Chapter 43

981 129 1
                                    

အပိုင်း - ၄၃

ထိုအော်သံကို ယွမ်ရိအပြင် ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချီကျီစသည့် ယွမ်အိမ်သားတွေလည်း ကြားလိုက်ကြရတာမို့ သူတို့လည်း ခြံဝန်းအပြင်ကို ခပ်သွက်သွက်လေးထွက်လာခဲ့ကြသည်။

တခဏအကြာတွင် သူတို့၏မြင်ကွင်းထဲကို လူတစ်စုရောက်လာ၏။ ထိုလူတစ်စုထဲတွင် ယွမ်အိမ်၏သားအကြီးဆုံးယွမ်ချန်းဖူနဲ့ ချွေးမဖြစ်သူ ဖန်းရှုံးယန်တို့လည်းပါဝင်ပေသည်။

ယွမ်ချန်းဖူးဟာ စစ်တပ်၏အရာရှိဝတ်စုံကိုဝတ်ဆင်ထားတာမို့ အဝေးကနေမြင်နေရတာတောင်မှ ထင်းကနဲ၊ လင်းကနဲ ဖြစ်လို့နေသည်။

ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့ဟာ သူတို့၏သားကြီးကို ဂုဏ်ယူမှုအပြည့်ဖြင့်ကြိုဆို‌လို့နေသည်။

ယွမ်ချန်းဖူဟာ သူတို့ယွမ်မိသားစုအတွက်သာမက၊ဖန်းယန်ရွာတစ်ရွာလုံးအတွင်ပင် ဂုဏ်ယူဖွယ်ရာတည်ရှိမှု တစ်ခုဖြစ်ပေသည်။ ဘာလို့လည်း‌ဆိုတော့ ဖန်းယန်ရွာကနေ ဖြစ်ဖြစ်မြောက်မြောက် ထွန်းပေါက်လာသူဟူ၍ ယွမ်ချန်းဖူတစ်ယောက်တည်းသာ ရှိနေလို့ပင်။

အခု ယွမ်ချန်းဖူ၏အိမ်ပြန်လမ်းမှာလည်း ယွမ်မိသားစုသာမက ဖန်းယန်တစ်ရွာလုံး တလျှိုလျှိုထွက်လာကြကာ ယွမ်ချန်းဖူတို့အား နှုတ်ဆက်ကြိုဆိုကြကုန်၏။ ထို့နောက်သူတို့က ယွမ်ချန်းဖူ၏နောက်ကနေ ယွမ်အိမ်ထိအောင် လိုက်လာခဲ့ကြတော့သည်။

ယွမ်ချန်းဖူက စစ်အရာရှိဝတ်စုံဝတ်ထားပြီး တည်ကြည်လေးနက်နေပေမယ့် အေးစက်စက်တော့ ဖြစ်မနေပေ။ သူက သူ့ကိုစကားလာပြောသည့် ရွာသူရွာသား တစ်ယောက်ချင်းဆီအား အလေးအနက်ထားကာ စကားတွေ ပြန်ပြောခဲ့သည်။ တစ်ခါတစ်ရံမှာ သူက ဟာသလေးတွေလည်း ပြောတတ်သေးကာ အနီးအနားမှာရှိသည့် ရွာသူရွာသားတွေကို ရယ်မောစေသေး၏။

ယွမ်ချန်းကွေနဲ့ဆန်းရှောင်ဟိုင်လည်း သူတို့အိမ်ထဲကနေ ထွက်လာကြကာ ယွမ်ကျီကောင်းနဲ့လျူ‌ရှင်းဟွာတို့၏ ဘေးမှာရပ်ရင်း လူအများကြားမှာတင့်တယ်နေသည့် ယွမ်ချန်းဖူကိုကြည့်ကာ အတွေးများနေတော့သည်။

ဆန်းရှောင်ဟိုင်၏အတွေးထဲမှာ အကယ်၍ သူမ၏ယောက်ျား ယွမ်ချန်းကွေ့သာ စစ်တပ်အရာရှိဖြစ်ခဲ့ပါက ယခုယွမ်ချန်းဖူ၏နေရာမှာ ရှိနေမည်ဖြစ်ကာ သူမတို့မိသားစုလည်း ဂုဏ်သတင်းကျော်ကြားလာလိမ့်မယ်ဟု တွေးတောလို့နေ၏။

ယွမ်ချန်းဖူတို့ပြန်လာတာကြောင့် ရွာထဲကလူတွေအကုန်စိတ်လှုပ်ရှားနေကြပေမယ့် ယွမ်ရိကတော့ သူမနဲ့မဆိုင်သည့်အလား ထွက်လည်းမကြည့်ခဲ့ပေ။

ထိုအချိန်မှာပဲ ယွမ်ကျဲကအနားကိုရောက်လာကာ
"အမ။ ဦးလေးတို့ပြန်လာနေပြီလေ။ ဘာလို့အမက ထွက်မကြိုရတာလဲ"
ဟု မေးလိုက်၏။

ယွမ်ရိက
"တော်ပါပြီ။ မဟုတ်လည်း ခဏနေကျရင် တွေ့ရမှာပဲဟာကို"
လို့ ခပ်အေးအေးလေးပြန်ပြောလိုက်၏။

ထိုအခါ ယွမ်ကျဲ အရမ်းအံ့အားသင့်သွားတော့သည်။မူလတုန်းကာ သူမက ယွမ်ရိ၏မိဘတွေပြန်လာတာနဲ့ယွမ်ရိတစ်ယောက် လုံးဝပျော်ရွှင်သွားလိမ့်မယ်ဟု တွေးထားမိတာပင်။ အခုလို ပုံမှန်အတိုင်းလေးပဲ ရှိနေလိမ့်မယ်လို့ လုံးဝ‌ မျှော်လင့်မထားခဲ့ပေ။

