Chapter 34-2

1.2K 204 0
                                    

အပိုင်း - ၃၄.၂

မိုးချုပ်၍မှောင်နေပြီဖြစ်တာမို့ ယွမ်ချန်းရှန်ဟာ ဓာတ်မီးတစ်လက်ထွန်းလျက် ယွမ်ရိနဲ့ ယွမ်ချီကျီတို့အား ရှေ့ကနေ ဦးဆောင်၍ ခေါ်သွားတော့သည်။

လမ်းမှာ ယွမ်ချီကျီက ယွမ်ချန်းရှန်အား
"ချန်းရှန်။ နင့်ကို လက်ထပ်ပေးဖို့အတွက် အမေက အောင်သွယ်တော်တွေ ထပ်ပြီး ရှာနေတယ်လို့ ငါကြားတယ်နော်"

ယွမ်ချန်းရှန်လည်း ခေါင်းကိုကုတ်ကာ
"အမေနဲ့တော့ တကယ်ခက်တယ်‌ဗျာ။ ကျွန်တော်က အိမ်ထောင်ဖက်ကို ကိုယ့်ဘာသာကိုယ်ပဲ ရှာချင်တာဗျ။ ကျွန်တော် ကြားဖူးတာတော့ မြို့တွေပေါ်မှာဆိုရင် ကိုယ်သဘောကျတဲ့သူကို ကိုယ်ဘာသာရှာပြီး လက်ထပ်လို့ရတယ်တဲ့"

ယွမ်ချီကျီက နည်းနည်းရယ်လိုက်ပြီး
"ဟုတ်ပါပြီဟယ်။ ဒါပေမယ့် နင်က အဲ့လိုမျိုး အိမ်ထောင်ဖက် တစ်ယောက်ကို ကိုယ့်ဘာသာကိုယ် ရှာနိုင်တဲ့အထိ အဖြစ်ရှိပါ့မလား"

ယွမ်ချီကျီစကားကြောင့် ယွမ်ချန်းရှန်တစ်ယောက် ခေါင်းကော့ရင်မော့ကာ
"အမ မသိလို့နော်။ အမမောင်က ဒီဖန်းမင်းတောင်ပေါ်က ပျိုမဒီတွေကြားထဲမှာ တကယ်ရေပန်းစား‌တာဗျ"

သူမဦးလေး၏စကားကြောင့် ယွမ်ရိဟာ အသံထွက်သည်အထိ တခစ်ခစ် ရယ်မောမိလိုက်တော့သည်။

ထိုအခါ ယွမ်ချန်းရှန်၏ မျက်လုံးတွေဟာ ယွမ်ရိထံ 'ဒိန်းကနဲ' ကျရောက်လာပြီး
"ဘာရယ်စရာပါလို့လဲ။ ကိုယ့်ဦးလေးကို မယုံကြည်တာလား။ ငါက မင်းဘေးက လင်းယောင်ထက်တော့ အများကြီးခန့်၊ အများကြီးချောတယ်ကွ"

ဦးလေးနဲ့တူမကြားက တရင်းတနှီး စကားပြောဟန်တွေကြောင့် ယွမ်ချီကျီတစ်ယောက် သဘောအကျကြီးကျဖြစ်နေတော့သည်။ နေ့ရက်တိုင်းကိုသာ ဒီတူဝရီးတွေဖြင့် ဖြတ်သန်းရပါက လုံးဝပျင်းမှာမဟုတ်တော့ဟု ယွမ်ချီကျီ တွေးလိုက်မိတော့သည်။

ယွမ်ရိနဲ့ ယွမ်ချန်းရှန်တို့ရဲ့ စကားဝိုင်းလေးက တိတ်ဆိတ်‌သွားလို့ သူမက သိချင်နေတာလေးတစ်ခုကို ယွမ်ချန်းရှန်အား ထုတ်မေးလိုက်သည်။
"ဒါနဲ့ ချန်းရှန်။ မင်းသွား,သွားတွေ့နေတဲ့ မိန်းကလေးနဲ့က ဘယ်လိုတွေဖြစ်ကြတာတုန်း။"

