Chapter 51

957 120 0
                                    

အပိုင်း - ၅၁

မနက်စာစားပြီးတာနဲ့ ယွမ်ချန်းဖူက စစ်တပ်ထဲကို သွားတော့သည်။ ကျန်တဲ့သူတွေကလည်း ကျောင်းကိုသွားကြတော့၏။ ယွမ်ဟောင်ဘင်းလေးတောင်မှ မူကြိုတက်ဖို့အတွက် ကျောင်းကိုသွားခဲ့သည်။

ယွမ်ရိနဲ့ယွမ်ကျဲကတော့ ကျောင်းကိုသွားလို့မရသေး၍ ဖန်းရှုံးယန်နဲ့အတူ အိမ်မှာဘဲကျန်နေခဲ့၏။

ဖန်းရှုံးယန်က အိမ်ကလူတွေအကုန် ထွက်သွားပြီးတာနဲ့ အိမ်ပေါ်အိမ်အောက်ကို သန့်ရှင်းရေးလုပ်ခဲ့သည်။ လျှော်စရာရှိသော အဝတ်အစားများကိုလည်း လျှော်ဖွတ်ခဲ့၏။ ထိုအရာတွေပြီးတာနဲ့ နေ့လည်စာချင်ပြုတ်ရန်အတွက် အသီးအရွက်၊ အသား၊ ငါးများဝယ်ယူဖို့အတွက် အိမ်ကနေ ထွက်သွားတော့သည်။

ဖန်းရှုံးယန်က ယွမ်ရိနဲ့ယွမ်ကျဲကို ဘာအလုပ်မှ မလုပ်ခိုင်းပေ။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲဟာ သူမတို့အခန်းထဲမှာဘဲ ဝင်နေလိုက်ကြကာ စကားများပြောနေခဲ့ကြ၏။

ယွမ်ကျဲက
"ရဲ့ချူးဝမ်က အခြားလူတစ်ယောက်နဲ့တစ်ခန်းတည်း အတူတူအိပ်ရရင် အိပ်မပျော်ဘူးလို့ပြောပြီး အိမ်ကလူတွေကို လိမ်ညာထားလိမ့်မယ်လို့ မထင်ရဘူးနော်။ ညီမသာဆိုရင် ရှက်လွန်းလို့ အခန်းထဲကနေတောင် ထွက်ခဲ့မှာမဟုတ်တော့ဘူး"

ယွမ်ရိကလည်း ခေါင်းညိတ်ကာ
"ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ရဲ့ချူးဝမ်က ယွမ်ချူးယန်နဲ့ တစ်ခန်းတည်း အတူတူနေရလောက်တယ်"

"တကယ်လို့ သူက အတူတူမနေချင်ဘူးလို့ ငြင်းရင်ရော"
ယွမ်ကျဲက မေးလိုက်၏။

"သူ မငြင်းရဲပါဘူး"
ယွမ်ရိက ပြုံးလိုက်ပြီး
"မဟုတ်ရင် သူမ‌အပေါ်ထားတဲ့ မိသားစုဝင်တွေရဲ့ အမြင်ကောင်းတချို့ကို ဆုံးရှုံးသွားရမှာပေါ့"

နံနက်ခင်းက မြန်မြန်ဆန်ဆန်ဘဲ ကုန်လွန်သွားကာ နေ့လည်ခင်းသို့ ရောက်လာ၏။ ကျောင်းသွားကြသည့် မောင်နှမတွေလည်း နေ့လည်စာစားဖို့အတွက် အိမ်ကို ပြန်လာခဲ့ကြ၏။ ဒါ့ကြောင့် တိတ်ဆိတ်နေသည့် အိမ်လေးဟာ လူသံတညံညံဖြင့် ပြန်လည်အသက်ဝင်လာတော့သည်။

အထူးသဖြင့် သစ်သားသေနတ်ရုပ်လေးကို ကိုင်၍ 'ဘန်းဘန်းဘန်း'ဟု ပါးစပ်က အော်ကာ ဆော့နေသော ယွမ်ဟောင်ဂျန်၏အသံက အဆူညံဆုံးပင်ဖြစ်သည်။

