက်ပြီး ...
"ဒီမယ်၊ မနေ့ညနေ‌တုန်းကတောင်မှ နင့်ရဲ့အဖိုး အဖွားက နင်တို့အတွက် ထမင်း ဟင်း မကျန်တော့ဘူးလို့ ပြောပြီး မကျွေးလိုက်ဘူးမလား။ အခုစပျစ်သီးကိုလည်း မျှော်‌မနေနဲ့။ အဲ့တာတွေက သူတို့ ခိုးယူလာတာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အဲ့တာတွေကို မစားရဘူး"

ယွမ်ရဲဟွာက ခေါင်းကို အမြန်ယမ်းလိုက်ကာ
"ဒါပေမယ့် သား စားချင်တယ်လေ။ သားတင်မကဘူး၊ အစ်ကိုကြီးပါ စားချင်နေတယ်လေ"
လို့ ပြောရင်း ယွမ်ရွယ်ဂျင်းကိုပါ ညွှန်ပြလိုက်၏။ထို့နောက် သူ့ရဲ့လက်တွေကို ခါယမ်းရင်း အတင်းပူဆာတော့သည်။
"စပျစ်သီး စားချင်တယ်။ စပျစ်သီး စားချင်တယ်လို့"

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်လည်း ယွမ်ရဲဟွာအားစိတ်ရှည်စွာဖြင့် ချော့ပြောရတော့သည်။
"သားရယ်။ သူတို့ကသာ ချိုတယ်၊ ချိုတယ်နဲ့ ပြောနေတာ။ တကယ်က စပျစ်သီးက အရမ်းချဉ်တာကွဲ့"

"ဟင့်အင်း၊ ဟင့်အင်း။ အချဉ်ဆိုရင်လည်း သား စားချင်တယ်လို့"
ယွမ်ရဲဟွာက ခေါင်းမာစွာဖြင့် ထပ်ပူဆာလိုက်သည်။

ယွမ်းချန်ကွေ့လည်း တုတ်တစ်ချောင်းကို အမြန်ကောက်ကိုင်လိုက်ကာ ...
"ထပ်ပြောရဲရင် ပြောကြည့်စမ်း"
လို့ မာန်မဲလိုက်တော့သည်။ ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာတို့ရဲ့ စိတ်ထဲ သူတို့ရဲ့အဖေကို အရမ်းကြောက်ကြ၏။ ဒါ့ကြောင့် ယွမ်ချန်းကွေ့က ဆူငေါင်ကာ ခြောက်လှန့်လိုက်ရခြင်း ဖြစ်သည်။

ထိုအခါမှ ယွမ်ရဲဟွာလည်း နောက်ထပ် မပူဆာတော့ပေ။ သူက‌ တစ်နေရာမှာ ကုတ်ကုတ်လေး ထိုင်နေတော့သည်။

ယွမ်ရွယ်ဂျင်းက
"သားတို့က အဖိုးတို့ဆီကနေ အိမ်ခွဲခဲ့ပြီမလား။ ဒီတော့ သူတို့ဆီက ဟာတွေကိုလည်း မစားသင့်တော့ဘူးလေ"

ယွမ်ချန်းကွေ့လည်း ထိုစကားကို ကြားတော့အနည်းငယ် စိတ်လျော့သွားသည်။ သူက ယွမ်ရဲဟွာကို စိုက်ကြည့်လိုက်ရင်း ...
"မင်း အစ်ကိုဆီကနေ သေချာ သင်ယူသင့်တယ်"
လို့ ထပ်မာန်မဲရင်း ပြောလိုက်သည်။

ယွမ်ရဲဟွာလည်း သူ့အဖေကို ကြောက်လန့်လွန်း၍ ဘာအသံမှ ထပ်ထွက်မလာတော့ချေ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ စပျစ်သီး စားချင်ကြောင်း တဖွဖွ ရေရွတ်နေခဲ့တော့သည်။
'စပျစ်သီးလေး စားချင်လို့'