တဖက်မှာတော့ ယွမ်ချန်းဖူတို့ဟာ ယွမ်အိမ်ရှေ့ကို ရောက်လာ‌ကြတော့သည်။ ယွမ်ချန်းဖူဟာ အိမ်ရှေ့မှာ သူ့ကို စောင့်ကြိုနေသည့် သူ၏မိဘနှစ်ပါးကိုကြည့်ရင်း ဝမ်းသာကြည်နူးမှုတွေက မျက်နှာပေါ်မှာ အထင်းသား ထင်ဟပ်လာတော့၏။

ယွမ်ကျီကောင်းက ကိုယ်ကိုမတ်လျက်
"မင်းတို့လမ်းခရီးမှာ တော်တော်လေး ပင်ပန်းခဲ့မှာဘဲ"
ဟု ပြောရင်း သူ့သားကြီးနဲ့ချွေးမတို့ကို ကြိုဆိုလိုက်၏။

ဖန်းရှုံးယန်ဟာ ယွမ်ရိ၏မိခင်ဖြစ်တာမို့ ယွမ်ရိနဲ့ မျက်နှာပုံ၊ မျက်နှာကျက အလွန်ဆင်တူပေသည်။သူမက သူမယောက္ခထီး၏အမေးကြောင့် သဘောကျစွာဖြင့် ရယ်မောလိုက်ပြီး
"ကျွန်မတို့က တအားကြီးမပင်ပန်းခဲ့ဘူး။ အဓိက၊ကတော့ ရှောင်ဘင်းလေးပဲ။ သူက အသက်ကလည်းငယ်သေးတဲ့အပြင် ကြမ်းတမ်းဝေးကွာတဲ့ ခရီးလမ်းကြောင့် တော်တော်လေးပင်ပန်းနေပုံပေါက်နေပြီ"
ဟု ပြောလိုက်သည်။

ထို့နောက် သူမက သူမလက်တွဲထားသည့် ကလေးလေးအား ရှေ့ကိုပို့ကာ
"သွား၊ မင်းအဖိုးနဲ့အဖွားတို့ကို နှုတ်ခွန်းဆက်ချေ"
ဟု ပြောလိုက်သည်။

ကလေးလေးဟာ အသက်ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်လောက်ပဲ ရှိသေး၏။ ထိုကလေးက ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာ၏ရှေ့ကို သွားကာ
"အဖိုး၊ အဖွား"
ဟု ခေါ်လျက် အရိုအသေပေးလိုက်တော့သည်။

ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ဟာ သူတို့ကို အရိုအသေပေးနေသည့် ကလေး‌လေးကိုကြည့်ရင် အူယားကာ ရယ်မောလိုက်ကြ၏။ ယွမ်ကျီကောင်းက ရှောင်ဘင်းကိုကြည့်ကာ သဘောကျစွာဖြင့်
"ငါ့မြေးက အလိမ္မာတုံးကြီးဘဲ"
ဟု ချီးမွမ်းလိုက်တော့သည်။

ယွမ်ကျီကောင်းအနီးမှာရှိသည့် ယွမ်ချန်းကွေ့ကလည်း ရှေ့ကို တိုးလာကာ သူ့အကိုကြီးအား
"အကိုကြီး။ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ"
ဟု ပြောရင်း နှုတ်ဆက်လိုက်၏။

ယွမ်ချန်းဖူက သူ့ညီ၏ပခုံးကို အသာပုတ်ရင်း
"အင်း။ မိသားစုအတွက် ရုန်းကန်နေရတော့ ဒီနှစ်တွေထဲမှာ အိမ်ပြန်ဖို့ အချိန်သိပ်မရလို့လေ"
ဟု ပြောပြလိုက်သည်။

ယွမ်ချန်းဖူ၏စကားကြောင့် ယွမ်ချန်းကွေ့တစ်ယောက် ရှက်ရွံ့စိတ်များဖြစ်ပေါ်လာ၏။ ဒါပေမယ့် အရေထူသူပီပီ အပြင်ပန်းမှာတော့ ပြုံးပန်းတွေဝေနေအောင် ဟန်ဆောင်လို့နေ၏။

ထို့နောက်တွင် ယွမ်ချီကျီက ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ကို နှုတ်ဆက်ခဲ့သည်။ ဒါပေမယ့် နှစ်အတော်ကြာအောင် ဝေးကွာပြီး အခုမှ ပြန်တွေ့ကြတာဖြစ်၍ တစ်ယောက်‌နဲ့ တစ်ယောက်ကြားမှာ အရင်လိုရင်းနှီးတာမျိုး မရှိတော့ပဲ နည်းနည်းစည်းခြားနေပြီဖြစ်သည်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုကြရာမှာ ခပ်တောင့်တောင့်ကြီးတော့ ဖြစ်နေတော့သည်။

ယွမ်ချီကျီနှုတ်ဆက်ပြီးတဲ့နောက်မှာ ဆန်းရှောင်ဟိုင်က သူမသားနှစ်ယောက်ဖြစ်သည့် ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာကို ခေါ်ကာ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ကို လာနှုတ်ဆက်၏။

ထိုသားအမိနှုတ်ဆက်ပြီးသွာမှ ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက် ဒီနေရာမှာ မရှိတာကို လျူရှင်းဟွာမြင်တွေ့လိုက်ရသည်။ ဒါ့ကြောင့် အနီးအနားတဝိုက်ကို မျက်စိဖြင့်ဝှေ့ကြည့်ရင်းရှာလိုက်သည်။ မကြာပါ၊သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက်အား ခြံထောင့်မှာကပ်၍ထိုင်နေကြတာကို မြင်လိုက်ရသည်။

လျူရှင်းဟွာက
"ရှောင်ရိ၊ ရှောင်ကျဲ ဘာတွေလုပ်နေကြတာလဲ"

ယွမ်ရိက သူမလက်ထဲက ဖရဲစေ့လှော်တွေကို ဖြန့်ပြကာ
"ဖရဲစေ့လှော် စားနေကြတာပါအဖွား"

လျူရှင်းဟွာလည်း ပြုံးလိုက်ပြီး
"ရှောင်ရိ၊ မင်းမိဘတွေ အိမ်ပြန်ရောက်လာကြပြီ။လာပြီ နှုတ်ဆက်လှည့်လေ"
ဟု ပြောလိုက်၏။

