Chapter 30

1.5K 178 0
                                    

အပိုင်း - ၃၀.၁

ယွမ်အိမ်။

ဂုဏ်ပြုပွဲအခမ်းအနားကိုမသွားခင်မှာပဲ ယွမ်ချိုင်လန်သည်ယွမ်ကျီကောနှင့် ယွမ်ချန်းရှန်တို့ကို တွေ့ဆုံရန်အတွက် ခင်ပွန်းသည်၊ သားသမီးတို့နှင့်အတူ ပြန်‌ရောက်လာခဲ့သည်။ သူတို့ပြန်ရောက်သောအခါ ယွမ်ချန်းကွေ့နှင့် စန်းရှောင်ဟိုင်တို့က ခရီးဦးကြိုပြုကြ၏။

သို့သော်လည်း ယွမ်ချိုင်လန်တို့က သူတို့နှစ်ယောက်အား ဘာမှပြန်မပြောပဲ လျစ်လျူရှုသွားကြ၏။

ယွမ်ချိုင်လန်၏စရိုက်က အမြဲတမ်းသည်လိုမျိုးပင်။ သူမမျက်လုံးထဲအမြင်မကြည်သူ တစ်စုံတစ်ယောက်နှင့်တွေ့ပါက အလွန်ဆုံး သူက တွေ့ဆုံနှုတ်ဆက်ရုံသာ။ ဒါပေမယ့် သူမအကိုနဲ့ယောင်းမလိုမျိုးအမြင်မကြည်တဲ့အဆင့်ကိုကျော်ပြီး အမြင်ကတ်တဲ့အဆင့်ထိရောက်နေတဲ့လူမျိုးတွေကိုတော့ ဘာစကားမှပြန်ပြောစရာအကြောင်းမရှိပဲ လျစ်လျူရှုသွားမှာဖြစ်၏။

ယွမ်ချန်းကွေ့နဲ့သူ့ဇနီးလည်း ခပ်ရှက်ရှက်ဖြင့်ပင် သူတို့အိမ်ထဲ ပြန်ဝင်သွားကြတော့သည်။

နေ့လယ်စာစားပြီးသောအခါ ယွမ်ချန်းကွေ့က အခန်းထဲဝင်၍ တရေးတမောအိပ်လိုက်သည်။ စန်းရှောင်ဟိုင်ကတော့ အိပ်ရာဘေးတွင်ထိုင်ရင်း အဝတ်အစားအပြဲ‌တွေကို ဆက်ချုပ်နေသည်။ စကားပြောဖော်မရှိတာကြောင့် သူမအတွက်တိတ်ဆိတ်နေတော့သည်။
ဒါ့ကြောင့် ယွမ်အိမ်ဘက်မှကလေး၊ လူကြီးပျော်ပျော်ရွှင်ရွှင်စကားသံတွေကို အတိုင်းသားသူမကြားနေရတော့သည်။ ထို့ကြောင့် တခါတလေ အဝတ်အပြဲတွေကိုချုပ်နေရင်းဖြင့် သူမငေးငိုင်သွားလေ့ရှိသည်။ အိမ်ခွဲမိလိုက်သည့်အတွက် သူမနောင်တရနေပြီးလားဆိုတာကိုတော့ သူမကိုယ်တိုင်လည်းမသိတတ်ချေ။
အတန်ကြာအောင် စကားပြောပြီးကြသည့်‌နောက် ယွမ်ကျီကောင်းက နေအမြင့်ကိုကြည့်လိုက်ပြီး မိသားစုတစ်စုလုံးကို ခေါ်ကာ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပမည့်နေရာသို့သွားကြတော့သည်။
အခမ်းအနားကျင်းပမည့်‌နေရာထဲကိုဘဝင်လိုက်သောအခါ ကြိုတင်ရောက်နှင့်နေသောလူအများက အထဲတွင်ထိုင်နေကြရင်း စကားစမြည်ပြောဆိုနေကြ၏။
ယွမ်ကျီကောလည်းအခြား‌သောကျေးရွာလူကြီးအချို့နဲ့အတူက စင်နောက်က စားပွဲဆီသို့လျှောက်ကာသွားထိုင်လိုက်ကြသည်။
သူတို့က ခဏထိုင်စောင့်နေကြရင်း နောက်ထပ်လူတစ်အုပ်ထပ်ရောက်လာသောအခါ ယနေ့ပြုလုပ်သည့်ဂုဏ်ပြုပွဲအခမ်းအနားကို စတင်လေသည်။
ပထမ အဖွင့်အမှာစကားပြောသည်၊ မိန့်ခွန်း‌ပြောသည်။ ထို့နောက် ဆုပေးသည်။ အစီအစဉ်က ရိုးရိုးလေးပင်။
ကျောင်းရွယ်ယန်နှင့် အခြားနှစ်ယောက်တို့အား အရင်ဆုံးကြော်ငြာလိုက်သည်။ ဒါ့ကြောင့် အခမ်းအနားကိုလာသည့်လူတိုင်းက ဆုရသည့်လူသုံးယောက်အား ချီးကျူးအားပေးကြတော့သည်။ သူတို့၏မိသားစုများကလည်း ဂုဏ်ပြုခံဖို့အတွက် ရောက်ရှိနေကြ၏။
ဆုပေးပွဲပြီးတော့ ယွမ်ကျီကောင်းက အားလုံးကြားအောင် အော်ပြောလိုက်သည်။
“သူတို့က ကျုပ်တို့ရဲ့စံပြပုဂ္ဂိုလ်တွေပဲ။ ကျုပ်တို့အားလုံး သူတို့ဆီက သင်ယူကြရမယ်”

