Chapter 30-2

1.4K 195 0
                                    

အပိုင်း - ၃၀.၂

သူ့သားသမီးကို ချီးကျူးသံကြားရတော့ ဆန်းရှောင်ဟိုင်က ပြုံးလိုက်ပြီး “ဒါဆို ပြန်ရောက်ရင် စက်ချုပ်သမားကြီးကို လာဖို့ဖိတ်လိုက်မယ်။ ပြီးရင် ကျွန်မတို့မိသားစုကို အရင်ချုပ်‌ပေးဖို့ တောင်းဆိုလိုက်မယ်။ ဒါဆို အားလုံး လာကြည့်ကြလို့ရပြီ” ဟု ပြန်ဖြေလိုက်သည်။

ဆံပင်အရှည်နှင့်အမျိုးသမီးက “သေချာပေါက် ကြည့်ရမှာပေါ့။ တကယ်လို့ လက်ရာကောင်းတယ်ဆိုရင် တစ်အိမ်လုံးစာပါ လာချုပ်မှာ။ ပြီးရင် လက်ခကောင်းကောင်းပေးမယ်။ ရှင်တို့မိသားစုက တကယ် ကတိတည်တာ။ ရှင့်သားကလွဲရင် တခြားဘယ်သူမှ စက်ချုပ်သမားအဖိုးကြီးကို ဖိတ်လို့မရဘူး” ဟု ပြောလာ၏။

ဆန်းရှောင်ဟိုင်က ကျေနပ်စွာပြုံးလိုက်ရင်း “ကျွန်မတို့မိသားစုက စိတ်ရှည်သည်းခံလို့ပါ” ဟု ပြန်ပြောလိုက်သည်။

သည်အကြောင်းက ဆန်းရှောင်ဟိုင် အပြောချင်ဆုံးအကြောင်းအရာပါ။ သူက သည်အကြောင်းပြောရတာ မရပ်တန့်ချင်။ ထို့ကြောင့်လည်း ယွမ်ရွယ်ဂျင်းအကြောင်းကိုပင် ဆက်ချီးကျူးနေလိုက်ပြီး အဖိုးဆောင်းထံကနေ ခွဲထွက်ကာ နောက်တစ်ဆိုင်ဖွင့်နိုင်လောက်သည်အထိ တော်နေပြီဖြစ်ကြောင်း ပြောလိုက်သေး၏။

စက်ချုပ်သမားအဖိုးကြီးက နှစ်စဉ်နှစ်တိုင်း မထပ်ရလေအောင် ရွာစဉ်လှည့်လည်ပြီး အဝတ်ချုပ်ပေးလေ့ရှိသည်။ ဒီနှစ်တော့ ဖန်းယန်ရွာကို အရင်ဆုံးရောက်လာမှာဖြစ်သည့်အတွက် ဖန်းယန်ရွာသားများက နှစ်ကူးဝတ်စုံများကို ပွဲတော်အချိန်မှီ ရရှိနိုင်တော့မည်ဖြစ်သည်။

စီစဉ်ထားသောနေ့တွင် ဖန်းယန်ရွာ၏ ရွာလူကြီးတွေက အားကောင်းမောင်းသန် ယောကျာ်း လေးယောက်ကို ရွှေသရဖူရွာသို့ စေလွှတ်လိုက်ကြပြီး စက်ချုပ်သမားအဖိုးကြီးနှင့် အပ်ချုပ်စက်ကို ခေါ်လာစေသည်။ ဒီနေ့ စက်ချုပ်သမားအဖိုးကြီး ရောက်မည်ဖြစ်သဖြင့် ယွမ်ရိနှင့် ယွမ်ရွယ်ဂျင်းတို့က ရွှေသရဖူရွာသို့မသွားကြတော့ပဲ အိမ်ကနေသာ တိုက်ရိုက်စောင့်နေလိုက်ကြ၏။

နေထန်းတစ်ဖျားကို ရောက်တော့ ရွာသားများက စက်ချုပ်သမားအိုကြီးကို ထမ်းကာ ပြန်ရောက်လာကြသည်။ ဆန်းရှောင်ဟိုင်က သူတို့မိသားစု အရင်ဆုံးချုပ်မည်ဟု ပြောထားသည့်အတွက် လူလေးယောက်က အဖိုးကြီးနှင့်အပ်ချုပ်စက်ကို ယွမ်အိမ်သို့ တိုက်ရိုက်ပို့သွားခဲ့၏။ စက်ချုပ်သမားအဖိုးကြီးက ဆေးလိပ်ကို အိမ်အပြင်တံခါးဘောင်တွင် မီးသတ်နေစဉ် အပ်ချုပ်စက်ကို အခန်းအတွင်း နေရာချထားလိုက်၏။

