Chapter 21

1.8K 227 0
                                    

အပိုင်း -၂၁


ယွမ်ရိ တစ်ယောက် အချိန်ဘယ်လောက် ကြာသည်အထိ အိပ်နေမိသည်မသိ။ သူမ ပြန်နိုးလာချိန်မှာ ကစားကွင်ထဲမှာ ရှိတဲ့ လူတွေတောင် ကိုယ်အိမ်ကိုအသီးသီး ပြန်နေကြပြီ ဖြစ်သည်။ ယွမ်ရိလည်း ခဏမျှ ကြောင်သွားပြီးမှ တုန်းဖန် အလယ်ကျောင်း၏ ကစားကွင်းအတွင်း ရုပ်ရှင်ကြည့်နေရင်းကနေ အိပ်ပျော်သွားကြောင်း အမှတ်ရလိုက်တော့သည်။

လင်းယောင်က ယွမ်ရိ နိုးလာတာကို မြင်တော့
"ရုပ်ရှင်ကပြီးသွားပြီ"
လို့ ပြောလိုက်သည်။

ယွမ်ရိလည်း လင်း‌ယောင်ကို အားနာသွားကာ
"တောင်းပန်ပါတယ်။ ငါ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတာ"
လို့ ပြောရင်း လင်းယောင်အပေါ်မှီထားရကနေ ဖယ်လိုက်သည်။

လင်းယောင်လည်း ယွမ်ရိအား မဖယ်ချင် ဖယ်ချင်ဖြင့် ဖယ်ပေးလိုက်တော့သည်။ ထို့နောက် သူမအား
"စိတ်မပူပါနဲ့။ နောင်တစ်ချိန် ရုပ်ရှင်ကြည့်ဖို့အခွင့်အရေးတွေ ရလားဦးမှာပါ"
လို့ နှစ်သိမ့်ပေးလိုက်၏။

ယွမ်ရိလည်း ကိုယ့်အိမ်ကို ပြန်နေကြသည့် လူတွေကို ကြည့်ရင်း 'ဟွား' ဟု သမ်းလိုက်ကာ
"ငါတို့လည်း အိမ်ပြန်ကြစို့"
လို့ ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား သစ်ပင်ပေါ်ကဆင်း၍ အိမ်ကို လမ်းလျှောက် ပြန်ခဲ့ကြတော့သည်။ လမ်းမှာ ယွမ်ရိက
"ဒီနေ့ပြတဲ့ ရုပ်ရှင်က ဘာအကြောင်းလဲ"
လို့ မေးလိုက်၏။

လင်းယောင်ဟာ ယွမ်ရိတစ်ယောက် ပထမဆုံးအကြိမ် ရုပ်ရှင် ကြည့်နေချိန်မှာ ပင်ပန်းလွန်းလို့အိပ်ပျော်သွားတယ်လို့ ထင်မှတ်နေ၏။ ဒါကြောင့်သူက ယွမ်ရိကို အားပေးနှစ်သိမ့်သည့် သဘောမျိုးဖြင့် ပုခုံးအား ပုတ်‌ပေးလိုက်သည်။

ပြီးတဲ့နောက်မှာ ရုပ်ရှင်မှာပါသည့် အကြောင်းအရာများအား အသေးစိတ် ပြန်ပြောပြတော့သည်။
"ဒါက အမေရိကန်နဲ့ ကိုးရီးယာ နှစ်နိုင်ငံ စစ်ပွဲအတွင်းမှာ ဝမ်ချန်းလို့ ခေါ်တဲ့ လူတစ်ယောက်က တပ်မတော်အတွင်းမှာ တာဝန်းထမ်းဆောင်ခဲ့တာ။သူက တပ်မတော်ထဲကို ဝင်ပြီးကတည်းက အိမ်ကိုဆယ့်ရှစ်နှစ်ကြာတဲ့အထိ တစ်ခါမှ မပြန်ဘဲ နိုင်ငံတာဝန်းကို စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့တာ။ သူ့မှာ ဝမ်ဖန်းဆိုတဲ့ သမီး တစ်ယောက်လည်း ရှိသေးတယ်။ သူ့သမီးကလည်း နောက်ပိုင်းမှာ တပ်ထဲ ဝင်ခဲ့တယ်လေ။ တပ်ထဲဝင်ပြီးနောက် သမီးနဲ့ အဖေတွေ့ဆုံကြပြီး နိုင်ငံ့ တာဝန်ကို အတူတူ ထမ်းရွက်သွားတဲ့ အကြောင်းကို ရိုက်ကူးထားတာ"

ယွမ်ရိလည်း ဇာတ်ကြောင်း အပြည့်အစုံကို ကြားတော့ "ဪ။ ဇာတ်လမ်းရဲ့သဘောသဘာဝကဖခင်ရဲ့ချစ်မေတ္တာကို ဖော်ပြထားတဲ့အပြင် နိုင်ငံ့တာဝန်းကို မျိုးဆက်ဟောင်း တစ်ဦးထံကနေမျိုးဆက်သစ်တွေကို လွှဲပြောင်းပေးပုံကို ရိုက်ကူးထားတာပဲ"

လင်းယောင်ကလည်း ယွမ်ရိ၏ ကောက်နုတ်ချက်ကို ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။

ယွမ်ရိလည်း ခေါင်းကို နည်းနည်း ချိုးလိုက်ပြီး
"နှစ်ရက်လုံးလုံး လမ်းလျှောက်ခဲ့ရတာဆိုတော့ အရမ်း ပင်ပန်းနေပြီ။ နောင် အခွင့်အရေးရှိရင် ရုပ်ရှင် ထပ်ကြည့်ကြတာပေါ့"

သူတို့ နှစ်ယောက်လည်း စကား တပြောပြောဖြင့်တတိယ အဒေါ်၏ အိမ်ကို ပြန်ရောက်လာကြတော့သည်။ ထိုအချိန်မှာ တတိယအဒေါ်၏ ယောက်ျားနဲ့ သားသမီးများလည်း ပြန်ရောက်နေကြပြီ ဖြစ်၏။ ယွမ်ရိလည်း ထိုသူများအားနှုတ်ဆက်လိုက်သည်။ တတိယ‌ အဒေါ်၏ ယောက်ျားကလည်း သူမအား နှုတ်ဆက်ပြီးတဲ့နောက် သူတို့ အိပ်ခန်းထဲဝင်သွားတော့သည်။

အမှန်အားဖြင့် ယွမ်ရိဟာ တတိယ အဒေါ်တို့ မိသားစုနဲ့ ပတ်သတ်ပြီး ရင်းနှီးမှု သိပ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် တတိယ အဒေါ်က တောင်ပေါ်ကို မလာတာ တော်တော်ကြာနေပြီ ဖြစ်တာမို့လို့ပင်။

ဒါ့အပြင် သူမက သည်ကိစ္စကို အထူတလည်ကြီး ဂရုစိုက်နေမှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တတိယ‌ အဒေါ်တို့မိသားစုအား သည်တစ်ကြိမ် တွေ့ပြီးပါက နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်တွေ့ရမလဲဆိုတာ မသေချာလို့ပင်။

ဒါပေမယ့် ယွမ်ချီကျီကတော့ ယွမ်ရိတို့ကို တကယ်ဂရုစိုက်၏။ သူမက ယွမ်ရိတို့ ရုပ်ရှင် သွားကြည့်နေချိန်မှာ လွယ်အိတ်ထဲမှ မလျှော်ရသေးသည့် ယွမ်ရိတို့ အဝတ်များကို ထုတ်လျှော်ပေးထားသည်။လျှောက်ပြီးတာနဲ့ အဝတ်များအား သေချာအခြောက်ခံခဲ့၏။

ထို့နောက် ယွမ်ချီကျီဟာ ခြောက်သွားသော အဝတ်များကို ကိုင်လျက် ယွမ်ရိတို့အား
"မင်းတို့ ရုပ်ရှင် သွားကြည့်နေကြတုန်း ငါ မင်းတို့ရဲ့အဝတ်တွေကို လျှော်ပြီး အခြောက်ခံထားလိုက်တယ်။ မင်းတို့လည်း ရေ မြန်မြန်ချိုးပြီး အိပ်ကြတော့နော်။ မိုးလည်း တော်တော်ချုပ်နေပြီ"

ယွမ်ရိဟာ သူမ၏ အဒေါ်နဲ့ အတူ စကား တချို့ပြောချင်ခဲ့သေး၏။ ဒါပေမယ့် မိုးလည်း အရမ်းချုပ်နေပြီမို့လို့ နောက်ရက်ကျမှသာ ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် တတိယအဒေါ် လျှော်ပေးထားသည့် အဝတ်များအား သေချာစွာ လှန်း၍ အိပ်ဖို့ပြင်လိုက်တော့သည်။အဝတ်တွေကို လှန်းရသည့် အကြောင်းကတော့အခြောက်ခံထားပေမယ့် သေချာ မခြောက်ဘဲနေမှာစိုးလို့ ဖြစ်၏။

ယွမ်ချီကျီ၏ စီစဉ်ပေးမှုအရ သူမက ဝမ်းကွဲ သုံးယောက်နဲ့ တစ်ကုတင်တည်း အိမ်ရမည် ဖြစ်ကာ လင်းယောင်ကတော့ အခြား ဝမ်းကွဲ တစ်ယောက်ဖြင့် အခြားသော ကုတင် တစ်ခုမှာအိပ်ရမည်ဖြစ်သည်။ အိပ်ရတာ နည်းနည်း ကျဉ်းပေမယ့် တောထဲမှာ အိပ်ရတာထက်စာရင် ကောင်းပါသေးသည်။ ယွမ်ရိနဲ့ လင်းယောက်တို့ နှစ်ယောက်လုံး လျှင်မြန်စွာဖြင့်ပင် အိပ်ပျော်သွားကြတော့၏။