ယွမ်ကျဲကတော့ လှစ်ကနဲ ချက်ချင်းထရပ်ကာ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်၏ရှေ့ကိုသွား၍
"မင်္ဂလာပါ၊ ဦးကြီးနဲ့ဒေါ်လေး"
ဟု နှုတ်ဆက်လိုက်၏။

ယွမ်ရိ‌ကတော့ ဖြည်းဖြည်း အေးအေးဆေးဆေးလုပ်နေ၏။ သူမက ထိုင်နေရာကနေ ဖြည်းညင်းစွာထရပ်လိုက်၏။ ထရပ်ပြီးတာနဲ့ သူမအင်္ကျီပေါ်တင်ကျန်နေသည့် ဖှုန်မှုန့်များအား တစ်ချက်လောက်ခါလိုက်၏။

လူများစွာ၏အကြည့်အောက်မှာပဲ ခြေလှမ်းတွေကို ခပ်မှန်မှန်လှမ်းလျက် သူမ၏မိဘတွေအနီးကို သွားလိုက်တော့သည်။

လျူရှင်းဟွာက သူမ၏လက်မောင်းကို အသာဆုပ်ကိုင်ရင်း
"မင်း မိဘတွေကိ နှုတ်ဆက်လိုက်လေ"
ဟု ထပ်ပြီးပြောလိုက်သည်။

ယွမ်ရိက ပြုံးလိုက်ပြီး အလွန်ယဉ်ကျေးသော အမူအရာဖြင့်
"မင်္ဂလာပါ"
ဟု နှုတ်ဆက်လိုက်တော့သည်။

ယဉ်ကျေးတာက ကောင်းမွန်တဲ့ အကျင့်တစ်ခုဖြစ်ပေမယ့် မိသားစုအရင်းတွေကြားမှာ လိုတာထက်ပိုပြီး ယဉ်ယဉ်ကျေးကျေးပြုမူမိလိုက်ရင်တော့ အဓိပ္ပယ်တစ်မျိုးပြောင်းသွားပေပြီ။ ထိုအရာကတော့ မိသားစုဝင်တွေဖြစ်ပေမယ့် သူစိမ်းတွေကဲ့သို့ပင်ဖြစ်သည့်ဟု အဓိပ္ပာယ်သက်ရောက်သွားလို့ပင်။

ဒါ့ကြောင့် ယွမ်ရိနှုတ်ဆက်လိုက်ပြီးတာနဲ့ လေထုက နည်းနည်းမသက်မသာဖြစ်သွား၏။ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့၏ မျက်နှာပေါ်မှာလည်း ကိုယ့်ကိုကိုယ့်အပြစ်တင်မှုနဲ့ ရှက်ရွံ့မှုတွေ ဖြစ်ပေါ်လာတော့သည်။

လေထုအခြေအနေက တစ်မျိုးဖြစ်နေတာကို လျူရှင်းဟွာလည်း သတိပြုမိလိုက်ပြီး
"ကဲ၊ ကဲ အပြင်ဘက်မှာပဲ ရပ်ပြီးစကားပြောမနေကြနဲ့နေ။ အိမ်ထဲဝင်ကြရအောင်"
ဟုပြောကာ အာရုံလွှဲရင်း အခြေအနေကို ဝင်ထိန်းလိုက်၏။

ထို့နောက် လျူရှင်းဟွာက ယွမ်ချန်းဖူ၊ ဖန်းရှုံးယန်နဲ့သူတို့နောက်ကနေ လိုက်ပါလာသည့် လူတွေအကုန်လုံးကို အိမ်ထဲ ခေါ်သွားတော့သည်။

ယွမ်ရိကတော့ အိမ်ထဲကို လိုက်မသွားခဲ့ပေ။ သူမခုနက ထိုင်နေသည့် နေရာလေးကိုပဲ ပြန်သွားထိုင်ရင်းဖရဲစေ့လှော်ကို ဆက်စားနေခဲ့သည်။

လင်းယောင်ကလည်း ထိုအနီးမှာပင် ထိုင်နေဆဲဖြစ်ကာ ယွမ်ရိအား ငေးကြည့်နေခဲ့၏။ တခဏကြာတော့ သူ့အိတ်ထဲကနေ သကြားလုံးတစ်လုံးထုတ်ကာ ယွမ်ရိကို ပေးလိုက်၏။

ယွမ်ရိလည်း လင်းယောင်ပေးသည့် သကြားလုံးကို ပါးစပ်ထဲထည့်ကာ စားလိုက်၍ အချိုဓာတ်ဟာ သူမလျှာဖျားကနေတဆင့်တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့သည်။

တခဏကြာတော့ သူမက တစ်ခုခုအမှတ်ရသွားဟန်ဖြင့်
"ငါ့အသက် ဆယ့်ခြောက်နှစ်ပြည့်သွားခဲ့ပြီဆိုတာကို ငါ့မေ့နေခဲ့တာတယ်"
ဟု ရေရွတ်လိုက်၏။

မူလဇာတ်ကြောင်းအရ ယွမ်ရိအသက်‌ဆယ့်‌ခြောက်နှစ် ပြည့်သည့်အချိန်ဟာသူမဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေမည့်အချိန်ပဲဖြစ်သည်။ မူလယွမ်ရိ၏ဖခင်ဟာ သူမအသက်ဆယ့်ခြောက်နှစ်မှာပဲ တောင်ပေါ်ကနေ ခေါ်သွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှာစကာ ခွေးသွေးဆန်သော ဇာတ်လမ်းကြီးတစ်ပုဒ်ဖြစ်လာရခြင်းဖြစ်ပေသည်။

မူလယွမ်ရိ၏မိဘများ အပေါ်တွင်တော့ယွမ်ရိ(ကူးပြောင်းလာသူ)သာမက မူလယွမ်ရိကလည်း ခံစားချက်သိပ်မရှိခဲ့ပေ။