စက်ချုပ်သမားအိုကြီးကို မြင်တော့ ယွမ်ရိက အခန်းထဲမှထွက်လာပြီး “ဆရာ ရောက်လာပြီလား” ဟု အပြုံးနှင့် နှုတ်ဆက်သည်။ သူ့အနောက်မှ လျူရှင်းဟွာ၊ ယွမ်ချီကျီနှင့် ယွမ်ကျဲတို့လိုက်လာကြပြီး စက်ချုပ်သမားအိုကြီးကို ယဉ်ကျေးစွာ နှုတ်ဆက်ကြ၏။ စက်ချုပ်သမားကြီးကတော့ အပိုစကားမပြောပဲ “အလုပ်လုပ်ဖို့ပြင်တော့” ဟု တဲ့တိုးပြောလိုက်သည်။

ယွမ်ရိကို ထပ်ရှင်းပြစရာမလိုတော့။ သူက နောက်သို့လှည့်လိုက်ပြီး အင်္ကျီချုပ်ရန် လိုအပ်သောပစ္စည်းများကို နေရာချလိုက်သည်။ ကတ်ကြေး၊ ပေတံ၊ မီးပူမှအစ အရာအားလုံးကို သပ်သပ်ရပ်ရပ်နှင့် လက်လှမ်းမီသည့်နေရာများတွင် နေရာချသည်။ ဆန်းရှောင်ဟိုင်ကတော့ သည်မြင်ကွင်းကို ကြည့်ရင်း ကြည်နူးပီတိဖြစ်နေမိ၏။

အသေးအဖွဲကိစ္စများကို ယွမ်ရိ လုပ်‌နေပြီဖြစ်တော့ ယွမ်ရွယ်ဂျင်းက ဒါတွေထပ်လုပ်ဖို့ မလိုတော့‌ပေ။ သူမ၏သားက သည်လို သာမန်ကိစ္စများကို လုပ်‌ပေးစရာမလို‌ပေ။

တကယ်အရည်အချင်းရှိသူများက အသေးအဖွဲလေးများကို လုပ်စရာမလိုအပ်။

သည်ရက်တွေမှာ အင်္ကျီကို ဘယ်သူချုပ်တာလဲက အရေးမကြီး။ ဒါက ရွာသားများကို စိတ်ဝင်စားနေစေပြီးသား။ အထူးသဖြင့် နွေဦးပွဲတော်အတွက် ဝတ်စုံချုပ်ရာတွင်ဖြစ်သည်။ စက်ချုပ်သမားအဖိုးကြီးရောက်လာကတည်းက ယွမ်အိမ်တွင် ရွာသားများ စုရုံးရောက်ရှိနေကြပြီးဖြစ်သည်။

ဘယ်လိုဖြစ်ဖြစ် သူကတော့ စံပုဂ္ဂိုလ်ပါ။ အချို့က စက်ချုပ်သမားအဖိုးကြီးကို လာကြည့်ကြသလို အချို့ကလည်း ယွမ်ရွယ်ဂျင်း၏အရည်အချင်းကို လာကြည့်ကြခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဒီနှစ်တစ်ဝက်လုံး ယွမ်ရွယ်ဂျင်းက စက်ချုပ်သမားအဖိုးကြီး၏ ပညာအမွေကို ဆက်ခံနေပြီဖြစ်ကြောင်း ဆန်းရှောင်ဟိုင်က တစ်ရွာလုံးကို ကြွားလုံးထုတ်ထားခြင်းကြောင့်လည်းဖြစ်သည်။

သူမကြွားလုံးထဲမှာ ယွမ်ရိကတော့ အကူတစ်ယောက်အဆင့်သာ ဖြစ်သည်။။

ဆန်းရှောင်ဟိုင်ကတော့ သူမကိုယ်သူမ ကြွားလုံးထုတ်နေသည်ဟု မခံစားရပါ။ သူမက စိတ်ရင်းနှင့်ပြောဆိုနေခြင်းသာ။ ယွမ်ရွယ်ဂျင်းက စက်ချုပ်ပညာကို နှစ်တစ်ဝက်လောက် သင်ယူခဲ့ပြီး အိမ်ကိုပြန်လာတိုင်း အပ်ချုပ်စက်ကဘယ်လို သူသင်ယူရတာတွေကဘယ်လိုဆိုတာ ဆန်းရှောင်ဟိုင်ကို ပြောပြနေကျဖြစ်သည်။

သည်လူတွေထဲမှာ ကျောင်းရွှယ်ယန်နှင့် လင်းယောင်သာ ယွမ်ရိကို လာအား‌ပေးကြခြင်း ဖြစ်သည်။ သူတို့မိသားစုဟာ အရင်လို မိုးပျံမျှော်စင်မှာဘဲ အမြဲမနေတော့ဘဲ အားတဲ့အချိန်တိုင်း ရွာထဲမှာရှိသည့် အခမ်းအနားပွဲ‌တော်‌တွေမှာ ပါဝင်ဆင်နွှဲနေကြပြီ ဖြစ်သည်။ ဘာဖြစ်ဖြစ် အိမ်မှာလည်း လုပ်စရာမရှိသည့်အတွက် အပြင်ထွက်လာလျှင် လူများနှင့်စကားပြောပြီး အချိန်ဖြုန်းလို့ရသည်။