နောက်ရက် မနက်ရောက်တဲ့အခါ ယွမ်ချီကျီက သူ့မ၏ တူမတို့နှစ်ယောက် ပင်ပန်းလာမှာကို စိုး၍ မနိုးဘဲ သဘာဝအတိုင်း နိုးတဲ့အထိ အိပ်စေလိုက်သည်။ ဒါ့ကြောင့် ယွမ်ရိနဲ့ လင်းယောင်တို့ နိုးလာချိန်မှာ နေ့လည်ပင် ရောက်နေပြီ ဖြစ်သည်။

သူတို့နှစ်ယောက်လုံး အိပ်ရေးဝခဲ့ကြပေမယ့်မျက်နှာနည်းနည်းတော့ ပူပြီး ရှက်နေကြ၏။ ဘာလို့လည်ဆိုတော့ ကိုယ်အိမ့်ကိုယ်ရာ မဟုတ်ဘဲနေ့လည်ခင်းအထိ အိပ်စက်မိခဲ့တာကြောင့်ပင်။ဘယ်လိုပင် တတိယအဒေါ်အိမ်လို့ ပြောပြော မျက်နှာပူတာကတော့ မျက်နှာပူတာ‌ပင်။

ယွမ်ချီကျီက ယွမ်ရိ နိုးလာတာကို မြင်တော့ ညှင်သာသော လေသံဖြင့်
"အိပ်ရေးရော ဝရဲ့လား။ ထပ်အိပ်ချင်ရင် အိပ်ဦးလေ"

ယွမ်ရိလည်း နည်းနည်း မျက်နှာပူနေပေမယ့်သူမ၏ တတိယအဒေါ် ဖြစ်နေတာမို့ ထူးပြီ ခံစားမနေတော့ပေ။
"နေ့လည်အထိ‌ အိပ်ထားတာဘဲဟာ။ အိပ်ရေးဝပါတယ် အဒေါ်ရဲ့"

သူမနဲ့ လင်းယောင်တို့ဟာ နိုးလာတာနဲ့ ဘယ်မှလျှောက်မသွားတော့ဘဲ တတိယအဒေါ် ယွမ်ချီကျီအား ကူညီကာ အိမ်အလုပ်များကို ကူလုပ်ပေးခဲ့ကြသည်။

ယွမ်ချီကျီ နေ့လည်စာ ပြင်ဆင်နေချိန်မှာ ယွမ်ရိနဲ့လင်းယောင်က သူမ အနီးမှာ ထိုင်နေကြပြီး တစ်ခုခုကို အမြန်ဆုံး ကူညီနိုင်ဖို့ အသင်ပြင်ထားကြသည်။

ယွမ်ချီကျီကလည်း နေ့လည်စာ ပြင်ဆင်နေရင်းဖြင့်သူမ၏ မိသားစုအကြောင်း တွေးမိသွား၏။ ဒါ့ကြောင့် ယွမ်ရိအား
"ရှောင်ရိရေ။ အဖေနဲ့ အမေတို့ရော နေကောင်းကြရဲ့လား"

ယွမ်ရိက ပြုံးလိုက်ပြီး
"အဖိုးနဲ့ အဖွားတို့က ကျန်းမာလိုက်တာမှ ဒေါင်ဒေါင်ကို မြည်လို့ပဲ။ အဖွားဆိုရင် လက်စွမ်း ကောင်းကောင်း တစ်ခုတောင် ပြလိုက်သေးတယ်"

"လက်စွမ်းပြတယ်၊ ဟုတ်လား။ အဲ့တာ ဘာကိုပြောချင်တာလဲ"
ယွမ်ချီကျီက နားမလည်၍ ပြန်မေးလိုက်၏။

ယွမ်ရိက
"ဒုတိယ ဦးလေးနဲ့ သူ့ မိန်မတို့က အိမ်ကနေ ခွဲလိုက်ကြပြီလေ။ ပြီးတော့ ဒုတိယ ဦးလေးရဲ့မိန်းမကသမီးကို သူခိုးလို့ မှားယွင်း စွပ်စွဲတာကြောင့် အဖွားက ပါးတွေချည်း လှိမ့်ချပစ်လိုက်တာ"

ယွမ်ချီကျီဟာ ဆန်းရှောင်ဟိုင်နဲ့ အချိန်အတော်ကြာ ခင်မင်ခဲ့ပေမယ့် သူမ၏ ဒုတိယ ခယ်မဟာ မြွေခွေးမဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ထို့နောက် သူမက ယွမ်ချန်းကွေ့တို့ အိမ်ခွဲရသည့် အကြောင်းအရင်းကို မေးမြန်းလိုက်သည်။

ယွမ်ရိက
"ငါးယောက်မြောက် ဦးလေး လက်ထပ်ဖို့အတွက်ငွေလိုနေတဲ့ အချိန်မှာ အိမ်က ဟင်းကောင်း မချက်လို့ အိမ်ခွဲကြတာတဲ့"

ယွမ်ချီကျီလည်း အံ့အားသင့်သွားပြီး
"ဘယ်လို။ ငါးယောက်မြောက် မောင်လေးက လက်ထပ်တော့မယ်၊ ဟုတ်လား။ ဘယ်နေ့ ဘယ်ရက်တဲ့လဲ"
လို့ မေးလိုက်သည်။

သူမသည် ယွမ်လျန်းရှန်၏ မဂ်လာပွဲကို တက်ရောက်ရင်း သူမ မိဘတွေထံ ပြန်ဖို့ သူမစိတ်ထဲက‌နေ အစီအစဉ်ဆွဲလိုက်၏။

ယွမ်ရိက ခေါင်းခါလိုက်ပြီး
"ရက် အတိအကျတောင် မသိသေးဘူး"
လို့ ပြောလိုက်သည်။

ယွမ်ချီကျီလည်း မျက်မှောင်ကြုတ်ရင်း
"ဘာကို အချိန်ဆွဲနေကြမှန်း မသိတော့ပါဘူးအေ။ငါးယောက်မြောက် မောင်လေးရဲ့အသက်ကလည်းငယ်တော့တာမှ မဟုတ်တဲ့ဟာကို မြန်မြန်လေး ဆောင်လိုက်တော့ အေးရော။ မဟုတ်ဘူးလား"

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အဖွားကတော့ ကောင်းတဲ့ အောင်သွယ်တော်တစ်ယောက်ကို ရှာနေတာလို့ ပြောတယ်"

လင်းယောင်ဟာ ယွမ်မိသားဝင်တစ်ယောက် မဟုတ်၍ ယွမ်ရိတို့ တူဝရီးတို့နှစ်ယောက်၏ စကားဝိုင်းအတွင်း ဝင်မပြောခဲ့ပေ။ ယွမ်ရိကလည်း ထိုအရာကို သိကာ လင်းယောင်အား နေရခက်မည်စိုး၍ သူအား ခဏခဏ ကြည့်ရင် ပြုံးပြလေ့ရှိသည်။

ဒါပေမယ့် လင်းယောင်ကတော့ သူမကို ပြန်မကြည့်ဘဲ ယွမ်ချီကျီကိုသာ စိုက်ကြည့်နေခဲ့သည်။

ပထမတော့ ယွမ်ရိဟာ ပုံမှန်မဟုတ်သည့်အရာကို မတွေ့သေးချေ။ ဒါပေမယ့် အချိန်တခဏကြာပြီးတဲ့နောက်မှာ လင်းယောင်က ယွမ်ချီကျီကိုဘဲ စိုက်ကြည့်နေတာချည်း မြင်လိုက်ရ၍ တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရ၏။ ဒါ့ကြောင့် လင်းယောင်အကြည့်နောက်လိုက်၍ ယွမ်ချီကျီအား ပြန်ကြည့်လိုက်သည်။ ထိုအခါ ယွမ်ချီကျီ၏ လက်မောင်းမှာ ဒဏ်ရာ အနာတရတချို့အား သူမ တွေ့လိုက်ရတော့၏။

သူမအဒေါ်၏ လက်တစ်ချောင်းလုံး အညိုအမဲများဖြင့် ပြည့်နေသည်။

ယွမ်ချီကျီကလည်း လင်းယောင်နဲ့ယွမ်တို့၏ အကြည့်တွေကို သတိထားမိတာကြောင့် အင်္ကျီလက်ကို ဆွဲချရင်း ဒဏ်ရာ ဒဏ်ချက်များကို ဖုံးကွယ်လိုက်တော့သည်။

ယွမ်ရိဟာ ထိုဒဏ်ရာတွေနဲ့ ပတ်သတ်ပြီး မေးမြန်းချင်ခဲ့ပေမယ့် သူမ၏ အဒေါ်က ဖုံးကွယ်ထားတာမို့ မပြောချင်မှန်း ခန့်မှန်းမိကာ မမေးတော့ချေ။

နေ့လည်စာ စားချိန် ရောက်တဲ့အခါမှာလည်း အကုန်လုံးက ကိုယ့်ထမင်းကိုယ် စားနေကြကာစကားတစ်ခွန်းမှ မပြောကြပေ။ ထိုအခါမှ ယွမ်ရိဟာ သူမ၏ တတိယအဒေါ်ရဲ့ မိသားစုနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေမှန်း ခံစားလိုက်ရတော့သည်။ဘာလို့လည်းဆိုတော့ တတိယအဒေါ်၏ ယောက်ျားမျက်နှာဟာ အုံ့မှိုင်းနေတာကို မြင်တွေ့လိုက်ရလို့ဖြစ်၏။

