Chapter 53

1.9K 186 9
                                    

အပိုင်း - ၅၃

ညဘက်မအိပ်ခင်မှာ ယွမ်ရိက သူမ၏ကျောင်းတက်လက်မှတ်အား လွယ်အိတ်အတွင်း သေသေချာချာသိမ်းဆည်းလိုက်၏။ လွယ်အိတ်ထဲမှာတော့ ကျောင်းတက်လက်မှတ်အပြင်၊ စာအုပ်အသစ်တွေ ခဲတံအသစ်တွေပါ ရှိလို့နေပါသည်။

သိမ်းဆည်းပြီးတာနဲ့ ယွမ်ရိဟာ ယွမ်ကျဲနဲ့အတူ ကုတင်ပေါ်မှာ လှဲလျောင်း၍ အိပ်စက်ဖို့ပြင်လိုက်ကြတော့သည်။

ယွမ်ကျဲကတော့ မနက်ဖြန် ကျောင်းတက်ရတော့မှာကို တွေးပြီး စိတ်လှုပ်ရှားနေ၍ တော်တော်နဲ့ အိပ်မပျော်ခဲ့ချေ။ ဒါ့ကြောင့် သူမက ယွမ်ရိအနားကိုကပ်ကာ
"အမ၊ ချူးရွယ်‌ပြောတာ‌တော့ ကျောင်းထဲက လူအများစုက စစ်တပ်ကလူတွေရဲ့သားသမီးတွေတဲ့
သူတို့တွေက ညီမလိုမျိုး တောကနေလာတဲ့သူကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်ကြမလဲ"
ဟု စိုးရိမ်စွာဖြင့် မေးလိုက်၏။

ယွမ်ရိလည်း ယွမ်ကျဲ၏လက်ကိုကိုင်လိုက်ပြီး
"ဟေးး နင့်မှာအမတစ်ယောက်လုံး ရှိနေတဲ့ဟာကို အနိုင်ကျင့်ခံရမှာနဲ့ပတ်သက်ပြီး စိုးရိမ်မနေစမ်းပါနဲ့။အဓိက,က ကျောင်းရောက်ရင် စာကိုဘဲ အာရုံစိုက်ပြီးတော့ သင်ကြားရမယ်"
ဟု ဆုံးမလိုက်၏။

ထိုအခါမှ ယွမ်ကျဲလည်း အသက်ကို ခပ်ပြင်းပြင်းလေးရှူကာ
"ဟုတ်တယ်။ ကျောင်းရောက်ရင် စာကိုဘဲ အာရုံစိုက်လေ့လာရမယ်။ စာကိုဘဲ အာရုံစိုက်လေ့လာရမယ်"
ဟု ရေရွတ်လိုက်တော့သည်။

ယွမ်ရိကလည်း ယွမ်ကျဲကို ပြုံးပြုံးကြီးကြည့်ကာ
"မင်းနှလုံးသားထဲမှာ အဲ့လိုစိတ်လေး အမြဲသွင်းထားရမယ်နော်"
ဟု ထပ်လောင်း ဆုံးမလိုက်၏။

ယွမ်ကျဲက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရင်းမှ နောက်ထပ်စိုးရိမ်စရာတစ်ခုကို ထပ်တွေးမိသွားပြန်သည်။ ဒါ့ကြောင့် ယွမ်ရိအား
"အမ၊ မနက်ဖြန်ကျရင် ညီမတို့ ဘယ်အခန်းမှာ စာစသင်ကြမလဲ"
ဟု မေးလိုက်ပြန်သည်။

ယွမ်ရိက ခဏမျှ စဉ်းစားပြီးသည့်နောက်
"အရင်ဆုံး ပဉ္စမတန်းကို တက်ကြည့်ကြတာပေါ့။ အဲ့ဒီမှာ သင်ရတာအဆင်ပြေပြီးဆိုရင် အလယ်တန်းကိုဘဲ တက်လိုက်ကြတာပေါ့။ ဒါပေမယ့် အလယ်တန်းကိုဘဲ တက်မှာဆိုရင် စာသင်နှစ်က နှစ်ဝက်ကျိုးနေပြီမို့လို့ အမတို့ မသင်လိုက်ရတဲ့ သင်ခန်းစာတွေကိုတော့ ကိုယ့်ဘာသာကိုယ် ပြန်လေ့လာရမှာဘဲ"