လင်းယောင်ရောက်လာပြီးနောက် သူက ယွမ်ရိထံတည့်တည့်သွားပြီး ပခုံးကိုတို့ကာ ခေါ်လိုက်သည်။ ယွမ်ရိက လှည့်ကြည့်လိုက်ပြီး လင်းယောင်ကို မြင်လိုက်ရတော့ ချက်ချင်းပြုံးမိသွား၏။ “လာကြည်ကြတာလား” ဟု သူက မေးလိုက်သည်။

လင်းယောင်က ခေါင်းညိတ်ရင်း “အမေလည်းပါတယ်။ သူက နင်အင်္ကျီချုပ်တာ ကြည့်ချင်လို့တဲ့” ဟု ပြန်ဖြေသည်။

“ဒါဆိုလည်း ငါ သေချာချုပ်ရတော့မှာပေါ့” ဟု ယွမ်ရိက ပြုံးရင်း ပြောလိုက်၏။

ပြောပြီးနောက် သူမက ဆန်းရှောင်ဟိုင်ဘက်သို့ လှည့်ကာ "ဒုတိယအဒေါ် ဘယ်သူ့မိသားစုအတွက် အရင်ဆုံးချုပ်ပေးမှာလဲ” ဟု မေးလိုက်သည်။

ဆန်းရှောင်ဟိုင်က သူမဆီလျှောက်လာပြီး သူမလက်ထဲတွင် ပေတံကိုင်ထားသည်ကို မြင်သောအခါ ပြုံးလိုက်၍ “ပစ္စည်းတွေသာ သိမ်းလိုက်ပါ။ အင်္ကျီချုပ်စရာမလိုသေးဘူး။ ထားလိုက်ဦး။ နင်သေချာမလုပ်တတ်သေးမှာစိုးတယ်” ဟု ပြောလိုက်၏။

ယွမ်ရိက စိတ်ဝင်စားစွာနှင့် ပေတံကို ယွမ်ရွယ်ဂျင်းထံ လှမ်းပေးလိုက်သည်။ သူက အဝတ်ညှပ်စင်ရှေ့တွင် ထိုင်နေသော စက်ချုပ်သမားအိုကြီးဘက်သို့ လှည့်လိုက်ပြီး “ဆရာ ဒုတိယအဒေါ်က ကျွန်မကို သဘောမကျဘူး။ သူက ယွမ်ရွယ်ဂျင်းကိုပဲ ချုပ်ခိုင်းနေတယ်။ ဆရာတစ်ခုခုလိုတာရှိရင် ယွမ်ရွယ်ဂျင်းကိုပဲ ခေါ်လိုက်နော်” ဟု ပြောလိုက်၏။

စက်ချုပ်သမားအိုကြီးက ဆန်းရှောင်ဟိုင်ကို မော့ကြည့်လိုက်ပြီး “သေချာလား” ဟု မေးလိုက်သည်။

ဆန်းရှောင်ဟိုင်က ပြုံးလိုက်ပြီး “သူက ကျွန်မကလေးပါ။ သူလုပ်နိုင်မယ်မလား” ဟု ပြန်‌မေးလိုက်၏။

စက်ချုပ်သမားအိုကြီးက “ငါ့ကလေးမှ မဟုတ်တာ သိမလားကွ” ဟု ပြန်ပြောတော့ ဆန်းရှောင်ဟိုင်လည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏။

ဘယ်လိုကြီးပြောလိုက်တာလဲ။

စက်ချုပ်သမားအိုကြီးက အဓိပ္ပာယ်မရှိတာတွေ‌ ပြောရတာကို မကြိုက်ပါ။

ဒါ့ကြောင့်သူက ယွမ်ရွယ်ဂျင်းကို တိုက်ရိုက်ခေါ်လိုက်ပြီး “မင်းကို ငါသင်ထားပေးပြီးသား။ ကိုယ်တိုင်းယူလိုက်” ဟု ပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းကလည်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပြီး သူက အလုပ်ကြိုးစားလုပ်တတ်သောစက်ချုပ်သမားကောင်းတစ်ယောက်ဟု နှလုံးသွင်းထား၏။

သူက ဆန်းရှောင်ဟိုင်ထံမှ ပေတံကိုယူလိုက်ပြီး “အမေ အရင်ဆုံးကိုယ်တိုင်း တိုင်းရအောင်” ဟုပြောတော့ ဆန်းရှောင်ဟိုင်က ပျော်ရွှင်စွာနှင့် တည့်တည့်ရပ်ပေးကာ ကိုယ်တိုင်းကိုယူစေသည်။ သူက တစ်ခုပြီးတစ်ခုတိုင်းရင်း စာရွက်ပေါ်၌ ချရေးထားလိုက်၏။