ယွမ်ဟောင်ဂျန်က ယွမ်ရိနဲ့ယွမ်ကျဲတို့အောက်ကိုဆင်းမလာကြသေးသည့်အတွက်
"အမတို့ ထမင်းစားရအောင်တဲ့၊ အမေခေါ်ခိုင်းလိုက်လို့။ အိမ်ကအဖိုးကြီးတောင် အလုပ်ကနေ ပြန်ရောက်နေပြီ"
ဟု အောက်ထပ်ကနေ အော်ပြောလိုက်သည်။

ထုံးစံအတိုင်း ယွမ်ဟောင်ဂျန်၏စကားအတွင်းမှ အဖိုးကြီးဟာ ယွမ်ချန်းဖူပင် ဖြစ်သည်။

ယွမ်ရိနဲ့ယွမ်ကျဲလည်း ချက်ချင်းဘဲ အခန်းထဲကနေ ထွက်ကာ အောက်ထပ်ကို ဆင်းလာခဲ့ကြသည်။

မီးဖိုချောင်အတွင်းမှာတော့ ဖန်းရှုံးယန်က ထမင်းတွေ၊ ဟင်းတွေကို ပန်းကန်တွေထဲ ထည့်ပေးနေ၏။ယွမ်ချူးရွယ်ကတော့ ဟင်းပန်းကန်များအတွင်း ဇွန်းများ လိုက်တပ်ပေးနေသည်။

ယွမ်ချန်းဖူ၊ ယွမ်ချူးယန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ကတော့ ထမင်းစားဝိုင်းမှာ အသာလေး ထိုင်နေကြ၏။

ရဲ့ချူးဝမ်ကတော့ ကျောင်းကနေ ပြန်လာသေးပုံမရချေ။

ယွမ်ချန်းဖူက ယွမ်ချူးယန်ကိုကြည့်ကာ
"ချူးယန်၊ သမီးအမက ဘာလို့ပြန်မလာသေးတာလဲ"
ဟု မေးလိုက်၏။

"အဟမ်း"
ယွမ်ချူးယန်က လည်ချောင်းကိုအရင်ရှင်းလိုက်ပြီး
"အမတို့အတန်းက နေ့လည်ခင်းမှာ သင်ခန်းစာတစ်ခုပို့ချစရာရှိလို့တဲ့။ အဲ့တာကြောင့် နေ့လည်ခင်းမှာ ပြန်မလာတော့ဘူးလို့ ပြောလိုက်တယ်"

ယွမ်ဟောင်ဂျန်က ရယ်လိုက်ပြီး
"အမ၊ နင်က အမကြီးကို မနက်တုန်းက မျက်နှာပျက်အောင်လုပ်ထားတာလေ။ အဲ့တာကို အမကြီးက နင့်ကိုစကားလာပြောတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

ထိုအခါ ယွမ်ချူးယန်၏အကြည့်စူးစူးများက ယွမ်ဟောင်ဂျန်အပေါ်ကျရောက်သွားကာ
"ဟဲ့။ အမကြီးက ငါ့ကို စကားလာပြောပြော၊ မပြောပြော နင်နဲ့ဘာဆိုလို့လဲ။ နင့်ပါးစပ်ကနေ တစ်နေကုန်လုံး ဆူညံပွက်လောရိုက်နေတာဘဲ"
ဟု လေသံမာမာဖြင့် ပြောလိုက်၏။

ယွမ်ဟောင်ဂျန်ကလည်း ခေါင်းငုံ့မခံဘဲ
"အမ၊ နင်မှားနေပြီ။ ငါက အိမ်မှာအဆူညံဆုံးမဟုတ်ဘူး။ အမလိုမျိုး ရန်ပတ်ဖြစ်တဲ့ စွာတေးလန်မကမှသာ အိမ်မှာ အဆူညံဆုံးဘဲ"

သူတို့နှစ်ယောက်သာ တဖြည်းဖြည်းဖြင့် စကားများရန်ဖြစ်တော့မှာကို ကြိုသိနေ၍ ယွမ်ချန်းဖူလည်း ထမင်းစား စားပွဲကို အသံမြည်သွားအောင် လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဒါ့ကြောင့် ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးယန်တို့နှစ်ယောက်သား ပါးစပ်ပိတ်သွားကြတော့သည်။