ယွမ်ကျဲက အံ့အားတကြီးဖြင့်
"ကိုယ့်ဘာသာကိုယ် ပြန်လေ့လာရမယ်ဟုတ်လား"

ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ကိုယ့်ဘာသာကိုယ် ပြန်လေ့လာရမှာ။အမက နှစ်နှစ်ခွဲအတွင်း အထက်တန်းကိုပါ အောင်မြင်နိုင်ဖို့ ရည်မှန်းထားတာ။ ဒါ့ကြောင့်မို့ အချိန်ရှိနေသရွေ့ အမတတ်စွမ်းသမျှ နည်းလမ်းတွေ အသုံးပြုပြီး ကျောင်းစာတွေကို လေ့လာရမှာဘဲ။ အခက်အခဲအနည်းငယ်ရှိနိုင်ပေမယ့် ရဲ့ဖန်ထံမှာ သွားမေးလို့ရတယ်လေကွယ်။ ဒါ့ကြောင့် အခက်အခဲတွေ လျော့နည်းသွားမှာပါ"

ယွမ်ရိက
"နှစ်နှစ်ခွဲတည်းနဲ့ အလယ်တန်းတင်မကဘူး။ အထက်တန်းကိုပါ အမက တက်ရောက်ပြီးစီးချင်တာလား။ အဲ့တာက မဖြစ်နိုင်ဘူးထင်တယ်နော်"
ဟု အံ့အားသင့်စွာဖြင့်‌ ပြောလိုက်၏။

ယွမ်ရိကခေါင်းယမ်းလိုက်ပြီး
"ရှောင်ကျဲ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာဘဲ ရှိတယ်"
ဟု ထောက်ပြလိုက်တော့သည်။

တကယ်တော့ ဒီဘက်ခေတ်ကာလမှာ လူတွေက ပညာရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှု သိပ်မရှိကြသေးချေ။ သူတို့အတွက် ငွေရအောင်ဘယ်လိုမျိုးအလုပ်လုပ်ရမယ်၊ ဘယ်လိုအလုပ်တွေ လုပ်တာက ငွေပိုရနိုင်တယ်၊ အစရှိသည့်အတွေးများကသာ ခေါင်းထဲမှာကြီးစိုးနေကြခြင်းဖြစ်သည်။

ဒါ့ကြောင့် ဒီခေတ်ဒီကာလမှာ ကျောင်းပြီးတဲ့သူတွေအများကြီး ရှိပေမယ့် အမှန်တကယ်ပညာတတ်သူအလွန်အနည်းပါးလှပေသည်။

ဒီခေတ် ဒီအခြေအနေ၏ နိမ့်ကျလှသည့် ပညာရေးကြောင့် ယွမ်ရိအတွက် နှစ်နှစ်ခွဲအတွင်း အလယ်တန်းနဲ့အထက်တန်းသင်ခန်းစာတွေကို လေ့လာပြီးစီးဖို့က ဖြစ်နိုင်ပေသည်။

ယွမ်ကျဲဟာလည်း ယွမ်ရိအပေါ် အမြဲ ယုံကြည်ကိုးစားတာမို့ ယွမ်ရိ၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပြည့်ဝနေပုံက သူမကိုပါ ကူးစက်သွားကာ ယွမ်ကျဲကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွာတော့၏။