သူ ကောင်းကောင်းအလုပ်လုပ်နေတာကို မြင်တော့ လူတစ်ယောက်က "သေချာသင်ယူထားတာပဲ" ဟု မှတ်ချက်ချသည်။ သည်လိုကြားလိုက်ရတော့ ဆန်းရှောင်ဟိုင်က အပျော်လွန်ပြီး ပါးစပ်က နားရွက်တက်ချိတ်လောက်အောင်အထိ ပြုံးနေမိ၏။

ယွမ်ရွယ်ဂျင်း တိုင်းပြီးသွားသောအခါ သူက အတိုင်းအတာများကို စက်ချုပ်သမားကြီးထံ ယူလာပေးလိုက်သည်။ စက်ချုပ်သမားအိုကြီးက အတိုင်းအတာများကို ဘေးဖယ်လိုက်ပြီး စာရွက်ပေါ်တွင် တိုက်ရိုက် ပုံကြမ်းဆွဲလိုက်၏။ ပုံမှန်အဝတ်အစားများဖြစ်သောကြောင့် ဆွဲရသည်မှာ အလွန်မြန်ဆန်သည်။

စက်ချုပ်သမားအိုကြီးက စာရွက်အကြမ်းပုံကို ယွမ်ရွယ်ဂျင်းထံ ပေးလိုက်ပြီး ဆက်လုပ်ဖို့ ပြောသည်။ ယွမ်ယွဲ့က စက္ကူကြမ်းကိုဖြတ်၊ ပိတ်စကိုယူကာ မြေဖြူနှင့် ပုံကြမ်းချသည်။

သူက ကုန်းလိုက်ပြီး ခေါင်းကိုငုံ့ကာ စက္ကူပုံကြမ်းကို အသာပွတ်ကြည့်နေ၏။ ယွမ်ရိကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ယွမ်ရွယ်ဂျင်းလုပ်သမျှကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသည်။ ယွမ်ရွယ်ဂျင်းလုပ်ပုံက ပိတ်စတွေ အလဟဿဖြစ်‌တော့မည်ကို သူမ မြင်နေရ၏။ ကံကောင်းချင်တော့ ဒီပိတ်စက သူတို့အိမ်အတွက် ဖြစ်နေသည်ပင်။

ယွမ်ရွယ်ဂျင်း လုပ်သမျှကို တော်သည်ဟု ချီးကျူးနေသူများကပါ အခု ပါးစပ်များပိတ်ကုန်ကြပြီ။ ဆန်းရှောင်ဟိုင်၏ မျက်နှာမှအပြုံးကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ သူက ယွမ်ရွယ်ဂျင်းနားတိုးကပ်သွားပြီး “မင်းလုပ်‌တော့မယ့်ပုံစံက ပိတ်စတွေ တော်တော်ကုန်မယ့် ပုံကြီး‌နော်” ဟု တီးတိုးပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းကတော့ ခေါင်းပင်ထောင်မကြည့်ပဲ “အမေနားမလည်ပါဘူး”ဟုသာ ပြန်ပြောလိုက်၏။ ဆန်းရှောင်ဟိုင်ကတော့ ပင့်သက်ရှိုက်လိုက်မိသည်။ သူမအနေနဲ့ နားမလည်ပေမယ့် မြင်နေရတာလေ။ 'ဘိုးဘေးတို့ရေ။ အဝတ်စတွေကို ကယ်တင်ကြပါဦး'။

ဆန်းရှောင်ဟိုင်က ထိုခဏတွင် စိတ်လွန်ဆွဲမှုတစ်ခုဖြစ်ပေါ်နေခဲ့သည်။ သူမ၏သားကို ရပ်ခိုင်းလိုက်ရမလား။ သည်လိုဆိုလျှင် သူတို့သားအမိ မျက်နှာပျက်ရမည်။ အကယ်၍ မတားပဲ ဆက်လုပ်ခိုင်းလျှင် သူ့အဝတ်က အင်္ကျီတစ်ထည် ဖြစ်လာတော့မည်မဟုတ်။

ယွမ်ရွယ်ဂျင်းက မြေဖြူဖြင့် ပုံကြမ်းဆွဲပြီးသွားတော့ ပိတ်စမလောက်တော့။ ဒါ့ကြောင့်သူက ဆန်းရှောင်ဟိုင်ကို မော့ကြည့်လိုက်ပြီး “အမေ ပိတ်စက မလောက်ဘူး ဖြစ်နေတယ်” ဟု ပြောလိုက်သည်။

သူ့နောက်ကလူတစ်ယောက်က ချောင်းဟန့်လိုက်ပြီး လက်ကိုမြှောက်ကာ ဂုတ်ကိုပွတ်နေသည်။ ရှက်စရာကောင်းလိုက်တာ။

ယွမ်ရိကတော့ ဘေးမှာထိုင်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့်စွန်းများကတော့ ကော့ညွတ်လျက်။ ရယ်ချင်နေသည်ကို အတင်းထိန်းချုပ်ထားရ၏။