ယွမ်ချန်းဖူက ယွမ်ချူးယန်နဲ့ယွမ်ဟောင်ဂျန်တို့နှစ်ယောက်ကိုကြည့်ကာ
"မင်းတို့ ထမင်းမစားချင်ဘူးဆိုရင် ထမင်းဝိုင်းကနေထွက်သွား"
ဟု မာန်လိုက်၏။

ယွမ်ဟောင်ဂျန်လည်း ခေါင်းငုံ့ကာ တံတွေးကိုသာ အသာ‌မျိုချလိုက်တော့သည်။

ယွမ်ချူးယန်သည်လည်းဘဲ ဘာစကားမျှ ထပ်မပြောရဲတော့ချေ။

ဖန်းရှုံးယန်ကလည်း
"ထမင်းစားနေတဲ့အချိန် စကားမပြောတာမကောင်းဆုံးဘဲ"
ဟု ဝင်ပြောလိုက်၏။

ဘယ်သူမှ စကားမပြောဘဲ ကိုယ့်ထမင်းကိုယ်သာငုံ့စားနေကြ၍ ထမင်းဝိုင်းလေးဟာ တိတ်ဆိတ်သွားတော့သည်။

နေ့လည်ခင်း ထမင်းစားပြီးသောအခါ လူတိုင်းက ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဖို့အတွက် ပြန်လည်ထွက်ခွာသွားကြတော့သည်။

ယွမ်ချန်းဖူကတော့ နေ့လယ်ခင်းမှာဘာမှလုပ်စရာ သိပ်မရှိ၍ အိမ်မှာဘဲ ခေတ္တအနားယူခဲ့၏။

သူက အခန်းထဲမှာ ခါးဆန့်ရင်း ကုတင်ပေါ်မှာ လှဲလျောင်းနေခဲ့၏။ ထိုအချိန်မှာဘဲ မီးဖိုချောင်အတွင်းမှ အိုးခွက်ပန်းကန်များကို သန့်ရှင်းရေးလုပ်လို့ပြီးသွားသည့် ဖန်းရှုံးယန်လည်း အခန်းထဲကိုဝင်လာခဲ့သည်။

ဒါ့ကြောင့် ယွမ်ချန်းဖူလည်း လှဲလျောင်းနေရာကနေ ထထိုင်လိုက်ပြီး
"ချူးဝမ်က သူမတစ်ယောက်တည်းပဲ အိပ်တတ်တယ်လို့ ငါတို့ကိုပြောထားတာက လိမ်ထားတာလို့မင်းထင်လား"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်လည်း သက်ပြင်းအသာချရင်း
"မနက်တုန်းက အဲ့ဒီအကြောင်းကို ပြောတော့ သူမရှက်သွားတာကို ရှင်မတွေ့ဘူးလား။ ဒါ့ကြောင့်မို့  မနက်ကလည်း မနက်စာကို နည်းနည်းလေးဘဲစားသွားပြီး မြန်မြန်ထွက်သွားတာလေ။ အခုလည်း နေ့လည်စာကို အိမ်ပြန်မစားဘူး"

ယွမ်ချန်းဖူကလည်း သက်ပြင်းချကာ
"သူမသာ အခန်းတစ်ခန်းတည်းကို တစ်ယောက်တည်းအိပ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားလို့ရှိရင် ငါတို့က ဖြည့်ဆည်းပေးမှာပေါ့။ သူမက ငါတို့ကို လိမ်ထားပြီး မနက်တုန်းက ချူးယန်က ရှေ့ထုတ်ပြောလိုက်တော့ သူမဘဲ အရှက်ရသွားပြီ"

ဖန်းရှုံးယန်ကလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အကြီးဆုံးအမကြီး တစ်ဦးအနေနဲ့ အငယ်တွေရဲ့ရှေ့မှာ တော်တော်လေး ရှက်ရွံ့သွားခဲ့မှာဘဲ"

သူမက ထိုစကားကို ပြောပြီးတာနဲ့ ဆက်လက်ပြီးတော့
"အခုဘယ်လို လုပ်ကြမလဲ။ ချူးယန်ကို ချူးဝမ်နဲ့ဘဲ အတူတူဆက်သိပ်မလား။ ချူးယန်နဲ့ချူးရွယ်ကို အတူတူသိပ်လို့ကတော့ မနေ့ညကလို ရန်ဖြစ်ကြဦးမှာဘဲ"
ဟု ပြောလိုက်၏။