သူမအသက်အရွာ်စဉ်ကတည်းကနေ အရွယ်ရောက်သည်အထိ အချိန်အကြာကြီးပြန်မလာပဲ ယွမ်ချန်းရှန်အိမ်ထောင်ပြုတော့မည်ဆိုမှ ပြန်လာသည့်မိဘတွေအပေါ် ယွမ်ရိ၏သဘောထားက လုံးဝစိမ်းသက်လို့နေပေသည်။

လင်းယောင်က ယွမ်ရိ၏မျက်နှာကို သေချာကြည့်ရင်း
"မင်း၊ မင်းမိဘတွေကို အပြစ်တင်နေတာလား"
ဟု မေးလိုက်၏။

ယွမ်ရိက သူမပါးစပ်ထဲက သကြားလုံးကို ဟိုဘက်ပါးစောင်ကနေ ဒီဘက်ပါးစောင်သို့ ပြောင်းလိုက်ပြီး လင်းယောင်အား ပြုံးပြလိုက်ကာ
"ငါ၊ သူတို့ကို အပြစ်မတင်ပါဘူး။ အဲ့လိုပဲ သူ‌တို့အပေါ်မှာ ခံစားချက်လည်းသိပ်မရှိဘူး"
ဟု ပြောလိုက်တော့သည်။

ဒါကတော့ သူမအမှန်အတိုင်းပြောခြင်းပင်။ မူလယွမ်ရိဟာလည်း သူမ၏မိဘတွေနဲ့ ရင်းနှီးတာမျိုးလုံးဝမရှိဘဲ စိမ်းသက်နေတာကြောင့် သူမ၏မိဘတွေနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ခံစားချက်လုံးဝမရှိခဲ့ပေ။

အကယ်၍ ဒီနေ့၊ ဒီလိုအချိန်အခါမှာ သူမ(ကူးပြောင်းလာသူ)မဟုတ်ဘဲ မူလယွမ်ရိဆိုပါက သူမ၏မိဘတွေပြန်လာတာကို မြင်တွေ့ပြီး ပျော်ရွှင်သွားမလားဆိုတာကိုတော့ သူမ(ကူးပြောင်းလာသူ)ကိုယ်တိုင်လည်း မသိချေ။

ထိုသို့တွေးမိရင်း သူမလက်ကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ထိုအချိန်မှာပဲ အိမ်ထဲကနေ ယွမ်ချီကျီထွက်လာ၏။သူမက ယွမ်ရိတို့အနားကို လျှောက်လာကာ ယွမ်ရိအနီးမှာထိုင်လိုက်ပြီး
"ရှောင်ရိ၊ နင့်မိဘတွေကို စကားလေးဘာလေး သွားပြောချည်ဦးလေ"
ဟု ပြောလိုက်သည်။

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"သမီးမှာ ပြောစရာစကားလုံးတွေမှ မရှိတာ"

ယွမ်ချီကျီလည်း သက်ပြင်းအသာချလို့ အိမ်ထဲကို ပြန်ဝင်သွားတော့သည်။

ယွမ်ချန်းဖူဟာ ဖန်းယန်ကျေးရွာ၏ဂုဏ်ဆောင်ဖြစ်သည့်အလျောက် သူ့ထံကို ရွာထဲကနေ လူအများကြီး လာရောက်ကာ စကားတွေပြောဆိုကြ၏။ အထူးသဖြင့် အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးများပင်။

ဖန်းရှုံးယန်ကတော့ သူမ၏သားအငယ်လေးကို ပွေ့လျက် ယွမ်ချန်းဖူဘေးမှာထိုင်ရင်းဖြင့် လာသမျှလူတွေကို ဧည့်ခံစကားပြောနေခဲ့သည်။

ယွမ်ရိဟာ ညစာစားသည့်အချိန်မှ အိမ်ထဲကိုပြန်ဝင်လာခဲ့သည်။ သူမက မိဘတွေထံကနေ လျစ်လျူရှုခံထားရသည့် သမီးတစ်ဦးဖြစ်တာမို့ အချိန်ကုန်ခံပြီး မိဘတွေနဲ့ရင်းရင်းနှီးနှီးလည်း နေချင်စိတ်မရှိတော့ချေ။

သူမက ညစာစားတဲ့အခါမှာလည်း ယွမ်ကျဲဘေးမှာထိုင်၍ တိတ်တဆိတ်ပဲ စားစရာရှိတာကို စားနေခဲ့သည်။

ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ပါ ရောက်နေကြတာမို့ ယွမ်မိသားစုတစ်ခုလုံး ထမင်းဝိုင်းတစ်ဝိုင်းတည်းပေါင်းကာ မိသားစုစုံစုံလင်လင် စားသောက်နေကြ၏။ ယွမ်ချန်းကွေ့တို့မိသားစုကလည်း ဒီနေ့မှာ ယွမ်အိမ်မှာပဲ ထမင်းစားကြတာမို့ ဒီနေ့၏ ညစာစားပွဲလေးဟာ အတော်လေးလူစည်ကားလှပေသည်။

ယွမ်ချန်းကွေ့က ထမင်းစားရင်းဖြင့် သူ့အကိုကြီးအား
"ချန်းရှန်က သတို့သမီးကိုတောင် သွားခေါ်ပြီမို့လို့ အကိုကြီးကို ပြန်မလာတော့ဘူးလို့တောင် ကျွန်တော်က ထင်နေတာဗျ"
ဟု အလွန်လေးစားသော လေသံဖြင့်ပြောလိုက်၏။

ယွမ်ချန်းဖူက
"တကယ်တော့ အိမ်ပြန်လာဖို့က မလွယ်ပါဘူးကွာ။ အခုတောင်မှ ခွင့်ရက်တချို့ယူပြီး ပြန်လာရတာ။ အချိန်အကြာကြီးလည်း နေလို့မရဘူးကွ"
ဟု ရှင်းပြလိုက်သည်။

ယွမ်ကျီကောင်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"စစ်တပ်ထဲကို ဝင်လိုက်ပြီး တိုင်းပြည်ကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားမှတော့ ဒီလောက်လေးကိုတော့ ပေးဆပ်ရမှာပဲလေ။ မင်းအိမ်ပြန်လာရသည်ဖြစ်စေ၊ မလာရသည်ဖြစ်စေ အရေးမကြီးပါဘူးကွာ"