ဆန်းရှောင်ဟိုင်၏ ပါးပြင်များက ရုတ်တရက် မီးတောက်လို ရဲရဲနီလာသည်။ သို့သော် သူမက ချက်ချင်းတုန့်ပြန်လိုက်၏။ သူမက ချက်ချင်း လည်ချောင်းရှင်းလိုက်ပြီး “ကျွန်မတို့မိသားစုက ကလေးက ဒီလိုအလုပ်တွေ သိပ်မကျွမ်းဘူး။ သူက အပ်ချုပ်စက်ပဲကိုင်တတ်တာ။ အဲ့တာမျိုးပဲလုပ်” ဟု ပြောလိုက်သည်။

ထို့နောက် သူမက ပိတ်စပေါ်မှ ယွမ်ရွယ်ဂျင်း ရေးခြစ်ထားသည့် မြေဖြူကြောင်းများကို ဖျက်လိုက်ပြီး ပုံကြမ်းကို သူမကိုယ်တိုင် နေရာချလိုက်သည်။ ထို့နောက် ကတ်ကြေးနှင့် ပိတ်စကို ဖြတ်ပေးလိုက်သည်။ ဒါတွေအကုန် သူမကိုယ်တိုင်လုပ်လိုက်ပြီး ပိတ်စပိုင်းများကို ယွမ်ရွယ်ဂျင်း လက်ထဲထည့်ကာ “စက်ကောင်းကောင်းနင်းတတ်တယ်မလား။ စက်ဆီကိုသာ တည့်တည့်သွား” ဟု ပြောလိုက်၏။

စက်ချုပ်သမားအိုကြီးကတော့ အေးရာအေးကြောင်း ဆေးအိုးထိုင်သောက်ရင်း အနားယူနေသည်။

ယွမ်ရွယ်ဂျင်းက သူ့အမေ ပိတ်စဖြတ်ပေးတာကြောင့် ကြောင်မသွားပဲ တည်ငြိမ်စွာနှင့်ပင် ဆန်းရှောင်ဟိုင်ထံမှ ပိတ်စကိုယူကာ အပ်ချုပ်စက်ဆီ လျှောက်လာခဲ့သည်။ ထို့နောက် လိုက်ဖက်သော အပ်ချည်အရောင်ကို ရွေးချယ်လိုက်ပြီး အနားသတ်ကို စတင်ချုပ်လေသည်။

စက်ကောင်းကောင်းနင်းတတ်သည်ကို တွေ့တော့မှ ဆန်းရှောင်ဟိုင်လည်း သက်ပြင်းချနိုင်ပြီး နံဘေးမှအမျိုးသမီးကို လှမ်းပြောလိုက်ရ၏။ “ကျွန်မရဲ့သားက အဓိက,က စက်နင်းရတာလေ။ စက်ချုပ်သင်တယ်ဆိုတာ အဓိက,က စက်မဟုတ်လား။ ကျန်တာအကုန်က အပိုတွေပါ” ဟုပြောတော့ ဘေးမှအမျိုးသမီးက “ဒီလိုကိုး” ဟု ပြန်ဖြေလိုက်သည်။

ရလဒ်ကတော့ သူ့စကားဆုံးသည်နှင့် ယွမ်ရွယ်ဂျင်းက စက်ခြေနင်းခုံကို နင်းချလိုက်ရာ ဘန်းခနဲမြည်သွားပြီး အပ်ချည်လည်း အပ်မှ ပြုတ်ထွက်သွားလေသည်။

သူတို့ပတ်လည်မှ လူများကတော့ နှုတ်ခမ်းများကို နောက်တစ်ကြိမ်ထပ်ပြီး တင်းတင်းစေ့လိုက်ရပြန်၏။

ယွမ်ရွယ်ဂျင်းကတော့ အေးအေးဆေးဆေးပင်။ ဒါတွေက မကြာခဏ ဖြစ်တတ်နေပုံနှင့်။ သူက အပ်ချည်ကို ပြန်တပ်လိုက်ပြီး စက်ကို ဆက်နင်းနေသည်။ သည်တစ်ခါတော့ အဆင်ပြေနေသည်။ အပ်ချည်ကတော့ ပြုတ်လိုက်တပ်လိုက် ပြန်နင်းလိုက်နှင့်ပေါ့။

ဆန်းရှောင်ဟိုင်၏မျက်နှာက သုံးစက္ကန့်ကြာတိုင်းအရောင်တစ်‌ရောင် ပြောင်းနေတော့သည်။ သူမသားက အခုပဲ တင်းမာလိုက် အခုပဲ ပြေလျော့သွားလိုက် ဖြစ်နေရသည်။ ထို့နောက် နှစ်စက္ကန့်မျှ ပြန်လည်စိတ်ပြေသွားတုန်းမှာပင် ယွမ်ရွယ်ဂျင်းက ခြေနင်းကို ဆက်နင်း၍မရတော့။ သူက အားစိုက်၍ နင်းသော်လည်း ခြေနင်းပြားသည်ကား တုပ်တုပ်မှ မလှုပ်တော့ပေ။

