Chapter 18

1.9K 256 0
                                    

အပိုင်း - ၁၈


ယွမ်ရိဟာ ယွမ်ရဲအကြောင်းကို ပြန်တွေးမိလိုက်တာနဲ့ ရယ်မောခြင်းကို မရပ်တန့်နိုင်တော့ပေ။ သူမဟာ အိပ်ရာဝင်တဲ့ အချိန်အထိ ယွမ်ရဲဟွာ အကြောင်း တွေးရင်း‌ ရယ်မောနေခဲ့မိ၏။

ယွမ်ကျဲကတော့ သူမ အိပ်ယာပေါ် လဲလျောင်းရင်း သည်နေ့ စားခဲ့ကြသည့် ကြက်သား ငရုတ်သီးကြော်၏ အရသာများကို ပြန်လည်ကာ တွေးတောနေခဲ့၏။

ရယ်မောနေရင်းဖြင့် ယွမ်ရိဟာ တစ်ခုခုကို အမှတ်ရလိုက်၏။ ဒါ့ကြောင့် ယွမ်ကျဲဘက်ကို လှည့်ကာ
"ညီမ၊ မနက်ဖြန် နေ့လည်ခင်းလောက်ကျရင် ရွှေသရဖူရွာကို သွားတဲ့လမ်းပေါ်မှာ အစ်မကို စောင့်နေနော်"
လို့ ပြောလိုက်၏။

ယွမ်ကျဲက
"စာသင်ဖို့ အတွက်လား"
လို့‌ ပြန်မေးလိုက်၏။

ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ ငါတို့တွေ လင်းယောင်ဆီ သွားပြီးစာသင်ကြမှာ"

ယွမ်ကျဲက
"ကောင်းပြီ အစ်မ"

ယွမ်ရိလည်း ဒီနေ့ အချိန်အတော် ကြာအောင် ခရီးဝေးကြီး လမ်းလျှောက်ပြန်ခဲ့ရတာဖြစ်၍ ညောင်းညာ ပင်ပန်းနေပြီ ဖြစ်သည်။ ဒါ့ကြောင့် သူမ အနားယူချင်နေပြီ ဖြစ်၏။ ယွမ်ကျဲအား စာသင်ဖို့ ကိစ္စကို အသိပေးပြီးတာနဲ့ ချက်ချင်း အိပ်ပျော်ဖို့ ကြိုးစားလိုက်တော့သည်။

ယွမ်ကျဲကလည်း ယွမ်ရိ အိပ်သွားတာနဲ့ သူမ မျက်လုံးကို မှိတ်လိုက်၏။ သိပ်မကြာခင်မှာ သူမထံကနေ အသက်ရှူသံ ခပ်မှန်မှန် ထွက်လာကာ အိပ်ပျော်သွားတော့သည်။

ညဟာ တိတ်ဆိတ်နေကာ ချောင်းဟန့်သံတချို့တလေက လွဲလို့ ဘာမျှမကြားရတော့ချေ။

တစ်ဖက်အိမ်။ ယွမ်ချန်းကွေ့နဲ့ သူ့ မိန်မ ဆန်းရှောင်ဟိုင်တို့ နှစ်ယောက်ဟာ အိပ်ယာပေါ်မှာ အတွေးကိုယ်စီဖြင့် လဲလျောင်းနေကြ၏။ သူတို့ဟာ အတွေးတွေ အများကြီး တွေးတောနေကြ၍ အိပ်မပျော်ကြသေးပေ။

တခဏ ကြာတော့ ဆန်းရှောင်ဟိုင်က
"ကျွန်မဖြင့် အပ်ချုပ်ဆရာကို နားမလည်နိုင်တော့ဘူး။ သူက ဘာလို့ ယွမ်ရိကို လစာတွေ ပေးတဲ့အပြင် လက်ဆောင်ရတဲ့ ကြက်ကိုပါ ပေးလိုက်ရတာလဲ"

ယွမ်ချန်းကွေ့ဟာ အသက်ပြင်းပြင်း ရှုလိုက်ပြီး
"ငါလည်းဘယ်လိုလုပ်သိမလဲ။ အခုချိန်မှာ ငါသာ အပ်ချုပ်တတ်ရင် ဘယ်လောက်တောင် ကောင်းမလဲကွာ။ ဒါဆိုရင် သတ္တုတွင်းထဲမှာ နဖူးက ချွေး ခြေမကျတဲ့အထိ လုပ်စရာ လိုချင်မှ လိုတော့မှာ"

ဆန်းရှောင်ဟိုင်လည်း ခဏတိတ်ဆိတ်သွားပြီး ပြောသင့် မပြောသင့် ချိန်‌ဆနေ၏။ ထို့နောက် သူမ ယောက်ျားအား လေသံတိုးတိုးဖြင့်
"မဟုတ်မှ၊‌ ရှင့် တူမ ယွမ်ရိက လှပလို့များလား"
လို့ မေးလိုက်တော့သည်။

ယွမ်ရိဟာ သူမ၏ အဝတ်အစားလေးတွေ ဆိုရင် အပေါက်အပြဲ လုံးဝ မရှိစေရပဲ သပ်သပ်ရပ်ရပ် ဝတ်တတ်စားတတ်၏။ ဒါ့အပြင် သူမ၏ ဆံပင်းများကို စည်းနှောင်ဖို့အတွက် ဖဲကြိုးနီများကို အသုံးပြုထားသောကြောင့် မြင်သူတကာရဲ့ မျက်လုံးအတွင်း သူမက အရမ်း ကြည့်ကောင်းပြီး လှပနေခဲ့၏။ ဒါ့ကြောင့်လည်း ဆန်းရှောင်ဟိုင်က ထိုကဲ့သို့ မေးခွန်းမျိုးကို မေးမြန်းလိုက်ခြင်း‌ ဖြစ်ပေသည်။

