Chapter 58

677 84 0
                                    

Chapter 58.1
July 29, 2023 by Yamin Aung
အပိုင်း - ၅၈.၁
ယွမ်ဟောင်ဂျန်၏ 'ဝိုး' ကနဲအော်ဟစ်လိုက်သည့်အသံ ရပ်သွားသည့်နှင့်တပြိုက်နက် ယွမ်ချန်းဖူက
"ဟေ့ကောင်၊ အဲ့လောက်ကြီး စိတ်လှုပ်ရှားမနေနဲ့။မင်းလမ်းခရီးမှာ သက်သက်သာသာနဲ့ သွားလို့မရဘူးနော်။ မင်းအမနှစ်ယောက်ရဲ့ အထုပ်တွေကို ဝိုင်းသယ်ရင်းနဲ့သွားရမှာကွ"
ဟု ပြောလိုက်၏။

ယွမ်ဟောင်ဂျန်က သူ့ရဲ့လက်မောင်းကြွက်သားများအား ညှစ်ပြလိုက်ပြီး
"အဖေ၊ ကျွန်တော်က အားတောင့်ပါတယ်ဗျ။ ဘယ်လိုပစ္စည်းဘဲ ဖြစ်ဖြသ် ကျွန်တော်သယ်နိုင်ပါတယ်"
ယွမ်ချန်းဖူက ယွမ်ဟောင်ဂျန်ဘက်ကနေ တစ်ဖန်ယွမ်ရိအား လှည့်ကြည့်ကာ
"ရှောင်ရိ၊ ခဏနေရင် အဖေ့ဆီလာခဲ့ဦး။ အဖေ့ကိုဆက်သွယ်ရမယ့် အချက်အလက်တွေ ရေးပေးလိုက်မလို့။ ဒါမှ သမီးတို့ လမ်းပျောက်သွားရင် အခက်မတွေ့တော့မှာ။ ဪ၊ ပြီးတော့ အဖေရထားလက်မှတ်တွေလည်း သွားဝယ်ထားလိုက်မယ်။ သမီးတို့က ဒီကနေ ဖန်းမင်းတောင်နားက ရထားဘူတာရုံထိ ရထားနဲ့သွားကြပေါ့။ ပြီးတော့ အဖေ၊ ဟိုဘက်ကို လှမ်းအကြောင်းကြားပြီး သမီးတို့ကို ကားနဲ့လာကြိုပေးဖို့လည်း အကူအညီတောင်းထားလိုက်မယ်။ အဲ့‌တော့ရထားဘူတာရုံကနေ တုန်းဖန်းမြို့ထိ ကားနဲ့ခရီးဆက်ကြပေါ့။ တုန်းဖန်းမြို့ကနေ တောင်ပေါ်ထိအောက်ကိုတော့ သမီးတို့ဘာသာဘဲ ခြေလျင်တက်ရမယ်နော်"
ဟု သူစီစဉ်ထားမည့်အရာများကို ကြိုပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။ အဖေ"

တစ်ဖန် ယွမ်ချန်းဖူက သူ့မိန်းမဖန်းရှုံးယန်ဘက်ကို လှည့်ကာ
"ရှုံးယန်။ မင်းအားလို့ရှိရင် ကလေးတွေကို ခေါ်ပြီး ဈေးဆိုင်ကို သွားလိုက်။ ပြီးရင် အဖေနဲ့အမေအတွက် လက်ဆောင်ပေးဖို့ ပစ္စည်းတချို့ဝယ်ပေးလိုက်ဦး။ ဒါပေမယ့်ကလေးတွေ သယ်သွားမှာဖြစ်လို့ အရမ်းကြီးလေးလံတာတွေတော့ မဝယ်ခဲ့ကြနဲ့နော်"
ဟု လှမ်းပြောလိုက်သည်။
"အင်း"
ဖန်းရှူံးယန်က 'အင်း' တစ်လုံးထဲပြောရင်း ခေါင်းညိတ်လိုက်၏။

