Chapter 26-2

1.5K 188 0
                                    

Chapter 26-2

တစ်ဖက် ယွမ်အိမ်မှာတော့ လျူရှောင်းဟာ မြေပြင်ပေါ်မှာ အကန်ခံနေရာကနေ လူးလဲထရပ်လိုက်၏။ပြီးတာနဲ့သူ့သားငယ်ကိုခေါ်ကာ တစ်ချိုးတည်းထွက်သွားတော့သည်။
 
"ယွမ်ချီကျီ။ ကောင်မ။ နင်ငါ့ကို ကွာရှင်းချင်တာအသစ်တွေ့ထားလို့မလား။ ဟမ့်။ နင့်ရဲ့ကလေးတွေနဲ့ တွေ့ရဖို့ မမျှော်လင့်နဲ့တော့" လို့ အော်ပြောသွားတော့သည်။
တကယ်တော့ ယွမ်မိသားစု၏ရုတ်ရုတ်သဲသဲဆူဆူညံညံအခြေအနေကြောင့် ဖန်းယန်ရွာအတွင်းမှ တချို့လူတွေကလည်း စောင့်ကြည့်နေကြပါသည်။
 
လျူရှောင်းနဲ့ကလေးတို့ ထွက်သွားပြီးတဲ့နောက်မှသာ စောင့်ကြည့်နေရာကရပ်ပြီး ကိုယ့်အလုပ်ကိုဆက်လုပ်ကြတော့၏။ ထိုသို့လုပ်နေရင်းဖြင့် ယွမ်မိသားစု၏အတင်းအဖျင်းများအကြောင်း တစ်ယောက်နဲ့တစ်ယောက် ဖောက်သည်ချနေကြတော့သည်။
 
ယွမ်မိသားစုမှာတော့ ညစာစားပွဲမှာ ဝိုင်းထိုင်ကြရင်းညစာစားနေကြ၏။ ဒါပေမယ့် တိတ်ဆိတ်နေကာ တစ်ယောက်မှ စကားမပြောကြချေ။
 
အချိန်ခဏကြာမှ လျူရှင်းဟွာက ယွမ်ချီကျီကိုကြည့်ကာ
"မိုးတောင်တော်တော်ချုပ်နေပြီ။ လမ်းခရီးမှာ နင့်ရဲ့ကလေးကို စိတ်မချဖြစ်နေတယ်ဆိုရင် ချန်းရှန်ကို လိုက်သွားပြီး ပြန်‌ခေါ်ခိုင်းလိုက်မယ်လေ"
 
ခရီးလမ်းကရှည်တဲ့အပြင် လမ်းမှာလည်းညအိပ်ရဦးမှာမို့ ကလေးအတွက်နည်းနည်းစိုးရိမ်ရပေသည်။ဒါ့‌ကြောင့်ပဲ လျူရှင်းဟွာက ကလေးကိုပဲ ပြန်ခေါ်ခိုင်းဖို့ အကြံပေးလိုက်ခြင်းဖြစ်သည်။
 
ယွမ်ချီကျီလည်း ခဏမျှစဉ်းစားကြည့်လိုက်သည်။ပြီးတာနဲ့ခေါင်းယမ်းကာ
"ခေါ်ခိုင်းလည်း လျူရှောင်းကသားငယ်ကို ထည့်ပေးမှာ မဟုတ်လောက်ဘူး"
 
ဒါ့ကြောင့် လျူရှင်းဟွာလည်း ထိုအကြောင်းကို ထပ်မပြောတော့ပေ။ ထမင်းစားဝိုင်းဟာ ပြန်တိတ်ဆိတ်သွား၏။
 
အချိန်ခဏကြာပြီးတဲ့နောက်မှာ ယွမ်ကျီကောင်းကယွမ်ချီကျီအား
"သမီး။ ကွာရှင်းမယ့်ကိစ္စကို သေချာ‌ဆုံးဖြတ်ပြီးပြီလားကွယ်"
 
ယွမ်ချီကျီလည်း ဝါးလက်စထမင်းလုတ်ကို မျိုချလိုက်ပြီး
"သမီး သေချာစဉ်းစားပြီးသွားပါပြီ"
 
သူမက အိမ်ကိုပြန်ရောက်သည့် ဆယ်ရက်အတွင်း နေ့တိုင်းသေချာပြန်တွေးနေခဲ့သည်။ သူမအတွေးတွေရဲ့အဆုံးမှာ သူမက လျူအိမ်ကိုမပြန်ချင်တော့ဘူးဆိုသည့်အဖြေကိုသာ ရခဲ့၏။ ဒါ့ကြောင့် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။
 