မိုးခြိမ်းသံကဲ့သို့လက်ခုပ်သံများက ကွင်းလုံးပြည့်သွားပြီး ယွမ်ရိကလည်း လက်များထုံကျင်လာသည်အထိ လက်ခုပ်တီးနေမိသည်။

ဆုပေးပွဲပြီးသွားပြီးနောက် ကျောင်းရွယ်ယန်က ရွာ၏နာမည်ကြီးဖြစ်လာသည်။ သူ့ကို ရွာသားများက 'အစ်မကျောင်း' ဟုပင် လေးစားသမှုနှင့် ခေါ်ကြ၏။

နောက်ရက်တွေမှာတော့ ယွမ်ရိမျှော်လင့်ထားသည့်အတိုင်း ရွာနီးချုပ်စပ်ကလည်း ကလေးများဖျားနာလျှင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ကြက်ဥနှင့်သကြားဖြူတို့ကိုယူကာ တောင်ပေါ်သို့လာရောက်ပြီး ဆေးကုသကြသည်။

ဆေးပစ္စည်းများ အထောက်အကူရရန်အတွက် ယွမ်ကျီကောင်းက မြို့ဆေးခန်းဆီမှဆေးပစ္စည်းများယူရန် လူတစ်ယောက်အားမကြာခဏလွှတ်‌လေ့ရှိ၏။

တကယ်တော့ ဖန်းယန်ရွာမှာရှိသည့် ဆေးသေတ္တာတွင် ဆေးပြားအချို့၊ ဆေးထိုးအပ်တစ်ချောင်းနှင့် ပတ်တီးခေါက်အနည်းသာ ပါဝင်သည်။ သို့သော်လည်း သာမန်အနာရောဂါများကိုတော့ ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိသေးသည်။ ဤသို့ဖြင့် ကျောင်းရွယ်ယန်လည်း ရွာနီးချုပ်စပ်တွင်ပါ လေးစားခံလာရသည်။


ထို့ကြောင့်လည်း ယွမ်ရိနှင့် လင်းမိသားစု၏ဆက်ဆံရေးက တဖြည်းဖြည်းပိုမိုရင်းနှီးလာပြီး တစ်ခါတရံတွင် လင်းယောင်နှင့်ပင် အိမ်အတူပြန်လေ့ရှိလာသည်။
တောင်ပေါ်တွင် ရွှေရောင်ရော်ရွက်များနှင့်ဖုံးလွှမ်းလာပြီး ဆောင်းဦးရာသီကုန်ဆုံးကာ ဆောင်းရာသီသို့ ရောက်ရှိတော့မည်။ ဆောင်းရာသီတွင်တော့ လယ်အလုပ်ပါးသောကြောင့် ရွာသားများက အားလပ်ချိန် ပိုရကြသည်။
နွေဦးပွဲတော်တွင် အစားကောင်းများစားသည့်အပြင် အဝတ်အသစ်များဝတ်ဆင်ရသည့် အလေ့အထလည်းရှိသေးသည်။ ထို့ကြောင့် မိသားစုတိုင်းက အဝတ်ဝယ်ရန် ငွေထုတ်ကြရ၏။ ရွာသားလေးငါးယောက်က မြို့တက်ပစ္စည်းဝယ်ပြီး စက်ချုပ်သမားအိုကြီးထံတွင် အင်္ကျီချုပ်ကြ‌လေ့ရှိသည်။