သူမ၏ယောက်ျားက အကုန်လုံးကို စီစဉ်ပေးထားပြီးဖြစ်သည့်အတွက် သူမအနေနဲ့ဘာမျှ ပြောစရာစကားမရှိတော့ချေ။

ယွမ်ချန်းဖူက ဆက်လက်ပြီးတော့
"ရှုံးယန်၊ ဟိုကိုရောက်ရင် ကလေးတွေအတွက် စားစရာလည်း ဝယ်ထည့်ပေးလိုက်ဦး။ လမ်းခရီးက နည်းနည်းဝေးတော့ တစ်လမ်းလုံး အစာခြောက်တွေချည်းဘဲလဲ ထည့်ပေးမနေနဲ့‌ဦး။ နည်းနည်းပါးပါးစားလို့ကောင်းမယ့်ဟာလေးတွေလည်း ထည့်ပေးလိုက်ဦးနော်"

ဖန်းရှုံးယန်က အပိုစကားမဆိုဘဲ ခေါင်းညိတ်ပြကာ
"အင်း၊ သိပြီ"
ဟု ပြန်ပြောခဲ့သည်။

နောက်ဆုံးမှာတော့ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့ဟာ ယွမ်ရိ၊ ယွမ်ကျဲတို့နဲ့အတူ နှစ်သစ်ကူးအား တောင်ပေါ်မှာဖြတ်သန်းကြဖို့ဆုံးဖြတ်ခဲ့ကြပြီး၊ ရဲ့ချူးဝမ်ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ကတော့ အိမ်မှာဘဲ မိဘတွေနဲ့အတူတူနှစ်သစ်ကူးကို ဖြတ်သန်းကြဖို့ ဖြစ်လာကြတော့သည်။

ဖန်းရှုံးယန်က ထိုကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်ပေမယ့် သူမယောက်ျားက အကုန်လုံးကို စီစဉ်ပြီးသွားပြီဖြစ်တာမို့ ကန့်ကွက်လိုစိတ်ကို ဖိနှိပ်ထားလိုက်ရ၏။

ညစာစားပြီးချိန်မှာတော့ ယွမ်ချန်းဖူက ရဲ့ချူးဝမ်ကိုကြည့်ကာ
"ချူးဝမ်၊ သမီးရဲ့အနာဂတ်အစီအစဉ်ကရော ဘယ်လိုလဲ။ အဖေပြောချင်တာကကွာ။ ဒီနှစ်စာသင်နှစ်ကုန်တဲ့အခါ သမီးတို့လည်း အလယ်တန်းကျောင်းပြီးသွားကြတော့မှာလေ။ ပြီးရင် အထက်တန်းကိုတက်ရတော့မှာ။ ဒါပေမယ့် သမီးက နှစ်,နှစ်နောက်ကျပြီးမှ ကျောင်းတက်ရတာ‌ဆိုတော့ ပုံမှန်အထက်တန်းကျောင်းသူကျောင်းသားတွေထက် နှစ်,နှစ်လောက်ပိုကြီးနေမှာ ဒီတော့ သမီးအနေနဲ့ ကျောင်းဆက်တက်ချင်သေးလား။ အဖေက ဒီတိုင်းဘဲ မေးကြည့်တာပါ။ သမီးစိတ်ထဲ တွေးထားတဲ့အရာတွေရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်"
ရဲ့ချူးဝမ်သည်လည်း ထိုကိစ္စနဲ့ပတ်သက်ပြီး တွေးကြည့်မိလိုက်သည်။ အကယ်၍ သူမသာ ကျောင်းဆက်မတက်ဖို့ ဆုံးဖြတ်လိုက်ပါက အနာဂတ်မှာ သူမအတွက် လုပ်စရာနှစ်ခုဘဲ ရှိပါတော့မည်။ ပထမတစ်ခုက သူမအဖေကဲ့သို့ စစ်တပ်ထဲဝင်ဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကျေးလက်ဒေသတစ်ခုခုမှာရှိသည့် ထုတ်လုပ်ရေးအဖွဲ့အစည်းတွေထံမှာ အလုပ်ဝင်လုပ်ဖို့ဘဲဖြစ်ပေသည်။