ဒီနေ့ လျူရှောင်းကိုတွေ့မြင်ပြီးတဲ့နောက်မှာ သူမရဲ့ဆုံးဖြတ်ချက်တွေ ပိုပြီးတော့တောင်မှ ခိုင်မာသွားခဲ့တော့သည်။ အဘယ့်ကြောင့်ဆိုသော် လျူရှောင်းကိုမြင်လိုက်တာနဲ့ သူမဟာ ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရလို့ပင်။
 
ဒါ့ကြောင့် သူမဟာ လျူရှောင်းနဲ့ကွာရှင်းဖို့ ဆုံးဖြတ်ချက်ဟာ ပိုပြီးခိုင်မာသွားတော့သည်။ ရှင်းရှင်းပြောရရင် သူမဟာ လျူရှောင်း၏မျက်နှာကိုပင် ထပ်မမြင်တွေ့လိုပါတော့ချေ။
 
ယွမ်ကျီကောင်းလည်း သူ့သမီး၏မျက်နှာပေါ်မှ ဆုံးဖြတ်ချက်ပြတ်သားမှုတွေကို မြင်လိုက်ရတာကြောင့် ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ။ သမီး ဘာပဲဆုံးဖြတ်ဆုံးဖြတ် အဖေတို့က နောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ် ဟုတ်ပြီလား"
 
ယွမ်ရိကလည်း သူမလက်ကိုထောင်၍
"သမီးလည်း အဒေါ့်နောက်မှာ ရှိမယ်နော်"
 
ယွမ်ချန်းရှန်ကလည်း ပြုံးလိုက်ပြီး
"ငါ့အမကိုမှ ငါကထောက်ခံအားပေးတာမျိုး မလုပ်ရင် ဘယ်သူ့ကိုများ သွားလုပ်ရမှာလဲ။ ငါ့ကိုပါ ထည့်တွက်လိုက်"
 
ယွမ်ကျဲကလည်း
"သမီးမှာ အရည်အချင်းတွေသိပ်မရှိပေမယ့် အဒေါ့်ဆုံးဖြတ်ချက်ကို ထောက်ခံ‌အားပေးနေပါတယ်နော်" လို့ ပြုံးရွှင်လျက်ပြောလိုက်၏။
 
ယွမ်ချီကျီဟာ သူမမိသားစု၏အပြုအမူကြောင့် ဝမ်းသာလွန်းကာပီတိမျက်ရည်များ ကျတော့မတတ်ပင်။
 
လျူရှင်းဟွာက သူမ၏ကျောအား ပုတ်ပေးလိုက်ပြီး
"ပြီးတော့ စိတ်ဓာတ်လဲကျမနေနဲ့။ တကယ်လို့ ကွာရှင်းဖြစ်ခဲ့ရင်တောင် နင့်ကလေးတွေကိုတွေ့ဖို့ မြို့ပေါ်ကို ချန်းရှန်နဲ့အတူသွားလို့ရသေးတယ်။ လျူရှောင်းလည်း ချန်းရှန်နဲ့ဆိုရင် နင့်ကိုမတားဆီးရဲလောက်ဖူး"
 
ယွမ်ချီကျီလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါ အမေ"
 
ယွမ်ချန်းရှန်က
"ဒါနဲ့ လျူရှောင်းက ကွာရှင်းမယ့်ကိစ္စကို လွယ်လွယ်နဲ့သဘောတူမှာ မဟုတ်လောက်ဘူးနော်။ အဲ့လိုဆိုရင် ဘယ်လိုလုပ်ကြမလဲ။ သူသဘောတူတဲ့အထိ ကျွန်တော်သွားပြီး ရိုက်နှက်လိုက်ရမလား"
 
ယွမ်ကျီကောင်းက
"အဲ့လိုလုပ်လို့မဖြစ်ဘူး။ ငါတို့ဟာ ကွာရှင်းဖို့လုပ်ထားတာနဲ့ လူအများအမြင်မှာ တော်တော်လေးဆိုးနေပြီ။ တကယ်လို့ လျူရှောင်းကိုသာ ဖိအားသွားပေးရင် လူတွေရဲ့အမြင်ကို ပိုပြီးဆိုးဝါးသွားစေလိမ့်မယ်ကွ။"
 
လျူရှင်းဟွာက
"ဟုတ်တယ် ချန်းရှန်။ နင့်အဖေပြောတာတွေက အမှန်တွေပဲ"
 
ယွမ်ချန်းရှန်လည်း ခေါင်းကုတ်လိုက်ပြီး
"အဲ့တာဆိုရင် ကွာရှင်းဖို့အတွက် လျူရှောင်းက သဘောမတူတဲ့အခါ ဘယ်လိုလုပ်ကြမလဲ"
ယွမ်ချီကျီက
"သူသဘောမတူလည်း ဘာလုပ်ရမှာလဲ။ ကွာရှင်းတယ်ဆိုတာကလည်း စာရွက်ပေါ်မှာ လက်မှတ်ထိုးတာလေး‌တစ်ခုတည်းပဲလေ။ သူ့ဘာသာသဘောတူတူ၊ မတူတူ ကျွန်မကတော့ လျူရှောင်းနဲ့ပြန်ပေါင်းမှာ လုံးဝ မဟုတ်ဘူးနော်"
 
