Chapter 58.2

721 94 0
                                    

Chapter 58.2
July 31, 2023 by Yamin Aung
အပိုင်း - ၅၈.၂

အကုန်လုံးထွက်သွားကြ၍ ထမင်းစားဝိုင်းအတွင်း ဖန်းရှုံးယန်၊ ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့သာ ကျန်ခဲ့တော့သည်။

ဖန်းရှုံးယန်က အိုးခွက်ပန်းကန်များအား ဆေးကြောနေရင်းဖြင့်
"ငါ့နဲ့နော် ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့်များ အခုလို အာဂအကြွေးရှင်ကြီးတွေကို အကြွေးဆပ်နေရပါလိမ့်။ နေ့တိုင်း ထမင်းဆင်းစားတဲ့အချိန်ကလွဲပြီး အကြွေးရှင်ကြီးတွေက အခန်းထဲကနေတောင် မထွက်ကြဘူး။ အရင်ကဆို ချူးရွယ်က အလုပ်တချို့ဝိုင်းကူပေမယ့် အကြွေးရှင်ကြီးတွေနဲ့ပေါင်းပြီးနောက်ပိုင်း သူကပါ အခန်းအောင်းတတ်လာတယ်"
ဟု ညီးညူလိုက်သည်။

ယွမ်ချူးယန်က စားစရာရှိတာကိုဘဲ စားနေကာ ဘာစကားမှ ဝင်မပြောခဲ့ချေ။

ရဲ့ချူးဝမ်ကတော့
"အမေရယ်။ စိတ်အေးအေးထားပြီးအကောင်းဘက်ကနေတွေးပါ။ ရှောင်ရိအနေနဲ့ အခုလိုမျိုး အခန်းအတွင်းအောင်းနေပြီး ဘာပြဿနာမှမရှာတာကတင် ကောင်းနေပြီမဟုတ်ဘူးလား"
ဟု ဝင်ပြောလိုက်၏။

ရဲ့ချူးဝမ်၏စကားကြောင့် ဖန်းရှုံးယန်လည်း စိတ်သက်သာရာရသွား၏။
'အင်းးးး နောက်ထပ်နှစ်နှစ်ခွဲလောက်ဘဲ သည်းခံလိုက် ပြီးရင် ယောက်ျားပေးစားလိုက်တော့မယ်'

ဒါပေမဲ့ သူမက ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့အား ယွမ်ရိတို့နဲ့အတူတူ ဖန်းမင်းတောင်ပေါ်သို့ လိုက်မသွားစေလိုပေ။ ဒါ့ကြောင့် သူမက ရဲ့ချူးဝမ်အား
"ချူးဝမ်၊ သမီးရဲ့မောင်လေးနှစ်ယောက်ကို ယွမ်ရိတို့နဲ့ အတူတူလိုက်မသွားဖို့ ဖျောင်းဖျပေးပါဦး။လမ်းခရီးက အရမ်းကြမ်းတော့ သမီးမောင်လေးနှစ်ယောက် တအားပင်ပန်းလိမ့်မယ်"

ရဲ့ချူးဝမ်ဟာ ယွမ်ရိတို့ရောက်လာပြီးနောက်ပိုင်း ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့၏ သူမအပေါ်ပြုမူဆက်ဆံကြပုံတွေကို ပြန်တွေးမိပြီး သက်ပြင်းတစ်ခုကိုမှုတ်ထုတ်လိုက်၏။ ထို့နောက် သူမက သူမ၏ထမင်းပန်းကန်အတွင်းမှ နောက်ဆုံးထမင်းလုတ်ကို အပြီးသတ်လိုက်ပြီး
"သမီးပြောလည်း အသုံးဝင်မှာမဟုတ်လောက်ဘူးအမေ ရဲ့ဖန်နဲ့ဟောင်ဂျန် နှစ်ယောက်လုံးက သမီးစကားကို နားထောင်ကြမှာမဟုတ်ဘူး"
ဟု ပြောလိုက်၏။

ဖန်းရှုံးယန်သည်လည်း သက်ပြင်းအသာချကာ
"သမီးအဖေကလည်း တကယ့်ကိုတစွတ်ထိုးသမားကြီး။ အမေ့စကားကိုဆိုရင် ဘယ်တော့မှ အရေးတယူမလုပ်ဘူး"