ဆန်းရှောင်ဟိုင်၏ စကားဆုံးတာနဲ့ ယွမ်ချန်းကွေ့ဟာ ဆန်းရှောင်ဟိုင်အား ဒေါသတကြီး ကြည့်ကာ
"ပေါက်လွတ်ပဲစား စကားတွေကို လွယ်လွယ်ပြောတတ်တဲ့ မင်း အကျင့်ကို သေချာလေးပြင်ဦး။ ဟိုက အသက် ခုနှစ်ဆယ် ကျော်နေတဲ့ အဖိုးကြီး၊ရှောင်ရိကဖြင့် အသက် တစ်ဆယ့်သုံး စွန်းစွန်းလေး ရှိသေးတာနော်။ မဟုတ်က၊ ဟုတ်ကတွေ လျှောက်မတွေးစမ်းနဲ့"

ဆန်းရှောင်က
"ကျွန်မက ဒီအတိုင်း စကားအဖြစ် ပြောလိုက်တာပါရှင်"

ယွမ်ချန်းကွေ့က
"နင့် ပါးစပ်ကို ပိတ်လိုက်တော့။ ဘာတွေ လျှောက်ပြောမှန်းလည်း မသိတော့ဘူကွာ"

တကယ်တော့ ဆန်းရှောင်ဟိုင်လည်း သူမ စကားတွေက မသင့်တော်ဘူးဆိုတာ သိပေ၏။ အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီးက ကိုယ့်မြေးအရွယ်လေးကို ကြိုက်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ပေ။ ဒါ့ကြောင့် သူမ ယောက်ျားကို ခွန်းတုံ့ပြန်မနေတော့ပဲ တိတ်တိတ်လေး နေလိုက်တော့၏။

ဒါပေမယ့် သူမ နားမလည်နိုင်သေးတာ တစ်ခုတော့ ရှိ၏။ ထိုအရာက အပ်ချုပ်ဆရာလို လူတိုင်းနဲ့ အမြှီးအငေါ့ တည့်အောင် မပေါင်းတတ်တဲ့ ခေါင်းမာမာ အဖိုးကြီးက ယွမ်ရိနဲ့ကျမှ ဘာလို့ အဆင်ပြေနေရတာလဲ ဆိုတာပင်။
'ယွမ်ရိက တကယ်ကြီး အပ်ချုပ်တတ်သွားလို့များလား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ သူမ ငယ်ငယ်တုန်းက အပ်ချုပ် တအားဖျင်းတာ ငါကိုယ်တွေ့လေ'

ဆန်းရှောင်ဟိုင်လည်း ထိုအကြောင်းတွေ တွေးနေရင်းဖြင့် အကြံတစ်ခု ရလိုက်၏။ ဒါ့ကြောင့် သူမ ယောက်ျားအား
"ကျွန်မတို့ ရွယ်ဂျင်းကိုရော အပ်ချုပ်‌သင်ပေးကြမလား"

ယွမ်ချန်းကွေ့လည်း မျက်စိမှိတ်နေရင်းဖြင့်
"အပ်ချုပ်ဆရာက လက်ခံလိမ့်မယ်လို့ ထင်နေလား"

ဆန်းရှောင်ဟိုင်က
"စမ်းမကြည့်ပဲ ဘယ်လိုလုပ်သိမလဲ။ ယွမ်ရိတုန်းကလည်း သင်ပေးမယ်၊ မသင်ပေးဘူးဆိုတာ မသေချာဘူးလေ။ အဲ့တုန်းကလည်း စမ်းကြည့်လိုက်တာ မဟုတ်ဘူးလား။ ကျွန်မတို့ ရွယ်ဂျင်းက ယွမ်ရိထက် အများကြီး ထက်မြက်တယ်လေ။ ဒီတော့ အပ်ချုပ်ဆရာက သူ့ကို ပညာသင်ပေးဖို့ လက်ခံလောက်မှာ‌ပါတော်"

ယွမ်ချန်းကွေ့လည်း မှိတ်နေတဲ့ သူ့ရဲ့မျက်စိတွေကိုပြန်ဖွင့်လိုက်ပြီး သူ့ မိန်းမ ဘက်ကို လှည့်ကာ
"ဒါဆိုရင် မင်းမှာ ကြက်ဥခြင်း နှစ်ခြင်း ရှိပြီလား"
လို့ ထပ်မေးလိုက်၏။

ဆန်းရှောင်ဟိုင်လည်း တိတ်ဆိတ်သွားတော့သည်။သူမတို့ အိမ်မှာ ကြက် ငါးကောင် ရှိပေမယ့် နှစ်ကောင်ကရငယ်ရွယ်နေသေးကာ ကြက်ဥ ဥနိုင်တာကတော့၊သုံးကောင်သာ ရှိ၏။ ထိုသုံးကောင်ကလည်း တစ်နေ့မှ သုံး၊ လေးလုံးသာ ဥပေးနိုင်ပေသည်။ ဒါ့ကြောင့် ကြက်ဥခြင်း နှစ်ခြင်းကို လက်ဆောင်းပေးမယ်ဆိုတဲ့ အကြောင်း တွေးမိရင်း ဆန်းရှောင်ဟိုင် အော့နှလုံးနာသွား၏။