ယွမ်ချန်းဖူလည်း သူအဖေကိုကြည့်ကာ
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လို့ ပြောလိုက်၏။

လျူရှင်းဟွာက
"ဒါနဲ့ ကျန်တဲ့ကလေးတွေကိုရော ဘာလို့များ မခေါ်ခဲ့တာလဲကွယ်"
ဟု မေးရင်း စကားဝင်ပြောလိုက်၏။

ယွမ်ချန်းဖူက
"သူတို့ရဲ့ကျောင်းက ပိတ်မပေးဘူးလေ။ ဒါ့ကြောင့်မို့လို့ သူတို့ကို ခေါ်မလာခဲ့တော့တာ"

လျူရှင်းဟွာလည်း သက်ပြင်းတစ်ခုအသာချရင်း
"အင်းးး အိမ်ကိုပြန်လာဖို့ဆိုတာက တကယ့်ကို မလွယ်ကူတာပဲ"
ဟု နားလည်စွာဖြင့် ပြန်ပြောလိုက်သည်။

ဖန်းရှုံးယန်ကတော့ စကားဝိုင်းအတွင်း ဝင်မပြောခဲ့ပေ။ သူမက ညစာကို တိတ်တဆိတ်စားနေသည့် သူမ၏သမီးယွမ်ရိကိုပဲ ကြည့်နေခဲ့၏။ သူမက သူမ၏တူဖြင့် အသားဖက်တချို့ကို ညှပ်ကာ ယွမ်ရိပန်းကန်အတွင်း ထည့်ပေးလိုက်သည်။

ယွမ်ရိလည်း မော့ကြည့်လိုက်၏။ ထိုအခါ သူမကို ပြုံးလျက်ကြည့်နေသည့် သူမ၏အမေကို မြင်လိုက်ရသည်။ ဒါ့ကြောင့် သူမက မျက်လွှာကို အသာချလျက်
"ကျေးဇူးတင်ပါတယ်"
ဟု ပြောလိုက်တော့သည်။

ထို ကျေးဇူးတင်စကားဟာ ညနေက 'မင်္ဂလာပါ'ဆိုသည့် နှုတ်ဆက်စကားလိုပင် အလွန်သူစိမ်းဆန်နေ၏။ ဒါပေမယ့် ဖန်းရှုံးယန်က နားလည်ပေး၏။အချိန်အကြာကြီး မတွေ့ရတာကြာပြီးသည့်နောက် ဘယ်လောက်ပဲ သွေးနီးသည့်မိသားစုဝင်များ ဖြစ်နေကြပါစေ သူစိမ်ဆန်သွားတတ်တာကတော့ ပုံမှန်အရာတစ်ခုလိုပင်ဖြစ်၏။

ညစာစားပြီးတဲ့နောက်မှာ သူတို့တွေအိပ်စက်ဖို့ပြင်ကြတော့သည်။ ဒါပေမဲ့ ဒီနေ့မှာ လူတချို့ပိုရောက်လာပြီဖြစ်တဲ့အတွက် အိပ်ဖို့နေရာကို ပြန်စီစဉ်ကြရတော့သည်။

ယွမ်ကျီကောင်းက ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့အား သူတို့မိဘတွေနဲ့ပြန်အိပ်ခိုင်းကာ ထိုညီအကိုနှစ်ယောက် အိပ်ခဲ့သည့်အခန်းကို ယွမ်ချန်းဖူနဲ့ဖန်းရှူံးယန်ကို ပေးလိုက်ဖို့ ပြောလိုက်၏။

"ရှောင်ရိကရော ဘယ်မှာအိပ်တာလဲ"
ဖန်ရှုံးယန်က ညအိပ်ဖို့နေရာစီစဉ်နေကြသည့် သူတွေကိုကြည့်ရင်း ရုတ်တရက် မေးလိုက်၏။

ယွမ်ရိနဲ့ယွမ်ကျဲက ဘာမှပြန်မပြောခဲ့ပေ။ ဒါ့ကြောင့်မို့ ယွမ်ချီကျီကပဲ
"အမဖန်း။ စိတ်အေးအေးထားပါ။ ကျွန်မတို့အတွက် အိပ်ဖို့နေရာက ရှိပါတယ်။ စိတ်မပူပါနဲ့ရှင်"
လို့ ပြောလိုက်ရ၏။

ဒီတော့မှ ဖန်းရှုံးယန်လည်း စိတ်သက်သာရာရသွားဟန်ဖြင့်
"ကောင်းပါပြီကွယ်"
လို့ ပြောလိုက်တော့သည်။

ညဘက် အိပ်ရာဝင်ချိန်ရောက်တော့ ယွမ်ချန်းဖူနဲ့ဖန်းရှုံး‌ယန်တို့ဟာ ရေချိုးသန့်ရှင်း၍ ကုတင်ပေါ်လဲလျောင်းနေခဲ့ကြ၏။ ယွမ်‌ဟောင်ဘင်းကတော့ ခရီးပန်းလာ၍ နှစ်နှစ်ချိုက်ချိုက် အိပ်စက်နေပြီဖြစ်သည်။

ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ဟာ ချက်ချင်းမအိပ်ကြသေးဘဲ သူတို့သမီးယွမ်ရိနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးနေခဲ့ကြ၏။

ဖန်းရှုံးယန်က
"ရှင်၊ ရှောင်ရိကို တွေ့တယ်မလား။ သူမက ကျွန်မတို့နဲ့အရမ်းစိမ်းနေသလိုမျိုးဖြစ်နေပြီ။ ငါတို့နဲ့တောင် စကားကို သူစိမ်းဆန်ဆန်ပြောနေတယ်"
ဟု စိတ်မကောင်းဝမ်းနည်းသော လေသံဖြင့် ပြောလိုက်၏။