ရှဲ့သောင့်နဲ့ပတ်သက်လာသည့်အခါ ယွမ်ချန်းရှန်၏အမူအရာက နည်းနည်း လေးနက်သွားပြီး
"သူမနဲ့က စ,စတွေ့တဲ့ရက်တွေတုန်းကတော့ အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်လည်း ကြိုက်သလိုလိုတော့ ဖြစ်သွားသေးတယ်။ ဒါပေမယ့် နောက်ပိုင်း ရက်အနည်းငယ်ထပ်ပြီး တွေ့ကြည့်ပြီးတဲ့နောက် ကျတော့သူမကို သဘောမကျတော့ဘူးလေ။ ဒါ့ကြောင့်မို့လို့ လက်ထပ်ပွဲကို ဖျက်လိုက်တာပါ။တစ်ယောက်နဲ့တစ်ယောက် မကြိုက်မနှစ်သက်ပဲနဲ့ အိမ်ထောင်ရေးတစ်ခုကို လွယ်လွယ်လေးနဲ့ မတည်ဆောက်ချင်ဘူး"
ယွမ်ချီကျီဟာလည်း ယွမ်ချန်းရှန်၏စကားကြောင့် သူမနဲ့လျူရှောင်းတို့အဖြစ်အပျက်ကို ပြန်သတိရသွားတော့သည်။ ဒါ့ကြောင့် ငိုင်ငိုင်လေးဖြစ်သွားကာ
"အဲ့လိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကိုယ်နဲ့ ချစ်ခင်နှစ်သက်တဲ့ သူတစ်ယောက်နဲ့ ပေါင်းဖက်တာကပဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာ။ မဟုတ်ရင် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာက ဘဝမှာ နောင်တအရဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားနိုင်တယ်ကွဲ့"
ယွမ်ချန်းရှန်းကလည်း သူ့အမလက်ကို အသာဆုပ်ကိုင်လိုက်ပြီး
"စိတ်မပူပါနဲ့ အမရယ်။ ကျွန်တော့ရဲ့ အိမ်ထောင်ရေး ကိစ္စအတွက် သေသေချာချာ အချိန်ယူ စဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ"
ထို့နောက် သုံးယောက်သား စကားတပြောပြောဖြင့် အိမ်ကိုပြန်လာခဲ့ကြတော့သည်။ အိမ်ပြန်ရောက်တာနဲ့ ရေချိုး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ခဲ့ကြ၏။ပြီးတာနဲ့ ယွမ်ကျီကောင်း၊ လျူရှင်းဟွာတို့ဖြင့် စကားအနည်းနည်းပြောကာ လေကန်ခဲ့ကြ၏။
(လေကန်=ဟိုအကြောင်း၊ ဒီအကြောင်း။ စပ်မိစပ်ရာများကို ပြောဆိုခြင်း)
အားရပါးရ လေကန်ပြီးသည့်နောက် ကိုယ့်အခန်းကို ကိုယ်ပြန်ကာ အိပ်စက် အနားယူခဲ့ကြတော့သည်။
နောက်ရက်မနက်မှာ ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ အိပ်ရာစောစောထ၊ အိမ်အလုပ်ဝိုင်းလုပ်၊ ရေချိုးပြီးတာနဲ့ အဖိုးဆောင်းရှိသည့် ရွှေသရဖူရွာကို ထွက်လာခဲ့ကြတော့သည်။
ဒီလတွေထဲမှာ အဖိုးဆောင်းထံ အဝတ်ချုပ်ရန် လာသည့်သူတွေ ပါးလာခဲ့၏။ အိမ်ထောင်ပြု လက်ထပ်ကြတော့မည့် သူတစ်ချို့ပဲ အဖိုးဆောင်းထံ အဝတ်အထည် လာအပ်လေ့ရှိသည်။
ထိုအခါ ယွမ်ရိကပဲ ဒိုင်ခံချုပ်ပေးရသည်။ အဖိုးဆောင်းကတော့ ဒီနောက်ပိုင်းတွေမှာ ဝတ်စုံပုံစံတွေ ဆွဲဖို့ ခဲတံကိုပင် မကိုင်နိုင်တော့ချေ။
ဒါ့ကြောင့် အဖိုးဆောင်းဟာ နေ့စဉ် နေပူဆာလှုံလိုက် ကုလားထိုင်လေးပေါ် နားနားနေနေထိုင်လိုက်ဖြင့် အပ်ချုပ်စက်ကို လုံးဝမထိဘဲနေတော့သည်။