ညဘက် အိပ်ရာဝင်တော့လည်း ယွမ်ရဲဟွာရဲ့မျက်စိထဲ စပျစ်သီးကိုသာ မြင်ယောင်နေကာ အိပ်မက်ထဲအထိအောင် စပျစ်သီးကို မြင်မက်လေတော့သည်။

ဆန်းရှောင်ဟိုင်နဲ့ ယွမ်ချန်းကွေ့လည်း သူတို့ အိပ်ရာပေါ်မှာ အိပ်စက်ဖို့ ပြင်ဆင်ကြတော့သည်။‌ ဆန်းရှောင်ဟိုင်က ယွမ်ချန်းကွေ့ အိပ်မပျော်နိုင်ခင်မှာပဲ ...
"ကျွန်မ သေချာ စဉ်းစားကြည့်ပြီးပြီ။ အဲ့စပျစ်သီးတွေကို ယွမ်ရိ ခိုးလာတာ ဖြစ်ရမယ်။ သူမတို့ ရွှေသရဖူ ကျေးရွာက ရွာလူကြီးတွေဆီ သွားပြီးတော့တိုင်ကြမလား"

ယွမ်ချန်းကွေ့လည်း သူ့ရဲ့မျက်ခွံများကို ပြန်ဖွင့်လိုက်ကာ ...
"ဒီကိစ္စက အဲ့လောက်ကြီး ဖြစ်ဖို့ မလိုပါဘူးဟာ။ အိမ်မှာ နည်းနည်းပါးပါး ဆူပူ ဆုံးမလိုက်ရင် ပြီးသွားမှာပါ"

ထိုစကားကြောင့် ဆန်းရှောင်ဟိုင်လည်း ယွမ်ချန်းကွေ့အား သူ့ဘက်ကို ဆွဲလှည့်လိုက်ကာ ...
"အိုတော်၊ ရှင့်တူမရဲ့ အသက်အရွယ်ကိုလည်း ကြည့်လိုက်ဦး။ ဒီအသက် ဒီအရွယ်မှာ သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူတာက လွယ်လွယ်နဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူးနော်။ ရှင့်မိဘတွေကလည်း ဆိုဆုံးမ,မယ် မရှိဘူး။ အတူတူတောင် ထိုင်စားနေကြသေးတယ်။ မပြော မရှိနဲ့နော်၊ ရှင်တူမ တစ်နေ့ အဖမ်းခံရမှာစိုးလို့ ကျွန်မက စေတနာနဲ့ အမုန်းခံပြောနေရတာ"

ယွမ်ချန်းကွေ့လည်း အသက်ပြင်းပြင်း ရှူလိုက်ကာ
"ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်စမ်းပါဟာ။ အခုချိန်မှာ ငါတို့က အိမ်ခွဲပြီးသွားပြီ။ ဒီတော့ သူမဘာသာ သူမ အဖမ်းခံရသည် ဖြစ်စေ၊ အဖမ်းမခံရသည် ဖြစ်စေ ငါတို့နဲ့ မဆိုင်တော့ဘူးလေ"

ဆန်းရှောင်ဟိုင်က ဒါကို လက်မခံပဲ ...
"ဘယ့်နှယ့် မဆိုင်ရမှာလဲ။ ကျွန်မတို့က‌ အမျိုးတွေလေ။ တကယ်လို့ သူမသာ အဖမ်းခံရသွားရင် ကျွန်မတို့အမျိုးတွေ အကုန် နာမည်ပျက်သွားတော့မှာပေါ့ရှင်။ ဒီတော့ သူမ တန်ဖိုးရှိတာတွေ ထပ်မခိုးခင် ရွှေသရဖူ ရွာက တာဝန်ရှိသူတွေကို မြန်မြန်အကြောင်းကြားမှ ဖြစ်မယ်။ ကျွန်မတို့ သူမကို............"