ထိူလူအား မနေ့ညတုန်းကတော့ ရုပ်ရှင်ကြည့်ရာက မိုးချုပ်၍ အိပ်ချင်လွန်းလို့ သူတို့အခန်းထဲ အမြန်ဝင်သွားခဲ့ခြင်း ဖြစ်ရမယ်လို့ တွေးခဲ့သည်။ ဒါပေမယ့် သည်လူက သူမ ထင်သလို မဟုတ်ခဲ့ပေ။ ထိုလူ၏ မျက်နှာဟာ မဲမှောင်နေသည်။

ဒါ့ကြောင့် ယွမ်ရိဟာ မနေနိုင်ဘဲ တွေးတောမိလိုက်၏။
'မဟုတ်မှ ငါတို့ လာလို့များ သူ့ မျက်နှာက ဒီလို ဖြစ်နေရတာများလား'
ထိုအတွေးကြောင့် ယွမ်ရိခဗျာ စားသောက်နေရတာကိုတောင်မှ မြိုမချနိုင်တော့ပေ။

လင်းယောင်ကလည်း ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာမို့ ယွမ်ရိထက် အရင် အခြေအနေတွေကိုသိမြင်ခဲ့ပါသည်။

ဒါ့ကြောင့် နေ့လည်စာ စားပြီးတဲ့နောက်မှာ သူတို့ နှစ်ယောက်ဟာ ခြောက်သွားပြီ ဖြစ်တဲ့ အဝတ်တွေကို ရုတ်ကာ ခေါက်ပြီး လွယ်အိတ်ထဲ ထည့်လိုက်ကြသည်။ ထို့အတူ ရေဘူးကိုလည်း ရေအပြည့် ပြန်ဖြည့်လိုက်၏။ အကုန်လုံး ပြီးသွားတဲ့နောက်တတိယ အဒေါ် ယွမ်ချီကျီအား သူမတို့ ပြန်တော့မည် ဖြစ်ကြောင်း နှုတ်ဆက်လိုက်တော့သည်။

ယွမ်ချီကျီက သူမတို့ ပြန်တော့မယ်ဆိုတာကို ကြားတော့ စိတ်မကောင်း ဖြစ်သွားပြီး
"ပြန်ကြတော့မလို့လား။ နောက်ထပ် နှစ်ရက်လောက် နေကြ‌ဦးလေ‌။ ရှောင်ရိရယ်၊ နင့် ဦးလေးနဲ့ပတ်သတ်ပြီး စိတ်ပူမနေစမ်းပါနဲ့။ သူ့ရဲ့မျက်နှာထားက အမြဲ အဲ့လိုဖြစ်နေလို့ပါ"

ယွမ်ရိလည်း သူမ၏ တတိယအဒေါ်အား သေချာကြည့်နေခဲ့သည်။ ထို့နောက် ရုတ်ချည်ပင် တတိယအဒေါ်၏ အင်္ကျီလက်များကို ဆွဲဖယ်လိုက်၏။ ထိုအခါ တတိယအဒေါ်၏ လက်တစ်ဖက်လုံး အညိုရောင်သမ်းနေသည့် ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နေတာကို မြင်တွေ့လိုက်ရတော့၏။

ယွမ်ချီကျီလည်း ရုတ်တရက်မို့ ကြောင်အသွားပေမယ့် လျှင်မြန်စွာ အင်္ကျီကို ဆွဲချပြီး အညိုကွက်များကို ဖုံးကွယ်လိုက်သည်။

ယွမ်ရိလည်း ခဏမျှ ငြိမ်သက်သွားပြီးတဲ့နောက် "ဦးလေးက အဒေါ့်ကို ရိုက်ထားတာတွေလား"
လို့ မေးလိုက်သည်။

ယွမ်ချီကျီလည်း အမြန်ပင် ငြင်းကာ
"မဟုတ်ဘူး။ ဒီဒဏိရာတွေက ဟိုတစ်နေ့က ငါချော်လဲပြီး ရထားတာ"
လို့ အသည်းအသန်ဖြေလိုက်၏။

ယွမ်ရိဟာ သူမအဒေါ်အား စိုက်ကြည့်လျက်ပင် နောက်မေးခွန်းတစ်ခုအားမေးမြန်းလိုက်တော့သည်။
"ဒီအတောအတွင်း အဒေါ် အိမ်ပြန်မလာခဲ့တာက ဦးလေးကြောင့် မို့လို့များလား"

သူ့ရဲ့တတိယ အဒေါ်အား မြို့ပေါ်မှာ အိမ်ထောင်ကျသည့်အတွက် အရမ်းကောင်းကြောင်း တောင်ပေါ်မှလူတွေက ပြောကြသည်။ ဒါပေမယ့် လက်တွေမှာတော့ ထိုသို့ဖြစ်ပုံမရချေ။

ယွမ်ချီကျီက
"အဲ့တာကြောင့် မဟုတ်ပါဘူး ဟယ်။ အိမ်နဲ့အသွားအပြန် ငါး‌ရက် ကြာတယ်လေ။ ငါ့အိမ်မှာက ငါ မရှိရင် မဖြစ်ဘူး။ ဒါ့ကြောင့်မို့လို့ တောင်ပေါ်ကို ငါ မလာဖြစ်ခဲ့တာ"

သူမ၏ အသံဟာ နောက်ဆုံးမှာ တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။

ထို့နောက် သူမက သူမ၏ စိတ်ခံစားချက်ကို ထိန်းလိုက်ပြီး
"မင်း ပြန်သွားတဲ့အခါ အဖိုး အဖွားတွေရဲ့စကားကိုနားထောင်နော်။ သူတို့ကို စိတ်ပူရအောင် မလုပ်ပါနဲ့"

ယွမ်ရိဟာ သူမ၏ နှုတ်ခမ်းအား အသာကိုက်လျက်သူမ၏ တတိယအဒေါ်အား ကြည့်နေခဲ့သည်။

တခဏကြာပြီးတဲ့နောက်မှာ သူမက သက်ပြင်းအသာချလိုက်ပြီး
"အဒေါ်၊ သမီး ပြန်တော့မယ်"
လို့ ပြောလိုသည်။

ယွမ်ချီကျီဟာ သူမတို့ကို မပြန်သေးဘဲ တစ်ရက် နှစ်ရက်လောက်နေကြဦးဖို့ ပြောချင်ပေမယ့် တောင်ပေါ်မှာ အလုပ်တွေ ရှိနေဦးမှာကို တွေးမိ၍ မတားဆီးတော့ချေ။ သူမက ယွမ်ရိတို့၏ လွယ်အိတ်ထဲအား မုန့်တချို့ထည့်ပေးလိုက်ကာ အိမ်ပေါက်ဝအထိ လိုက်ပို့ပေးလိုက်တော့သည်။

ယွမ်ရိနဲ့ လင်းယောင်တို့ နှစ်ယောက်ဟာ သူမ၏ အဒေါ်အိမ်မှ ထွက်လာချိန်မှာ ဝိုင်ဝယ်ဖို့အတွက် ရောင်းသည့် ဆိုင်ကို ထွက်လာခဲ့ကြသည်။ လမ်းမှာယွမ်ရိက စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ အဒေါ်အတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။

လင်းယောင်က သူမ၏ လက်မောင်းအား အသာပွတ်လျက်
"မင်း အဒေါ်ရဲ့လက်မောင်းက‌ ဒဏ်ရာကြောင့် စိတ်မကောင်း ဖြစ်နေတာလား"

ယွမ်ရိကလည်း လမ်းလျှောင်နေရင်းဖြင့်
"သူမကသာ ချော်လဲပြီး ရထားတဲ့ ဒဏ်ရာတွေကိုပြောပေမယ့် အဲ့တာက ဒီလောက်ကြီးအထိ ဆိုးဆိုးဝါးဝါး ဒဏ်ရာ မရနိုင်ဘူးလေ"

မနေ့ညက အဒေါ်တို့ တစ်အိမ်လုံး ရုပ်ရှင် သွားကြည့်ကြပေမယ့် အဒေါ်ကတော့ မသွားခဲ့ရပေ။ ဒါ့အပြင် အဒေါ့်ယောက်ျား၏ မျက်နှာ အမူအရာအား အကဲခတ်ကြည့်ပြီးတဲ့နောက် ဒဏ်ရာရခြင်း၏ အရင်းအမြစ်အား ယွမ်ရိ ခန့်မှန်းမိခဲ့ပေသည်။

သည်ကိစ္စဟာ သူမလို ဆယ့်လေးနှစ်အရွယ်ကောင်မလေး တစ်ယောက် ကိုင်တွယ်နိုင်သည့်ကိစ္စမဟုတ်ပေ။ ဒါ့ကြောင့် ဝိုင်ကို မြန်မြန်ဝယ်ပြီး အိမ်ကို မြန်မြန်ပြန်ကာ အဖိုး အဖွားတို့အား သည်ကိစ္စကို ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒါကို တွေးမိပြီး သူမက စိတ်လှုပ်ရှားသွားကာ
"မြန်မြန်၊ ငါတို့ဝိုင်ဝယ်ပြီး အိမ်ကို မြန်မြန်ပြန်ကြစို့။ပြီးရင် အဖိုး အဖွားကို ဒီကိစ္စ ပြောပြလိုက်တော့မယ်"

လင်းယောင်က
"ဒါပေမယ့် မင်းအဒေါ်က မသိစေချင်လို့ ဖုံးကွယ်ထားတဲ့ဟာတွေလေ"

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"ဖုံးကွယ်ထားလည်း ဘာဖြစ်လဲ။ ဘာမှ ပြန်မလုပ်ရင် တတိယအဒေါ်ကို သူမရဲ့ယောက်ျားက အနိုင်ကျင့်မြဲ ကျင့်နေလိမ့်မယ်"