ယွမ်ချန်းဖူက အရင်တုန်းက သူမအား ကျေးလက်ဒေသကိုသွားရမည့်ကိစ္စနဲ့ ပတ်သက်ပြီး အရိပ်အမြွက်ပြောထားဖူးသေးတာကြောင့် ယခုကဲ့သို့ မေးမြန်းလာသည့်အခါမှာ သူမနည်းနည်းတော့ ခေါင်းခြောက်နေ၏။

အမှန်အတိုင်းပြောရရင် သူမက ကျေးလက်ဒေသကထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်သွားလုပ်ချင်တာမျိုးလည်းမရှိသလို၊ စစ်တပ်အတွင်း ဝင်ရောက်ချင်စိတ်လည်း လုံးဝမရှိချေ။
သူမသာ ကျေးလက်ဒေသကို ရောက်သွားပါက အရာရာရှားပါး၊ ခေါင်ခိုက်ပြီး ပြင်းခြောက်ခြောက်ဖြစ်နေသည့် နေရာဒေသဖြင့် မနေနိုင်မည်ကို သူမကိုသူမသိ၏။
ထိုအတူ စစ်တပ်အတွင်း ဝင်ရောက်သွားပါကလည်း အလွန်ပင်ပန်းဆင်းရဲရသည့် လေ့ကျင့်မှုပေါင်းများစွာကို နေ့စဉ်ရက်ဆက်လုပ်ဆောင်ရမှာကိုလည်း တွေးပြီး ကြောက်နေမိ၏။

အချိန်အတော်ကြာအောင် စဉ်းစားတွေးခေါ်နေခဲ့ပြီးနောက် ရဲ့ချူးဝမ်ဟာ သူမအ‌တွက် သင့်တော်မည့်အဖြေတစ်ခုကို စဉ်းစားမိလိုက်တော့သည်။

ဒါ့ကြောင့် သူမက သူမအဖေကိုကြည့်ကာ
"အဖေ၊ သမီး အထက်တန်းကျောင်းကိုဘဲ ဆက်တက်ချက်ပါသေးတယ်"
ဟု သူမရွေးချယ်မှုကို ပြောပြလိုက်၏။

အထက်တန်းကျောင်းပြီးပါက မူလကရွေးချယ်စရာနှစ်ခုကို ပြန်ရွေးရမည်မှန်းသိပေမယ့် အထက်တန်းကျောင်းတက်ရသည့်နှစ်,နှစ်တာကာလကို အချိန်ဆွဲလိုနေခြင်းဖြစ်သည်။

ယွမ်ချန်းဖူကလည်း သူ့သမီးကြီး၏ ရွေးချယ်မှုကို ‌ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီလေ။ သမီးက အထက်တန်းဆက်တက်မယ်‌ဆိုတော့လည်း ကောင်းတာပါဘဲ။ သမီးရဲ့မောင်လေး ရဲ့ဖန်နဲ့အတူတူ စာကြိုးစားကြပေါ့"

ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ၊ အဖေ"

ထို့နောက် ယွမ်ချန်းဖူက နောက်ထပ် ဘာမှ ပြောစရာမကျန်တော့၍ ထမင်းစားဝိုင်းအတွင်းမှ ထထွက်သွားတော့သည်။
ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့လည်း ထမင်းစားဝိုင်းမှ ထွက်လာခဲ့ကြသည်။