စက်ချုပ်သမားအိုကြီးက ဆေးအိုးကို ဘေးမှာချလိုက်ပြီး “အရှိန်တင်လိုက်လေ။ အပေါက်ပိတ်နေတာကွ” ဟု ပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းက ချက်ချင်း အားထည့်လိုက်ပြီး မြန်မြန်နင်းကာ အပ်ချုပ်စက်၏ ခြေနင်းခုံဆီရောက်ရန် ကြိုးစားလိုက်၏။ အောက်က အဝတ်ကိုကြည့်လိုက်တော့ အောက်ခြေလိုင်းအပ်ချည်က ညပ်နေပြီး အပေါက်ကိုပိတ်စေကာ ရှုပ်သွားရခြင်း ဖြစ်နေသည်။

ဒါက မကြာခဏ သူကြုံနေကျပါ။ ထို့ကြောင့်လည်း သူက အေးအေးဆေးဆေးနှင့်ပင် အပ်ချည်ကို စတင်ရှင်းလေသည်။ ကြည့်နေကြသူများထဲမှ ချောင်းဟန့်သူများ၊ လက်မြှောက်သူများ၊ နဖူးပွတ်သူများ အစီအရီပေါ်လာကြ၏။

ဆန်းရှောင်ဟိုင်ကတော့ ရှက်လွန်းလှသဖြင့် မျက်နှာကို ကြွက်တွင်းထဲ၌သာ ဖွက်ထားလိုက်ချင်တော့သည်။ ယွမ်ရိကတော့ ကြည့်နေရင်း ရယ်ရသဖြင့် ပခုံးနှစ်ဖက်က တသိမ့်သိမ့်တုန်နေ၏။

သူမ၏ရယ်သံက နည်းနည်းကျယ်သွားတာမို့ လူတိုင်းက သူမကိုဝိုင်းကြည့်ကြသောအခါ ယွမ်ရိလည်း ရှက်သွား၏။ အကြည့်တွေ ပြန်လွှဲသွားတော့မှသာ ယွမ်ရိ သက်ပြင်းချနိုင်တော့သည်။

ယွမ်ရိ ရယ်‌မောနေသည်ကို မြင်လိုက်ရတော့ ဆန်းရှောင်ဟိုင်က ရှက်လည်းရှက် ဒေါသလည်း ထွက်သွားသည်။ သူက “ဘာရယ်နေတာလဲ” ဟု ဒေါသတကြီး အော်လိုက်၏။ “နင်ကရော ဘာလုပ်တတ်လို့လဲ။ စက်တောင် မနင်းဖူးဘူးမလား။ အနည်းဆုံးတော့ စက်ချုပ်သင်ရင် အပ်ချုပ်စက် ကိုင်ရတယ်လေ။ ဒါပေမဲ့ နင်က အရည်အချင်းမှ မရှိတာ။ နင်ဘာလုပ်နိုင်လဲ။ ဒီမှာထိုင်ပြီး သွားပဲဖြီးပြနေတာမလား” ဟု ပြောလိုက်သည်။

ယွမ်ရိက ဆန်းရှောင်ဟိုင်ကို ကြည့်လိုက်ပြီး “ကျွန်မ စက်မချုပ်တတ်ဘူးလို့ ဘယ်သူပြောလဲ” ဟု ပြန်မေးလိုက်၏။

ဆန်းရှောင်ဟိုင်က သူမျက်နှာပျက်ရသည့်အတွက် အလွန်စိတ်ဆိုးနေသည်။ ယွမ်ရိက သူ့အရှိုက်ကို ထိုးလိုက်တာပါ။ သူက ယွမ်ရိကို မောင်းထုတ်ဖို့ဆုံးဖြတ်လိုက်၏။ “နင်က အမြဲတမ်း ယွမ်ယွဲ့နဲ့ လိုက်ပြိုင်နေတာလေ။ နင်စက်သုံးဖူးသလား ငါမသိဘူး။ နင်က စက်သမားကို ရယ်နေတဲ့လက်ထောက်မလား”

ယွမ်ရိကတော့ သူ့ကိုကြည့်ပင် မကြည့်တော့။ သူက ယွမ်ကျဲဆီ တည့်တည့်လျှောက်သွားပြီး “မမတို့အဝတ်တွေ သွားယူပါဦး” ဟု ပြောလိုက်သည်။ ဆန်းရှောင်ဟိုင်ကတော့ စိတ်ဆိုးလွန်းနေပြီး မျက်လုံးတစ်ပတ်လည်ပစ်လိုက်၏။ သူက ယွမ်ရိကို သဘောမကျသော်လည်း “သူ့ကိုစိတ်ပူမနေနဲ့ အမေတို့ ဆက်ချုပ်ရအောင်” ဟု ယွမ်ရွယ်ဂျင်းကို ပြောလိုက်သည်။