ဒါ့‌အပြင် သူမတို့က ယွမ်ရိကဲ့သို့ ကြက်ဥခြင်း နှစ်ခြင်း ပေးလို့မဖြစ်သည့် အကြောင်းအရင်း နောက်တစ်ချက် ရှိသေး၏။ ထိုအရာကတော့ သူမတို့ အိမ်ခွဲလိုက်ရသည့် အကြောင်းအရင်းက ယွမ်ရိဟာကြက်ဥခြင်း နှစ်ခြင်းကို အပ်ချုပ်ဆရာထံ ပေးလိုက်လို့ ဖြစ်၏ ။ဒါ့ကြောင့် သူမတို့ဟာ မျက်နှာပြောင်တိုက်ပြီး ယွမ်ရိကဲ့သို့ မလုပ်ဝံ့ကြချေ။

အကယ်၍ ယွမ်ရွယ်ဂျင်းကို အပ်ချုပ်ဆရာက လက်ခံခဲ့ရင်တောင်မှ အပ်ချုပ်ဆရာရဲ့ အသက်က အရမ်းကြီးနေပြီ ဖြစ်ကာ အချိန်အကြာကြီး အသက်ရှင်တော့မှာ မဟုတ်ပေ။ ထိုအခါ သူတို့လည်း အပ်ချုပ်ဆရာကို အားကိုပြီး 'ဆင်ဖြူတော်မှီ ကြံစုပ်' ခွင့်လည်း ရတော့မှာ မဟုတ်။ ဒါ့ကြောင့်သူတို့ကို စိတ်သက်သာရာရစေမယ့် နည်းကတော့ ယွမ်ရိကို အပ်ချုပ်ဆရာက မောင်းထုတ်လိုက်မှ ဖြစ်ပေတော့မည်။
'အား၊ အဲ့ကောင်မအကြောင်း တွေးလိုက်တာနဲ့ ဒေါသတွေ ထွက်လိုက်တာ။ ဒီရက်ပိုင်းအတွင်း အဲ့ကောင်မကြောင့် ငါ့မှာ ဘာမှကို အဆင်မပြေတော့ဘူး'

မနေ့ညက ရယ်မောပြီးအိပ်လိုက်မိ၍လားတော့ မသိ၊ ယွမ်ရိ၏ အိပ်မက်တွေဟာ ချိုမြိန်နေခဲ့၏။မနက်စောစော အိပ်ရာထပြီးတဲ့နောက် ယွမ်ရိဟာ အဖွား လျူရှင်းဟွာ၊ ယွမ်ကျဲတို့နဲ့အတူ မနက်စာ ပြင်ဆင်စားသောက်ခဲ့သည်။ ထို့နောက် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီး သူမ၏ ဆံပင်များကိုဖဲကြိုး အနီရောင်လေးဖြင့် ချည်နှောင်လိုက်တော့သည်။

ပြီးတာနဲ့ ဆရာ ဂျင်ထံမှ ငှားလာသည့် စာအုပ်တွေကို သူမ လွယ်အိတ်ထဲ ထည့်လိုက်၏။

အကုန်လုံး ပြင်ဆင်ပြီးတာနဲ့ မနက်ခင် နေရောင်အောက်မှာ ရွှေသရဖူရွာသို့ သူမ ထွက်လာခဲ့လိုက်တော့၏။

အဖိုး ဆောင်း၏ အိမ်ကြိရောက်တော့ ခြံထဲမှာ ထိုင်ရင်း ဆေးလိပ် ဖွာနေသည့် အဖိုး ဆောင်းကို သူမ မြင်တွေ့လိုက်ရသည်။ ဖန်းမင်းတောင်ပေါ်မှဆေးလိပ်တွေဟာ မြို့ကြီးပြကြီးတွေမှာကဲ့သို့ စက္ကူဆေးလိပ်များ မဟုတ်ကြပေ။ ပြောင်းဖူးရွက်များဖြင့် ပြုလုပ်ထားသည့် ဆေးလိပ်များသာဖြစ်ကြ၏။

ယွမ်ရိလည်း သူမ လွယ်အိတ်ကို ချလိုက်ပြီး အဖိုး ဆောင်း အနားသွားကာ
"အဖိုး၊ ဒီနေ့ကစပြီး သမီး လုပ်စရာလေး တချို့ရှိလို့ နေ့လည်ခင်မှာ ပြန်ပါဦးမယ် ရှင့်"

အဖိုး ဆောင်းဟာ ဆေးလိပ်ကို တစ်ချက် ဖွာလိုက်ပြီး
"အင်း။ မင်း သဘော"
လို့ တုံးတိတိ ပြောလိုက်၏။

တကယ်တော့ အဖိုး ဆောင်းက ယွမ်ရိကိုအပ်ချုပ်ပညာအား မနက်ခင်းမှာ သင်ကြားပေးတာဖြစ်၏။ ကျန်တဲ့ အချိန်တွေမှာ ယွမ်ရိက‌ သင်ပေးထားသမျှကို ပြန်လေ့ကျင့်နေခဲ့တာ ဖြစ်သည်။

ဒါ့အပြင် အဖိုး ဆောင်း သင်ပေးတဲ့ ပညာတွေက တစ်နေ့တစ်နေ့ များများလာပြီ ဖြစ်တဲ့အပြင် တစ်ကြိမ် တစ်ခါသာ သင်ပေးတာ ဖြစ်၏။ ဒါ့ကြောင့် သူမကဲ့သို့ အရင်ဘဝမှာ ဒီဇိုင်နာ ဖြစ်ခဲ့သည့် သူ အတွက်တော့ အဖိုး ဆောင်း သင်ပေးတာတွေကို အခက်အခဲ မရှိ တတ်မြောက်နိုင်ပေမယ့် အခြားသူတွေ အတွက်တော့ မဖြစ်နိုင်သလောက် ခက်ခဲ၏။