ရဲ့ချူးဝမ်က
"အမေရယ်။ ရှောင်ရဲ့နဲ့ဟောင်ဂျန်တို့က သွားချင်နေတာတပိုင်းကိုသေလို့။ ဒီတော့ သူတို့တွေကို သွားခွင့်ပေးလိုက်ပါ။ ဒါမှ ခရီးပန်းတဲ့ဒဏ်ကို ဒင်းတို့ ကိုယ်တွေ့ကြုံဖူးသွားမှာ"

ရဲ့ချူးဝမ်၏စကားကြောင့် ဖန်းရှုံးယန်လည်း စိတ်သက်သာရာရသွားကာ
"သမီးပြောတာမှန်တယ်။ ခရီးပန်းတဲ့ဒဏ်ကို ဒင်းတို့ကိုယ်တိုင်ကြုံတွေ့ခံစားရမှ အမေမှန်လိုက်တာ။အမေ့စကား‌နားထောင်ပြီး ခရီးထွက်မလာခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲဆိုပြီး နောင်တတွေတသီကြီးရမှာ"

ဖန်းရှုံးယန်ဟာ ရဲ့ချူးဝမ်နဲ့စကားတွေပြောပြီးသည့်နောက် သူမ၏စိတ်အခြေအနေဟာ ပိုပြီးတော့ ကောင်းမွန်လာခဲ့သည်။

ဒါ့ကြောင့် သူမက နောက်တစ်နေ့မှာ ကလေးတွေအကုန်လုံးကိုခေါ်၍ အဝတ်အစားအသစ်ဝယ်ပေးတာတွေ၊ ဖန်းမင်းတောင်ပေါ်သယ်သွားဖို့အတွက် ပေါ့ပါးသည့် လက်ဆောင်ပစ္စည်းတွေ၊ စားသောက်စရာတွေ အစရှိသဖြင့် အကုန်သွားဝယ်ခဲ့ကြသည်။

ဒီ‌လိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားကာ ဖန်းမင်းတောင်ပေါ်သို့မပြန်ခင် တစ်ရက်ဘဲလိုတော့၏။

ထိုညမှာဘဲ ဖန်းရှုံးယန်က ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့၏အခန်းအတွင်းဝင်လျက် သူမ၏သားနှစ်ယောက်အား အဝတ်အစားတွေသေချာထုပ်ပိုးပေးရင်းဖြင့် မှာစရာရှိတာတွေကို မှာကြားလို့နေ၏။

သူမ မှာကြားနေတုန်း ယွမ်ဟောင်ဂျန်တစ်ယောက် အာရုံစိုက်နားထောင်မနေတာကို ဖန်းရှူံးယန်မြင်လိုက်ရ၍ ဒေါသတကြီးဖြင့်
"ယွမ်ဟောင်ဂျန် ရှေ့မှာ အမေလုပ်သူက စကားပြောနေတဲ့အချိန် သေချာအာရုံစိုက်နားထောင်လေ။ အမေပြောနေတာတွေကိုရော မှတ်ရောမှတ်မိရဲ့လား"
ဟု ဆူလိုက်၏။

ယွမ်ဟောင်ဂျန်က ‌ကြက်အစာကောက်သကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြရင်းဖြင့်
"မှတ်မိပါတယ်အမေရယ်"
ဟု ဖြေရှင်းချက်အမြန်ပေးလိုက်ရသည်။

ဟု ပြောရင်းဖန်းရှုံးယန်လည်း အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ထုပ်ပိုးပေးနေခဲ့သည်။

အကုန်ထုပ်ပိုးပြီးသွားတာနဲ့ သူမက ယွမ်ဟောင်ဂျန်အား
"ဟောင်ဂျန် အပေါ်ထပ်သွားပြီး ယွမ်ရိကိုသွားခေါ်ချည်။ နင့်ရဲ့ဒုတိယအမကို ခရီးစရိတ်အဖြစ် ငွေတချို့ပေးရင်းနဲ့ ပြောစရာလေးနည်းနည်းရှိနေလို့"
ဟု ပြောလိုက်၏။
ယွမ်ဟောင်ဂျန်လည်း ချက်ချင်းဘဲ ထိုင်နေရာကနေ ထကာ အပေါ်ထပ်သို့ တက်သွားတော့သည်။
မကြာခင်မှာဘဲ သူနဲ့အတူ ယွမ်ရိပါ အောက်ထပ်သို့ဆင်းလာပြီး သူ၏အခန်းထဲကို ဝင်သွားကြတော့သည်။