ယွမ်ချန်းဖူကလည်း ခေါင်းညိတ်ကာ
"အင်း၊ ချူးယန်ကို ချူးဝမ်နဲ့ဘဲ တစ်ခန်းတည်းသိပ်ရမှာဘဲ။ ချူးဝမ်က ရင့်ကျက်တဲ့ကလေးဘဲ။ သူနားလည်မှာပါ။ ပြီးတော့ ချူးယန်နဲ့ချူးဝမ်တို့က အခြားမောင်နှမတွေထပ် ပိုပြီးရင်းနှီးကြတာဘဲဟာ"
လို့ ပြောလိုက်တော့သည်။

တစ်ဖက်မှာတော့ ယွမ်ရိနဲ့ယွမ်ကျဲဟာ နေ့လည်စာစားပြီးတာနဲ့ ခဏမျှ အနားယူနေခဲ့ကြ၏။

ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်က သူမတို့နှစ်ယောက်ထံ ရောက်လာ၏။ ယွမ်ချူးရွယ်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ဖြင့် အဖွဲ့ကျလို့နေ၏။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ မုန့်ဝယ်စားချင်စိတ်ပေါ်လာ၍ ယွမ်ချူးရွယ်အား မုန့်ဆိုင်ကိုလိုက်ပို့ခိုင်းကြ၏။ ဒါ့ကြောင့် သူမတို့သုံးယောက်သား အိမ်အပေါ်ထပ်ကနေ ဆင်းလာခဲ့ကြ၏။

အိမ်အောက်ကို ရောက်တဲ့အခါ ယွမ်ချူးရွယ်က ယွမ်ရိအား
"အမေ့ဆီကနေ ငွေတောင်းခဲ့မှာလား"
ဟု မေးလိုက်၏။

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"ရတယ်။ ငါတို့မှာ ငွေပါခဲ့တယ်"

"ငွေက ဘယ်ကရတာတုန်း"
ယွမ်ချူးရွယ်က စပ်စုစိတ်ဖြင့် မေးလိုက်၏။

ဒါ‌ကိုကြားတော့ ယွမ်ရိက ပြုံးလိုက်ပြီး
"အဖွားပေးလိုက်တာ"
ဟု ပြန်ဖြေပေးလိုက်၏။

ထိုအခါ ယွမ်ချူးရွယ်က အံ့အားသင့်ဟန်ဖြင့်
"ဝါးးးအဖွားက အရမ်းကောင်းတာဘဲ"
ဟု ပြောလိုက်တော့သည်။

ယွမ်ကျဲက
"နောက်ကျရင် အဖိုးအဖွားတွေကို တွေ့ဖို့ ငါတို့ခေါ်သွားပေးမယ်"
ဟု ဝင်ပြောလိုက်၏။

ယွမ်ချူးရွယ်က
"အမေပြောတာတော့ အဲ့ဒီဒေသကအရမ်းဝေးတယ်တဲ့။ မီးရထားနဲ့တောင် အချိန်အကြာကြီးစီးရတဲ့အပြင် တောင်ပေါ်ခရီးလမ်းကလည်း အရမ်းကြမ်းတယ်တဲ့။ အဲ့တာကြောင့် ဒီတစ်ခေါက်သွားကြတုန်းကတောင် အငယ်ဆုံးလေးကလွဲလို့ ဘယ်သူ့ကိုမှ ခေါ်မသွားနိုင်ဘူးလေ"

ယွမ်ရိက‌ ခေါင်းညိတ်ကာ
"အဲ့တာတော့ဟုတ်တယ်။ လမ်းခရီးက တော်တော်လေးကို ကြမ်းတာ။"
ဟု ထောက်ခံလိုက်၏။

ယွမ်ချူးရွယ်က သိချင်စိတ်ပြင်းပြစွာဖြင့်
"အဲ့ဒီဒေသက ပျော်စရာကောင်းလား"