ဒါ့ကြောင့်လည်း အဖိုးဆောင်ဆီ လာသမျှ ပညာသင်တွေ အကုန်လုံးကို အဖိုး ဆောင်းကသဘောမတွေ့ဘဲ‌ ပြန်လွှတ်လိုက်ခြင်းဖြစ်ကာ သူမတစ်ယောက်တည်း ပညာသင် အဖြစ် လက်ခံထားခြင်း ဖြစ်ပေသည်။

နေ့လည်ခင်း။ ဆန်းရှောင်တို့ အိမ်။

ယွမ်ချန်းကွေ့ဟာ နေ့လည်ခင်းမှာ အလုပ်ကနေ မပြန်ခဲ့ပေ။

ဆန်းရှောင်ဟိုင်နဲ့ သူမ၏ သားနှစ်ယောက်ဟာ ထမင်းစားပွဲမှာ ထိုင်၍ နေ့လည်စာ စားနေကြ၏။ယွမ်ရဲဟွာကတော့ မနေ့ညက မစားလိုက်ရသည့် ကြက်သားကြော်ကို တသသ ဖြစ်နေတုန်းပင်။

ဆန်းရှောင်ဟိုင်းလည်း ထမင်းစားနေရင်းဖြင့် မနေ့ညက သူမယောက်ျားနဲ့ ပြောဖြစ်သည့်အကြောင်းအရာကို သတိရသွားကာ ယွမ်ရွယ်ဂျင်းအား
"ရွယ်ဂျင်း၊ မင်း အပ်ချုပ်တာ သင်ချင်သလား"

ယွမ်ရွယ်ဂျင်းက
"အမေ၊ ဘာကို ပြောချင်တာလဲ"

ဆန်းရှောင်ဟိုင်က
"နင်သာ အပ်ချုပ်သင်ချင်တယ်ဆိုရင် ငါ အိမ်ကကြက်ဥတွေကို နှစ်ခြင်း မရရင်တောင် တစ်ခြင်းလောက် ရဖို့ စုတော့မှာ၊ ပြီးရင် အပ်ချုပ်ဆရာကြီးဆီ သွားပြီးသင်လိုက်။ အဲ့အခါကျရင် မင်းကလည်း ဖန်းမင်းတောင်ပေါ်မှာ အပ်ချုပ်ဆရာ တစ်ဦး ဖြစ်တော့မှာ"

ယွမ်ရျွယ်ဂျင်းဟာ သူ့အမေ၏ စကားကြောင့်အံ့အားသင့်သွားပြီး
"ဒါပေမယ့် အပ်ချုပ်ဆရာက ယွမ်ရိကို တပည့်အဖြစ်နဲ့ လက်ခံပြီးသွားပြီလေ"

ဆန်းရှောင်ဟိုင်က သူမ၏ မျက်ခုံးကို ပင့်လျက်
"ဘာဖြစ်လဲ။ အပ်ချုပ်ဆရာသာ တပည့် လက်ခံချင်ရင် ယွမ်ရိတစ်ယောက်တည်းတင်မကဘူး၊ နောက်ထပ် လူ ဆယ်ယောက်လောက်တောင်‌ လက်ခံလို့ ရသေးတာပဲ"

ယွမ်ရွယ်ဂျင်းကတော့ တိဝ်ဆိတ်နေ၏။

ယွမ်ရွယ်ဂျင်း ဘာမျှပြန်မဖြေတာက်ု မြင်တော့ ဆန်းရှောင်ဟိုင်က
"ငါ ထပ်မေးမယ်။ မင်းအ ပ်ချုပ်ဆရာ ဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား"

ယွမ်ရွယ်ဂျင်းက တွန့်ဆုတ်ဟန်ဖြင့်
"ဒါပေမယ့် အပ်ချုပ်ဆရာက ကျွန်တော့ကို လက်မခံရင် ဘယ်လိုလုပ်မလဲ"

ဖန်းမင်းတောင်ပေါ်မှာ အပ်ချုပ်တဲ့ အလုပ်ဟာ ပင်းပန်းမှု လုံးဝ မရှိတဲ့အပြင် ငွေရလွယ်တဲ့ အလုပ်လည်းဖြစ်၏။ ဒါ့ကြောင့် ဖန်းမင်းတောင်ပေါ်မှာ အပ်ချုပ်ဆရာ မဖြစ်ချင်တဲ့သူ မရှိပေ။

ယွမ်ရွယ်ဂျင်းဟာလည်း အပ်ချုပ်တဲ့အလုပ်၏ ကောင်းကျိုးများကို သိနေတာမို့ အပ်ချုပ်ဆရာ ဖြစ်ချင်နေခဲ့တာပါ။ ဒါပေမယ့် အပ်ချုပ်တတ်ဖို့ကလည်း လုံးဝ မလွယ်ကူတာကို သူ သိနေသေး၏။

ဆန်းရှောင်ဟိုင်က
"အဲ့ဟာကို စိတ်ပူမနေစမ်းပါနဲ့။ နင်နဲ့ယွမ်ရိနဲ့ကို အရင် ယှဉ်ကြည့်လိုက်။ အဲ့ကောင်မထက် စာရင် နင်က ဉာဏ်ပိုကောင်းသလို ပိုပြီး ထက်မြက်တယ်မဟုတ်ဘူးလား။ သူမကိုတောင်မှ အပ်ချုပ်ဆရာက တပည့်အဖြစ် လက်ခံထားတာ‌လေ။ ဒီတော့ နင့်ကိုလည်း တပည့်အဖြစ် လက်ခံမှာပါ ဟယ်"