အခန်းထဲကိုရောက်တော့ ဖန်းရှုံးယန်နဲ့ယွမ်ရိတို့ မျက်နှာချင်းဆိုင်မိကြတော့သည်။ ဒါပေမဲ့ သားအမနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စည်းတစ်ခုခြားနေသကဲ့သို့ စကားပြောဆိုခြင်းမပြုခဲ့ကြပေ။
အချိန်တစ်နှစ်ကျော်ကြာသွားပြီးသည့်နောက်မှ ယွမ်ရိနဲ့သူမ၏မိခင်တို့၏ဆက်ဆံရေးက ပိုပြီးတော့ ဆိုးရွားလာပေသည်။

သူမရောက်ခါစတုန်းက ဖန်းရှုံးယန်က သူမအပေါ် ဂရုစိုက်တာမျိုး ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူမအပေါ် ဂရုစိုက်တာမျိုး လုံးဝမရှိတော့ဘဲ လျစ်လျူရှုထားသည်။ ယွမ်ရိကလည်း ခေါင်းမာစွာဖြင့် သူမ၏မိခင်အား သူမဘက်ကနေ စကားသွားပြောတာမျိုး မလုပ်ခဲ့ပါ။
တကယ်တော့ သူမ၏မိခင်အပေါ် ယွမ်ရိစိတ်ဆိုးနေရသည့်အကြောင်းအရင်းက သူမတို့ရောက်ခါစတုန်းက သူမတို့အတွက် လိုအပ်သည့် ပစ္စည်းများအား မေ့ပြီးဝယ်မပေးဖြစ်ခဲ့ခြင်းအား လွယ်လွယ်လေး ပြောထွက်ခဲ့လို့ပင်။
သားအမိနှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ဖန်းရှုံးယန်က သူမအိတ်ထဲမှ ငွေတချို့ကိုထုတ်ကာ ယွမ်ရိထံပေးလိုက်ရင်းဖြင့်
"ရော့၊ နင့်ဘာသာနင် ယူယူ၊ မယူယူ ငါ့ဘက်ကပေးရမယ့်တာဝန်အရမို့လို့ နင့်ကိုပေးလိုက်ပြီနော်။ လမ်းခရီးမှာ နင့်မောင်လေးတွေ၊ ညီမလေးတွေကို‌ ကောင်းကောင်းဂရုစိုက် ကြားလား"

ယွမ်ရိက ဘာစကားမျှ ပြန်လည်တုံ့ပြန်မပြောဆိုခဲ့ဘဲ သူမ၏မိခင်ပေးသော ငွေတွေကိုလက်ခံယူလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က ဖန်းရှုံးယန်ကိုကြည့်ကာ
"အမေရယ်။ သားတို့က ငယ်တော့တာလည်း မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ အထူးတလည်ကြီးဂရုစိုက်ပေးးစရာမလိုတော့ပါဘူး"

ပြီးတာနဲ့ သူက ငွေတွေကို ရေတွက်နေသည့် ယွမ်ရိဘက်ကို လှည့်ကာ
"အမ၊ ကျွန်တော့်ကို ဂရုစိုက်ပေးစရာမလိုဘူးနော်။ကျွန်တော်တို့ကဘဲ အမကို ဂရုစိုက်ပေးမယ်ဟုတ်ပြီလား"

ဖန်းရှူံးယန်က ယွမ်ဟောင်ဂျန်အား မျက်နှာထား ခပ်တည်တည်ဖြင့် စိုက်ကြည့်ကာ
"ဒီမယ်၊ မင်းဘာသာမင်း အသက်အရွယ်ဘယ်လောက်ဘဲ မငယ်တော့ဘူးပြောပြော အမေ့မျက်လုံးထဲမှာတော့ မင်းက ငယ်ငယ်လေးဘဲ ရှိသေးတယ်။ ဒါ့ကြောင့် မင်းတို့ကို ဂရုစိုက်ပေးဖို့ မင်းတို့အမကို မှာ နေရတာ"