ယွမ်ရွယ်ဂျင်းက သူကောင်းစွာ သင်ယူထားပြီးဖြစ်သည်ဟု နှလုံးသားထဲမှ ယုံကြည်နေသည်။ သူက အပ်ချုပ်စက်မှ အပ်ချည်ကိုရှင်းကာ အဝတ်ဆက်ချုပ်နေ၏။ ရလဒ်ကတော့ ချုပ်လေ ရစ်လေ မှားလေ ဆက်ချုပ်လေနှင့် သံသရာလည်နေခြင်းပင်။

သူ့လက်ရာအဆင့်အတန်းကိုမြင်တော့ သူ့အနီးမှလူများက ခေါင်းကိုင်ဖင်ကုတ်ဖြစ်ကုန်ရသည်။

ယွမ်ရိက ယွမ်ရွယ်ဂျင်းကို ဂရုမစိုက်တော့။ သူက ယွမ်ကျဲ အဝတ်များ ယူလာအောင် စောင့်လိုက်ပြီး ပေတံနဲ့အတူ ယွမ်ကျဲကို တိုင်းတာလိုက်သည်။ စက်ချုပ်သမားအဖိုးကြီးက သူ့ကိုအခုထိ စက်ချုပ်ပညာ သင်မပေးရသေးသော်လည်း သူက စက္ကူပုံကြမ်း ရေးဆွဲလိုက်၏။ ပုံစံကတော့ ပုံမှန်ဝတ်စုံမျိုး။

ယွမ်ရိပါ အလုပ်ရှုပ်နေသည်ကိုမြင်တော့ လာကြည့်နေသူအချို့က အားပေးလာကြသည်။ ဒီနေ့လာရတာ တန်သည်ဟု သူတို့ခံစားလာရသည်။

ယွမ်ရိက စက်ချုပ်သမားအိုကြီး ပုံကြမ်းဖြည့်စွက်ပေးပြီးသောအခါ ကြိုးကြိုးစားစားနှင့် ပိတ်စကို တိုက်ရိုက်ဖြတ်လိုက်သည်။ သူက ပိတ်စညှပ်ပြီးတော့ အပ်ချုပ်စက်ဆီလျှောက်လာပြီး “လျှောက်လုပ်မနေနဲ့တော့ ငါလုပ်မယ်” ဟု ယွမ်ရွယ်ဂျင်းကို ပြောလိုက်၏။

ယွမ်ရွယ်ဂျင်းက ယွမ်ရိကို ဒေါသနှင့်ကြည့်ရင်း “ပြဿနာမရှာနဲ့ ဟုတ်ပြီလား” ဟု ပြောလိုက်သည်။

ယွမ်ရိက သူ့ကိုတည့်တည့်ပြန်စိုက်ကြည့်ရင်း “နင်နဲ့နင့်အမေကမှ ပြဿနာရှာနေတာ” ဟု ပြန်ပြောလိုက်၏။

အကယ်၍ ဆန်းရှောင်ဟိုင်သာ မတောင်းဆိုခဲ့လျှင် စက်ချုပ်သမားအိုကြီးက ပုံကြမ်းအတိုင်း ဖြတ်ညှပ်ချုပ်မှာပါ။ အဝတ်လည်း ရနေလောက်ပြီဖြစ်သည်။ သို့သော်လည်း အငြင်းအခုန်များ ဖြစ်ပွားလာပြီးနောက် အချိန်ပိုကြာလာရပြီ။

ယွမ်ရွယ်ဂျင်းနှင့် ယွမ်ရိက တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေကြရင်း အချိန်ကုန်လာ၏။ နောက်ဆုံးတော့ ယွမ်ရွယ်ဂျင်းက အရင်အကြည့်လွှဲလိုက်ပြီး "နင်ဘာလုပ်နိုင်လဲဆိုတာကို ကြည့်ကြသေးတာပေါ့။” ဟု ပြောလိုက်၏။

ယွမ်ရိက သူ့ကိုဂရုမစိုက်တော့ပဲ အပ်ချည်ကိုရွေးကာ အပ်ချုပ်စက်ရှေ့တွင် ထိုင်လိုက်သည်။ သူက ယွမ်ရွယ်ဂျင်း တပ်ထားသော အပ်ချည်ကိုဖြုတ် သူ့အပ်ချည်ကိုတပ်ကာ အောက်ခြေအနားသတ်ကို ပြောင်းလဲလိုက်သည်။

သူက ကျွမ်းကျင်စွာလုပ်ကိုင်နေသောအခါ ဘာကိုမှစဉ်းစားနေစရာမလို။ သူ့လက်ချောင်းများက အလိုလို လှုပ်ရှားနေကြသည်။

ဒီကျွမ်းကျင်မှုက သူ့အရိုးတွေထဲကနေ စိမ့်ထွက်လာတာ။ အသက်ရှူနေသလိုကို လွယ်ကူနေသည်။

အောက်ခြေလိုင်းထည့်ပြီးတော့ အပ်ချည်ကို အပ်တွင်တပ်လိုက်သည်။ ခြေနင်းကို ဖွဖွနင်းသည်။ အောက်က အောက်ခြေလိုင်းကို အလွယ်တကူ ဦးဆောင်လိုက်သည်။ ထို့နောက် ပိတ်စကို ယူလိုက်ကာ စတင်ချုပ်တော့သည်။