ဒါပေမယ့် အဖိုးဆောင်းက လုံးဝပျင်းရိ အထီးကျန်တာမျိုးမဖြစ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ယွမ်ရိနဲ့ယွမ်ချီကျီတို့က သူ့ကို တနေကုန်အဖော်ပြုပေးနေလို့ပဲ ဖြစ်သည်။
ယွမ်ရိဟာလည်း နေ့လယ်ခင်းမှာ အရင်ကလို အပြင်မှာ စာမသင်တော့ဘဲ ယွမ်ကျဲနဲ့လင်းယောင်တို့အား အဖိုးဆောင်းအိမ်အတွင်း လာစေကာ အတူတူ စာရေးစာဖတ် လုပ်ကြ၏။
အဖိုးဆောင်းကလည်း ယွမ်ရိအား စာရွက်နဲ့ မှင်တံတချို့ထုတ်ပေးကာ ယွမ်ကျဲနဲ့ လင်းယောင်အား‌ ဝေငှပေးခိုင်းလိုက်၏။
လင်းယောင်နဲ့ ယွမ်ကျဲတို့နှစ်ယောက်ဟာ အဖိုးဆောင်းပေးလိုက်သည့် စာရွက်နဲ့ ခဲတံကို အသုံးပြုဖို့နှမြောဖို့ နေကြ၏။

ဒါ့ကြောင့် သူတို့နှစ်ယောက်က ‌မှတ်သားစရာ သင်ခန်းစာများကိုသာ စာရွက်ထဲ ထည့်မှတ်ကြပြီး ကျန်သည့်အရာများကိုတော့ မြေပြင်ပေါ်နဲ့ ကျောက်သင်ပုန်းပေါ်မှာ ရေးခြစ်‌ လေ့ကျင့်ကြသည်။

ယွမ်ချီကျီကလည်း အစပိုင်းမှာ ယွမ်ရိတို့ စာတွေကျက်မှတ်လေ့ကျင့်နေကြသည့် နေရာကို မကြာခဏ‌ လာ‌ကြည့်လေ့ရှိသည်။ နောက်ပိုင်း သူမအတွက် လုပ်စရာအလုပ်တွေ ပါးလာတဲ့အတွက် သူမကိုယ်တိုင်လည်း ယွမ်ရိတို့နဲ့ ပူးပေါင်း၍ စာတွေကို ပြန်လေ့လာမှတ်သားတော့သည်။

ယွမ်ချီကျီက ငယ်စဉ်ကတည်းက ပညာသင်ခဲ့ဖူးတဲ့ သင်ယူရာမှာလည်း ဂရုတစိုက်သင်ယူခဲ့၍ သင်ခန်းစာတချို့တလေကို ကောင်းကောင်းမှတ်မိနေခဲ့သည်။