ဆန်းရှောင်ဟိုင် စကား ဆက်ပြောမလို့ ပြင်ချိန်မှာသူမရဲ့ ဘေးနားမှ ထွက်လာသည့် ဟောက်သံကြောင့် စကားစ ပြက်သွားတော့သည်။ ယွမ်ချန်းကွေ့ဟာ ပင်ပန်းလွန်းတာမို့ တန်းအိပ်ပျော်သွားခဲ့ပြီဖြစ်၏။

ဆန်းရှောင်ဟိုင်လည်း သူမ ယောက်ျားကို ကျောပေး အိပ်လိုက်ကာ အတွေးများစွာဖြင့်ယောက်ယက်ခက်နေတော့သည်။

သူမက ယွမ်ရိကို သင်ခန်းစာ တစ်ခု ပေးချင်နေခဲ့ပြီး သူမအား လူအများရှေ့မှာ အရှက်ခွဲချင်နေခဲ့သည်။ အကယ်၍ ဖြစ်နိုင်ပါက ယွမ်ရိအား အဖမ်းခံရ‌ဖို့ သူမ ဆန္ဒရှိကာ အလုပ်ကြမ်းများ လုပ်ရန် အပြစ်ပေးခြင်း ခံခဲ့ရပါက သူမ စိတ်ထဲ အလွန်ဝမ်းသာသွားမည် ဖြစ်ပေသည်။

ဆန်းရှောင်ဟိုင်လည်း အတွေးပေါင်းများစွာ၊အကြံအစည်ပေါင်း များစွာကို တွေးတောလျက်အချိန်တစ်ခု အကြာမှာတော့ အိပ်ပျော်သွားတော့သည်။

နောက်နေ့ မနက် ဝေလီဝေလင်း၊ ကြက်မတွန်ခင်အချိန်မှာ သူမ နိုးထလာတော့သည်။ နိုးတာနဲ့ဓာတ်မီးကို ယူကာ တိတ်တဆိတ်ဖြင့် ရွှေသရဖူကျေးရွာဘက်သို့ ထွက်လာခဲ့တော့သည်။ ရွှေသရဖူကျေးရွာကို ရောက်တာနဲ့ ကျေးရွာရဲ့အုပ်ချုပ်သူအိမ်ကို တန်းသွားခဲ့သည်။

ရွှေသရဖူ ကျေးရွာရဲ့ ရွာလူကြီး ဝမ်ကို တွေ့တာနဲ့သူမ လာရသည့် အကြောင်းအရင်းကိုတိုက်ရိုက်ပြောလိုက်တော့သည်။
"ရှင်တို့ ရွာရဲ့ စက်ချုပ် ဆရာခြံထဲက စပျစ်သီးအချို့ကို လူတစ်ယောက် ခိုးယူသွာခဲ့တယ်။ အဲ့လူကိုသာ အပြစ်မပေးလို့ရှိရင် လူတိုင်းက ခိုးတာတွေကျူးလွန်ကြလိမ့်မယ်။ ဒါ့ကြောင် သူမကို အပြစ်ပေးသင့်တယ်"

ထို့နောက် စပျသ်သီးခွံအချို့ကိုပါ ထုတ်ပြလိုက်ပြီး
"ဒါကတော့ သူတို့ စားလို့ကျန်ခဲ့တဲ့ အခွံ့တွေနဲ့ အစေ့တွေ။ ဒါကို သက်သေအဖြစ် ယူခဲ့တာပါရှင်"

ရွှေသရဖူ ရွာလူကြီး ဝမ်လည်း စပျစ်သီး အခွံနဲ့ စေ့များကို ကြည့်ရင်း မျက်ခုံး‌များ တွန့်ကွေး‌သွားတော့၏။
.................
ဖန်းယန် ကျေးရွာ။