လင်းယောင်းလည်း ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင်လည်း မြန်မြန်သွားကြစို့"
လို့ ပြောလိုက်တော့သည်။

ထို့နောက် သူတို့နှစ်ယောက်သားဟာ ဝိုင်းရောင်းသည့်ဆိုင်သို့ ရောက်လာကြပြီး ဝိုင်ဝယ်လိုက်ကြတော့သည်။

ဝိုင်ဝယ်ပြီးတာနဲ့မြို့ထဲကနေ ထွက်ကာ တောင်ပေါ်ကို ပြန်လာခဲ့ကြတော့၏။

သူမဟာ အိမ်ကို ပြန်ရောက်တာနဲ့ တတိယအဒေါ်၏ ကိစ္စအား ယွမ်မိသားစုတစ်ခုလုံး သိဖို့အတွက် ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။

ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာအတွက် တောင်ပေါ်ကနေ ဆင်းဖို့ မလွယ်သော်‌လည်း ဦးလေး ငါးအတွက် တောင်ပေါ်က ဆင်းပြီး တတိယအဒေါ်ကို သွားကူညီဖို့က လွယ်ကူလှပေသည်။

ထိုကိစ္စအား တွေရင်းဖြင့် အိမ်ကို အမြန်ပြန်လာကြ၍ သူမတို့၏ အရှိန်ဟာ အလာတုန်းကထက်ပင် ပိုမြန်နေတော့သည်။

သူမတို့ အလာတုန်းက ဘေးပတ်ဝန်းကျင်မှ ရှူခင်းတွေကို ကြည့်ရှူပြီး လာကြ၍ နှေးနေခြင်း ဖြစ်ကာအပြန်မှာတော့ အိမ်ပြန်ဖို့ကိုသာ ရှေးရှူထား၍ ပိုမြန်‌ဆန်နေခြင်း ဖြစ်ပေသည်။


အပိုင်း - ၂၁.၂


ရွှေသရဖူ ကျေးရွာ။


နေဝင်ခါနီး ဖြစ်နေပြီမို့ ယွမ်ရွယ်ဂျင်းလည်း ခြံအတွင်း စိုက်ပျိုးထားသည့် အသီးအရွက် စိုက်ခင်းထဲကနေရထွက်လာခဲ့တော့သည်။ ဒီနေ့ သူဟာစိုက်ခင်းထဲမှာဘဲ တစ်နေကုန် ပေါင်းသင် မြက်နှုတ်လုပ်နေရခြင်း ဖြစ်၏။

ယွမ်ရွာ်ဂျင်းလည်း စိုက်ခင်း‌ထဲကနေ တက်လာကာပေါက်တူး၊ ပေါက်ပြားများကို နေရာတကျ ပြန်ထားလိုက်သည်။ ပြီးသည့်နောက် အဖိုး ဆောင်းကိုနှုတ်ဆက်ကာ အိမ်ကို ပြန်ဖို့ ခွင့်တောက်းလိုက်၏။အဖိုး ဆောင်းကလည်း ခေါင်းညိတ်ပြီး ခွင့်ပြုလိုက်သည်။

အိမ်ကို ရောက်တဲ့အခါမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့အမေ အနီးမှာ ဝင်ထိုင်လိုက်သည်။

ဆန်းရှောင်ဟိုင်က အသီးအရွက်တွေကို ရေဆေးနေရင်းဖြင့်
"ဒီနေ့ ဘာတွေ သင်ပေးလိုက်လဲ"
လို့ မေးလိုက်၏။

ယွမ်ရွယ်ဂျင်းလည်း မျက်မှောင်ကြုတ်ကာ
"ဒီနေ့လည်း သူ့စိုက်ခင်းထဲ ပေါင်းသင်၊ မြက်နှုတ်လုပ်ပေးရတယ်။ အဲ့တာပြီးသွားတော့ မိုးချုပ်လို့ အိမ်ပြန်လာခဲ့တာနဲ့ ဘာမှ မသင်လိုက်ရဘူး"
လို့ ညည်းညူးလိုက်သည်။

ဆန်းရှောင်ဟိုင်ကလည်း မျက်မှောင်ကြုတ်ကာ
"ဒီနေ့လည်း အလုပ်လုပ်လိုက်တာဘဲလား။ မနေ့ကလည်း အလုပ်၊ ဒီနေ့လည်း အလုပ်ချည်းဘဲ။ ဘာလို့များ အပ်ချုပ်တာကို မသင်ရသေးတာလဲ"

ယွမ်ရွယ်ဂျင်းက
"အဲ့ အဖိုးကြီးက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်နိုင်တယ်။ သားတို့ရဲ့ကြက်ဥတွေလည်း ယူသေးတယ်။ သားကိုလည်း အပ်ချုပ်ပညာ သင်မပေးချင်ဘူး။ မနက်ကျမှသာ အပ်ချုပ်တာ သင်မပေးဘူးဆိုရင် တောင်ပေါ်က တာဝန်ရှိတဲ့သူတွေဆီ သွားတိုင်လိုက်တော့မှာ"

ဆန်းရှောင်ဟိုင်က သူမ သား၏ ပုခုံးကို အသာ ပုတ်လျက်
"အဲ့လောက်ကြီးအထိအောင် မလုပ်သေးနဲ့ဦး။ သူက မင်းကို နှစ်ရက်၊ သုံး‌ရက်လောက် စမ်းသပ်နေဦးမှာဆိုရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ မင်းက အဲ့လို သွားတိုင်လိုက်မှ သူက မင်းကို တကယ် အပ်ချုပ် သင်မပေးဘဲနေမယ်။ အဲ့ကျရင် ငါတို့ရဲ့ကြက်ဥနှစ်ခြင်းလည်း ဆုံးသွားလိမ့်မယ်။ စိတ်ရှည်သည်းခံစမ်းပါကွယ်"

ယွမ်ရွယ်ဂျင်းလည်း အသက်ကို ဝအောင် ရှုလိုက်ပြီး
"ဟုတ်တယ်။ အမေ ပြောတာ မှန်တယ်"

ထို့နောက် သူတို့မိသားစု ညစာ စားကြတော့သည်။ထမင်းစားနေစဉ်အတွင်း ယွမ်ရွယ်ဂျင်းဟာ ထမင်းလုံးများအား အဖိုး ဆောင်းလို့ သတ်မှတ်လျက် ညက်ညက်ကျေအောင် ဝါးတော့သည်။

ထမင်း စားပြီးတဲ့နောက်မှာ ယွမ်ရွယ်ဂျင်းဟာ ပင်ပန်းလွန်း၍ စောစော အိပ်ပျော်သွားတော့သည်။အိပ်ပျော်သွားပြီးတဲ့နောက် သူဟာ အိပ်မက်မက်တော့၏။

အိမ်မက်ထဲမှာ အဖိုး ဆောင်းဟာ သူ နေ့လည်က အလုပ်လုပ်ခဲ့သည့် စိုက်ခင်းထဲမှ ပေါင်းပင်များ ဖြစ်နေခဲ့သည်။ ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်း ဝမ်းသာအားရဖြင့် အဖိုး ဆောင်းတွေကို အမြစ်ကနေ နှုတ်တော့သည်။

သူဟာ အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့တာမို့ နှုတ်နေရင်းဖြင့် တဟားဟား အော်ရယ်တော့၏။

ထိုအချိန်မှာ သူ့မျက်နှာဟာ အရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အိပ်မက်အတွင်းမှ နိုးထလာတော့သည်။

ဒါ့ကြောင့် ယွမ်ရွယ်ဂျင်းလည်း တုန်လှုပ်သွားပြီး မျက်စိ ဖွင့်၍ အမြန် ထရပ်လိုက်သည်။ ထိုအခါတစိဖက်အိမ်၏ ပြတင်းပေါက်မှ သူကို စူးစူးရဲရဲ စိုက်ကြည့်နေသည့် သူ့ ဦးလေး ငါးကို မြင်တွေ့လိုက်ရတော့သည်။

ယွမ်ချန်းရှန်က
"ညကြီးတစ်ကောင် လူ ချေတိတ်နေတဲ့အချိန်မှ ဘာတွေ ထပြီး အော်ကြီးဟစ်ကျယ်ရယ်နေရတာလဲ"
လို့ မာန်မဲလိုက်သည်။

သူတို့ အိမ်နဲ့ ယွမ်အိမ်နဲ့က နီးကပ်သည့်အပြင် သူတို့ ညီအစ်ကို နှစ်ယောက် အိပ်သည့် အခန်းနဲ့ယွမ်ချန်းရှန် အိပ်သည့် အခန်းကလည်း အလွန်ပင် နီးကပ်နေ၏။ ဒါ့ကြောင့် သူ့ရဲ့ရယ်မော ဆူညံသံကြောင့် ဦးလေး ငါး နိုးသွားကာ သူ့ကို သတိပေးဖို့ နှိုးလိုက်ခြင်း ဖြစ်နိုင်ပေ၏။

"ဟုတ်ကဲ့ပါ ဦးလေ။ ကျွန်တော် အိပ်မက် ယောင်သွားလို့။ နောက်မဖြစ်စေရပါဘူး"
လို့ ပြောပြီး ပြန်လှဲအိပ်လိုက်တော့သည်။

နောက်နေ့ နိုးလာတဲ့အခါ တစ်ကိုယ်ရေး သန့်ရှင်းရေ လုပ်၊ မနက်စာ စားပြီး အဖိုး ဆောင်း အိမ်သို့ ထွက်ခွာလာခဲ့တော့သည်။