အပေါ်ထပ်ကို ရောက်သည့်အခါ ယွမ်ချူးရွယ်က
"နောက်ဆုံးမှာတော့ အဖိုးအဖွားတို့ကို မြင်တွေ့ရတော့မှာဘဲ။ ကြည့်ရတာ ဒီနှစ်ရဲ့နှစ်သစ်ကူးက အရမ်းဘဲ ပျော်စရာကောင်းတော့မယ်ထင်တယ်"
ဟု မျှော်လင့်နေသော လေသံဖြင့် ရေရွတ်လိုက်၏။

"အဲ့လောက်ကြီးလည်း ပျော်စရာတော့ မကောင်းဘူးရယ်"
ယွမ်ရိက ယွမ်ချူးရွယ်၏မျှော်လင့်ချက်အား တစစီပျက်စီးမသွားခင် ကြိုသတိပေးလိုက်၏။
ဘာလို့လဲဆိုတော့ တောင်ပေါ်ကိုရောက်အောင် လမ်းလျှောက်ရမည့် ခရီးကို ယွမ်ချူးရွယ်မကြုံဖူးသေးလို့ပင်။

"ညီမအတွက်တော့ ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုရမှာပါ၊ အမရယ်"
ယွမ်ချူးရွယ်က ပြုံးပြရင်းဖြင့် ပြန်ပြောလိုက်၏။

"အေးပါလေ၊ ကိုယ်တွေ့ကြုံမှ ပျော်စရာကောင်းလား၊ မကောင်းလား ဆုံးဖြတ်ပေါ့"
ယွမ်ရိက ပခုံးတစ်ချက်တွန့်ရင်းဖြင့် တုံ့ပြန်လိုက်တော့သည်။

ယွမ်ချူးရွယ်က ခဲတံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး လက်ချောင်းများကြားထဲ ထည့်လှည့်လိုက်ရင်းဖြင့်
"အမချူးဝမ်ကို အထက်တန်းကျောင်းဆက်တက်လိမ့်မယ်လို့ ညီမထင်မထားခဲ့ဘူး။ အမချူးဝမ်နေရာမှ ညီမသာဆိုရင် စစ်တပ်ထဲကို ဝင်ဖို့ တစ်ခါတည်းရွေးချယ်လိုက်မှာ"
ဟု မချင့်မရဲဖြစ်နေသောလေသံဖြင့် ပြောလိုက်၏။

ယွမ်ရိက
"စစ်တပ်ထဲဝင်ပြီး နေရာကောင်းတစ်ခုရဖို့က လွယ်တယ်ထင်နေလား"

ယွမ်ချူးရွယ်က
"အမရယ်၊ ကျေးလက်က ထုတ်လုပ်ရေးအဖွဲ့အစည်းတွေမှာ ပင်ပင်ပန်းပန်းနဲ့အလုပ်ဝင်လုပ်ရတာထက်စာရင် စစ်တပ်ထဲမှာ အရာရှိတစ်ယောက်ဖြစ်ရတာက ပိုမကောင်းဘူးလား"