နံနက်ခင်း လင်းကြက်တွန်သံ ကြားရပြီးတဲ့နောက်မှာ ယွမ်ရိရော ယွမ်ကျဲပါ အိပ်ရာထခဲ့ကြသည်။ သူမတို့ဟာ အိပ်ယာ ထပြီးတာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ကာ မနက်စာများကို ချက်ပြုတ်ပြင်ဆင်ခဲ့သည်။ တစ်အိမ်လုံးကိုလည်း သန့်ရှင်းရေးများ လုပ်ခဲ့ကြသည်။

မနက်စာ စားပြီးတဲ့နောက်မှာ ယွမ်ရိက ရွှေသရဖူ ရွာကို အပ်ချုပ်သွားသင်ဖို့ ပြင်တော့သည်။ သူမက မသွားခင်မှာ လျူရှင်းဟွာအား
"အဖွား၊ သမီး နေ့လည်စာ ပြန်မစားတော့ဘူးနော်"
လို့ ပြောရင်း အသိပေးခဲ့လိုက်၏။

အပ်ချုပ်ဆရာ အိမ်ကို ရောက်တဲ့အခါ သူမရဲ့ လွယ်အိတ်ကို အရင် နေရာ ချလိုက်သည်။ထို့နောက် ပုံမှန် နေ့များကဲ့သို့ပင် တံမြက်စည်းကို ကိုင်လျက် စတင်လှည်းကျင်းတော့၏။ ပြီးသည့်နောက် အဖိုးအို၏ အိမ်ကိုပါ သန့်ရှင်းရေး လုပ်ပေးခဲ့သည်။

သန့်ရှင်းရေး လုပ်ပြီးသွားသည့်နောက် ခဏ ထိုင်နေချိန်မှာပဲ အစမ်းရောင် အင်္ကျီဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်ဟာ အပ်ချုပ်ဆရာ အဖိုး၏ ခြံဝကို ရောက်လာတော့သည်။

သူမက ခြံထဲကို အရင်မဝင်ခဲ့ပေ။ ခဏအကြာမှာနောက်ထပ် မိန်းကလေးတစ်ယောက် ထပ်ရောက်လာခဲ့သည်။ ထိုအခါမှာ အစိမ်းဝတ် အမျိုးသမီးလည်း ခြံဝန်းထဲကို ဝင်လာတော့၏။

ဝင်လာပြီးတဲ့နောက် သူမက အပ်ချုပ်ဆရာ အဖိုးအား ...
"အဝတ်အထည် အချို့ ချုပ်ချင်လို့ပါရှင်"
လို့ ယဉ်ယဉ်ကျေးကျေး ပြောရင်း နှုတ်ဆက်လိုက်သည်။

အဖိုးအိုလည်း လည်ချောင်းကို အရင်ဆုံး ရှင်းလိုက်သည်။ ထို့နောက် အစိမ်းဝတ် အမျိုးသမီးနဲ့မိန်းကလေးတို့ နှစ်ယောက်အား ဧည့်ခန်းထဲ ခေါ်သွားတော့သည်။

ယွမ်ရိကလည်း အလိုက်တသိဖြင့် မီးဖိုးချောင်ထဲ ဝင်သွားလိုက်သည်။ ထို့နောက် သူမရဲ့ လက်ကိုစင်ကြယ်အောင် ဆေးကာ ရေနွေးခွက် နှစ်ခွက်အားအစိမ်းဝတ် အမျိုးသမီးနဲ့ မိန်းကလေးတို့ နှစ်ယောက်အတွက် ပြင်ဆင်ပေးလိုက်တော့သည်။