အဖိုး ဆောင်းအိမ်ကို ရောက်တာနဲ့ အဖိုး ဆောင်းကသူ့ကို အလုပ်တွေ ထပ် မခိုင်းတော့ပဲ
"မင်း အက်ချုပ်တာကို လက်နဲ့ ချုပ်တဲ့အပိုင်းကို အရင် လေ့လာမလား၊ ဒါမှမဟုတ် စက်နဲ့ ချုပ်တဲ့အပိုင်းကို အရင် လေ့လာမလား"
လို့ မေးလိုက်၏။

ယွမ်ရွယ်ဂျင်းက
"စက်နဲ့ ချုပ်တာကို လေ့လာချင်ပါတယ်"
လို့ ချက်ချင်း ပြောလိုက်၏။

အဖိုး ဆောင်းလည်း ခေါင်းညိတ်ပြီးတော့ အပ်ချုပ်တဲ့ အခန်းထဲကို ယွမ်ရွယ်ဂျင်းအား ခေါ်သွားတော့သည်။ သူက အပ်ချုပ်စက်ရဲ့ရှေ့မှာ ဝင်ထိုင်လိုက်ပြီး
"သေသေချာချာ ကြည့်ထား။ ငါက တစ်ခေါက်တည်း သင်ပြပေးမှာ"

"ဘယ်လို။ တစ်ခေါက်တည်းနဲ့ ဘယ်လိုလုပ်တတ်မှာလဲ"
ယွမ်ရွယ်ဂျင်းက အထွန့်တက်လိုက်သည်။

ထိုအခါ အဖိုး ဆောင်းက ယွမ်ရွယ်ဂျင်းရဲ့မျက်လုံးထဲကို စိုက်ကြည့်လျက်
"မင်း ပြောတော့ မင်းရဲ့ဉာဏ်ရည်က အရမ်းကောင်းပါတယ်ဆို။ အပ်ချုပ်သမား တစ်ယောက်ဖြစ်နိုင်ပါတယ်ဆို။ ငါ တုန်းကလည်း ငါ့ ဆရာကတစ်ကြိမ်တည်း သင်ပြပေးခဲ့တာကွ"

"ဟုတ်ကဲ့ပါ"
ယွမ်ရွယ်ဂျင်းလည်း လေသံငယ်လေးဖြင့် ပြန်ပြောလိုက်သည်။

အဖိုး ဆောင်းက လက်လှည့်ဘီးကို ကိုင်းပြီး ခြေနင်းပြားပေါ်ကို နင်းထားလျက်
"သေချာ မှတ်ထား။ အပ်ချုပ်စက်ကို အပ်ချုပ်ရာမှာ သုံးချင်ရင် လက်လက် လှည့်ဘီးကို အရင် လှည့်ပြီး အရှိန်ယူရတယ်။ ပြီးမှ အောက်က ခြေနင်းပြားကို နင်းပေးရတယ်"
လို့ ပြောရင်း သရုပ်ပြလိုက်၏။

နှစ်ပေါင်းများစွာ အပ်ချုပ်စက်ကို အသုံးပြုလာပြီးတဲ့နောက် အပ်ချုပ်စက်ကို သုံးရသည်မှာ မှန်ပြီးအသုံးပြုနိုင်လောက်သည်အထိ အဖိုး ဆောင်းအတွက် လွယ်ကူနေခဲ့သည်။ ဒါ့ကြောင့် ဘေးကနေ ကြည့်နေသည့် ယွမ်ရွယ်ဂျင်းဟာလည်း ထိုအရာကို လွယ်ကူတယ်လို့ တွေးထင်သွားတော့သည်။

ဒါ့ကြောင့် သူ့ ပါးစပ်ကနေ လွှတ်ကနဲ့ဖြင့်
"ဒါလေးပဲလား"
ဆိုသည့် စကားဟာ ထွက်သွားတော့သည်။

အဖိုး ဆောင်းလည်း ယွမ်ရွယ်ဂျင်းကို စူးစူးရဲရဲ ကြည့်လိုက်၏။ ထို့နောက် ထိုင်နေရာကနေ ထလိုက်ပြီး ယွမ်ရွယ်ဂျင်းကို အပ်ချုပ်စက် ရှေ့မှာ ထိုင်ခိုက်လိုက်ပြီး
"ဒါလေးပဲဆိုရင် မင်း လုပ်ကြည့်ပါဦး"
လို့ ပြောလိုက်တော့သည်။

ယွမ်ရွယ်ဂျင်းလည်း အပ်ချုပ်စက် ရှေ့မှာ ဝင်ထိုင်လိုက်သည်။ သူက လက်လှည့်ဘီးပေါ်မှာ လက်ကိုတင်၊ ခြေနင်းပြာပေါ်မှာ ခြေထောက်ကို တင်၍ အဖိုး ဆောင်းလုပ်သည့်အတိုင်း လုပ်ဆောင် ကြည့်လိုက်တော့သည်။ ရလဒ် အနေနဲ့ လက်လှည့်ဘီးဟာ အဖိုး ဆောင်း လုပ်ပြတုန်းကကဲ့သို့ မလည်ဘဲ ဆန့်ကျင်ဘက်သို့ လည်သွားတော့သည်။

ဒါ့ကြောင့် အဖိုး ဆောင်က ယွမ်ရွယ်ဂျင်းရဲ့ နောက်စေ့ကို ရိုက်လိုက်ပြီး
"ဆန့်ကျင်ဘက်ကို လည်သွားတာ မမြင်ဘူးလား"

ယွမ်ရွယ်ဂျင်းလည်း သူ့ရဲ့နောက်စေ့ကို အသာပွတ်လျက်
"ဒါက ပထမဆုံးအကြိမ် ကောင်းကောင်း မရင်းနှီးသေးလို့ပါ"
လို့ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

အဖိုး ဆောင်လည်း တခြားဘက်သို့ လှည့်သွားလိုက်ပြီး
"ငါ မင်းကို အစတည်းက ပထမဆုံး တစ်ကြိမ်တည်း သင်ပေးမယ်လို့ ပြောပြီးသားနော်။ ဒုတိယအကြိမ် မသင်ပေးဘူး။ ဪ၊ ပြီးတော့ ငါ့ရဲ့အပ်ချုပ်စက်ကို မဖျက်ဆီးမိစေနဲ့ဦးနော်"

ယွမ်ရွယ်ဂျင်လည်း အဖိုး ဆောင်း အနားက ထွက်သွားတာတွေ့တော့ နည်းနည်း စိတ်သက်သာရာရသွားတော့၏။ ပြီးနောက် လက်လှည့်ဘီးကို အကြိမ်ကြိမ် လှည့်ကြည့်ရင်း ခြေနင်းပြားကို နင်းကြည့်တော့သည်။ ဒါပေမယ့် သူ အကြိမ်ရေဘယ်လောက် ကြိုးစားကြိုးစား လက်လှည့်ဘီးဟာသူ လှည့်လိုက်သည့်အတိုင်း မလည်ဘဲ ဆန့်ကျင်ဘက်ကိုချည်း လှည်သွားတာကိုတွေ့လိုက်ရသည်။

ပြောင်းပြန်ကြီး လည်နေသည့် လက်လှည့်ဘီးကိုကြည့်ရင်း၊ ကြည့်ရင်း ယွမ်ရွယ်ဂျင်းတစ်ယောက်စိတ်တွေ တိုလာကာ အပ်ချုက်စက်အား ရိုက်ခွဲပစ်ချင်စိတ်တွေပင် ပေါက်လာတော့သည်။ ဒါပေမယ့် အပ်ချုပ်စက်က ဈေးအရမ်းကြီးနေတာကို တွေးမိပြီး ကိုယ့်စိတ်ကိုကိုယ် ပြန်ထိန်းလိုက်ရ၏။

နေ့လည်စာ စားဖို့ အိမ်ပြန်လာသည့်အခါမှာ ဆန်းရှောင်ဟိုင်က
"အခြေအနေဘယ်လိုလဲ"
လို့ မေးလိုက်သည်။

ယွမ်ရွယ်ဂျင်းလည်း သူ့ရဲ့စိတ်မရှည်ဖြစ်နေသည့်မျက်နှာထားကို ပြင်လိုက်ကာ
"ဒီနေ့တော့ အပ်ချုပ်တဲ့ အကြောင်း သင်ပေးနေပါပြီ"
လို့ ပြောလိုက်၏။

နေ့လည်စာ စားပြီးတဲ့နောက် အဖိုး ဆောင်း အိမ်ကိုပြန်သွားကာ အပ်ချုပ်စက် ရှေ့မှာ ထိုင်ရင်း အဖိုး ဆောင်းကို နောက်တစ်ခေါက် သင်ပေးဖို့ ပြောရမလား၊ မပြောရဘူးလား၊ ဝေခွဲမရ ဖြစ်နေတော့သည်။

အဖိုး ဆောင်းကလည်း ယွမ်ရွယ်စိတ်ထဲမှ အတွေးတွေကို သိနေသည့်အလားထိုင်နေရာကနေ
"ငါ မင်းကို နောက်တစ်ကြိမ် ထပ်သင်ပေးမှာ မဟုတ်ဘူးနော်။ ပြီးတော့ ဒီတစ်ခုကိုမှ မင်း မသင်နိုင်ရင် မင်းထွက်သွားလို့ရတယ်"

ယွမ်ရွယ်ဂျင်း ".........."