ယွမ်ရိက သူမ၏မိခင်ပေးသည့်ငွေတွေကို ရေတွက်ပြီးတာနဲ့ ယွမ်ဟောင်ဂျန်အား
"ဟောင်ဂျန်။ မနက်ကျရင် အမတို့ရဲ့အဝတ်ထုပ်လေးတွေကို ဝိုင်း‌သယ်ပေးဦးနော်"
ဟု အကူအညီတောင်းလိုက်၏။


ယွမ်ရိ၏စကားကြောင့် ဖန်းရှုံးယန်တစ်ယောက် ဒေါသတွေ အရမ်းထွက်လာ၏။ ဒါပေမဲ့ သူမက ယွမ်ရိနဲ့စကားမများချင်၍ ယွမ်ဟောင်ဂျန်ကိုကြည့်ကာ
"ဟောင်ဂျန်၊ နင်တွေ့ပြီလား။ နင့်ဒုတိယအမက နင့်ကို အခုလိုမျိုး ခိုင်းစားချင်လို့ ခေါ်နေတာနော်။ ဒါ့ကြောင့် မြန်မြန်ဆုံးဖြတ်ချက်တစ်ခုချပြီး မလိုက်တော့ဘူးလို့ ပြောလိုက်လေ"
ဒါ့ပေမယ့် ယွမ်ရိနဲ့နီးကပ်နေ၍ ထိုစကားတွေအကုန်လုံးကို ယွမ်ရိပြတ်ပြတ်သားသားကြားလိုက်ရပေသည်။ ဒါ့ကြောင့် သူမက
ဟု ပြောကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့တော့သည်။

ယွမ်ရိထံမှ ထိုကဲ့သို့ သဘောထားကိုမြင်လိုက်ရ၍ ယွမ်ဟောင်ဂျန်လည်း မပျော်မရွှင်ဖြစ်သွားကာ ဖန်းရှုံးယန်အား
"အမေ၊ ဖန်းမင်းတောင်ကိုလိုက်ရဖို့အတွက် ‌အဖေ့ထံကနေ ခွင့်ပြုချက်ရဖို့ ခက်ခက်ခဲခဲကြိုးစားထားရတာနော်။ အဖေ့ဆီကနေ သွားဖို့အတွက် ခွင့်ပြုချက်ရတုန်းကဆိုရင် ကျွန်တော်အရမ်းစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တာ။ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးတဲ့အဖိုးအဖွားတွေကိုလည်း တွေ့နိုင်မှာဖြစ်သလို ခရီးရှည်ကြီးလည်း ထွက်ရမှာဆိုပြီး အရမ်းမျှော်လင့်ထားခဲ့တာ။ အခုတော့ အမေ့စကားတွေကြောင့် အမယွမ်ရိ စိတ်ခုသွားပြီထင်တယ်။ မနက်ကျ ကျွန်တော့်ကို မခေါ်တော့ရင် ဘယ်လိုလုပ်မလဲ"

ဖန်းရှုံးယန်လည်း သူမဘက်က စကားနည်းနည်းလွန်သွားတာကို နားလည်လိုက်၏။
"ငါလည်း တမင်သက်သက်ကြီး ပြောချလိုက်တာမဟုတ်ရပါဘူးဟယ်"

ယွမ်ဟောင်ဂျန်ကတော့ ဘာမျှပြန်မပြောတော့ဘဲ ကုတင်ပေါ်လှဲချကာ ခေါင်းအုံးပေါ် မျက်နှာအပ်လိုက်တော့သည်။

သားအမိနှစ်ယောက်ကြား အခြေအနေက နည်းနည်း ကိုးယိုးကားယားဖြစ်သွား၏။ ဖြစ်စဉ်ကို အစအဆုံးမြင်လိုက်သည့် အနီးမှ ရဲ့ဖန်ကလည်း ထိုင်နေရ ကနေ ထလာကာ ဖန်းရှုံးယန်အား နှစ်သိမ့်ပေးလိုက်သည်။
"အမေရယ်၊ အရမ်းလည်း စိတ်ပူမနေပါနဲ့။ လမ်းခရီးမှာ ဟောင်ဂျန်ကို ကျွန်တော်ဂရုစိုက်ပေးလိုက်ပါ့မယ်"

ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က ခေါင်းအုံးပေါ်မျက်နှာအပ်နေရာကနေ ထလိုက်ပြီး ခေါင်းအုံးအား လွှင့်ပစ်လိုက်ကာ ဒေါသထွက်နေသည့် လေသံဖြင့်
"ငါ့ကို ဂရုစိုက်ပေးစရာမလိုဘူး"
ဟု အော်ဟစ်လိုက်တော့သည်။