ယခင်တောင်ပေါ်မှာရှိနေစဉ်တုန်းက တစ်နေ့ တောင်ပေါ်ကနေ အပြင်ကို ထွက်ခွာနိုင်လိမ့်မည်ဟု သူမတစ်ခါမှ ထင်မှတ်မထားခဲ့ချေ။ ဒါပေမယ့် သူမ၏အမယွမ်ရိကြောင့် တောင်ပေါ်ကနေ ထွက်ခွာခွင့်ရရှိခဲ့သည့်အပြင် သူမ၏ဘဝ တစ်ဆစ်ချိုးပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ရပ်ကိုပါ ရရှိခဲ့၏။

ဒါ့ကြောင့် သူမက အခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့အတွက် စိတ်ပိုင်းဖြတ်လိုက်တော့၏။

နောက်ရက်မနက်ကို ရောက်သည့်အခါမှာ ယွမ်ရိနဲ့ယွမ်တို့ နှစ်ယောက်လုံး မျက်နှာသစ်၊ သန့်ရှင်းရေးလုပ်ပြီး ကျောင်းလွယ်အိတ်ကိုယ်စီဖြင့် မနက်စာစားဖို့အတွက် အောက်ထပ်ကို ဆင်းလာခဲ့ကြသည်။

အခြားသောမိသားစုဝင်တွေဟာလည်း မနက်စာစားဖို့အတွက် ထမင်းစားဝိုင်းကို တစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်လိုင်ကြ၏။

ယွမ်ချူးယန်လည်း မနက်စာ စားဖို့အတွက် ထမင်းစားခန်းထဲ ဝင်လာလိုက်၏။ သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက် လွယ်အိတ်တွေလွယ်ထားဝာာကိုတွေ့တော့ နှုတ်ခမ်းတွေ တွန့်ကွေးသွား၏။ ဒါပေမယ့် ဘာမျှတော့ မပြောခဲ့ချေ။

သူမက ထမင်းစားဝိုင်းမှာထိုင်ပြီးတာနဲ့ ရဲ့ချူးဝမ်ဘက်ကိုလှည့်ကာ
"အမ၊ ညဘက်အိပ်ရတာ အဆင်ပြေရဲ့လား"
ဟု မေးလိုက်၏။

နှစ်ယောက်တစ်ခန်းအတူတူအိပ်ရကတည်းက ရဲ့ချူးဝမ်ရဲ့အမူအရာများဟာ ယခင်ကဲ့သို့ မဟုတ်တော့ချေ။ ဒါ့ကြောင့် သူမက မေးကြည့်လိုက်ရခြင်းဖြစ်ပေသည်။

ရဲ့ချူးဝမ်ကတော့ ခေါင်းအသာယမ်းကာဖြင့်
"အဆင်ပြေပါတယ်။ ဘာမှမဖြစ်ပါဘူး"
ဟု ပြန်ဖြေပေးလိုက်သည်။

ရဲ့ချူးဝမ်၏ အဖြေကြောင့် ယွမ်ချူးယန်လည်း စိတ်သက်သာသွားသကဲ့သို့ သူမ၏ရင်ဘတ်ကို လက်ဖြင့် အသာလေးဖိလိုက်ကာ
"အဲ့တာဆို‌ တော်သေးတာပေါ့။ ညီမက အမအိပ်လို့အဆင်မပြေမှာကို စိုးရိမ်နေခဲ့တာ"

ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့၏စကားဝိုင်းကို အာရုံမထားခဲ့ကြဘဲ စားစရာရှိတာကို စားနေခဲ့ကြသည်။

ယွမ်ချန်းဖူကတော့ ထမင်းစားဝိုင်းအတွင်းသို့ နောက်ဆုံးမှ ဝင်လာခဲ့၏။ သူဝင်လာတာနဲ့ လွယ်အိတ်ကိုယ်စီ လွယ်ထားကြသည့် ယွမ်ရိနဲ့ယွမ်ကျဲကို မြင်လိုက်ရသည်။ သူက ထမင်းစားဝိုင်းမှ ဝင်ထိုင်လိုက်ပြီး
ယွမ်ရိနဲ့ယွမ်ကျဲအား
"ဒီနေ့ ကျောင်းစတက်ရမယ့် ပထမဆုံးရက်လေ။ ဘာလို့ အဝတ်အစားအသစ်တွေကို မဝတ်တာလဲ"
ဟု မေးလိုက်၏။