အဖိုး ဆောင်းက ဆက်လက်ပြီးတော့
"အဲ့ဒါလေးဘဲ ရှိသေးတယ်နော်"
လို့ ထပ်ပေါင်းပြောရင်း ယွမ်ရွယ်ဂျင်း မနက်ကပြောခဲ့သည့် စကားလုံးကို အတုယူ၍ လှောင်လိုက်တော့သည်။

ယွမ်ရွယ်ဂျင်း "..........."
'ဒီအဖိုးကြီးကတော့ ဒီလောက် အပေါက်ဆိုးတာ အခုချိန်အထိ မိန်းမ မရတာလည်း မဆန်းတော့ပါဘူး'

ယွမ်ရွယ်ဂျင်းဟာ အဖိုး ဆောင်း အိမ်ကနေ ထွက်ခွာသွားဖို့ မရွေးချယ်ခဲ့ချေ။

သူက အရင်ဆုံး အပ်ချုပ်စက်ပေါ် လက်တင်လိုက်ပြီး အသက်ကို ခပ်ဝဝလေး ရှူသွင်းရှူထုတ် လုပ်လိုက်၏။

ထို့နောက် သူဟာ လက်လှည့်ဘီးနဲ့ ခြေနင်းပြားကို နင်းတော့သည်။ ဒါပေမယ့် အကုန် ပြောင်းပြန်တွေဖြစ်နေဆဲပင်။

နေဟာ အနောက်အရပ်ကို ဝင်သွားပြီး တစ်နေကုန်ကာ နီးသည့်အထိ အမှားတွေဖြစ်နေဆဲပင်။

တစ်ကြိမ်မှာတော့ လက်လှည့်ဘီးဟာ ဆန့်ကျင်ဘက်ကို မလည်သွားတော့ဘဲ အဖိုး ဆောင်းကဲ့သို့ ပုံမှန်လေး လည်သွားတော့သည်။

ဘီးဟာ ပုံမှန်အတိုင်း စည်းချက်ကျသွားတာကို မြင်တော့ ယွမ်ရွယ်ဂျင်းဟာ စိတ်လှုပ်ရှားသွားကာခုနက လှုပ်ရှားမှုများကို ပြန်စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ ထိုကဲ့သို့ တစ်ပုံစံထဲ ကြိုးစားကြည့်လိုက်သည်။ ဒီအခါတွေမှာတော့ လက်လှည့်ဘီးဟာ ဆန့်ကျင်ဘက်ကို မလည်တော့ပဲ တည့်အတိုင်း လည်သွားတာကို ယွမ်ရွယ်ဂျင်း မြင်တွေ့လိုက်ရတော့သည်။

ထိုကဲ့သို့ ရလဒ်ကို တစ်နေကုန် ကြိုးစားပြီးနောက်ဆုံးမှာ မြင်တွေ့လိုက်ရပြီ ဖြစ်တာမို့ ယွမ်ရွယ်ဂျင်း တစ်ယောက် စိတ်လြှပ်ရှားစွာဖြင့် အော်ဟစ်မိလိုက်တော့သည်။

ထိုသို့ အော်ဟစ်ပြီးသည့်နောက် သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြန်ရလာကာ အပ်ချုပ်စက်အား အကြိမ်ကြိမ် ပြန်နင်းကြည့်တော့သည်။

ညနေမိုးချုပ်လို့ အိမ်ပြန်လာချိန်မှာလည်း စိတ်ခံစားချက် ကောင်းနေ၍ လမ်းတလျှောက် သီချင်းတညီးညီးဖြင့် ပြန်လာတောသည်။

တောင်ပေါ် လမ်းတလျှောက် ဖန်းယန်ရွာထံ ပြန်လာရင်းဖြင့် အိမ်ထဲ ဝင်ခါမီးမှာ မြို့ကနေ ပြန်လာသည့် ယွမ်ရိနဲ့ တွေ့လိုက်သည်။

ပုံမှန်အားဖြင့် သူဟာ ယွမ်ရိကို လျစ်လျူရှုလိုက်မှာဖြစ်ပေမယ့် အခုချိန်မှာ စိတ်ခံစားချက်တွေ ကောင်းနေ၍
"ပြန်ခဲ့ပြီလား၊ ယွမ်ရိ"
လို့ ပြောပြီး နှုတ်ဆင်လိုက်သည်။

ယွမ်ရိလည်း လမ်‌တလျှောက် နည်းနည်းလေးသာ နားပြီး ရွာပြန်ရောက်အောင် အဆက်မပြက် ခရီးသွားခဲ့ရမို့ တော်တော်လေး ပင်ပန်းနေကာ စကားပြောဖို့ပင် အနိုင်နိုင် ဖြစ်နေ၍
"အင်း"
တစ်ခွန်းထဲ တုံ့ပြန်လိုက်၏။

လျူရှင်းဟွာကလည်း အပြင်ဘက်မှ ယွမ်ရွယ်ဂျင်ရဲ့စကားသံကို ကြားလိုက်ရတာမို့ အိမ်ထဲကနေ ထွက်လာခဲ့သည်။

သူမက ယွမ်ရိထံ သွားကာ လွယ်‌အိတ်တွေ၊ ရေဘူးနဲ့ ဝိုင်ဘူးကို သူမထံမှ ယူလိုက်၏။ သူမက ယွမ်ရိ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာနဲ့ မျက်ဝန်းများကို ကြည့်ရင်း
"တော်တော်လေး ပင်ပန်းနေပြီလား"

ယွမ်ရိဟာ ဘယ်သူကိုမှ စကားပြန်ပြောနိုင်ခြင်း မရှိသေးချေ။ သူမက အိမ်ထဲကို အရင်ဝင်လိုက်ကာ ရေတစ်ခွက် ခပ်သောက်လိုက်ပြီး ထိုင်ခံပေါ်‌မှာ ထိုင်၍ အမောပြေ အနားယူလိုက်တော့သည်။

တစ်ခဏ အမော‌ဖြေပြီးနောက် ယွမ်ရိက
"အဖွား။ ဝိုင်ဘူးထဲကနေ ဝိုင်တစ်ဝက်ကို အဖိုးအတွက် သပ်သပ် ခွဲထားပေးဦး။ ကျန်တာကို မနက်ဖြန်ကျမှ အဖိုး ဆောင်းဆီ ယူသွားလိုက်တော့မယ်"

လျူရှင်းဟွာက
"အေးပါ။ အဖွား လုပ်ထားလိုက်ပါ့မယ်"

ယွမ်ကျဲကလည်း သူ့အစ်မ အသံ ကြား၍ မီးဖိုချောင်ထဲမှ ထွက်လာကာ
"အစ်မ။ တအား ပင်ပန်းနေရင် အခန်းထဲ သွားပြီး အိပ်ချေလေ။ အဖိုးနဲ့ ဦးလေး ငါးတို့ ပြန်လာတဲ့အခါမှ ထမင်းစားဖို့ လာခေါ်လိုက်မယ်"

ယွမ်ရိက ခေါင်းခါလိုက်ပြီး
"အနားယူတာက နောက်မှ ယူလည်းရတယ်။လောလောဆယ် အရေးကြီးတာ တစ်ခုကို အဖွားကိုအရင် ပြောပြမှဖြစ်မယ်"

"အမလေး။ အရေးကြီးတာ ဆိုပါလား။ အဲ့တာတွေက နင် အနားယူပြီးမှ ပြောလည်း ရပါတယ်ကွယ်။နားနားနေနေ နေစမ်းပါ"
လျုရှင်းဟွာက ပြောလိုက်၏။

ယွမ်ရိလည်း အသက်ကို ခပ်ဝဝ ရှူလိုက်ပြီး
"အဖွား၊ သမီး မနေ့ညက တတိယ‌အဒေါ်တို့ အိမ်မှာ အိပ်ခဲ့တာ။ သမီး ဘာတွေ တွေ့ခဲ့ရလဲ သိလား။တတိယအဒေါ်ရဲ့လက်မှာ အညိုအမည်း စွဲနေတဲ့ဒဏ်ရာတွေ အများအပြားကို မြင်ခဲ့ရတယ်။ ဒါ့အပြင် တတိယအဒေါ် ယောက်ျားရဲ့မျက်နှာကလည်း မာထန်နေတာ။ ကြည့်ရတာ သူက တတိယအဒေါ်ကို ရိုက်နှက်ထားပုံ ရတယ်"

ဒါကို ကြားတော့ လျူရှင်ဟွာ တစ်ယောက် တုန်လှုပ်သွားတော့သည်။

ယွမ်ရိက ဆက်လက်ပြီး
"တတိယအဒေါ်ကတော့ သူ ချော်လဲလို့ရတဲ့ ဒဏ်ရာတွေတဲ့။ ဒါပေမယ့် အဲ့လိုမဟုတ်မှန်း သမီး သိတယ်။ ဒါ့ကြောင့်မို့လို့လည်း အဖွားကို ပြောပြတာပေါ့။ မဟုတ်ရင် တတိယအဒေါ် နောက်ထပ်အကြိမ်ကြိမ် အရိုက်ခံနေရလိမ့်မယ်"

လျူရှင်းဟွာလည်း တုန်လှုပ်နေရာမှ မျက်မှောင်ကြုတ်လိုက်ပြီး
"ဒင်းကများ ငါ့ သမီးကို အနိုင့်ကျင့်ရဲတယ်ပေါ့လေ"

ယွမ်ရိ ခေါင်းညိတ်လိုက်ပြီး
"သူ လုပ်ဝံ့တာပေါ့။ ဘာလို့လည်းဆိုတော့ အဖိုးနဲ့ အဖွားက တောင်ပေါ်က မဆင်းနိုင်ကြတော့ဘူလေ။ဒါ့အပြင် သူက တတိယအဒေါ်ကိုလည်း တောင်ပေါ်မလာခိုင်းဘူး ထင်တယ်။ ဒါ့ကြောင့်လည်း လွန်ခဲ့တဲ့နှစ်တွေတုန်းက တတိယအဒေါ် အိမ်ပြန်မလာတာထင်တယ်"

လျူရှင်းဟွာလည်း အံတကြိတ်ကြိတ်ဖြင့်
"ချီကျီကို အနိုင့်ကျင့်တဲ့ ကောင်စုတ်‌နဲ့ ငါနဲ့တော့ တွေ့ကြသေးတာပေါ့ဟယ်"