ထိုအချိန်မှာဘဲ ယွမ်ကျဲက
"အဲ့တာကတော့ လူတိုင်းမှာ မတူညီတဲ့အတွေးကိုယ်စီရှိကြတာမို့၊ ဘာအလုပ်က ပိုကောင်းတယ် မကောင်းဘူးဆိုတာက ရွေးချယ်ရမယ့်လူအပေါ်မှာဘဲ မူတည်တာလေ"
ဟု ဝင်ပြောလိုက်သည်။
ထိုအခါ ယွမ်ချူးရွယ်က ယွမ်ကျဲ၏စကားအား ထောက်ခံသကဲ့သို့ ခေါင်းညိတ်လိုက်ပြီးမှ
"အမချူးဝမ်ကို အိမ်က အဖေနဲ့အမေတို့က အရမ်းမျက်နှာလိုက်တယ်လို့ ညီမတော့ထင်တာဘဲ။အကယ်၍ ဒီနေ့၊ အမချူးဝမ်ကိုမေးသလိုမျိုး ညီမကိုမေးကြည့်ပါလား။ စစ်တပ်နဲ့ကျေးလက်ဒေသ နှစ်ခုထဲက တစ်ခုကိုပြတ်ပြတ်သားသားရွေးချယ်ပေးရမှာ။ အမချူးဝမ်လိုမျိုး ကျောင်းဆက်တက်မယ်ဆိုပြီး ရွေးချယ်လို့ကတော့ အဖေရော၊ အမေရော ကန့်ကွက်ကြမှာသေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမကလည်း အိမ်မှာတစ်သက်လုံးမနေပါဘူး။ အရွယ်ရောက်လာလို့ အလုပ်ကောင်းကောင်းတစ်ခုခုရရင် နေရာသစ်တစ်ခုကိုသွားပြီး အမှီအခိုကင်းကင်းနဲ့ရှင်သန်ပစ်ဦးမှာ"
ဟု ဝင့်ကြွားလိုက်သည်။

ယွမ်ရိလည်း လက်ကိုဆန့်တန်းလျက် ယွမ်ချူးရွယ်၏ခေါင်းအား အသာအယာလေးပုတ်ကာ
"ကောင်မလေး၊ နင်က အဲ့လောက်အဝေးကြီးတွေးပစ်လိုက်ပြီလား။ နင့်အသက်ကအခုမှ ငယ်ငယ်လေးရှိသေးတာနော်"

ယွမ်ချူးရွယ်ဟာ ယွမ်ရိပုတ်လိုက်၍ ပုံပျက်သွားသည့် ဆံပင်ပုံစံအား အသာလေးပြန်သပ်သင်လိုက်ပြီး
"အမရယ်။ ညီမက ဒီနှစ်သစ်ကူးပြီးရင် ဆယ်နှစ်ပြည့်ပြီလေ။ ဒီတော့ ငယ်ရွယ်တဲ့အထဲမပါတော့ဘူး"
ဟု နှုတ်ခမ်းလေးအသာဆူရင်း ပြန်ပြောလိုက်၏။

ယွမ်ကျဲက
"ဆယ်နှစ်ဆိုတာကလည်း ကလေးဘဲရှိသေးတာလေ"
ဟု ပြောလိုက်၏။

ဒါ့ကြောင့် ယွမ်ချူးရွယ်၏နှုတ်ခမ်းဟာ ပိုပြီးဆူထွက်လာကာ
"ဟုတ်ပါပြီ။ ညီမရဲ့အသက်က အရမ်းကြီးတော့ မကြီးသေးဘူး။ ဟုတ်ပြီလား။ ဘာပဲဖြစ်ဖြစ် နောက်ခြောက်နှစ်လောက်ဆို ညီမလည်း ကောင်ကောင်းအရွယ်ရောက်ပြီ"
ဟု မကျေမနပ်ဖြစ်နေသည့်လေသံလေးဖြင့် ရေရွတ်လိုက်၏။

ထို့နောက် သူမက ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ညီမလေ၊ အမတို့နှစ်ယောက်ကို တကယ်မနာလိုဘူးသိလား။ ဘာလို့လည်းဆိုတော့ အမတို့က နောက်နှစ်,နှစ်လောက်နေရင် ကျောင်းပြီးသွားကြမှာ။ ကျောင်းပြီးသွားရင် အမတို့ လုပ်ချင်တာတွေအကုန်လုပ်လို့ရပြီ။ ညီမကသာ စိတ်ပျက်စရာကျောင်းကြီးထဲကနေ တော်တော်နဲ့မထွက်နိုင်မှာ"
ဟု ညီးညူလိုက်သည်။

ယွမ်ကျဲကလည်း စိတ်ပူနေသောလေသံဖြင့်
"ဒါပေမယ့် ကျောင်းပြီးသွားရင် အမဘာဆက်လုပ်ရမလဲဆိုတာကို မသိသေးဘူး"
ဟု ပြောလိုက်၏။