သူမ၏ အသက်ဟာ သုံးဆယ်ကျော်လာပြီဖြစ်ကာ လျူရှောင်းနဲ့သာ မကွာရှင်းဖြစ်ခဲ့ပါက သူမ၏သားသမီးတွေ ကြီးပြင်းလာပြီး အိမ်ထောင်ပြု၊ မြေးမြစ်တွေ ရလာတာကို စောင့်ကြည့်ဖို့က သူမ၏အနာဂတ်ရည်မှန်းချက်လေးတစ်ခုပင်။

ဒါ့ကြောင့် တခါတလေမှာ ယွမ်ချီကျီက 'အသက်သုံးဆယ်အရွယ်ရောက်တဲ့အထိ ငါဘာလို့ အကျိုးမရှိတာတွေချည်း လုပ်နေခဲ့မိရတာလဲ' လို့တောင်မှ ကိုယ့်ကိုယ်ကိုယ်‌ ပြန်မေးလေ့ရှိတတ်ပေသည်။
အရင်တုန်းကတော့ သူမဟာ အချိန်တွေကို မြန်မြန် ကုန်စေချင်ပြီး ကလေးတွေကို မြန်မြန် ကြီးပြင်းအရွယ်ရောက်စေချင်ခဲ့သည်။ ဒါပေမယ့် အခုချိန်မှာ အချိန်တွေကို မြန်မြန် ကုန်ဆုံးသွားမှာကို စိုးရိမ်နေခဲ့ပြီဖြစ်သည်။

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသလို ယွမ်ချီကျီဟာလည်း စက်ချုပ်ရာမှာ ပိုပြီး ကျွမ်းကျင်လာတော့သည်။

ဇူလိုင်လမှာ နေက အလွန်ပူပြင်းလှ၍ ဖန်းမင်းတောင်၏ အသွင်အပြင်ဟာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။

ဒါပေမယ့် ယွမ်ရိ၏ပုံပန်းသွင်ပြင်ကတော့ လုံးဝ‌ မပြောင်းလဲသေးချေ။

သူမဟာ အချိန်အများစုကို ယွမ်ချီကျီအား စက်ချုပ်သင်ပေးလိုက်၊ ယွမ်ကျဲ၊ လင်း‌ယောင်တို့နဲ့အတူ စာ‌ပေလေ့လာလိုက်၊ ဝတ်စုံလာအပ်တဲ့သူတွေအတွက် ချုပ်ပေးလိုက်ဖြင့် ရွှေသရဖူရွာမှာပဲ ဖြတ်သန်းခဲ့သည်။
အဖိုးဆောင်းဟာ ဝတ်စုံတွေချုပ်ဖို့အတွက် ကျန်းမာရေးက အဟန့်အတားဖြစ်နေ၍ ယွမ်ရိကပဲ ဝတ်စုံတွေကို ချုပ်ပေးနေရသည်။ ဒါ့ကြောင့် ယွမ်ရိ၏ 'အပ်ချုပ်ဆရာမလေး' ဆိုသည့် နာမည်ဟာ ဖန်မင်းတောင်တလျှောက် တဖန်ပြန်ပြီး သတင်းမွှေးလာပြန်၏။
ထိုအရာကတော့ အဖိုးဆောင်း၏ ခန္ဓာကိုယ်နဲ့ကျန်းမာရေးပင်။
'အရာရာဟာ ဖြစ်ချိန်တန်လို့ဖြစ်ပြီးရင်၊ ပျက်ချိန်တန်ရင်လည်း ပျက်ရမှာဘဲ။ ဪ၊ ရေစက်ကြောင့် ဆုံတွေ့ခဲ့ကြသည့် မိတ်ဆွေတွေနဲ့လည်း တချိန်ချိန် ပြန်ခွဲရမှာပဲလေ။ ငါလည်း မကြာခင်မှာဘဲ ငါ့မိတ်ဆွေတွေ၊ အသိတွေကို ခွဲခွာရတော့မယ်။ အရာအားလုံးဟာ ဖြစ်ချိန်တန်လို့ ဖြစ်လာကြတာပဲ' လို့ စိတ်နှလုံးသွင်း၍ နေ့ရက်တွေကို အေးအေးဆေးဆေး ဖြစ်သန်းနေခဲ့၏။