ယွမ်ချန်းဖူလည်း သက်ပြင်းတစ်ခု အသာချရင်း
"သူမကို ငါတို့နဲ့ အတူတူခေါ်သွားပြီးရင်တော့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာကြမှာပါကွာ။ ဘာပဲဖြစ်ဖြစ် သွေးကတော့ စကားပြောမှာဘဲလေ"

ဖန်းရှုံးယန်ကလည်း သူမယောက်ျားနည်းတူ သက်ပြင်းအသာချရင်း
"အင်းးးအဲ့လိုမျှော်လင့်ရတာပါဘဲလေ"

ဒီတစ်ခေါက် သူတို့ အိမ်ကိုပြန်လာကြတာက ယွမ်ချန်းရှန်၏လက်ထပ်ပွဲကို တက်ရောက်တာအပြင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေး၏။ ထိုအရာကတော့ သူတို့၏သမီးကို သူတို့နဲ့အတူတူ ခေါ်သွားကြဖို့ပင်။

သူတို့နဲ့အတူတူပြန်ခေါ်ပြီး သေချာဂရုစိုက်ပေးရင်းဖြင့် ဒီနှစ်တွေထဲ သူတို့သမီးအပေါ်တင်နေသည့် မေတ္တာအကြွေးတွေကို ပြန်ပေးဆပ်နိုင်ဖို့ မျှော်လင့်လို့နေကြ၏။

တစ်ဖက်မှာတော့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့လည်း ရွှေသရဖူရွာကို ပြန်လာကြကာ ရေမိုးချိုးလို့ အိပ်စက်ဖို့ ပြင်ကြတော့သည်။

ယွမ်ကျဲဟာ တစ်နေကုန်ပင်ပန်းထားတာမို့ ကုတင်ပေါ်လှဲလျောင်းပြီး မကြာခင်မှာပဲ အိပ်ပျော်သွားတော့သည်။

ယွမ်ချီကျီက တဖက်မှာ လဲလျောင်းနေသည့် ယွမ်ရိကိုကြည့်ရင်း
"ရှောင်ရိ၊ အိပ်သွားပြီလား။ မအိပ်သေးရင် အဒေါ်နဲ့ စကားနည်းနည်းလောက်ပြောကြရအောင်"
ဟု ပြောလိုက်၏။

ယွမ်ရိ ကိုယ်တိုင်ကလည်း အိပ်မပျော်သေးတာမို့
"ဟုတ်ကဲ့။ အဒေါ် ပြောပါရှင့်"

ယွမ်ချီကျီက
"မင်းမိဘတွေအပေါ်မှာ အပြစ်တင်စိတ်တွေ ရှိနေလား"
ဟု ညနေက မေးခဲ့သည့် မေးခွန်းကိုပဲ ထပ်မေးပြန်သည်။

ယွမ်ရိပြန်မဖြေဘဲတိတ်လို့နေ၏။ တကယ်တော့ သူမက မူလယွမ်ရိကိုယ်စား နည်းနည်းတော့ ခံပြင်းမိ၏။ ဒါ့ကြောင့် သူမက
"အင်း။ နည်းနည်းတော့ရှိတယ်"
ဟု အမှန်အတိုင်းဖြေလိုက်တော့သည်။

ယွမ်ချီကျီက
"အင်းးး မင်းမိဘတွေအပေါ် အပြစ်တင်စိတ်နည်းနည်းရှိတာကို ငါနားလည်ပါတယ်။ ဒါပေမယ့်လည်း သူတို့က မင်းမိဘတွေဖြစ်နေဆဲပဲလေ။ ဒီတော့ သူတို့အပေါ်မှာ အရွဲ့တိုက်တာတွေ၊ ကလန်ကဆန်လုပ်တာမျိုးတွေ လုံးဝမလုပ်ရဘူးနော်"
ဟု ဆုံးမ၏။

ယွမ်ရိက ခေါင်းညိတ်ကာ
"အဒေါ်စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့က သမီးကို မွေးဖွားပေးခဲ့ကြတာပဲလေ။ သူတို့အပေါ်မှာ သမီး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံမှာ မဟုတ်ပါဘူး"

ယွမ်ချီကျီက ဆက်လက်ပြီးတော့
"ငါ့အထင် သူတို့က သူတို့ပြန်တဲ့အခါ မင်းကိုလည်း တစ်ခါတည်းခေါ်သွားမယ့်ပုံရတယ်။ ဒီတော့ အဒေါ်ပြောချင်တာက သူတို့နဲ့လိုက်သွားပါ။ ဒီလိုမျိုး ခေါင်လွန်းတဲ့တောင်ပေါ်ဒေသမှာထက်စာရင် မြို့ကြီးပြကြီးတွေမှာက နေရထိုင်ရပိုပြီးကောင်းမွန်တယ်လေ။ ဗဟုသုတ‌လည်း ဒီမှာထက်စာရင် မြို့ပေါ်မှာက ပိုပြီးကျယ်ပြန့်တယ်ကွယ့်။ ဒါ့ကြောင့်မို့လို့ မင်းမိဘတွေက သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ရင် ငြင်းမနေဘဲ တစ်ခါတည်းလိုက်သွားနော်"

ယွမ်ရိက
"ဟုတ်ကဲ့ တတိယအဒေါ်။ သမီးနားလည်ပါတယ်"

ယွမ်ချီကျီလည်း သူ့တူမက ရင့်ကျက်ပြီး အတွေးအခေါ်ကောင်းသည့်သူတစ်ယောက်ဆိုတာကို မေ့နေတာကို အမှတ်ရလိုက်၏။
'ဪ..ဒါ့ကြောင့်လည်း ရှောင်ရိ အဖြစ်အပျက်တွေကို မြန်မြန်လက်ခံနိုင်သွားတာဘဲ'

ထို့နောက် သူမက
"သမီးရယ်။ သမီးက ရင့်ကျက်သင့်တဲ့အရွယ်ကိုရောက်နေပါပြီကွယ်။ ဘာလို့များ မင်းမိဘတွေနဲ့ ရင်းရင်းနှီးနှီးမနေရတာတုန်း"