ယွမ်ရွယ်ဂျင်းဟာ ငယ်စဉ်ကတည်းက ဆန်းရှောင်ဟိုင်၏ မြှောက်ပင့်မှုတွေ အောက်မှာ ကြီးပြင်းလာရခြင်း ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အလွန်ပြင်းထန်၏။ ဒါပေမယ့် သူက မျက်ခုံးတွေ တွ့န့်လျက်
"ကျွန်တော်က ယွမ်ရိထက် ပိုပြီး ထက်မြက်တယ်ဆိုပေမယ့် အပ်ချုပ်ဆရာက အပ်ချုပ်ပညာတွေ ကျွန်တော့ကို သင်ပေးဖို့က ဖြစ်နိုင်ပါ့မလား"

"သေချာပေါက်‌ သင်ပေးမှာပေါ့ကွယ်။ ဘာလို့လည်းဆိုတော့ ငါ့သားက အရမ်းဉာဏ်ကောင်းလို့"
ဆန်းရှောင်ဟိုင်က ပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းလည်း သူ့အမေရဲ့ မျက်လုံးထဲကိုသေချာစိုက်ကြည့်ပြီး
"ကောင်းပြီ။ အဲ့တာဆို သား အပ်ချုပ်တာ သင်ချင်တယ်"

ဆန်းရှောင်ဟိုင်လည်း ဝမ်းသာသွား၏။ သူမက ယွမ်ရွယ်ဂျင်း၏ ပုခုံးကို ကိုင်ကာ
"ဒါပေမယ့် ရက်အနည်းငယ်လောက် စောင့်ပါဦးကွယ်။ အမေတို့ အိမ်က ကြက်မတွေ ကြက်ဥကို နှစ်ခြင်းစာလောက် ဥပြီးတဲ့အထိ စောင့်လိုက်။ ပြီးရင် မင်း သင်ချင်တာကို သင်ရစေမယ်"

ရက်အနည်းငယ်အတွင်း ကြက်ဥနှစ်ခြင်း အပြည့်ကြက်ဥများရဖို့က သူမတို့ အိမ်မှ ကြက်မ ငါးကောင်တည်းနဲ့ အလုပ် မဖြစ်ပါချေ။ ဒါကို ဆန်းရှောင်ဟိုင် ကိုယ်တိုင်လည်း သိ၏။ သူမက ရက်အနည်းငယ်အတွင်း မြန်မြန်ပြည့်အောင် တခြားသော အိမ်တွေကနေပါ ချေးငှားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ချေးငှားလို့ ကြက်ဥများခြင်း နှစ်ခြင်း ရလာပါက အပ်ချုပ်ဆရာထံ ယွမ်ရွယ်ဂျင်းကို သွားအပ်လိုက်မှာ ဖြစ်၏။ ချေးထားသော ကြက်ဥများကိုတော့ နောက်ပိုင်းမှသာ တဖြည်းဖြည်း ဆပ်ဖို့ သူမ စီစဉ်လိုက်တော့သည်။

သူမဟာ ယွမ်ရွယ်ဂျင်းအနေနဲ့ သူမ စီစဉ်တာကို သဘောမတူမှာ စိတ်ပူနေခဲ့၏။ ကံကောင်းစွာဖြင့် ယွမ်ရွယ်ဂျင်းက အပ်ချုပ်သင်ဖို့ သဘောတူလိုက်၏။ ဒါ့ကြောင့် ဆန်းရှောင်ဟိုင်၏ မျက်လုံးထဲမှာ သူမ၏ သား ယွမ်ရွယ်ဂျင်းဟာ အပ်ချုပ်ဆရာတစ်ယောက် ဖြစ်သွားပြီ ဖြစ်သည်။ နေ့လည်စာ စားပြီးတာနဲ့ သူမဟာ ခြင်းတောက်တစ်လုံးကို ကိုင်လျက် အခြားသော အိမ်တွေထံကနေ ကြက်ဥများချေးငှားဖို့ ထွက်သွားတော့သည်။

နေ့လည်ခင်းကို ရောက်လာတဲ့အခါ ယွမ်ရိလည်းအဖိုး ဆောင်းအား နှုတ်ဆက်ပြီး ရွှေသရဖူရွာကနေပြန်လာခဲ့တော့သည်။ သူမဟာ တောင်ပေါ်‌ လမ်းလေး တစ်လျှောက် လမ်းလျှောက်နေရင်းဖြင့် ကျောက်တုံး ကျောက်ခဲ ငယ်လေးများကို ကန်ကျောက်လာခဲ့သည်။

ဖန်းယန်ရွာ မရောက်ခင် နည်းနည်း အလိုမှာ လမ်းဘေးမှာ ထိုင်၍ သူမအား စောင့်နေသည့် ယွမ်ကျဲကို သူမ မြင်တွေ့လိုက်တော့သည်။

ယွမ်ကျဲဟာ သူမကို မြင်တော့ မတ်တပ်ရပ်လိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်၏။ ယွမ်ရိလည်း ယွမ်ကျဲအနား သွားလိုက်ပြီး
"ညီမ၊ နင် ရောက်‌နေတာ ကြာပြီလား"

ယွမ်ကျဲဟာ ခေါင်းခါ၍
"မကြာသေးဘူး။ အခုလေးတင် ရောက်လာတာ"