"အရမ်းကောင်းတာပေါ့။ စိမ်းလန်းနေ‌တဲ့ တောတောင်၊ သစ်ပင်တွေ၊ တသွင်သွင်စီးကျနေတဲ့ စိမ့်စမ်းရေတံခွန်တွေနဲ့ အရမ်းလှသလို၊ အရမ်းလည်း ပျော်စရာကောင်းတယ်"
ယွမ်ရိက ခေါင်းတညိတ်ညိတ်ဖြင့် ပြောပြလိုက်သည်။

ယွမ်ချူးရွယ်က ဖန်းမင်းတောင်ပေါ်ကအကြောင်းများကို ယွမ်ရိနဲ့ယွမ်ကျဲတို့အား တစ်လမ်းလုံးမေးမြန်းလာခဲ့၏။ သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့ပြောပြသမျှတွေကို နားထောင်ရင်း သူမကိုယ်တိုင်ရောက်သွားရသည့်အလား ခံစားသက်ဝင်နေတော့၏။

သူတို့က မုန့်ဆိုင်ကို ရောက်တာနဲ့ ရေခဲမုန့်တစ်ဘူးဝယ်ယူခဲ့ကြ၏။ ပြီးတာနဲ့ အရိပ်ကောင်းကောင်းရသည့် သစ်ပင်၏အရိပ်အောက်မှာ ဝင်ထိုင်ရင်းရေခဲမုန့်ကိုစားကြတော့သည်။

ယွမ်ကျဲက ရေခဲမုန့်တစ်ဇွန်းကို ခပ်ယူကား ပါးစပ်ထဲထည့်ပြီး အရသာခံလိုက်၏။ ထို့နောက် အလွန်ပျော်ရွှင်သွားကာ "ဒါက အရမ်းအေးပြီး အရသာအရမ်းရှိတာဘဲ"
ဟု ရေရွတ်လိုက်၏။

ယွမ်ချူးရွယ်ကလည်း ပြုံးလိုက်ပြီး
"ဆိုင်မှာတုန်းက ပြောခဲ့သားဘဲ။ ဒီရေခဲမုန့်လို့ ခေါ်တဲ့အရာက အရမ်းကောင်းတဲ့ဟာပါလို့။ အခု ယုံပြီမလား"

ယွမ်ကျဲ ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်ရေခဲမုန့်တစ်ဇွန်းထပ်စားလိုက်ပြန်သည်။

မနီးမဝေးတစ်နေရာမှာတော့ ယွမ်ချူးယန်ကလည်း သူမ၏သူငယ်ချင်း စုမန်မန်နဲ့အတူ မုန့်စားနေခဲ့၏။

စုမန်မန်က ယွမ်ချူးရွယ်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့အား အတူတကွမြင်လိုက်ရတာကြောင့် ယွမ်ချူးယန်အား
"ဟဲ့။ နင့်ညီမအနားက နှစ်ယောက်ကဘယ်သူတွေလဲ။ ငါတစ်ခါမှ မတွေ့ဖူးဘူးနော်"
ဟု မေးလိုက်၏။

သူမတို့ဟာ နယ်မြေတစ်ခုအတွင်း အတူတူနေကြပြီး မိဘများကလည်း စစ်တပ်အတွင်းမှဖြစ်ကြတဲ့အပြင် ကျောင်းလည်း တူကြတာမို့ နယ်မြေအတွင်းမှာရှိကြသည့် လူများကို တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတန်းမိကြ၏။ ဒါပေမယ့် စုမန်မန်က ယွမ်ရိနဲ့ယွမ်ကျဲကိုတော့ မြင်တွေ့ဖူးတာမျိုး လုံးဝမရှိချေ။ ဒါ့ကြောင့်မို့ သူမကမေးမြန်းလိုက်ရခြင်း ဖြစ်ပေသည်။

ယွမ်ချူးယန်လည်း ယွမ်ရိတို့သုံးယောက်အား တချက်လှည့်ကြည့်ပြီးတဲ့နောက်
"အဲ့တာ ငါ့အမလေ။ မနေ့ကမှ တောကနေ ရောက်လာတာ"
ဟု ပေါ့ပေါ့တန်တန်ဖြေပေးလိုက်၏။

စုမန်မန်က အံအားသင့်ဟန်ဖြင့်
"နင့်အမဟုတ်လား။ ဘယ်တစ်ယောက်လည်း"