ယွမ်ရိက အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး
"အဒေါ် 'လိမ္မာတဲ့ကလေးက သကြားလုံးမရဘူး'ဆိုတဲ့စကားပုံကို ကြားဖူးတယ်မလား"
လို့ မေးလိုက်၏။

ယွမ်ချီကျီက ခေါင်းညိတ်ကာ
"အင်း။ ကြားဖူးတယ်လေ။ အဲ့တာနဲ့ အခုကိစ္စနဲ့က ဘာဆိုင်လို့တုန်း"
ဟု ယွမ်ရိကို ပြန်မေးလိုက်သည်။

ထိုအခါ ယွမ်ရိက
"ဆိုင်တာပေါ့။ အကယ်၍ သမီးသာ သမီးလိမ္မာလေးလုပ်ပြီး မိဘတွေနဲ့ တရင်းတနှီးနေလိုက်လို့ရှိရင် ဒီ‌နှစ်တွေထဲ သူတို့သမီးကို လျစ်လျူရှုထားခဲ့တာတွေက ကျေသွားတော့မှာလေ။ ဒါ့ကြောင့် သမီးက သူတို့စိတ်ထဲ သမီးအပေါ် အပြစ်ရှိစိတ် ခံစားရအောင်လုပ်ပြီး သမီးကို ဂရုစိုက်အောင်လုပ်ယူနေတာ"

ယွမ်ချီကျီလည်း သက်ပြင်းချလိုက်ပြီး ယွမ်ရိ၏ ခေါင်းကို ပွတ်သပ်ပေးကာ
"အိုးးငါ့တူမလေးရယ်။ တူမလေးစိတ်ထဲ အဲ့လိုမျိုးလုပ်ချင်သပဆိုလည်း လုပ်ပေါ့လေ။ အဒေါ်မတားပါဘူး။ ဒါပေမယ့် တန်ဆေးလွန်ဘေးတဲ့ကွယ့် ဒါ့ကြောင့် လွန်လွန်ကျွံကျွံကြီးဖြစ်အောင်တော့ မလုပ်နဲ့ပေါ့ကွယ်"
လို့ ထပ်ပြီးတော့ ဆုံးမ၏။

ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ပါ။ သမီး၊ ကိုယ့်ရဲ့အတိုင်းအတာကို ကိုယ်သိပါတယ်"

တကယ်တော့ သူမက မူရင်းဇာတ်ကြောင်းကို မှတ်မိနေဆဲပင်ဖြစ်သော်လည်း ထိုထဲကအတိုင်း တသွေမတိမ်းလိုက်လုပ်ဖို့ ဆုံးဖြတ်ထားခြင်းမရှိချေ။

သူမက သူမမိဘတွေနဲ့အတူ မြို့ပေါ်ကိုလိုက်သွားမှာ ဖြစ်ပေမယ့် သူမနဲ့အတူ ယွမ်ကျဲကိုပါ‌ ရအောင်ခေါ်သွားဖို့ ဆုံးဖြတ်ထား၏။

အဖိုးအဖွားအိမ်မှာ ထားခဲ့ခံရသည့် မိသားစုအတွင်းမှ လျစ်လျူရှုခံသမီးတစ်ယောက်အနေနဲ့ မိသားစုအတွင်း သူမ၏အဆင့်အတန်းမှာ အလွန်နိမ့်ကျပေသည်။

ဒါ့ကြောင့်မို့ မိဘတွေအား သူမနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေရှိလာအောင်လို့ သူမလုပ်ဆောင်နေရခြင်းပင်။ ဒါမှ မိသားစု၏စိတ်နှလုံးသားအတွင်း သူမ၏နေရာဟာလည်း ပိုပြီး မြင့်မားလာမှာမို့လို့ပင်။

ထိုသို့ မြင့်မားလာမှလည်း သူမ၏တောင်းဆိုချက်တချို့ကို မိသားစုဘက်က ဖြည့်ဆည်းပေးမှာပင်။ ထိုတောင်းဆိုချက်တွေထဲမှာ ယွမ်ကျဲကို သူမနဲ့အတူတူခေါ်ဆောင်သွားနိုင်ဖို့ဆိုသည့် အချက်ကလည်း တစ်ချက်အပါအဝင်ဖြစ်ပေသည်။

အကယ်၍ ယွမ်ကျဲသာ တောင်ပေါ်မှာ နေခဲ့မည်ဆိုပါက အလယ်တန်းနဲ့အထက်တန်းသင်ခန်းစာများကို လေ့လာနိုင်မှာ မဟုတ်ပေ။ အကြောင်းမှာ တောင်ပေါ်မှာ အလယ်တန်းနဲ့အထက်တန်းအတွက်‌ လေ့လာရမည့်စာအုပ်များ ရှိမနေလို့ပင်။ ထိုအရာများကို မလေ့လာနိုင်ပါက ကောလိပ်ဝင်ခွင့်အတွက် ဖြေဆိုနိုင်မှာမဟုတ်တော့ပေ။

ဒါ့အပြင် ကောလိပ်ဝင်ခွင့်ဖြေရတော့မည်ဆိုပါက တောင်ပေါ်ကနေ မြို့ပေါ်သို့ သွားရန်လိုအပ်လာပေပြီ။ ဒါဟာလည်း တောင်ပေါ်မှာ‌ ယွမ်ကျဲ နေခဲ့ပါက ကြုံတွေ့ရမည့် အခက်အခဲတွေထဲက တစ်ခုဖြစ်ပေသည်။

ယွမ်ကျဲသာ သူမနဲ့အတူတူလိုက်လာလျှင် မြို့ပေါ်က စာသင်ခန်းတွေထဲမှာ အေးအေးဆေးဆေးဖြင့် သင်ခန်းစာတွေကို လေ့လာနိုင်ပေလိမ့်မည်။ ကောလိပ်ဝင်ခွင့်ကိုလည်း အလွယ်တကူ ဝင်ရောက်ဖြေဆို နိုင်ပေလိမ့်မည်။