ဇူလိုင်လရဲ့ တစ်ခုသောညတစ်ညမှာတော့ မိုးတွေသည်းကြီးမည်းကြီး ရွာသွန်းတော့သည်။

'ဂျိန်းးးဂျလိန်းးးးးးးးးးး'
'ဝေါ.....ဝေါ'
မိုးခြိမ်းသံတွေက တညံညံ၊ လေတွေက တဝေါဝေါဖြင့် ဆူညံသံတွေကြောင့် ယွမ်ရိ ‌လုံးဝအိပ်မရတော့ချေ။

ဒါ့ကြောင့် အခါတိုင်းထက်ပိုပြီး စောစွာ သူမ နိုးထလာတော့သည်။ အပြင်ဘက်မှာလည်း မှောင်ရီမှောင်ဝါး အချိန်ပဲ ရှိနေသေးသည်။ ပြန်အိပ်ဖို့ကြိုးစားခဲ့သော်လည်း အိပ်မပျော်ခဲ့။

ဒါ့ကြောင့် သူမက အိမ်ရှေ့က တန်းလျားလေးပေါ်မှာထိုင်၍ ကျဆင်းနေသည့် မိုးရေစက်လေးတွေကိုသာကြည့်နေခဲ့တော့သည်။

မနက်။
ယွမ်ချီကျီ နိုးလာသည့်အခါ တန်းလျားပေါ်ထိုင်နေသည့် ယွမ်ရိကို မြင်သွားပြီး
"ဪ။ အစောကြီး နိုးနေတာလား"

ယွမ်ရိက
"မနေ့ညတုန်းက မိုးတအားခြိမ်းတော့ နိုးလာတာ။ပြီးတော့ ပြန်အိပ်မရတော့တာနဲ့ ထိုင်နေလိုက်တာ"

ထို့နောက် သူတို့နှစ်ယောက်သား အိမ်အလုပ်တွေ အတူတူလုပ်ကိုင်ခဲ့ကြသည်။ ပြီးတာနဲ့ ရွှေသရဖူရွာကို ထွက်လာခဲ့ကြတော့၏။

မိုးရွာထားပြီးကာစဖြစ်၍ လမ်းတွေကလည်း ချောနေကာ သူမတို့နှစ်ယောက်လုံး သတိထားပြီး
လျှောက်လှမ်းခဲ့ကြသည်။

ယွမ်ရိဟာ တစ်လမ်းလုံး သူမစိတ်ထဲ အရမ်းပဲ လေးနေသလို ခံစားနေရသည်။ ဒါ့ကြောင့် သူမ၏မျက်နှာကပါ မလန်းတော့ချေ။

ယွမ်ချီကျီကလည်း ထိုအရာကို သတိထားမိလိုက်ပြီး
"ရှောင်ရိ။ နင့်မျက်နှာကြည့်ရတာ တော်တော်ပင်ပန်းနေပုံပဲ။ ဖြစ်နိုင်တာက ‌မနေ့ညက အိပ်ရေးမဝလို့ထင်တယ်။ အဖိုးဆောင်းရဲ့ အိမ်ကိုရောက်မှ ခဏလောက် အိပ်လိုက်တော့"

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါ အဒေါ်" လို့ ပြန်ပြောလိုက်သည်။

မကြာခင်မှာဘဲ သူတို့နှစ်ယောက် ရွှေသရဖူရွာကို‌ ရောက်လာကြသည်။

အဖိုးဆောင်း၏ အိမ်ထဲကို မဝင်ခင်မှာ သူတို့ခန္ဓာကိုယ်မှာ ရှိသည့် ရွံ့တွေကို အရင်ဆုံး ရေဆေးချလိုက်ကြသည်။ ပြီးမှ အိမ်ထဲကို ဝင်လာခဲ့ကြသည်။