လျူရှင်းဟွာက တောင်ခြေကမြို့သို့ကိုယ်တိုင်သွားရန် အသက်အရွယ်ကြီးနေပြီဖြစ်သည့်အတွက်သူမ၏တတိယသမီး ယွမ်ချီကျီကို နှစ်သစ်ကူးအတွက်ဝယ်ယူရန် တာဝန်ပေးလိုက်သည်။
သူက ဘယ်လောက်ပဲကပ်စေးနှဲပါစေ နှစ်သစ်တွင်တော့ ကောင်းကောင်းနေထိုင်သင့်သည့်အတွက် စားစးရာသောက်စရာနှင့် အဝတ်ဝယ်ဖို့အတွက် ငွေထုတ်ပေးလိုက်‌တော့သည်။

ယွမ်ချီကျီက တောင်ပေါ်တွင်နေထိုင်လာသည်မှာ သုံးလေးလခန့်ရှိပြီဖြစ်ပြီး တစ်ခါတစ်ရံမှသာ တောင်အောက်သို့ သူမ၏ကလေးလေးယောက်ကို ဆင်းတွေ့တတ်၏။

လျူရှင်းဟွာက ယွမ်ချီကျီကို ငွေတချို့ပေးပြီး စားစရာနှင့်အဝတ်အစား ဝယ်ယူစေသည်။ ထို့နောက် ယွမ်ချန်းရှန်ကိုတော့ ဆီ၊ ဆား၊ အသားနှင့် အခြားလက်မှတ်များကို စျေးတွင်ရသလောက် ရောင်းချခိုင်းပြီး ငွေပြန်ရအောင်လုပ်ဆောင်ခိုင်းလိုက်သည်။

ရွာစျေးမှာကဆန်နှင့်အသီးအရွက်များကို‌ရောင်းချတာမျိုးမရှိ။ အဘယ်ကြောင့်ဆိုသော် ရွာမှာနေကြသည့်လူတွေက သီးနှံများကိုဝယ်စားရန်မလိုပဲ ကိုယ်တိုင်စိုက်ပျိုးကြ‌သောကြောင့်ဖြစ်သည်။

ထို့ကြောင့် သီးနှံများကို အချင်းချင်းလဲလှယ်ကြသကဲ့သို့ အသားငါးအချင်းချင်းတို့နှင့်လည်း လဲကြသည်။ မြို့ပေါ်တွင်က ထိုသို့မဟုတ်ပဲ ရောင်းချကြရသည့်အတွက် သည်ကနေ ရွာသားများငွေရရှိကြသည်။
ယွမ်ချီကျီနှင့်ယွမ်ချန်းရှန်တို့က ဝယ်ခြမ်းဖို့အတွက် တောင်ပေါ်မှ အတူတကွဆင်းလာကြသည်။ သူတို့နှစ်ယောက် မြို့ကိုရောက်သောအခါ နှစ်ကူးအတွက်ပစ္စည်းများ ချက်ချင်းမဝယ်သေးပဲ ကုန်စုံဆိုင်မှမုန့်အချို့ဝယ်ယူကာ ယွမ်ချီကျီ၏သားသမီး ၄ ယောက်ကို အရင်သွားတွေ့ခဲ့သည်။

အချိန်က ကျောင်းသားများအတွက် ဆောင်းရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကလေးများက အိမ်ပြန်ရောက်နေကြသည်။ ယွမ်ချီကျီက လျူရှောင်းနှင့်မတွေ့ချင်သည့်အတွက် ကလေးများကို ထွက်လာကြရန် ချိန်းလိုက်သည်။
သူတို့မောင်နှမက တုန်ဖန်းမူလတန်းကျောင်းရှိ ကစားကွင်းထောင့်တွင် စောင့်နေကြသည်။ မတွေ့ရတာကြာနေပြီဖြစ်သော ကလေးများကို သူမလွမ်းနေပါပြီ။ ထို့ကြောင့် ကလေးများကိုမြင်လိုက်ရသည်နှင့် မျက်ရည်ကဝဲတက်လာ၏။ သို့သော်လည်း သူ မငိုပါ။ သူက နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးထောင့်ကို ပွတ်သုတ်လိုက်သည်။