ယွမ်ချူးယန်လည်း ယွမ်ရိကို တချက်ကြည့်ပြီးသည့်နောက်
"အင်္ကျီအနီ၊ စကတ်အဖြူနဲ့အသားမဲမဲတစ်ယောက်"

"ဝါးးနင့်အမက အရမ်းလှတာဘဲ။ ပြီးတော့ သူမက အသားမဲတာမဟုတ်ပါဘူး။ နည်းနည်းအညိုဘက်သမ်းတာပါ။ ဘာပဲဖြစ်ဖြစ် အဲ့တာကတောမှာ အနေကြာလို့လေ။ အခုလိုမြို့ပေါ်ရောက်လာတော့အသားတွေဖွေးပြီး တဖြည်းဖြည်း လှလာမှာပါ။ ငါ့အထင်ပြောရရင်လေ အမကြီးချူးဝမ်ထက်တောင်မှ အဲ့တစ်ယောက်ကပိုလှသလိုဘဲ"
ဟု စုမန်မန်က သူမထင်မြင်ပုံကို ပြောပြလိုက်၏။

ထိုအခါ ယွမ်ချူးယန်က မျက်လုံးကိုလှန်လိုက်ပြီး
"စုမန်မန်။ နင့်မျက်စိ ထိုခိုက်မိထားတာမျိုးရှိလား။ အဲ့တစ်ယောက်က ဘယ်ခိုလုပ်ပြီး အမကြီးချူးဝမ်ထက် လှတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး"

သူမ၏အမကြီးရဲ့ချူးဝမ်က ကျောင်းမှာဆိုရင် အလှဆုံးမိန်းကလေးအဖြစ် ကျော်ကြားပေသည်။ ဒါ့ကြောင့် ယွမ်ရိလို တောင်ပေါ်သူ၊ တောသူမက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
(စာကြွင်း။ ။တောင်ပေါ်သူနဲ့ကျေးရွာသူများကို နှိမ်ချင်းမဟုတ်ပါ။ အပြင်မှာ ကျေးတောသူလေးတွေ၊တောင်ပေါ်သူလေးတွေက အရမ်း(အရမ်း)ချောကြ၊လှကြပါတယ်ဗျ)

စုမန်မန်က ယွမ်ချူးယန်ကိုကြည့်ကာ
"ငါပြောမှားလို့လားဟ"
ဟု ပြန်မေးလိုက်၏။

"မှားတာပေါ့ဟ။ အဲ့တောင်ပေါ်သူမက အရမ်းအသားမဲတယ်။ ဆံပင်ကလည်း ကောက်နေတာထင်တယ်။ အမချူးဝမ်ကိုကြည့်လိုက်။ အသားကလည်းဖွေး၊ ဆံသားကလည်း နက်မှောင်တောက်ပနေတာ။သူတို့နှစ်ယောက်ကြား ယှဉ်စရာကိုမလိုတာ"
ဟု ယွမ်ချူးယန်က ပြန်ငြင်းလိုက်သည်။

စုမန်မန်ဟာ ယွမ်ချူးယန်ထံကနေ အကန်တွေချည်းကြားနေရတာမို့ တစ်ခုမှားနေတာကို ခံစားလိုက်ရ၏။ ဒါ့ကြောင့်သူမက ယွမ်ရိကိုညွှန်ပြကာ
"နင် အဲ့တစ်ယောက်ကို မနှစ်သက်ဘူးလား"
ဟု တည့်တိုးမေးချလိုက်တော့သည်။

ထိုအခါ ယွမ်ချူးယန်က
"သူရောက်ပြီးကတည်း ငါ့မှာအဖေ့ဆီကနေ အရိုက်ခံရတော့မလိုဖြစ်တာ ဘယ်နှစ်ကြိမ်မှန်းကို မသိတော့ဘူး"
ဟု ညီးညူသံဖြင့် ပြောလိုက်သည်။


ထို့နောက် သူမက
"ဘာပဲဖြစ်ဖြစ်ပါ။ ငါက တစ်ခုခုပြန်လုပ်ရမှကို ကျေနပ်မှာ။ အခြေအနေတာမပေးမိစေနဲ့ အဲ့ဟာမကို ငါ့ထက် ဆိုးဆိုးဝါးဝါးဖြစ်အောင်ကို လက်စားချေပစ်မှာ"
ဟု ကြိမ်းဝါးလိုက်၏။