အိမ်ထဲကို‌ ရောက်တာနဲ့ ယွမ်ရိက ကျယ်လောင်သောအသံဖြင့်
"အဖိုး။ နိုးပြီးလားရှင့်" လို့ အော်မေးလိုက်၏။
အဖိုးဆောင်းထံကနေ ဘာတုံ့ပြန်မှုမှ မရ‌တာကြောင့် ယွမ်ရိလည်း အဖိုးဆောင်းရဲ့ အခန်းထဲ ဝင်လာလိုက်တော့သည်။ ထိုအခါ သူမအတွက် အလွန် အထိတ်တလန့်ဖြစ်စေမယ့် မြင်ကွင်းတစ်ခုက ဆီးကြိုနေတော့သည်။
အဖိုးဆောင်းဟာ သူ့ရဲ့ကုတင် ခြေရင်းမှာ လဲကျသတိလစ်လျက်ရှိနေသည်။
"ဒေါ်လေးရေ အခန်းထဲကို မြန်မြန်လေး လာခဲ့ပါဦး"
ယွမ်ရိလည်း သူမ၏အဒေါ် ယွမ်ချီကျီအား အမြန် အော်ခေါ်လိုက်သည်။

အော်ခေါ်ပြီးတာနဲ့ အဖိုးဆောင်းကို အမြန်ပြေးထူလိုက်သည်။

ထို့နောက် ယွမ်ရိနဲ့အတူတူ အဖိုးဆောင်းအား ကုတင်ပေါ်သို့ တင်ပေးလိုက်ကြသည်။


ယွမ်ရိလည်း သူမ၏အဒေါ်အား ကြည့်လိုက်ရာ ယွမ်ချီကျီ၏ မျက်နှာက မတရားပျက်ယွင်းနေတာကို မြင်လိုက်ရသည်။ ဒါ့ကြောင့်မို့ အခန်းအပြင်ကို ပြေးထွက်ဖို့ပြင်ရင်း ယွမ်ချီကျီအား
"ဒေါ်လေး။ သမီး အဒေါ်ကျောင်းကို မြန်မြန် ပြေးခေါ်လိုက်ဦးမယ်။ အဖိုးဆောင်းကို ဂရုစိုက်ထားပေးဦး‌" လို့ ပြောလိုက်သည်။

ဒါပေမယ့် သူမ‌ ခြေတစ်လှမ်းမှ မလှမ်းနိုင်ခင်မှာဘဲ အဖိုးဆောင်းက သူမလက်အား ဖမ်းဆုပ်ထားလိုက်သည်။ ယွမ်ရိလည်း အဖိုးဆောင်း၏ တုန်ရီနေသည့်လက်ကို ကြည်ကာ ‌လေသံတိုးတိုးလေးဖြင့်
"အဖိုး စိတ်အေးအေးထားပါနော်။ သမီး ‌အဒေါ်ကျောင်းကို မြန်မြန်သွားခေါ်လိုက်မယ်။ သူမသာဆိုရင် အဖိုးကို မြန်မြန်သက်သာလာအောင် ကု‌သပေးနိုင်မှာ။ ဒါ့ကြောင့် အဖိုးဆောင်း စိတ်မလျော့နဲ့နော်" လို့ ပြောလိုက်သည်။

အဖိုးဆောင်းက ခေါင်းယမ်းလိုက်ပြီး တုန်ရီနေသော လေသံဖြင့်
ယွမ်ရိလည်း အဖိုးဆောင်း စကားကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ကာ မျက်ရည်များ ဝိုင်းလာတော့သည်။ ဒါပေမယ့် နှုတ်ခမ်းကို အသာကိုက်၍ မျက်ရည်တွေ စီးမကျအောင် ထိန်းထားရသည်။