ထို့နောက် ယွမ်ရိလည်း ယွမ်ကျဲအား ဦးဆောင်လျက် လင်းယောင်အား လိုက်ရှာတော့သည်။

မကြာခင်မှာ လင်းယောင်ကို တောက်စောင်း တစ်နေရာမှာ သူမတို့ တွေ့လိုက်ကြသည်။ ယွမ်ရိလည်းယွမ်ကျဲကို ရှေ့ထုတ်လိုက်ပြီး လင်ယောင်အား နှုတ်ဆက်စေလိုက်၏။

လင်းယောင်ကလည်း ယွမ်ရိအား အရင် ပြုံးပြလိုက်၏။ ပြီးမှ ယွမ်ကျဲဘက်ကို လှည့်ကာ
"မင်္ဂလာပါ"
လို့ ပြန်နှုတ်ဆက်လိုက်သည်။

ယွမ်ကျဲဟာ လင်းယောင်နဲ့ တစ်ခါမျှ စကားမပြောဖူးချေ။ ဒါ့အပြင် လင်းယောင်က မြို့ကြီးသားဆိုသည့် အတွေးက သူမ စိတ်ကို လွှမ်းမိုးနေ၍ စကားတောင် ဖြောင်းဖြောင့်‌ မပြောနိုင်ဘဲ ထစ်အကုန်တော့သည်။

ဒါ့ကြောင့် သူမ ဘေးမှ ယွမ်ရိဟာ အသံထွက်ပြီးရယ်မောလိုက်တော့၏။
ယွမ်ကျဲလည်း ရှက်သွားပြီး ယွမ်ရိ၏ လက်မောင်းကို အသာရိုက်ပုတ်လျက်
"အစ်မ၊ ဘာရယ်စရာပါလို့လဲ"

ယွမ်ရိလည်း ရယ်မောနေတာကို ရပ်လိုက်၏။ထို့နောက် သူမ လွယ်အိတ်ထဲမှ စာအုပ်တွေကို ထုတ်ကာ
"ကောင်းပြီ။ စကားတွေ ပြောနေတာနဲ့ အချိန်ကုန်သွားလိမ့်မယ်။ စာသင်ကြစို့။ ဟုတ်တယ် မလားဆရာ လင်း"
လို့ ပြောရင်း လင်းယောင်အား မျက်စပစ်ပြလိုက်၏။

လင်းယောင်လည်း ချောင်းအနည်းငယ် ဆိုးသွားပြီး
"ကျွန်တော့က ဆရာ မဟုတ်ပါဘူး ဗျာ"
လို့ ရှက်ရွံ့နေသော လေသံဖြင့် ပြောလိုက်၏။ထို့နောက် လင်းယောင်က သူ့ ဘေးမှာ ချထားသည့် ကျောက်ချပ် နှစ်ချုပ်ကို ယွမ်ရိတို့ထံ ပေးလိုက်ရင်း
"ဒီဟာတွေကို တောင်ပေါ်က တွေ့လို့ ယူလာတာ။ဒါနဲ့ဆိုရင် ရေးပြီးတိုင်း ပြန်ဖျက်ပြီး အသစ်ပြ န်ရေးလိုက်ရတယ်။ စာရေးဖို့အတွက် စက္ကုနဲ့ ခဲတံ မလိုတော့ဘူးရယ်"

ယွမ်ရိလည်း လင်းယောင်ပေးသည့် ကျောက်ချပ်နှစ်ခုထဲမှ တစ်ခုကို ယူလိုက်ပြီး
"နင်က အရမ်း တွေးတော စဉ်းစားတတ်တာပဲ။ကျေးဇူးတင်ပါတယ်"
လို့ ပြောလိုက်၏။

လင်းယောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ယွမ်ရိနဲ့ယွမ်ကျဲတို့ ဘေးမှာ ဝင်ထိုင်လိုက်၏။ ထို့နောက်စာအုပ်တွေထဲကနေ တရုတ်စာအုပ်ကို ထုတ်လိုက်ကာ
"ဒီနေ့တော့ တရုတ်စာနဲ့ စပြီး သင်ကြ‌တာပေါ့။အဆင်ပြေတယ်မလား"
လို့ ယွမ်ရိနဲ့ ယွမ်ကျဲတို့၏ သဘောထားကိုလည်း မေးမြန်းလိုက်၏။

ယွမ်ရိက
"အဆင်ပြေပါတယ်"

ယွမ်ကျဲကတော့ စကားဝင်မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။

လင်းယောင်က တရုတ်စာအုပ်ကို လှန်လိုက်ပြီးနောက် ယွမ်ရိနဲ့ ယွမ်ကျဲတို့အား
"မင်းတို့ စကားလုံး ခြောက်လုံးလောက် သိကြလား"
လို့ မေးလိုက်၏။

ယွမ်ရိက ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

ယွမ်ကျဲကတော့ တခဏ တုံ့ဆိုင်းသွားကာ
"အကုန်လုံးတော့ မမှတ်မိတော့ဘူး"
လို့ ပြောလိုက်၏။

လင်းယောင်က ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ။ ဒါဆိုရင် အခြေခံကနေ ပြန်သင်ကြ‌တာပေါ့"
လို့ ပြောကာ စတင် သင်ကြားတော့သည်။

လင်းယောင်က အက္ခရာ တစ်လုံချင်းစီရဲ့ ရေးပုံရေးနည်းတွေ၊ ဖတ်ဆိုပုံနဲ့ အသံထွက်တွေ အစရှိသဖြင့် စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့၏။