ထို့အပြင် ယွမ်ရိက ယွမ်ကျဲအား တောင်ပေါ်ကနေအပြင်လောကကို ကြည့်ရှုနိုင်ဖို့ ကတိပေးထားသည့်အတွက် သူမ၏ကတိကို တည်ရပါမည်။

ယွမ်ချီကျီကတော့ ယွမ်ရိထံမှာ အစီအစဉ်တွေရှိနေတာကို သိလိုက်ရသည့်အတွက် ယွမ်ရိကို စိတ်ချသွားကာ သူမစိတ်ထဲ သက်တောင့်သက်သာ ဖြစ်သွား၏။ ထို့နောက် သူမျက်လုံးကို မှိတ်လို့ အိပ်စက်လိုက်တော့သည်။

နောက်ရက်မနက်မှာတော့ ယွမ်ချန်းဖူဟာ လင်းကြက်တွန်သံ ထွက်ပေါ်လာတာနဲ့ အိပ်ရာကနေ ထခဲ့၏။လျူရှင်းဟွာသည်လည်း စောစောထခဲ့၏။

သူမက မျက်နှာသစ်နေသည့်သူမသားအား စောင့်ကြည့်နေခဲ့သည်။ ယွမ်ချန်းဖူ မျက်နှာသစ်ပြီးသွားတာနဲ့ သူမက သူမသားအနီးကို ကပ်လိုက်ကာ
"မနေ့တုန်းက မင်းတို့ ခရီးပန်းလာကြတာကြောင့် ဘာမှကောင်းကောင်းမွန်မွန် မမေးလိုက်ရဘူး။ အခုမှပဲ အေးအေးဆေးဆေဆေးမေ‌တော့မယ်။။
ဒီတစ်ခေါက် မင်းတို့ ပြန်တဲ့အခါကျရင် ယွမ်ရိကိုရော ခေါ်သွားကြမှာလား"

ယခင်တုန်းကတော့ သူမသားနဲ့ချွေးမက ရှောင်ရိကို သုမတို့ထံမှာထားခဲ့ပြီး မြို့ပေါ်မှာ အခြေကျပြီ၊ အဆင်ပြေပြီဆိုမှ လာခေါ်မည်ဟု‌ ပြောခဲ့ကြ၏။ဒါပေမယ့် တစ်နှစ်ပြီးတစ်နှစ်ကြာသွားခဲ့ပြီး ယွမ်ရိကို လာခေါ်တာမျိုး မရှိခဲ့ကြပေ။

ယွမ်ချန်းဖူးက သူ့ခေါင်းကိုညိတ်ကာ
"ဟုတ်တယ်အမေ။ ဒီတစ်ခေါက် ကျွန်တော်တို့ပြန်ရင် ရှောင်ရိကိုပါ တစ်ခါတည်းခေါ်သွားတော့မယ်။ ကျွန်တော်တို့လည်း ဟိုမှာ အခြေတကျဖြစ်ပြီး အဆင်ပြေနေပြီမို့လို့ပါ"

လျူရှင်းဟွာလည်း သက်ပြင်းတစ်ခု အသာချလိုက်ပြီး ဝမ်းနည်သောလေသံဖြင့်
"ဒီလိုမျိုးနေ့ကို တစ်နေ့တော့ ရောက်လာမယ်ဆိုတာကို ငါသိပေမယ့် အခုလိုမြန်မြန်ကြီးရောက်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူးကွယ်။ ရှောင်ရိလေးက ငါတို့နဲ့နေတာကြာလာတော့ ခွဲတောင်မခွဲနိုင်ဘူး။ဒါပေမယ့် သူမသာ ငါတို့နဲ့‌ တောင်ပေါ်မှာဘဲ နေခဲ့ရင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ထွန်းပေါက်မှာမဟုတ်ဘူး။ ဟိုကိုရောက်တဲ့ အခါကျရင် ရှောင်ရိကို ကောင်းကောင်းမွန်မွန်ဂရုစိုက်နော်။ ရှောင်ရိလေးသာ တစ်ခုခုဖြစ်လို့ကတော့ မင်းတို့နဲ့ငါနဲ့တွေ့ပြီလို့သာမှတ်လိုက်ကြတော့"

ယွမ်ချန်းဖူးက ခေါင်းညိတ်လျက်
"ဟုတ်ကဲ့ပါအမေ။ ကျွန်တော်တို့က ရှောင်ရိကို နှစ်အတော်ကြာအောင် တစ်ယောက်တည်း ပစ်ထားမိသလိုဖြစ်‌ပြီး သူမအပေါ် မေတ္တာအကြွေးတွေတင်နေတာ။ ဒါ့ကြောင့်မို့ သူမကို သေချာဂရုစိုက်ပြီး လိုလေသေးမရှိအောင်ထားပါ့မယ်"
လို့ ကတိပေးလိုက်၏။

လျူရှင်းဟွာက ဆက်လက်ပြီးတော့
"ဟိုရောက်လို့ ရှောင်ရိက တခြားကလေးတွေနဲ့ ပေါင်းသင်းတဲ့အခါ သူမအပေါ်အခြားကလေးတွေ အနိုင်ကျင့်ကြတာမျိုးမဖြစ်စေနဲ့နော်"
ဟု ထပ်ပြီးတော့ မှာကြားပြန်သည်။

ယွမ်ချန်းဖူလည်း သူ့အမေကို အသာဖက်လိုက်ပြီး
"အမေရယ်။ ကျွန်တော်တို့က ယွမ်ရိရဲ့မွေးစားမိဘတွေမဟုတ်ဘဲ၊ မိဘအရင်းတွေပါဗျာ။ သူမကို ထိခိုက်စေမယ့်အရာမျိုးကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ အကယ်၍ သူမကို အနိုင်ကျင့်တဲ့သူ ရှိလာခဲ့ရင်လည်း အဲ့ဒီလူကို ကျွန်တော်ပြန်ပြီး ရိုက်နှက်ပစ်မှာပေါ့ဗျ"
ဟု ဟာသလေးဖြင့် အရွှန်းဖောက်ရင်း ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now