"အဟမ်း"
စုမန်မန်လည်း လည်ချောင်းရှင်း၍ ဘာစကားမှမပြောတော့ဘဲ ခေါင်းငုံ့ကာမုန့်ကိုသာစားလိုက်တော့သည်။

တစ်ဖက်မှာတော့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့က အခြားသောအရာတချို့ကို ဝယ်ယူချင်သေး၍ ဈေးဆိုင်တွေကို လျှောက်သွားခဲ့ကြ၏။

ဒါပေမယ့် သူမတို့ကအချိန်အကြာကြီးတော့ လျှောက်မကြည့်ခဲ့ကြပေ။ ဘာလို့လည်းဆိုတော့ ယွမ်ချူးရွယ်က ကျောင်းကိုပြန်သွားရဦးမှာဖြစ်လို့ပင်။

ဒါ့ကြောင့် သူမတို့က မျက်နှာချေဗူး(မိတ်ကပ်ဗူး)သုံးဘူးအပြင်၊ လက်ကိုင်ပုဝါ၊ ခဲတံအစရှိသည့် သေးသေးမွှားမွှားပစ္စည်းအနည်းငယ်ကို ဝယ်ယူပြီးတာနဲ့ ပြန်လာခဲ့ကြတော့သည်။

ယွမ်ရိက ယွမ်ချူးရွယ်အတွက်ပါ ဝယ်ခဲ့တာကြောင့် ပစ္စည်းတစ်မျ်ိုးလျှင် သုံးခုဝယ်ခဲ့၏။

ယွမ်ချူးရွယ်က မျက်နှာချေဗူးလေးကို ကိုင်ထားပြီး
"အမယွမ်ရိကျေးဇူးတင်တယ်နော်။ ညီမလေ ဒါမျိုးလေးကို အမချူးဝမ်စားတာမြင်ကတည်းက အရမ်းစားချင်နေတာ"
ဟု ပြောလိုက်၏။

ထို့နောက် သူမက ယွမ်ရိကိုကြည့်ကာ
"အမ နင်က ဘာလို့ အမေ့ဆီက ငွေမတောင်းချင်ရတာလဲ"
ဟု စပ်စုလိုက်၏။

"ဘာလို့လည်းဆိုတော့ မိဘတွေဆီကနေ တောင်းလို့ရတဲ့ငွေကို မသုံးချင်လို့ပေါ့"
ဟု ယွမ်ရိက ပေါ့ပေါ့ပါးပါးပြန်ဖြေပေးလိုက်သည်။

အိမ်ကိုပြန်ရောက်ပြီး ပစ္စည်းတွေထားပြီးတာနဲ့ ယွမ်ချူးရွယ်ဟာ မသွားချင်၊ သွားချင်ဖြင့် ကျောင်းကိုထွက်သွားတော့၏။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲလည်း အပေါ်ထက်ကိုပဲ တက်လာခဲ့ကြတော့သည်။

အပေါ်ထပ်ကိုရောက်တဲ့အခါ ယွမ်ချူးရွယ်နဲ့ယွမ်ချူးယန်တို့အခန်းအတွင်း၌ ဖန်းရှုံးယန်က ယွမ်ချူးယန်၏အဝတ်အစားများကို ထုပ်ပိုးနေသည်အား သူမတို့မြင်လိုက်ကြရသည်။

ဒါ့ကြောင့် ယွမ်ရိက
"ချူးယန်ကို ချူးဝမ်နဲ့တကယ်ပဲ အိပ်ခိုင်းတော့မှာလား"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က အဝတ်အစားတွေ ထည့်နေရင်းကနေ ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ချူးယန်နဲ့ချူးရွယ်ကို ခွဲထားမလို့။ မဟုတ်ရင် ညတိုင်းသတ်ပွဲတွေကျင်းပနေလိမ့်မယ်"
ဟု ဟာသဖောက်ရင်းပြောလိုက်သည်။

ယွမ်ရိလည်း ခပ်သော့သော့လေးရယ်လျက် ယွမ်ကျဲအားခေါ်ကာ သူမတို့အခန်းအတွင်းသို့ ဝင်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now