ယွမ်ရိနဲ့ယွမ်ကျဲဟာလည်း တစ်လုံး သင်ပြီးတိုင်း သူမတို့ လက်ထဲက ကျောက်ပြားပေါ်မှာ အကြိမ်ကြိမ် ချရေးလိုက် ပြန်ဖျက်လိုက်ဖြင့် လေ့ကျင့်ကြတော့သည်။

ယွမ်ရိအတွက် သည်စာတွေဟာ သိပြီး တတ်ပြီသားဖြစ်ပေမယ့်လည်း ဟန်ဆောင်ဖို့အတွက် သူမဟာ အာရုံစိုက် သင်ချင်ယောင်ဆောင်လိုက်တော့သည်။

ညနေ အိမ်ပြန်‌ချိန် ရောက်လို့ အိမ်ကို ပြန်ရောက်သည့်အထိ သူမဟာ စိတ်အေးလက်အေး ဖြစ်နေပေမယ့် ယွမ်ကျဲကတော့ နှုတ်ကနေ ပွစိပွစိဖြင့် အက္ခရာများ၏ အသံထွက်တွေကို ရွတ်ဖတ်နေခဲ့၏။

ကြာလာတော့ လျူရှင်းဟွာကပါ မနေနိုင်တော့ပဲ
"ရှောင်ကျဲ၊ သမီး ဘာတွေ ပွစိပွစိ ရွတ်နေတာလဲ"

ယွမ်ကျဲလည်း သူမ အဖွား၏ မေးခွန်းကြောင့်ရွတ်ဆို‌နေတာကို ရပ်လိုက်ပြီး
"အဖွား။ သမီး စာတွေ ပြန်ရွတ်နေတာပါ ရှင့်"

လျူရှင်းဟွာက ထိုအဖြေကြောင့် နားမလည်သလိုဖြစ်သွားကာ
"ဘာတွေရွတ်နေတာ"

ယွမ်ကျဲလည်း ယွမ်ရိအား ကြည့်လိုက်တော့ ယွမ်ရိက ကြားထဲကနေ ဝင်ဖြေပေးလိုက်တော့သည်။
"အဖွား၊ သမီးတို့က စားရေးတတ် ဖတ်တတ်ဖို့အတွက် သင်ယူထားတဲ့ စာတွေကို ပြန်ရွတ်နေကြတာပါ"

လျူရှင်းဟွာလည်း ထိုအခါမှ သဘောပေါက်သွားတော့သည်။ သူမက ခေါင်းတညိတ်ညိတ်ဖြင့်
"အင်း။‌ စာတွေကို ပြန်ရွတ်ဆိုနေကြတာက တကယ့်ကို ကောင်းတယ်။ ဆက်ရွတ်ကြ"
လို့ ပြောလိုက်တော့သည်။

ထိုစကားတွေကို အိမ်အနီးကနေ ဖြတ်သွားသည့် ဆန်းရှောင်ဟိုင်လည်း ကြားသွား၏။ ဒါ့ကြောင့် သူမက စိတ်ထဲကနေ သရော်လိုက်တော့သည်။
'ယွမ်ကျဲ၊ ကောင်မစုတ်လေးကတော့။ စာ‌ဖတ်တယ်၊ ဟုတ်လား။ အဲ့တာ ဘာအသုံးဝင်လို့လဲ။ မိုးပျံ မျှော်စင်မှာ နေတဲ့ စာတတ်တဲ့ မိသားစုလည်း ငါတို့လို လုပ်ကိုင် စားသောက်နေကြတာကို ဘာမှလည်း မကွာဘဲနဲ့များ။ အလကား အရေမရ အဖတ်မရတွေ'

ထို့နောက် သူမဟာ သူမတို့ အိမ်ထဲကို ဝင်သွားပြီး သူမလက်ထဲမှာ ရှိတဲ့ ခြင်းတောင်းထဲကနေ ကြက်ဥများကို ဂရုတစိုက် ထုတ်လိုတော့သည်။ သည်ရက်ပိုင်းအတွင်း သားဖြစ်သူ ယွမ်ရွယ်ဂျင်းအတွက် ကြက်ဥနှစ်ခြင်း အမြန်ပြည့်အောင် ကြံဆောင်ရမှာဖြစ်၍ သမီးဖြစ်သူ ယွမ်ကျဲအကြောင်း သူမ မတွေးတောနိုင်သေးပေ။ ယွမ်ရွယ်ဂျင်းကို အပ်ချုပ်ဆရာထံ ပညာသင်ဖို့ စေလွှတ်လိုက်ပြီးမှ ယွမ်ကျဲကို ကိုင်တွယ်ဖို့ သူမ ဆုံးဖြတ်လိုက်တော့သည်။

နောက်ရက်တွေမှာလည်း ဆန်းရှောင်ဟိုင်ဟာ ရွာထဲမှ အိမ်တချို့ထံကနေ ကြက်ဥများ လိုက်ချေးငှားတော့သည်။

ယွမ်ရိကတော့ ထိုအကြောင်းတွေကို မသိချေ။ သိဖို့လည်း စိတ်မဝင်စားခဲ့ပေ။ သူမဟာ နေ့ရက်တိုင်း၏ မနက်ခင်း‌တွေမှာ ရွှေသရဖူရွာသို့ သွားကာ အဖိုး ဆောင်းထံကနေ အပ်ချုပ်ပညာများကို သင်ယူ၏။နေ့လည်ခင်းမှာတော့ ယွမ်ကျဲနဲ့အတူ လင်းယောင်ထံမှာ စာသွားသင်တော့သည်။