ဒါပေမယ့် ယွမ်ချီကျီ‌ကတော့ သူမသားငယ်အကြောင်း တွေးတောနေခဲ့တာမို့ အိပ်မပျော်ခဲ့ပေ။ သူမက သန်းခေါင်ယံရောက်သည်အထိ အတွေးများနေကာအိပ်လို့မရခဲ့ချေ။
 
ဒါ့ကြောင့် သူမက အိပ်ဖို့မလုပ်တော့ပဲ ထလိုက်ကာအိမ်၏သန့်ရှင်းရေးတွေ၊ ချက်ပြုတ်ရေးတွေ‌၊ လျှော်ဖွပ်ရေးတွေကို လုပ်ကိုင်တော့သည်။
 
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း အိပ်ရာထပြီးတဲ့နောက်မှာ မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီး မနက်စာ စားဖို့ပြင်လိုက်ကြတော့သည်။
 
မနက်စာ စားပြီးတာနဲ့ ယွမ်ရိက သူမလွယ်အိတ်ကိုလွယ်ကာ ရွှေသရဖူရွာသို့ ထွက်သွားတော့သည်။
 
ယွမ်ရွယ်ဂျင်းကတော့ ယွမ်ရိထွက်သွားပြီး တော်တော်လေးကြာမှ သူတို့အိမ်ကနေ စတင်ထွက်ဖို့ ပြင်တော့သည်။ အပြင်မရောက်ခင်မှာပဲ ဆန်းရှောင်ဟိုင်က ပြန်ဆွဲလိုက်ကာ
"ဒီမယ် ငါ့သား ဟိုဘက်အိမ်ကလူတွေနဲ့ ဝေးဝေးနေနော်။ အထူးသဖြင့် ယွမ်ချီကျီကိုပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဖြစ်နိုင်ရင် အဲ့ဒီဘက်အိမ်နဲ့ သွားမပေါင်းတာပဲ ကောင်းတယ်။ သေချာမှတ်ထားနော်"
 
"ဟုတ်ကဲ့ပါအမေ" လို့ပြောပြီး ယွမ်ရွယ်ဂျင်းလည်းအိမ်ထဲကနေ ထွက်လာခဲ့တော့သည်။
 
သူကခြံထဲကနေမထွက်ခင်မှာ ယွမ်ချီကျီကိုတွေ့လိုက်သေးပေမယ့် လုံးဝပင် လျစ်လျူရှုထားခဲ့ကာ ရှေ့ကိုဆက်သွားတော့သည်။
 
ယွမ်ချီကျီက ထိုအရာကိုမြင်ပေမယ့် သူမစိတ်ထဲ ဘာမှမခံစားခဲ့ရပေ။ ဒီလမ်းကိုလျှောက်ဖို့ သူမကိုယ်တိုင် ရွေးခဲ့တာဖြစ်၍ ဖြစ်လာနိုင်သည့်အကျိုးဆက်တွေကိုလည်း သူမလက်ခံနိုင်ပြီးသားဖြစ်သည်။
 
အဖိုးဆောင်းအိမ်ကိုရောက်တဲ့အခါမှာလည်း ယွမ်ရွယ်ဂျင်းက ယွမ်ရိအား လျစ်လျူရှုကာ သူ့အလုပ်သူလုပ်တော့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း အခါတိုင်းနေ့များကဲ့သို့ ယွမ်ရွယ်ဂျင်းထံမှ ရန်စ စကားများကို မကြားရတော့သဖြင့် သူမအတွက် ယွမ်ရွယ်ဂျင်းထက်တောင်မှ ပျော်ရွှင်နေတော့သည်။
 
နှစ်ရက်လောက်ကြာပြီးတဲ့နောက်မှာ တုန်းဖန်းမြို့‌သို့ လျူရှောင်း ပြန်ရောက်လာတော့သည်။
 
လျူရှောင်း မိခင်က လျူရှောင်းကိုမြင်တာနဲ့ နောက်ကို နည်းနည်းရှာဖွေလိုက်ကာ
"ချီကျီရောဘယ်မှာလဲ။ သူမကို ပြန်ခေါ်ခဲ့တယ်မလား"
 
လျူရှောင်းလည်း သားအငယ်ဆုံးလေးအား ပွေ့ချီထားရာကနေ အောက်ချပေးလိုက်သည်။
 
လျူရှောင်း၏ဖခင်ကလည်း အနီးကိုရောက်လာပြီဖြစ်သည်။ ဒါ့ကြောင့် လျူရှောင်းက သက်ပြင်းတစ်ခုအသာချ၍
"ချီကျီက ကျွန်တော်နဲ့ကွာရှင်းဖို့ အလိုရှိနေတယ်"
 