ယွမ်ရိဟာ ပင်ပန်းလွန်းတာကြောင့် တဖြည်းဖြည်းဖြင့် အိပ်ငိုက်လာတော့သည်။ ဒါပေမယ့် သူမကမျက်ဝန်းကို အတင်း ဖွင့်ထားကာ
"အဖွား။ တကယ်လို့ တောင်အောက် ဆင်းပြီးတတိယအဒေါ်ကို ကူညီဖို့ ပြင်နေတာဆိုရင် ဦးလေး ငါးကို ခေါ်သွားနော်။ ဦးလေး ငါးက သန်သန်မာမာနဲ့အားကောင်းတော့အကူအညီ ရတာပေါ့"

တဖြည်းဖြည်းဖြင့် သူမ လေသံတွေဟာ အိပ်ချင်စိတ်ကြောင့် တိုးတိုးလာ၏။
"ပြဿနာကို အေးအေးချမ်းချမ်း ဖြေရှင်းမှ ဖြစ်မယ်နော်။ ဘာဖြစ်ဖြစ် တတိယအဒေါ်တို့က အကြင်လင်မယားတွေဟာကို"

ထိုစကားကို ပြောပြီးတာနဲ့
"အဖွား။ သမီး တအား ပင်ပန်းလို့ အိပ်ချင်နေပြီ။ သမီး သွားအိပ်တော့မယ်"
လို့ ပြောပြီးတာနဲ့ လျူရှင်းဟွာနဲ့ ယွမ်ကျဲတို့၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အခန်းထဲ ချက်ချင်း ဝင်လှဲလိုက်တော့သည်။

ကု‌တင်ပေါ် ဝင်လှဲလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတော့သည်။

လျူရှင်းဟွာကတော့ မီးဖိုအတွင်းမှာ အံတကြိတ်ကြိတ်ဖြင့် ကျန်နေခဲ့သည်။ သူမက ယွမ်ကျီကောင်းလာသည့်အခါ ထိုကိစ္စကို ပြန်ပြောပြပြီး သင့်တော်မယ့် ကိစ္စများ ဆောင်းရွက်ဖို့အတွက် အကြံဉာဏ်တောင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

ပြီးတဲ့နောက်မှာတော့ ယွမ်ကျဲနဲ့အတူ ညစားများကို ပြင်ဆင်နေခဲ့သည်။ ဝိုင်ဘူးကိုလည်း တစ်ဝက် ခွဲကာ ယွမ်ကျီကောင်း သောက်ဖို့ ချန်ထားလိုက်၏။

ညဘက် ယွမ်ကျီကောင်း ပြန်လာသည့်အခါ
"ရှောင်ရိ ပြန်ရောက်ပြီလား"
လို့ အရင်မေးလိုက်သည်။

လျူရှင်းဟွာက သူမ၏ သမီး ချီကျီအတွက် စိတ်မကောင်းဖြစ်နေ၍ စကားများများ ပြောချင်စိတ် သိပ်မရှိချေ။ ဒါ့ကြောင့်သူမက ယွမ်ကျဲအား
"သွား။ နင့် အစ်မ ရှောင်ရိကို သွားနှိုးခဲ့လိုက်တော့"

ယွမ်ကျဲလည်း ခေါင်းညိတ်လိုက်ပြီး ယွမ်ရိကို နှိုးဖို့အတွက် အခန်းထဲ ဝင်သွားတော့သည်။ သူမက ကုတင်ပေါ်မှာ အိပ်နေသည့် ယွမ်ရိကို အကြိမ်အနည်းငယ်လောက် လှုပ်‌ကာနှိုးလိုက်၏။ ဒါပေမယ့် ယွမ်ရိဟာ အလွန် ပင်ပန်း၍ အိပ်ပျော်နေတာကြောင့် မနိုးခဲ့ပေ။

ဒါ့ကြောင့် သူမလည်း အခန်းအပြင် ပြန်ထွက်ကာ
"အစ်မက တအား ပင်ပန်းလို့ထင်တယ်။ အိပ်နေတာနှစ်နှစ်ချိုက်ချိုက်ပဲ၊ နှိုးမရခဲ့ဘူး"

လျူရှင်းဟွာလည်း ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင်လည်း သူမ ဆက်အိပ်ပါစေကွယ်"

ယွမ်ကျဲလည်း ခေါင်းညိတ်ပြလိုက်ပြီး ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်၏။ ထိုအခါ သင်းရနံ့တချို့ကို သူမ ရလိုက်တော့သည်။

ဝိုင်သောက်ရဖို့က တောင်ပေါ်မှာ လွယ်ကူခြင်း မရှိချေ။ ဒါ့ကြောင့် ယွမ်ကျီကောင်းက ခွက်သေးသေးလေးများဖြင့်သာ ဝိုင်းနည်းနည်းဆီ ထည့်ပေးလိုက်သည်။

သူက အရင်းဆုံး လျူရှင်းဟွာ၊ ယွမ်ကျဲနဲ့ သူကိုယ်တိုင်အတွက် သုံးခွက် ငှဲ့ထား၏။‌ ငှဲ့ပြီးတော့ မော့ကြည့်လိုက်သည့်အခါ ဝိုင်ခွက်အား လောဘတကြီး စိုက်ကြည့်နေသည့် ယွမ်ချန်းရှန်းကို မြင်လိုက်ရ၍
"မင်းရော သောက်ချင်လို့လား"
လို့ မေးလိုက်သည်။

ယွမ်ချန်းရှန်လည်း 'သောက်ချင်တယ်' လို့ပြောမလို့ပြင်လိုက်ပေမယ့် လျူရှင်းဟွာက
"သူ သောက်လို့မဖြစ်သေးဘူး။ မနက်ဖြန်ကျရင် လုပ်စရာ တစ်ခု ရှိနေသေးလို့"

ယွမ်ချန်းရှန်လည်း သူ့အမေအား အံ့အားတကြီးစိုက်ကြည့်လိုက်ပြီး
"မနက်ဖြန်ကျရင် အဖေနဲ့ အတူတူ အလုပ်သွားရုံက လွဲပြီး တခြား လုပ်စရာ ရှိနေသေးလို့လား"

လျူရှင်းဟွာလည်း ယွမ်ကျီကောင်းနဲ့ ယွမ်ချန်းရှန်ကို ကြည့်ရင်း
"ချီကျီ အနိုင်ကျင့်ခံနေရတယ်။ ဒါ့ကြောင့်မို့လို့ မနက်ဖြန်ကျရင် တောင်ပေါ်က ဆင်းပြီး သူမ အဆင်ပြေ၊ မပြေ သွားကြည့်စေချင်တာ"

ယွမ်ကျီကောင်းက ဒေါသတကြီးဖြင့်
"ငါ့သမီးကို ဘယ်ကောင် အနိုင်ကျင့်တာလဲ"

လျူရှင်းဟွာကလည်း အံတကြိတ်ကြိတ် ဖြစ်နေ၍ ဘာစကားမှ ပြန်မပြောခဲ့ပေ။ ဒါ့ကြောင့် ကြားထဲမှယွမ်ကျဲက
"အဲ့တာက တတိယအဒေါ်ရဲ့ယေက်ျား၊ လျူရှောင်းပါ"

ယွမ်ကျီကောင်းက ဒေါသတွေပါနေသည့် လေသံဖြင့်
"အဲ့ကောင် လျူရှောင်းက ငါ့သမီးကို အနိုင့်ကျင့်ရဲတယ်ပေါ့လေ"

လျူရှင်းဟွာကလည်း မုန်းတီးနေသော လေသံဖြင့်
"ချီကျီလေးက သူ့ အနိုင်ကျင့်ခံရကြောင့် မပြောပေမယ့် ရှောင်ရိက သူမရဲ့ဒဏ်ရာတွေကို မြင်ရုံနဲ့ခန့်မှန်းမိခဲ့တယ်လေ။ ကျွန်မသာ ဒီလို ဖြစ်မယ်မှန်း သိရင် ချီကျီကို အဲ့ကောင်စုတ်နဲ့ ပေးစားခဲ့မှာ မဟုတ်ဘူး"

ယွမ်ချန်းရှန်ကလည်း မူလက ဝိုင်ကိုသာ လောဘတကြီး ကြည့်နေခဲ့ပေမယ့် သူ့တတိယအစ်မ၏ အဖြစ်အပျက်ကို ကြားတော့ ယွမ်ကျီကောင်းထက်ပင် ဒေါသတွေ ပိုထွက်လာတော့သည်။

သူက
"ကျွန်တော် မနက်ဖြန်ကျရင် တောင်အောက် ဆင်းပြီး အစ်မဆီ သွားတွေ့လိုက်မယ်။ အမှန်တကယ်သာ လျူရှောင်က ကျွန်တော့် အစ်မကို အနိုင့်ကျင့်တာ တွေ့လို့ကတော့ ကျွန်တော် ဘာကောင်လဲဆိုတာ ကောင်းကောင်းကြီ သိသွားစေရမယ်။ ဒီလူက ယွမ်မိသားစုက လူတွေ တောင်အောက် မဆင်းနိုင်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ကျွန်တော့် အစ်မကို  အနိုင်ကျင့်နေတာ ဖြစ်ရမယ်"

ယွမ်ကျီကောင်းကလည်း ဒေါသထွက်ထွက်ဖြင့် သူ့ရဲ့ရှေ့က ဝိုင်ခွက်က်ု မော့သောက်လိုက်ပီ့း
"မနက်ဖြန်ကျရင် ငါရော လိုက်ခဲ့မယ်"