ထို့နောက် ဧည့်ခန်းထဲ ယူသွားကာ အမျိုးသမီး နှစ်ယောက်ရဲ့ ရှေ့မှာ ချပေးလိုက်တော့သည်။ အစိမ်းဝတ် အမျိုးသမီးလည်း အကြမ်းရည်ခွက်‌ကို အရင်မော့လိုက်၏။ ထို့နောက် အဖိုးအိုအား ...
"ဒါက ကျွန်မရဲ့ချွေးမလောင်းလေးလေ။ သူမအတွက် မင်္ဂလာပွဲမှာ ဝတ်ဖို့ ဝတ်စုံ တစ်စုံနဲ့ နောက်ရက်မှာ ဝတ်ဖို့ ဝတ်စုံ တစ်စုံ၊ စုစုပေါင်း နှစ်စုံလောက် ချုပ်ချင်လို့ပါ ရှင်။ အလှဆုံး ချုပ်ပေးပါနော်။ ချုပ်ချင်တဲ့ ဝတ်စုံ ပုံစံကိုလည်း ကျွန်မတို့ ယူလာပါတယ်ရှင်"

အဖိုးအိုက စကား အများကြီး မပြောခဲ့ပေ။ သူကအစိမ်းဝတ် အမျိုးသမီး လက်ထဲမှ နမူနာ ဝတ်စုံကို တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက် အစိမ်းဝတ် အမျိုးသမီး ဘေးမှ မိန်းကလေးအား ...
"မတ်တပ်ရပ်လိုက်ပါ"
လို့ ညွှန်ကြားလိုက်သည်။

မိန်းကလေးလည်း အနည်းငယ် ရှက်ကိုး ရှက်ကန်းဖြင့် ထရပ်လိုက်တော့သည်။

အဖိုးအိုလည်း ယွမ်ရိဘက်ကို လှည့်ကာ ...
"သူမရဲ့ကိုယ်တိုင်းကို ယူလိုက်ပါ"
လို့ ပြောလိုက်သည်။

ယွမ်ရိလည်း အဖိုးအိုရဲ့စကားကြောင့်မိန်းကလေး၏ အတိုင်းအတာများကို ယူရန် သူမထံ ချည်းကပ်သွားခဲ့သည်။

ထိုအခါ အစိမ်းဝတ် အမျိုးသမီး၏ မျက်နှာပေါ်မှအပြုံးဟာ ပျောက်ကွယ်သွားတော့သည်။ သူမက အဖိုးအိုဘက်ကို လှည့်ကာ ...
"သူမက အတိုင်းအတာတွေကို မှန်မှန်ကန်ကန် ယူတတ်ပါ့မလား"
လို့ မကျေနပ်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

အသက် တစ်ဆယ့်‌သုံး၊ တစ်ဆယ့်လေးနှစ် အရွယ်ကလေးမလေးကြောင့် အတိုင်းအတာ ယူရာမှာမှားယွင်းသွာခဲ့ရင် သူမ ချွေးမလေးအတွက်တော့ မတွေးရဲစရာပင်။ ထိုအခါ ဝတ်စုံကလည်း မလှမပ ဖြစ်သွားနိုင်ကာ ငွေကုန်ရကျိုး မနပ်ဖြစ်သွားနိုင်သည်။ ဒါ့ကြောင့် သူမက အနည်းငယ် မကျေနပ်သော လေသံဖြင့် မေးခွန်းထုတ်လိုက်ရခြင်း ဖြစ်သည်။

အဖိုးအိုလည်း သူမရဲ့လေသံကြောင့် သူမရဲ့မျက်ခွက်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ကာ ...
"သူမက ငါ့ဆီမှာ ပညာသင်နေတဲ့သူဘဲ။ တကယ့်လို့ ငါဆီမှာ ချုပ်ရတာကို မကျေနပ်ရင် အခြားနေရာကိုသွားချုပ်ချည်"
လို့ ခပ်ချေချေ ပြန်ပြောလိုက်တော့သည်။

အဖိုးအိုရဲ့ စကားကြောင့် အမျိုးသမီးလည်း ဘာမှထပ်မပြောနိုင်တော့ပေ။ သူမအနေနဲ့ မကျေနပ်လျှင်တောင်မှ ဘာမှ ပြန်မပြော‌နိုင်။ အဘယ့်ကြောင့်ဆိုသော် ဖန်းမင်းတောင် တစ်ခုလုံးမှာအပ်ချုပ်တတ်တဲ့သူ ဆို၍ ဤအဖိုးအိုတစ်ယောက်တည်း ရှိနေလို့ပင်။