ဖန်းရှုံးယန်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ယွမ်ဟောင်ဂျန်တို့အခန်းထဲကနေ ပြန်ထွက်ကာ သူမတို့၏အခန်းထဲသို့ ပြန်လာခဲ့၏။ သူမတို့အခန်းထဲရောက်တာနဲ့ ကုတင်စွန်းမှာထိုင်ကာ မျက်ရည်များ စီးကျလာတော့သည်။

တစ်ဖက်မှာတော့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ ညီအမသုံးယောက်ဟာ အဝတ်အစားတွေကို သေချာ ထုပ်ပိုးပြင်ဆင်ခဲ့ကြ၏။
ဒီလိုနဲ့နောက်တစ်နေ့ရောက်သည့်အခါမှာ သူတို့ဟာ အိပ်ရာကနေ စောစောထခဲ့ကြပြီး မျက်နှာသစ်သန့်ရှင်းရေးလုပ်ကာ အောက်ထပ်ကိုဆင်းခဲ့ကြသည်။

မနက်စာစားပြီးတာနဲ့ သူတို့ဟာ အထုပ်အပိုးတွေကို ယွမ်ချန်းဖူပြင်ဆင်ပေးထားသည့် ကားပေါ်သို့ တင်လိုက်ကြတော့သည်။

ယွမ်ချန်းဖူက ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်အား သီးသန့်နေရာတစ်ခုသို့ခေါ်သွားကာ
"ရှောင်ရဲ့၊ ဟောင်ဂျန် မင်းတို့နှစ်ယောက်လုံးက ယောက်ျားသားတွေနော်။ ဒီတော့ လမ်းခရီးမှာ မင်းတို့ရဲ့အမတွေကို ကောင်းကောင်းဂရုစိုက်ကြ ကြားလား"
ဟု မှာလိုက်၏။

ယွမ်ဟောင်ဂျန်ဟာ စစ်သားတစ်ယောက်ကဲ့သို့ သူ့အဖေအား အလေးပြုလျက်
"စိတ်ချပါ၊ ကျွန်တော်တို့ သေချာစောင့်ရှောက်လိုက်ပါ့မယ်"
ဟု စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။

"အချိန်လည်း မလိုတော့ဘူး။ သွားကြတော့လေ"
ဟု ပြောလိုက်၏။

"ဟုတ်ကဲ့၊ အဖေ"
ယွမ်ဟောင်ဂျန်လည်း ပျော်ရွှင်စွာဖြင့် ကားထံသို့ ရဲ့ဖန်နဲ့အတူတူ ပြန်သွားလိုက်တော့သည်။

သူတို့နှစ်ယောက် ကားပေါ်တက်ပြီးချိန်မှာဘဲ ဖန်းရှုံးယန်က ရဲ့ဖန်ကိုကြည့်ကာ
"ရှောင်ဖန်၊ နင့်ညီလေးကို ကောင်းကောင်းဂရုစိုက်နော်"
ဟု လှမ်းမှာလိုက်သည်။

ရဲ့ဖန်က ပြန်ပြောလိုက်၏။
ထို့နောက် သူတို့တွေဟာ သူတို့၏မိခင်နဲ့ဖခင်အား ကားပေါ်ကနေ လက်ပြနှုတ်ဆက်ခဲ့ကြ၏။
ပြီးတာနဲ့ ကားဘီးလေးဟာ တရွေ့ရွေ့ဖြင့် စတင်ထွက်ခွာလာတော့သည်။
ယွမ်ဟောင်ဂျန်သည်လည်း နောက်ကိုမှီချလိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ
"နောက်ဆုံးတော့ ခရီးရှည်ကြီးတစ်ခုထွက်ဖူးတော့မယ်။ အခုမှဘဲ စိတ်အေးသွားတော့တယ်"
ဟု ရေရွတ်လိုက်၏။

ယွမ်ရိက ရှေ့မှာထိုင်နေရာကနေ နောက်ကို လှည့်လိုက်ပြီး ယွမ်ဟောင်ဂျန်ကိုကြည့်ကာ
"ဟိုရောက်လို့ အဖိုးအဖွားတွေကိုတွေ့ရင် လိမ်လိမ်မာမာဆက်ဆံနော်"