"ကွာရှင်းမယ်ဟုတ်လား"
 
"မင်း‌ငါပြောခိုင်းလိုက်တဲ့အတိုင်း သေချာမပြောဘူးလား။ ငါပြောခိုင်းတဲ့ဟာတွေသာ ပြောလိုက်မယ်ဆိုရင် ချီကျီရဲ့စိတ်နူးညံ့ပုံမျိုးအရ တစ်ခါတည်း မင်းနဲ့ပြန်လိုက်ခဲ့မှာ"
 
"နူးညံ့သိမ်မွေ့တယ် ဟုတ်လား။ အဲ့တာ အလိမ်တွေပဲ။ ကျွန်တော်လည်း အမေပြောခိုင်းတဲ့အတိုင်း သေချာတောင်းပန်စကားပြောတာပဲ။ ဒါပေမယ့် သူမက ကွာရှင်းဖို့ချည်း တတွတ်တွတ်ပြောနေတဲ့အပြင် သူမရဲ့မောင်က ကျွန်တော့်ကို ထပ်ရိုက်တာကိုတောင်မှ ဒီတိုင်း ဝင်မဆွဲပဲ ကြည့်နေခဲ့တာ"
"သူနဲ့ပတ်သက်ပြီး မှားတာဖြစ်စေ၊ မမှားတာဖြစ်စေ အရေးမကြီးတော့ဘူး။ အရေးကြီးတာက ကျွန်တော်လည်း သူမနဲ့မပေါင်းနိုင်တော့ဘူး။ ဒါ့ကြောင့် ကွာရှင်းပေးလိုက်တော့မယ်"
 
လျူရှောင်း၏မိခင်လည်း သူမယောက်ျားအား ကြည့်လိုက်၏။
 
"မင်းတို့တွေက စကားကိုလွယ်လွယ်နဲ့ ပြောနေကြတာပဲကွ။ ကွာရှင်းတယ်ဆိုတာ လွယ်တာမျိုးမှတ်နေလား။ ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံ့ချမှုတွေကို ခါးစည်းခံရမှာနော်"
 
လျူရှောင်း၏မိခင်ကလည်း
"ချီကျီကလည်း စကားများပြီး စိတ်ဆိုးတုန်းခဏမို့ ကွာရှင်းဖို့ပြောလိုက်တာ နေမှာပါဟယ်။ သူမမှာ သားသမီးလေးယောက်တောင် ရှိနေသေးတာပဲ။ သူတို့မျက်နှာတွေထောက်ပြီး အမှန်တကယ်တော့ မကွာရှင်းလောက်ပါဘူး"
 
လျူရှောင်းက
"အမေက ကျွန်တော်ပြောတာကို မယုံတာလား။ ဒါဆိုရင်လည်း အငယ်ကောင်ကို မေးကြည့်လိုက်တော့" လို့ပြောရင်း သူ့ရဲ့သားငယ်အား ရှေ့ပို့လိုက်သည်။
 
ကလေးငယ်လည်း မျက်ရည်တွေပေါက်ပေါက်ကျကာ
"အမေက ကျွန်တော်တို့ကို မလိုချင်တော့ဘူးတဲ့။အဖေနဲ့လည်း ကွာရှင်းတော့မယ်တဲ့"
 
လျူရှောင်း၏မိခင်လည်း ဒူးထောက်ချလိုက်ပြီး ကလေး၏မျက်ရည်များကို သုတ်ပေးလိုက်ကာ
"မငိုပါနဲ့ငါ့မြေးရယ်။ ငါ့မြေးသာ မင်းအမေကို တင်းတင်းဆွဲထားရင် မင်းတို့ကို ထားသွားမှာမဟုတ်ဘူး။ဟုတ်ပြီလား"
 
လျူရှောင်းက
"ကျွန်တော်လုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီးသွားပြီ။ သူမဘာသာသူမ ကျွန်တော်နဲ့ပြန်မလိုက်တာတော့ မတတ်နိုင်ဘူး"
 
လျူရှောင်းအိမ်မှာ မီးဖိုချောင်က မီးလောင်သွားတာမို့ ချက်ရပြုတ်ရတာ အဆင်မပြေပေ။ ဒါ့ကြောင့် သူမိဘတွေအိမ်မှာပဲ ပေါင်းချက်ခြင်းဖြစ်၏။
 
ဒါ့ကြောင့် လျူရှောင်းလည်း သူ့သားကိုပွေ့ချီလျက် ထိုနေရာကနေ ထွက်လာခဲ့တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now