ယွမ်ချူးရွယ်က
"အမ၊ အဲ့တာတွေတွေးပြီး စိတ်ပူမနေနဲ့။ အမက ငယ်ငယ်လေးကတည်းက တောင်ပေါ်က ကျေးလက်ဒေသမှာကြီးပြင်းခဲ့ရတာဆိုတော့ အမကိုအဖေက ကျေးလက်ဒေသကို ပြန်ပို့မှာ မဟုတ်လောက်ဘူး။ ဒီတော့ အမကို အဖေက စစ်တပ်ထဲပို့ဖို့က သေချာသလောက်ရှိတယ်။ တကယ်လို့အမက စစ်တပ်ထဲမှာ ၏စစ်မှုမထမ်းချင်ဘူးဆိုရင်လည်း အခြား သက်ဆိုင်ရားဌာနခွဲတွေမှာ အဖေ့အဆက်အသွယ်နဲ့အလုပ်ဝက်လုပ်လို့ရပါတယ်"
ဟု ပြောရင်း ယွမ်ကျဲ၏စိုးရိမ်မှုတွေကို လျော့ချပေးလိုက်၏။
ထိုအခါမှ ယွမ်ကျဲလည်း စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားကာ ကုတင်ပေါ်လှဲချလျက် အနားယူဖို့ပြင်လိုက်၏။

ဒါပေမယ့် ယွမ်ရိက ယွမ်ကျဲကို ဆွဲထူလိုက်ကာ
"ဟေးးး အနားယူဖို့မလုပ်သေးနဲ့ဦးလေ။ စာလုပ်ရဦးမှာကို"
ဟု ပြောလိုက်၏။

ယွမ်ကျဲလည်း ချက်ချင်းဘဲ လှဲလျောင်းနေရာကနေ ထကာ စာအုပ်ကိုကောက်ကိုင်လိုက်ပြီး စာအံတော့သည်။

ယွမ်ချူးရွယ်သည်လည်း တစ်ချက်ပြုံးပြလိုက်ပြီး သူမ၏အခန်းကိုပြန်ကာ စာပြန်လုပ်တော့၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက်ဟာ ညဆယ်နာရီထိ စာလုပ်နေခဲ့ပြီး ဆယ်နာရီထိုးပြီးတာနဲ့ ရေမိုးချိုးကာ အိပ်ရာဝင်ခဲ့ကြသည်။
နောက်ရက်ရောက်သည့်အခါမှာလည်း သူမတို့နှစ်ယောက်က အခန်းအတွင်းဘဲ အောင်းကာ စာလုပ်နေခဲ့ကြ၏။ ယွမ်ချူးရွယ်ကတော့ ကျောင်းသွားခဲ့ပါသည်။

နေ့လည်ခင်းရောက်သည့်အခါ ကျောင်းသွားကြသည့် သူတွေအကုန် အိမ်ကိုပြန်လာကြပြီး ခရီးအတွက် လိုအပ်သည့်အဝတ်အစားများကို စတင်ထုပ်ပိုးကြတော့သည်။