"အမရယ်၊ အဲ့လောက်တော့ ကျွန်တော်သိပါတယ်ဗျ"

ယွမ်ရိလည်း ခေါင်းညိတ်ကာ သူမ၏မောင်နှမတွေကိုကြည့်လိုက်ပြီး
"ကဲ၊ အခု ငါတို့ရဲ့တောင်ပေါ်ခရီးစဉ်လေး စထွက်ပါပြီ"

ယွမ်ဟောင်ဂျန်က ကျယ်လောင်စွာဖြင့် ထပ်ပေါင်းပြောလိုက်၏။

သူ့အသံအလွန်ကျယ်သွား၍ ကားမောင်းနေသည့် ကားဆရာတောင်မှ တုန်တက်သွားပေသည်။

ကျန်တဲ့မောင်နှမ‌တတွေလည်း ယွမ်ဟောင်ဂျန်အား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ကြတော့သည်။

ဒီလိုနဲ့ သူတို့ကားလေးဟာ ရထားဘူတာရုံသို့ ရောက်ရှိလာတော့သည်။ သူတို့ဟာ သူတို့၏အထုပ်အပိုးများအား ကားပေါ်မှတဆင့် ရထားပေါ်သို့ တင်ခဲ့ကြ၏။ ပြီးတာနဲ့ ရထားပေါ်မှာ ဝင်ထိုင်လိုင်ကြတော့သည်။

အချိန်ကျလာတာနဲ့ ရထားကြီးသည်လည်း တဂျုံးဂျုံးတဂျက်ဂျက်မြည်သံပေးလျက် ဘူတာရုံမှ စတင်ထွက်ခွာတော့သည်။
ရထားစတင်ထွက်တာနဲ့ ယွမ်ရိဟာ ထိုင်ခုံနောက်ကို မှီချလိုက်ကာ ဘာစကားမှ ဝင်မပြောနိုင်တော့ချေ။ဒါ့ကြောင့် သူတို့မောင်နှမတတွေကြား ယွမ်ဟောင်ဂျန်၏အသံကသာ တစာစာဖြင့် ထွက်ပေါ်နေတော့၏။

သူတို့ဟာ ရထားပေါ်ကနေပြီး စကားတွေပြောလိုက်၊ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလိုက်ဖြင့် လိုက်ပါလာခဲ့ကြ၏။ သူတို့ဟာ စိမ်းစိုနေသည့် တောတန်းတွေ၊ ကျေးရွာလေးတွေ၊ တောင်ကုန်းတောင်တန်းတွေ အစရှိသဖြင့် မျိုးစုံနေအောင် မြင်ခဲ့ကြ၏။
အစပိုင်းမှာ ယွမ်ဟောဂ်ဂျန်တစ်ယောက် တက်ကြွသော ကြက်ဖကြီး ဖြစ်နေပေမယ့် အချိန်တွေကြာလာတော့ တဖြည်းဖြည်း ငြီးငွေ့လာတော့သည်။


ဒါပေမယ့် ထိုငြီးငွေ့ခြင်းကလည်း တခဏဘဲ ဖြစ်ကာ မကြာခင်မှာဘဲ ကိုလေပေါပြန်ဖြစ်သွား၏။

ဒီလိုနဲ့ ရထားပေါ်မှာဘဲ နှစ်ရက်ခွဲလောက်ကုန်ဆုံးပြီးသည့်နောက်မှာ တုန်းဖန်းမြို့အနီးမှ ရတားဘူတာရုံသို့ ရထားစိုက်တော့သည်။

ဒါ့ကြောင့် ယွမ်ရိတို့လည်း အထုပ်အပိုးတွေကို သယ်လျက် ရထားပေါ်ကနေ ဆင်းလာခဲ့ကြတော့သည်။
ယွမ်ဟောင်ဂျန်ဟာ ရထားပေါ်ကနေ ဆင်းပြီးတာနဲ့ အညောင်းအညာဆန့်လိုက်ကာ
"အိုးးးအခုမှဘဲ ညောင်းကိုက်နေတာတွေ သက်သာသွားတော့တယ်"
ဟု ရေရွတ်လိုက်၏။