အဖိုးဆောင်းက တုန်ရီနေသော အသံဖြင့် ဆက်လက်ပြီးတော့
"ရှောင်ရိ။ ကျောင်းရွယ်ယန်ကို သွားခေါ်မယ့်အစား ရွာလူကြီးဝမ်နနဲ့ ရွာသားတချို့ကိုပဲ မြန်မြန်လေး သွားခေါ်ခဲ့ပေးစမ်းပါ" လို့ ယွမ်ရိအားပြောလိုက်သည်

ယွမ်ရိလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အဖိုးဆောင်း အိမ်ထဲကနေ ပြေးထွက်သွားတော့သည်။

ရွာလူကြီးဝမ်၏ အိမ်ရှေ့ကို ရောက်တာနဲ့ ယွမ်ရိဟာ
"ရွာလူကြီးဝမ်ရှင့် အဖိုးဆောင်းအိမ်ကို မြန်မြန်လေး လိုက်ခဲ့ပေးပါဦး။ သေရေးရှင်ရေး အခြေအနေမို့လို့ မြန်မြန်လေး လိုက်ခဲ့ပေးပါဦး"

ထို့နောက် သူမက အခြားသော ရွှေသရဖူရွာသားတချို့ကိုလည်း ဝင်ခေါ်ခဲ့သေး၏။

ရွာသူကြီးဝမ်နဲ့ ရွာသားတချို့ကို ခေါ်ပြီး သူမက အဖိုးဆောင်းအိမ်သို့ ချက်ချင်းပြန်လာခဲ့သည်။အိမ်ထဲကို ရောက်တာနဲ့ အဖိုးဆောင်း လဲလျောင်းနေသည့် ကုတင်ဘေးကိုသွားကာ
"အဖိုး။ သမီး ရွာလူကြီးဝမ်နဲ့ရွာသားတချို့ကို‌ ခေါ်ခဲ့ပါပြီ" လို့ အသိပေးလိုက်သည်။

အဖိုးဆောင်းလည်း မျက်လုံးကို လေးလေးပင်ပင်ဖွင့်လျက် ရွာလူကြီးဝမ်နဲ့ရွာသား တချို့ကို ကြည့်လိုက်သည်။

ထို့နောက် အခန်းထဲမှာရှိသည့် သစ်သားသေတ္တာတစ်လုံးကို ညွှန်ပြကာ
"သော့" လို့ ရေရွတ်လိုက်၏။

‌အနီးမှာ ရှိနေသည့် ယွမ်ချီကျီက အဖိုးဆောင်း ပြောချင်တာကို ချက်ချင်းသဘောပေါက်တာမို့ ထိုသေတ္တာအား ဖွင့်လျက် အတွင်းမှ သော့ကို အဖိုးဆောင်းထံ ယူပေးလိုက်သည်။

အဖိုးဆောင်းဟာ သော့ကို သူ့လက်ထဲကနေတဆင့် ယွမ်ရိထံထည့်ပေးကာ လေသံ တုန်တုန်ရီရီဖြင့်
"ရွာ ရွာလူကြီးဝမ် အဟွတ် ဟွတ် နဲ့ ရွာသားတွေကို မျက်မြင်သက်သေ အဖြစ် သဘောထားပြီး အဟွတ် ငါပိုင်ဆိုင်တဲ့ အိမ်၊ ခြံ စတဲ့ အရာအားလုံးကို ယွမ်ရိထံ အဟွတ် အဟွတ် ယွမ်ရိထံ ပေးခဲ့မယ်ကွာ"

"ရှောင်ရိ။ အခုချိန်ကစပြီး အဖိုးရဲ့ အပ်ချုပ်ဆိုင်လေးကို သမီးလက်ထဲ အပ်လိုက်ပြီနော်။ ဘဝကို ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေကွယ်" လို့ ပြောရင်း နောက်‌ဆုံးသောထွက်သက်တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now