"ရှောင်ဖန်နဲ့ဟောင်ဂျန်။ သားတို့နှစ်ယောက်ကို အမေပြောမယ်။ အခုသွားရမယ့်လမ်းခရီးက ဝေးလည်းဝေးတဲ့အပြင် အရမ်းလည်း လမ်းကြမ်းတယ်။ သားတို့ဘဲ ပင်ပန်းမှာနော်။ အချိန်မလွန်ခင် မင်းတို့အဖေကို မသွားချင်တော့ဘူးလို့ သွားပြောချေကြ"
ဟု ပြောလိုက်၏။
ဖန်းရှုံးယန်၏စကားကြောင့် ယွမ်ဟောင်ဂျန်ဟာ အဝတ်ထည့်နေရာကနေ ခေါင်းထောင်လာပြီး
"အမေကလည်း အမရှောင်ရိနဲ့ရှောင်ကျဲတောင်မှ ဒီခရီးကို အမှုမထားကြဘူး။ ချူးရွယ်ဆီကလည်း ဘာသံမှမကြားရဘူး။ ဒါတောင် သူတို့က မိန်းကလေးတွေနော်။ သားတို့က ယောက်ျားလေးတွေပါဗျာ။ ဒီလောက်တော့ အပင်ပန်းခံနိုင်ပါတယ်အမေရဲ့။ ပြီးတော့ သားလည်း တောင်ပေါ်ကို အမှန်တကယ်သွားချင်နေလို့ပါ။ အရင်တစ်ခေါက်တုန်းက ကျောင်းဖွင့်နေသေးတာရယ်ကြောင့် မလိုက်လိုက်ရဘူးလေ။ အခုလိုအခွင့်အရေးရတုန်းမှာ ကျွန်တော်၊တောင်ပေါ်ကိုသွားချင်တယ်"
ဟု ပြန်ပြောလိုက်၏။
ဖန်းရှုံးယန်လည်း ခါးသီးသောအပြုံးတစ်ခုကို ဆင်မြန်းလျက်
"ဟောင်ဂျန်၊ ရှောင်ရိနဲ့ရှောင်ကျဲဆိုတာက တောင်ပေါ်မှာကြီးပြင်းလာကြတာလေ။ ဒီတော့ သူတို့အတွက် တောင်တက်လမ်း၊ ခရီးကြမ်းကြီးကို တက်ရတာက ထမင်းစားရေသောက်လောက်ဘဲရှိမှာကွဲ့။ ပြီးတော့ မင်းတို့က လူကြီးတွေမပါဘဲ ခရီးထွက်ကြမှာလေ။ အမေ၊ မင်းတို့ကို စိတ်မချဘူးကွယ်"

ယွမ်ဟောင်ဂျန်က
"ဒါဆိုရင် အမေရောလိုက်ခဲ့လေ"

ထိုအခါ ဖန်းရှုံးယန်က ခေါင်းသွင်သွက်ခါယမ်းလျက်
"မလိုက်ချင်ပါဘူးဟယ်။ အရင်တစ်ခေါက်တုန်းက တောင်ပေါ်ကိုခရီးတစ်ခေါက်ထွက်လိုက်တာ ငါ့မှာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုဒဏ်ကို သုံးလေးရက်လောက်ခံစားလိုက်ရတယ်။ အဲ့လိုမျိုး ခရီးတော့ ထပ်မထွက်ချင်တော့ပါဘူးအေ"

"အမေ၊ တကယ်ကြီး မလိုက်ချင်ဘူးလား"
ယွမ်ဟောင်ဂျန်က ထပ်မေးလိုက်၏။

"အင်း၊ မလိုက်ချင်ဘူး"

ယွမ်ဟောင်ဂျန်က ခေါင်းညိတ်ကာ
"အမေ၊ မလိုက်ချင်လည်း ပြီးတာပါဘဲ။ ကျွန်တော်ကတော့ သွားမှာ"

ယွမ်ဟောင်ဂျန်၏အဖြေကြောင့် ဖန်းရှုံးယန်လည်း ဒေါသသံနည်းနည်းပါသောလေသံဖြင့် ဆူလိုက်၏။

ပြီးတာနဲ့ သူမက ရဲ့ဖန်ဘက်ကို လှည့်ကာ
"ရှောင်ဖန်၊ မင်းကရော သွားဦးမှာဘဲလား"
ဟု မေးလိုက်၏။

ရဲ့ဖန်လည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့။ ကျွန်တော်လည်း အမရှောင်ရိနဲ့လိုက်သွားချင်တယ်"