"ကဲ၊ ရောက်ခါနီးနေပါပြီ။ ဆက်သွားကြစို့"
ဟု ပြောလိုက်၏။

ထို့နောက် သူတို့ မောင်နှမတတွေဟာ ရထားဘူတာရုံအပြင်ကို ထွက်လာခဲ့ကြတော့သည်။

ရထားဘူတာရုံ၏အပြင်မှာတော့ ယွမ်ချန်းဖူ၏ကြိုတင်စီစဉ်ပေးထားမှုကြောင့် ကားတစ်စီးက သူမတို့တတွေကို လာကြိုခဲ့သည်။ ယွမ်ရိတို့လည်း ကားပေါ်သို့တက်ကာ တုန်းဖန်းမြို့သို့ ထွက်လာခဲ့ကြတော့သည်။

တုန်းဖန်းမြို့ကိုရောက်တာနဲ့ သူတို့ဟာ တောင်ပေါ်ကို ချက်ချင်းသွားဖို့ အလျင်မလိုကြတာမို့ တုန်းဖန်မြို့မှာဘဲ တစ်ညတာ တည်းခိုအိပ်စက်ခဲ့ကြသည်။

နောက်နေ့မနက်ရောက်တာနဲ့ သူမတို့မောင်နှမငါးယောက်ဟာ ဖန်းမင်းတောင်ပေါ်သို့ စတင်တက်ခဲ့ကြတော့သည်။

မောင်နှမငါးယောက်စကားတပြောပြောဖြင့် တောင်ပေါ်တက်ခဲ့ကြ၏။

ယွမ်ဟောင်ဂျန်နဲ့ ရဲ့ဖန်တို့ဟာ ယောက်ျားသားများဖြစ်၍ တောင်တက်ခရီးမှာ အမောခံနိုင်ကြပေမယ့် ယွမ်ချူးရွယ်ကတော့ မိန်းမသားတစ်ယောက်ဖြစ်သည့်အတွက် အမောမခံနိုင်ပေ။
ဒါ့ကြောင့် သူတို့တွေဟာ လမ်းခရီးမှာ ခဏခဏနားပြီးမှ ခရီးဆက်ခဲ့ကြ၏။

ယွမ်ချူးရွယ်၊ ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့သုံးယောက်ဟာ တောင်တက်ခရီးကြောင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကြပေမယ့် စိတ်လှုပ်ရှားနေကြ၍ ထိုနာကျင်မှုများကို လျစ်လျူရှုထားကြသည်။

ဒီလိုနဲ့ တဖြည်းဖြည်း ခရီးဆက်ခဲ့ကြရင်း နောက်တစ်နေ့ညဘက်မှာဘဲ သူတို့ဟာ ဖန်းယန်ရွာသို့ရောက်ရှိလာကြတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ယွမ်အိမ်ကိုရောက်သည့်အခါ ခြံဝန်းအတွင်း ကြက်စာများကျွေးနေသည့် ယွမ်ကျီကောင်းကို အရင်မြင်ရ၏။
ညီအမနှစ်ယောက် မတိုင်ပင်ထားပါဘဲ တစ်ယောက်စိတ်တစ်ယောက်သိသည့်အလား
"အဖိုး"

ယွမ်ကျီကောင်းသည်လည်း ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ ယွမ်ရိနဲ့ယွမ်ကျဲတို့ကို မြင်သွားပြီး အံ့အားသင့်ပျော်ရွှင်သွားသောလေသံဖြင့်
ဟု အာမေဍိတ်သံထွက်သွား၏။
အသံကြားသဖြင့် လျူရှင်းဟွာသည်လည်း အိမ်ထဲမှ ထွက်လာခဲ့သည်။

"အဖွား"
ယွမ်ရိနဲ့ယွမ်ကျဲလည်း လျူရှင်းဟွာကိုပါ နှုတ်ဆက်လိုက်ကြ၏။

လျူရှင်းဟွာလည်း သူမ၏မြေးတွေကို ရုတ်တရက်မြင်တွေ့လိုက်ရတာမို့ ခဏမျှ ကြက်သေသေသွားပြီးမှ အတိုင်းမသိ ဝမ်းသာ‌သွားသော‌ လေသံဖြင့်
"ဟယ်။ ငါ့မြေးတွေ ပြန်လာကြပြီဘဲ"
ဟု အော်ပြောလိုက်တော့သည်။

သူမဟာ ဝမ်းသာလွန်းသဖြင့် အသံတွေပါ တုန်ယင်လို့နေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now