သူက စားစရာများနှင့်အတူ ကလေးများထံလျှောက်လာပြီး “အမေ့ကိုမလွမ်းဘူးလား” ဟု ငိုသံနှင့်မေးလိုက်၏။ ကလေးများကတော့ အမေကိုတွေ့ရသည့်အတွက် ဝမ်းသာပုံမပေါ်ကြ။ လေးယောက်လုံး ဖြူဖတ်ဖြူလျော်နှင့် အမေကို တိတ်တိတ်စွာသာ ကြည့်နေကြသည်။

ယွမ်ချီကျီက လက်ထဲကမုန့်ကို သမီးကြီးလက်ထဲထည့်လိုက်ပြီး “သမီးတို့အတွက် အမေဝယ်လာတာ” ဟု ပြောလိုက်၏။ ဒန်နီက မုန့်ကိုတစ်ချက်ကြည့်ကာ ယွမ်ကွေ့ကျီကိုပြန်ကြည့်ပြီး မုန့်ကို သူမလက်ထဲပြန်ထည့်ပေးလိုက်သည်။ ယွမ်ကွေ့ကျီက ကြောင်ကြည့်မိနေပြီး “ဘာဖြစ်တာလဲ” ဟုမေးလိုက်၏။

ဒန်နီက ဘာမှမပြောသော်လည်း ဆန်နီက ဝင်ဖြေလိုက်သည်။ “အဖေကပြောတယ်။ အမေက သမီးတို့ကိုမလိုချင်လို့ ထွက်ပြေးသွားတာတဲ့”

ယွမ်ချီကျီက ဆန်နီ့ကိုကြည့်လိုက်ပြီး “အမေထွက်မပြေးပါဘူး။ အဖွားအိမ်မှာ နေ,နေတာလေ။ မင်းတို့ကို လာတွေ့နေသားပဲ” ဟု ပျာပျာသလဲရှင်းပြ၏။ အာနီက “အဖေက အမေအိမ်ပြန်မလာမချင်း မတွေ့ရဘူးလို့မှာထားတယ်” ဟု ပြောပြ၏။
“အမေဘယ်တော့ပြန်လာမှာလဲ” ဟု ဆန်နီက မေးလိုက်သောအခါ ယွမ်ချီကျီလည်း ကလေးလေးယောက်ကိုကြည့်ရင်း ဘာပြန်ဖြေရမှန်းမသိတော့။

ယွမ်ချန်းရှန်က နောက်မှရောက်လာပြီး ဆန်နီ့ကိုကြည့်လိုက်ကာ “ဘာလဲ မင်းအမေကို အိမ်ပြန်လာပြီး မင်းအဖေသတ်တာ ခံခိုင်းချင်နေတာလား” ဟု မေးလိုက်၏။

ဆန်နီက ယွမ်ချန်းရှန်ကိုမော့ကြည့်ရင်း “အဖေက အမေ့ကိုမသတ်ပါဘူး” ဟု ပြန်ပြောသည်။

ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း
“အေး မသတ်ဘူး။ တစ်ပိုင်းသေလောက်အောင်ပဲ ရိုက်တာ”
ဟု ချက်ချင်းပြန်ပက်လိုက်သည်။

ဆန်နီကတော့ ယွမ်ချန်းရှန်ကို မကျေမနပ်ကြည့်ရင်း “ဦးလေးအမှားချည်းပဲ။ ဦးလေးကြောင့်သာမဟုတ်ရင် အမေသွားမှာမဟုတ်ဘူး” ဟု ပြန်အော်သည်။ အကယ်၍ ယွမ်ချန်းရှန်သာ သူတို့အဖေကိုရိုက်တာမျိုးမလုပ်ခဲ့လျှင်၊ သူတို့အမေကိုပြန်ခေါ်မသွားခဲ့လျှင်၊ ကွာရှင်းဖို့မတိုက်တွန်းခဲ့လျှင်၊ သူတို့မိသားစု အဆင်ပြေနေမည်ဟု ကလေးများက ထင်နေကြသည်။ သူတို့လည်း မိခင်ရင်ခွင်နှင့် ဝေးကွာရမည်မဟုတ်‌ပေ။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now