ဖန်းရှုံးယန်လည်း အသက်ကို ခပ်ပြင်းပြင်းလေး ရှုထုတ်လိုက်ပြီး
"နင်တို့နှစ်ယောက်လုံး ဘာလို့များ ဒီလောက်တောင် ပြောရဆိုရ ခက်နေရတာတုန်း။ နင်တို့ရဲ့အမကြီးချူးဝမ်နဲ့ချူးယန်ကိုကြည့်စမ်း။ နှစ်သစ်ကူးကို ဘယ်မှမသွားဘဲ အိမ်မှာဘဲ အေးအေးဆေးဆေး သက်သောင့်သက်သာ ဖြတ်သန်းကြဖို့ ဆုံးဖြတ်ထားတာက ဘယ်လောက်တောင် ကောင်းလိုက်သလဲ"

ထိုအချိန်မှာဘဲ အပေါ်ထပ်ကနေ ဆင်းလာသည့် ယွမ်ချူးရွယ်ကလည်း သူမအမေ၏စကားတွေကို ကြားသွားကာ
"အမေကလည်း နှစ်သစ်ကူးမှာ အဖိုးအဖွားတွေဆီကို အလည်သွားတာကလည်း ကောင်းတဲ့အရာဘဲ မဟုတ်ဘူးလား"
ဟု ဝင်ပြောလိုက်သည်။

ယွမ်ရိနဲ့ယွမ်ကျဲသည်လည်း ယွမ်ချူးရွယ်၏နောက်ကနေ အောက်ထပ်သို့အတူတူဆင်းလာခဲ့ကြ၏။


ဖန်းရှုံးယန်လည်း ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ သုံးယောက်အား လှည့်ကြည့်လိုက်သည်။

သူမ၏မျက်လုံးထဲမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲဟာ အိမ်အတွက် ပြဿနာမအကြီးကြီး နှစ်ယောက်ဖြစ်ပြီး ယွမ်ချူးရွယ်ကတော့ ပြဿနာမအကြီးကြီးနှစ်ယောက်နဲ့ပေါင်းပြီး ပြဿနာမအငယ်စားလေးဖြစ်သည်ဟု မြင်နေခဲ့၏။

အကယ်၍ ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့နှစ်ယောက်သာ ယွမ်ရိတို့နဲ့အတူတူ ခရီးထွက်မလို့မဟုတ်ပါက သူမအနေနဲ့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့အား ဖန်းမင်းတောင်မကလို့ ဘယ်နေရာကိုဘဲသွားသွား လုံးဝဂရုစိုက်နေမှာ မဟုတ်ပေ။ တကယ်တော့ သူမ,မသိခဲ့တာက ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့သည်လည်း သူမအား ဂရုစိုက်နေကြမှာ မဟုတ်ဘူးဆိုတာကိုပင်။

သူတို့တွေဟာ နေ့လယ်စာစားသည့်အချိန်မှာလည်း စကားတစ်ခွန်းမျှမပြောခဲ့ကြပေ။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ နေ့လယ်စာစားပြီးတာနဲ့အပေါ်ထပ်သို့ တန်းတက်သွားကြ၏။

ဒီနေ့ ယွမ်ချန်းဖူကတော့ နေ့လယ်စာစားဖို့အတွက် အိမ်ကို ပြန်မလာခဲ့ချေ။

ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်ကတော့ နေ့လယ်စာစားပြီးတာနဲ့ အခြားသောသူငယ်ချင်းများနဲ့အတူ ဆော့ကစားဖို့ အပြင်ကို ထွက်သွားကြ၏။ ယွမ်ဟောင်ဘင်းလေးကလည်း ဖင်လေးလုံးတုံးတုံးလေးဖြင့် တလှုပ်လှုပ်ပြေးကာ သူ့အကိုနှစ်ယောက်နောက်သို့ တကောက်ကောက်လိုက်သွားတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now