ယွမ်ကျဲဟာ သင်ယူရာမှာ နှေးကွေးပေမယ့် သူမက လုံးဝရဇွဲမလျော့ပဲ ကြိုးစားပမ်းစားဖြင့် လေ့လာမှတ်သား၏။

လင်းယောင်ကလည်း တရုတ် အက္ခရာတွေကို ဘယ်လို အလွယ်နည်းနဲ့ မှတ်သားနိုင်ကြောင်း၊ ဘယ်လိုမျိုး ကျက်ရင် အမြန်ရနိုင်ကြောင်း အစရှိသဖြင့် နည်းလမ်းများကိုပါ သင်ပေးခဲ့သည်။ သူက တရုတ်စာပါမက သင်္ချာကိုပါ စတင်‌ သင်ကြားပေးခဲ့၏။

သည်ရက်ပိုင်းအတွင်း အဖိုး ဆောင်းထံ ဝတ်စုံလာအပ်တဲ့သူ မရှိ၍ အလုပ်ပါးနေ၏။ ဒါ့ကြောင့် ယွမ်ရိဟာ နေ့ခင်ဘက်တွေမှာ ပုံမှန်ထက် ပိုစောပြီး ပြန်လေ့ရှိ၏။

သည်နေ့ နေ့လည်မှာလည်း အဖိုး ဆောင်းအားနှုတ်ဆက်ပြီး ပြန်ဖို့ ပြင်လိုက်၏။ ထိုအချိန်မှာ အဖိုး ဆောင်းက
"မနက်ဖြန် လာစရာ မလိုတော့ဘူး"
လို့ ရုတ်တရက် ပြောလိုက်၏။

ထိုစကားကြောင့် အပြင်ပြန်ထွက်တော့မယ့်‌ ယွမ်ရိခြေလှမ်းတွေ ရပ်သွားကာ အနည်းငယ် စိုးထိတ်သွားတော့သည်။
'ဘာလို့ လာစရာမလိုတော့ဘူးလို့ ပြောတာလဲ။ အခုမှ အပ်ချုပ်သင်တာ လဝက်လောက် ရှိသေးတယ်လေ။ မဟုတ်မှ၊ ငါ နေ့လည်ခင်း စောစော ပြန်သွားတာကို အပြစ်မြင်သွားပြီး မောင်းထုတ်လိုက်တာများလား'

သူမ စိုးထိတ်နေစဉ်မှာ အဖိုး ဆောင်းက သူ့အိတ်ထဲကနေ ငွေတချို့ ထုတ်ပေးကာ စကား ဆက်ပြောလိုက်သည်။
"မနက်ဖြန်ကျရင်‌ သမဝါယမဆိုင်ကို သွားပြီး ဝိုင်းအနည်ငယ် သွားဝယ်ခဲ့ပေဦး။ အဲ့တာကြောင့် မနက်ဖြန် မလာတော့နဲ့၊ နောက်ရက်မှ လာခဲ့တော့"

ထိုစကားကို ကြားမှ ယွမ်ရိလည်း စိတ်အေးသွားတော့သည်။
'ဟူး၊ တော်သေးတာပေါ့။ အဖိုးကလည်း စကားကိုတစ်ခါတည်း ဆက်ပြောလိုက်တာ မဟုတ်ဘူး။ လူကို စိတ်မော‌ရအောင်"

ယွမ်ရိလည်း အဖိုး ဆောင်းထံကနေ ငွေကို ယူလိုက်ကာ
"ဟုတ်ကဲ့ပါ အဖိုး"
လို့ ပြန်ပြောလိုက်၏။

ထို့နောက် အဖိုး ဆောင်းက မီးဖိုချောင်ဘက်ကိုညွှန်ပြလျက်
"မီးဖိုချောင်ထဲက ကြောက်အိမ်ထဲမှာ ဘူးသီးခြောက် တစ်လုံး ရှိတယ်။ အဲ့တာ ယူသွားလိုက်ဦ။ဪ၊ ပြီးတော့ အဲ့ထဲမှာ မက်မွန် အရသာ မုန့်တချို့ရှိလောက်သေးတယ်။ မင်း စားချင်စားလိုက်"

ယွမ်ရိလည်း ချက်ချင်း မီးဖိုချောင်ထဲ ဝင်ကာ ကြောင်အိမ်ကို ဖွင့်လျက် ဘူးသီးခြောက်ကို ယူလိုက်၏။ ထို့အတူ ကျန်နေသေးသည့် မက်မွန် အရသာ မုန့်တချို့ကိုပါ စက္ကူဖြင့် ထုတ်ကာ သူမ လွယ်အိတ်ထဲ ထည့်လိုက်တော့သည်။

ထို့နောက် ယွမ်ရိဟာ အပြင်ထွက်ဖို့ ပြင်လိုက်တော့၏။ ဒါပေမယ့် သူမက အဖိုး ဆောင်းဘက်ကို လှည့်လိုက်ကာ
"အဖိုး ဆောင်း။ ငွေနည်းနည်းလောက် ပိုပေးလိုက်လို့ ရမလား ရှင့်။ မလောက်မှာ စိုးလို့ပါ"

အဖိုး ဆောင်းက ချက်ချင်း သူ့ အိတ်ကပ်ထဲကနေ ငွေတချို့ ထုတ်ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် အဖိုး"
လို့ ပြောကာ ငွေတွေကို ယူလိုက်၏။ ထို့နောက် ခြံထဲကနေ ထွက်လာခဲ့တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now