သူက အဝတ်ကို သူ့လက်ချောင်းများနှင့်ထိန်းထားရင်း ခြေနင်းကို ဆက်တိုက်နင်းနေသည်။ စက်က ချောမွေ့စွာ အလုပ်လုပ်နေသည်။ အပ်က အထက်အောက်လျင်မြန်စွာ စုန်ဆန်ပြေးလွှားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဝတ်ထောင့်စွန်း၌ သေသပ်သော ချုပ်ရိုးတစ်ခု ပေါ်လာခဲ့၏။

ဆန်းရှောင်ဟိုင်နှင့် ယွမ်ရွယ်ဂျင်းအပါအဝင် ကြည့်နေသူအားလုံး ကြက်သေ,သေသွားကြသည်။ သူတို့သားအမိက မည်သို့ပြုမူရမည်ပင်မသိကြ။

သူ့ဘေးကလူတွေ မည်သို့ပင်ပြုမူပါစေ ယွမ်ရိကတော့ သူ့အလုပ်ကိုသာ အမြဲတမ်း အာရုံစိုက်ထားသည်။ သူက ခေါင်းကိုငုံ့ရင်း အဝတ်ကို သေချာစွာ ချုပ်နေသည်။ သူ့လက်တွေခြေထောက်တွေမှာ တွန့်ဆုတ်သွားခြင်း ရပ်တန့်သွားခြင်းမရှိ။ အမြန်လှုပ်ရှားနေကြသည်။

သူက အဝတ်ကို ခေါက်ထားသည့်အတွက် သူဘာကိုချုပ်နေသလဲဆိုတာ သူ့လက်ထဲကိုမမြင်ရ။ သို့သော် နောက်ဆုံးအပ်ချည်ကို ဖြတ်လိုက်သောအခါ ပြီးပြည့်စုံသော အင်္ကျီတစ်ထည် ထွက်လာလေသည်။

ယွမ်ရိက အဝတ်ကို မကောက်လိုက်သလို ပြလည်းမပြ။ သူက ယွမ်ကျဲထံ တိုက်ရိုက်လျှောက်လာပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို သေချာစွာကြည့်လိုက်သည်။ ထို့နောက် ခါးကိုသီလိုက်ပြီး အပြောင်းအလဲ အနည်းငယ် ထပ်ထည့်၏။

ခါးသီလိုက်ပြီးသည့်အခါတွင်တော့ ဘာအမှားမှ မတွေ့ရတော့။

ထို့နောက် သူက ပြန်ထိုင်လိုက်ပြီး အဝတ်ကို အသေအချာပြန်ချုပ်နေသည်။ ဖိရမည့်ထောင့်များကို ဖိသည်။ အိတ်ကပ်များထည့်သည်။ အသေးစား ပြင်ဆင်မှုလေးများကို အသေအချာထည့်သည်။ အပ်ချည်ရှုပ်မှုများလည်း မရှိ။

ပထမတော့ ဘေးနားက ပွဲကြည့်ပရိသတ်များက အံ့အားသင့်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။ နောက်တော့ ယွမ်ရိအင်္ကျီချုပ်သည်ကို ကြည့်ရတာ ကြည့်လို့ကောင်းသည်ဟု ခံစားလာရသည်။ အပ်ချုပ်စက်လည်သံက လှပသကဲ့သို့ ချုပ်ချက်တစ်ချက်ချင်းစီတိုင်းကလည်း အားလုံးကို အလွန်သက်တောင့်သက်သာဖြစ်စေ၏။

သူ့ဘေးတွင် ရပ်နေသော ဆန်းရှောင်ဟိုင်ကတော့ မျက်နှာအလွန်နီနေသည်။

ယွမ်ရွယ်ဂျင်းက သူ့လက်ပေါ်မှအဝတ်များကို ကျစ်ကျစ်ပါ‌အောင် ဆုပ်ကိုင်မိလိုက်သည်။ သူလည်း မျက်နှာနီရဲနေသည်။

သူက မီးခဲရဲရဲပေါ်တွင် ခြေချထားရသကဲ့သို့ ကောင်းစွာမရပ်နိုင်တော့ပဲ ခုန်ဆွခုန်ဆွဖြစ်လာ၏။

ထိုအချိန်တွင် ယွမ်ရိက ရုတ်တရက် သူ့ကိုမော့ကြည့်လာပြီး ပြုံးရင်း ညင်သာစွာ ပြောလိုက်သည်။ “အပ်ချုပ်စက်ကို များသောအားဖြင့် မကိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်ဆီကို သွားဖို့ မလိုလို့ပဲ။ စက်မချုပ်တတ်လို့ မဟုတ်ဘူး။ ဟုတ်ပြီလား။”

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now