ယွမ်ချန်းရှန်က ခေါင်းယမ်းလိုက်ပြီး
"ရတယ်။ ကျွန်တော် တစ်ယောက်တည်း သွားလိုက်မယ်။ လမ်းခရီးက ကြမ်းတော့ အဖေ့ အသက်အရွယ်နဲ့ မဖြစ်ပါဘူးဗျာ"

လျူရှင်းဟွာကလည်း ယွမ်ကျီကောင်းအား
"ဟုတ်ပါ့ရှင်။‌ တော်တို့ ကျုပ်တို့ ဆိုတာကအသက်အရွယ် ရနေပြီတော့်။ အရင်ကလို သန်တုန်း မြန်းတုန်းမဟုတ်တော့ဘူး။ ရှောင်ချန်းရှန်ကလည်း ချီကျီ‌ရဲ့မောင်ပါပဲ။ သူ တစ်ယောက်တည်းဆိုပေမယ့် ချီကျီကို‌ အကူအညီ ပေးနိုင်မှာပါရှင်"

ထို့နောက် သူမက ယွမ်ချန်းရှန်ကို ကြည့်လိုက်ကာ
"ပြီးတော့ ဟိုကောင်။ ဟိုကို ရောက်ရင်စိတ်လိုက်မာန်ပါ အရင် မလုပ်နဲ့။ အခြေအနေကို အရင်  ကြည့်ဦး။ လျူရှောင်းက ချီကျီကို အမှန်တကယ် အနိုင်မကျင်ဘဲ နင်က ပြဿနာ သွားရှာလိုက်မှ နင့်အစ်မ မျက်နှာပျက်ရလိမ့်မယ်နော်။ ဒါ့ကြောင့် အခြေအနေကို အရင်ကြည့်ဦး"

ယွမ်ချန်းရှန်လည်း ခေါင်းညိတ်လိုက်ပြီး
"စိတ်ချ‌ပါ အမေရ"

ထိုညမှာလည်း လျူရှင်းဟွာက ယွန်ချန်းရှန်အတွက် အဝတ်အစားတွေ၊ လိုအပ်တာတွေကို ထုပ်ပိုးပေးလိုက်သည်။

နောက်နေ့ မနက်၊ ယွမ်ချန်းရှန်လည်း စောစောထပြီး တောင်ပေါ်က ဆင်းဖို့ပြင်တော့သည်။ ထိုအချိန်မှာ သူ့အမေက သူ့ကို အိမ်ထဲဆွဲခေါ်သွားကာ

"လျူရှောင်းက ငါ့သမီကို အမှန်တကယ် အနိုင်ကျင့်နေတာဆိုရင် ချီကျီကို အိမ်ပြန်ခေါ်ခဲ့တော့။ တခြား ဘာမှမလုပ်နဲ့။ ရန်လည်း မဖြစ်ခဲ့နဲ့နော်။ ငါပြောတာတွေကို သေချာမှတ်မိရဲ့လား"
လို့ ထပ်မှာလိုက်၏။

ယွမ်ချန်းရှန်လည်း ပါးစပ်မှာ မုန့် တစ်ခုကို သွပ်နေရင်းဖြင့်
"စိတ်ချပါ။ သား အကုန်မှတ်မိပါတယ်ဗျ"

ထိုသို့ပြောပြီးတာနဲ့လွယ်အိတ်နဲ့ ရေဘူးကို ယူကာအိမ်ကနေ ထွက်သွားတော့သည်။

လျူရှင်းဟွာလည်း သူမရဲ့သား၊ သူမ မြင်ကွင်းထဲကနေ ပျောက်သွားမှ အိမ်ထဲ ပြန်ဝင်လာခဲ့တော့သည်။

ယွမ်ရိဟာ ပင်ပန်လွန်းတာမို့ နေ့လည်ခင်း ရောက်တဲ့အထိ အိပ်စက်နေခဲ့သည်။ သူမ နိုးထလာချိန်မှာခေါင်းနည်းနည်း မူးနေသေး၍ ရေးအေးအေးလေးဖြင့် မျက်နှာသစ်ပစ်လိုက်တော့သည်။

ပြီးတဲ့နောက် မီးဖိုခန်းထဲ ဝင်ကာ ထမင်းစားပွဲဘေးမှာ ကြောင်အအ အမူအရာဖြင့် ထိုင်နေတော့သည်။

ယွမ်ကျဲနဲ့ လျူရှင်းဟွာတို့ နှစ်ယောက် မီးဖိုချောင်ထဲ ဝင်လာချိန်မှာ ကြောင်းအအ အမူအရာဖြင့် ထိုင်နေသည့် ယွမ်ရိကို တွေ့လိုက်ရ၍ အံ့ဩသင့်သွားကြသည်။

ယွမ်ကျဲက
"အစ်မ၊ နိုးပြီးလား"

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အင်း။ ငါ အချိန်အကြာကြီး အိပ်ပျော်သွားတာပဲ"
လို့‌ ပြန်ပြောလိုက်သည်။

လျူရှင်းဟွာက
"အချိန်အကြာကြီး အိပ်ပြီး နိုးလာရင် ဗိုက်ဆာတတ်တယ်တဲ့။ မနေ့ညကလည်း နင် ထမင်းမစားရသေးဘူး။ ဒီတော့ ဗိုက်ဆာနေတော့မှာပဲ။ ခဏတော့ စောင့်ဦး။ အဖွား ထမင်းအိုး မြန်မြန်လေး တည်လိုက်မယ်။ တကယ်လို့ ဗိုက်ဆာနေပြီဆိုရင်လည်း မုန့်လေး တစ်ခု ထုတ်ယူ စားထားနှင့်လိုက်"
လို့ ပြောပြီး ထမင်းချက်ဖို့ ပြင်ဆင်လိုက်တော့သည်။

ယွမ်ရိက ခေါင်းခါလိုက်ပြီး
"သမီး ဒီရက်ပိုင်းထဲ မုန့်တွေချည်း စားထားမိတာ။ ဒါ့ကြောင့် အခု ထမင်းပဲ စားတော့မယ်"
လို့ ပြန်ပြောလိုက်တော့သည်။

ထို့နောက် သူမက သူမ ဘေးထိုင်နေသည့် ယွမ်ကျဲအား
"ဦးလေး ငါးရော။ တောင်အောက်ကို ဆင်းသွားပြီလား"
လို့ မေးလိုက်သည်။

ယွမ်ကျဲလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ ဦးလေး ငါးက မနက်ကတင် တတိယအဒေါ်ရဲ့အိမ်ကို ထွက်သွားပြီ"

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အင်း၊ ကောင်းပါတယ်လေ"
တတိယအဒေါ်အား ကူညီပေးဖို့အတွက် ဦးလေး ငါး သွားနေပြီ ဖြစ်၍ ယွမ်ရိ စိတ်အေးသွားတော့သည်။

ပြီးတဲ့နောက် သူမက နေ့လည်စာ စားလိုက်၏။ စားပြီးသည့်နောက် သူမက ဝိုင်တစ်ဝက်ပါသည့် ဘူးသီနဲ့လွယ်အိတ်ကို လွယ်၍ ရွှေသရဖူရွာသို့ ထွက်လာခဲ့တော့သည်။

ဒါပေမယ့် သူမ အိမ်က ထွက်လာပြီး မကြာခင်မှာ သူမနောက်ကနေ ယွမ်ရွယ်ဂျင်းလည်း လိုက်ပါလာတာကို မြင်လိုက်ရ၏။ အစက သူမ နောက်လိုက်လာခြင်း ဖြစ်နိုင်တယ်လို့ မထင်ပေမယ့် သူက ရွှေသရဖူရွာ ရောက်တဲ့အထိ လိုက်လာတာမို့ ယွမ်ရိလည်း နည်းနည်း စိတ်ရှုပ်သွားပြီး ရပ်စောင့်နေလိုက်သည်။

သူမ အနားကို ယွမ်ရွယ်ဂျင်း နီးကပ်လာတာနဲ့ သူမက တားလိုက်ပြီး
"ဘာလို့ ငါ့ နောက်က လိုက်လာတာလဲ"
လို့ မေးလိုက်သည်။

ယွမ်ရွယ်ဂျင်းက သူမကို မျက်လုံးလှန်ကြည့်ကာ
"ဘယ်သူက နင့်နောက် လိုက်နေလို့လဲ။ ငါ့ဟာငါ ရွှေသရဖူရွာမှာ ပညာ သင်စရာရှိလို့ လာတာလေ"

ယွမ်ရိက သံသယ မျက်လုံးများဖြင့်
"ဘာတွေ သင်နေတာမို့လို့လဲ"

ထိုအခါ ယွမ်ရွယ်ဂျင်းက ရင်ကို ကော့လျက်
"ငါကလည်း လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ထဲက အဖိုး ဆောင်း ထံမှာ အပ်ချုပ်ပညာ သင်ယူနေတဲ့ တပည့် တစ်ယောက် ဖြစ်နေပြီကွ"
လို့ ပြောကာ ယွမ်ရိ ပုခုံးအား တိုက်လျက် ရွှေသရဖူရွာအတွင်း ဝင်ရောက်သွားတော့သည်။

ယွမ်ရိလည်း ထွက်ခွာသွားသည့် ယွမ်ရွယ်ဂျင်းကို ကြည့်ရင်း မျက်လုံးကို အသာလှန်ကာ စိတ်ထဲကနေ တွေးတောမိလိုက်သည်။

'ဘာလဲဟ။ ဒါက ဒုတိယအဒေါ်ရဲ့ နောက်ထပ် ရွှေ့ကွက် တစ်ခုလား။ သူက သူ့ သားကို အားကိုးပြီး ငါ့ရဲ့အလုပ်အကိုင်ကို လုယူချင်တဲ့ သဘောများလား'

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now