ယွမ်ရိဟာလည်း နောက်ဆုံးမှာ အဖိုးအို၏ ပြောရဆိုရ လက်ပေါက်ကပ်ပုံကို မြင်တွေ့လိုက်ရပြီဖြစ်၏။ သူမလည်း မချိပြုံး၊ ပြုံးမိလိုက်သည်။ထို့နောက် အစိမ်းဝတ် အမျိုးသမီးအား ညှင်သာစွာပြုံးပြလိုက်ကာ ...
"အန်တီ၊ စိတ်ချထားလိုက်ပါ ရှင့်၊ အမှားအယွင်းလုံးဝ မဖြစ်စေရပါဘူး ရှင့်"
လို့ ပြောလိုက်သည်။

ထိုအခါမှာ အစိမ်းဝတ် အမျိုးသမီးရဲ့ မျက်နှာလည်း အနည်းငယ် ပြေလျော့သွားတော့၏။

ထို့နောက် ယွမ်ရိလည်း ကောင်မလေးရဲ့ကိုယ်လုံး ကိုယ်ပေါက်ကို သေချာလေး တိုင်ကာ ခဲတံဖြင့်ရေးမှတ်လိုက်၏။ ထိုသို့ တိုင်းတာ နေစဉ်မှာပင် သူမက ကောင်မလေး ဘယ်လောက်လှကြောင့်၊ သည်လိုမျိုး ယောက္ခမနဲ့ တွေ့ရ၍ ဘယ်လောက်ကံကောင်းကြောင်း အစရှိသဖြင့် အမျိုးမျိုး ချီးမွမ်းခဲ့၏။ ဒါ့ကြောင့် အစိမ်းဝတ် အမျိုးသမီးရော၊ကောင်မလေးရော၊ နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ အပြုံးများ ဝေဝေဆာနေတော့သည်။

ကိုယ်တိုင်း တိုင်းပြီးသွားတာနဲ့ ချုပ်ပြီးသည့်အခါ လာယူရမည့် ရက်ကိုပါ ရက်ချိန်းပေးလိုက်သည်။ ထို့နောက် အစိမ်းဝတ် အမျိုးသမီးနဲ့ မိန်းကလေးတို့ဟာ အဖိုးအိုရဲ့ ခြံဝန်းထဲကနေ ပြန်ထွက်သွားကြတော့၏။

အနည်းငယ် ခပ်ဝေးဝေးကို ရောက်တာနဲ့ အစိမ်းဝတ် အမျိုးသမီးက မိန်းကလေးအား ...
"အပ်ချုပ်တဲ့ အဖိုးဆီမှာ ဘယ်အချိန်ကများ ပညာသင် တစ်ယောက် ရောက်လာတာပါလိမ့်။ သူမကရော အဖိုးရဲ့‌ ဒေါသကို ခံနိုင်ရဲ့လား မသိဘူး"

မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး ...
"ဒါပေမယ့် သူမက အပ်ချုပ်တာကို သေသေချာချာ သင်နေပုံရတယ်"

အစိမ်းဝတ် အမျိုးသမီးကလည်း ခေါင်းဘိတ်ပြလိုက်ပြီး ...
"ဟုတ်တယ်။ သူမရဲ့ ပုံစံလေးကိုက မြင်လိုက်တာနဲ့သေချာ အာရုံစိုက်သင်နေတဲ့သူဆိုတာ သိသာပါတယ်လေ"

အမှန် တကယ်တော့ ယွမ်ရိရဲ့ အပြောချိုချိုလေးများကြောင့် သူမတို့ နှစ်ယောက်ဟာ ယွမ်ရိအပေါ်အကောင်းမြင်သွားကြခြင်းပင် ဖြစ်၏။

ယွမ်ရိလည်း ခြံဝမှာ ရပ်ရင်းဖြင့် အစိမ်းဝတ် အမျိုးသမီးနဲ့ မိန်းကလေးတို့ အဝေးကို ထွက်သွားတာကို ကြည့်နေခဲ့၏။ ထို့နောက် သူမ ခြေရင်းမှကြောင်ဝါကြီးကို ကောက်ပွေ့လိုက်ကာ ...
"ကဲ၊ ငါ့ရဲ့ စကားပြော စွမ်ရည်ကို မင်း ဘယ်လို မြင်လဲ။ ကောင်းတယ်မို့လား"
ဟု မေးလိုက်သည်။

အဖိုးအိုဟာ ထိုစကားကို လှမ်းကြားလိုက်တာကြောင့် ...
"မင်းက အရမ်း ရိုကျိုး နှိမ့်ချလွန်းသလိုဘဲ"
ဟု ပြောရင်း ဝေဖန်လိုက်သည်။

ထိုအခါမှာ ယွမ်ရိလည်း သူမက ၁၉၇၀ ခုနှစ်ဆီ ကူးပြောင်းလာတာကို အမှတ်ရလိုက်သည်။ သည်ကာလမှာ ဝန်ဆောင်မှုပေးသူ အများအပြားက မာနကြီးကြပြီး စကားပြောရာမှာ မာရေထန်ရေ ရှိကြ၏။

ထို့နောက် ယွမ်ရိလည်း အဖိုးအို ဘေးမှာ ဝင်ထိုင်လိုက်ကာ ...
"အဖိုး၊ ဒီနေ့ ဘာသင်ပေးမှာလဲ"
ဟု စကားလမ်းကြောင်း ပြောင်းရင်း မေးလိုက်သည်။

အပ်ချုပ်သမား အဖိုးအိုလည်း တစ်ခုခု ပြောမလို့ ပြင်ချိန်မှာ ခြံဝန်းအပြင်၌ လူတစ်စု ရောက်လာပြန်သည်။

အဖိုးအိုလည်း ခြံဝန်းအပြင်ကို ကြည့်လိုက်သည့်အခါ ရွာသူကြီး ဝမ်နဲ့ အခြားသော ရွာသား အနည်းငယ်ကို မြင်တွေ့လိုက်ရ၏။ သူတို့ရဲ့ မျက်နှာထားများအရ သူ၏ အိမ်သို့ အကြမ်းရည်သောက်ဖို့ လာတာတော့ ဖြစ်ပုံ မရပေ။

အဖိုးအိုလည်း သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။ ထိုအခါ ရွာသူကြီး ဝမ်လည်း သူ့ရဲ့နောက်မှ ရွာသားများကို ခေါ်ကာ ခြံဝန်းထဲ ဝင်လျက် အဖိုးအို ဘေး ဝင်ထိုင်လိုက်၏။

ထိုင်ပြီးတာနဲ့ အဖိုးအိုအား လေးလေးစားစားဖြင့်
"အဖိုး ဆောင်း၊ ခင်ဗျားရဲ့ ခြံထဲကနေ စပျစ်သီးတွေခိုယူနေတဲ့ လူ ရှိတယ်လို့ တိုင်ကြားချက်တစ်ခု ပိုရထားလို့ပါ"
လို့ တိုက်ရိုက်ပြောလိုက်သည်။

ထို့နောက် သူ့ရဲ့ လက်ထဲမှ စက္ကူလုံးကို အဖိုးဆောင်းရဲ့ ရှေ့မှာ ဖွက့်ပြလိုက်သည်။
ထိုအခါ စက္ကူလုံး အတွင်းမှ စပစ်သီး အစေ့နဲ့ အခွံများကို သူတို့ တွေ့လိုက်ကြရ၏။

ထိုစက္ကူထဲမှာ ရှိနေသည့် စပျစ်ခွံများဟာအနည်းငယ် ခြောက်သွေ့နေပြီ ဖြစ်သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now