ဒါကိုကြားတော့ ယွမ်ရိလည်း မနက်စာ စားနေရာကနေ ခေါင်းမော့ကာ
"သမီးတို့မှာ အဝတ်အစားအသစ်မပါခဲ့ဘူး"
ဟု ပြန်ပြောလိုက်၏။

ယွမ်ချန်းဖူလည်း မျက်မှောင်ကြုတ်လိုက်ပြီး ဖန်းရှုံးယန်ကိုကြည့်ကာ
"ရှုံးယန်၊ ကလေးတွေရောက်တာ ရက်နည်းနည်းကြာနေပြီကို ဘာလို့ကလေးတွေအတွက် ဝတ်စုံအသစ်တွေ ဝယ်မပေးရသေးတာတုန်း"
ဟု မေးလိုက်သည်။

ဖန်းရှုံးယန်လည်း အနည်းငယ်နေရခက်သွားသော မျက်နှာထားဖြင့်
"တကယ်တော့ ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတော့ ကလေးတွေအတွက် လိုအပ်တာတွေ ဝယ်ပေးဖို့ ကျွန်မမေ့သွားတယ်။"


"မေ့သွားတယ် ဟုတ်လား"
ယွမ်ချန်းဖူက သံယောင်လိုက်ပြောလိုက်၏။

ဖန်းရှုံးယန်က ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ကျွန်မမေ့သွားတာ။ ဒါပေမယ့် ကျွန်မ၊သတိရ,ရချင်း‌ ရှောင်ရိနဲ့ရှောင်ကျဲတို့ကို ဘယ်ဝယ်‌ချင်သေးလဲမေးသေးတယ်။ သူတို့က မလိုတော့ဘူးပြောတာနဲ့ ဝယ်မပေးဖြစ်လိုက်တော့တာ"
ဟု ရှင်းပြလိုက်၏။

ထိုအခါ ယွမ်ချန်းဖူက ဒေါသသံအနည်းငယ်စွက်နေသော လေသံဖြင့်
"သူတို့အတွက် အဆင်ပြေမယ့်အရာတွေကို ကိုယ့်ဘာသာဘဲ သွားဝယ်ပေးလိုက်ပါတော့လား"
ဟု သူ့မိန်းမကို ဆူလိုက်၏။

ဖန်းရှုံးယန်လည်း ခေါင်းလေးအသာငုံ့သွားကာ
"သူတို့ကြိုက်မယ့်အရာတွေကို ကျွန်မမှ မသိဘဲ"
ဟု ပြန်ဖြေရှာ၏။

ဒါ့ကြောင့် ယွမ်ချန်းဖူလည်း စိတ်လျော့ကာ
"ခဏနေကျရင် ဈေးဆိုင်ကိုသွားလိုက်။ ရှောင်ရိနဲ့ရှောင်ကျဲအတွက် လိုအပ်တာမှန်သမျှ အကုန်ဝယ်ပေးထားလိုက်။ ငွေကိုတော့ ငါ့အိတ်ထဲက ယူသွား"
ဟု ပြောလိုက်တော့သည်။

ယွမ်ရိက
"သမီးတို့ လိုအပ်တာတွေက သမီးတို့ဘာသာဘဲ ဝယ်ပြီးသွားပြီ"
ဟု ဝင်ပြောလိုက်၏။

ယွမ်ချန်းဖူက ယွမ်ရိကိုကြည့်ကာ
"ဒါပေမယ့် လိုအပ်တာတော့ နည်းနည်းပါးပါးရှိဦးမှာဘဲလေ။ သွားဝယ်ချေ"

ယွမ်ရိက
"သမီးမလိုတော့ဘူးလို့ ပြောပြီးသွားပြီလေ"
ဟု ခေါင်းမာစွာဖြင့် ထပ်ပြောလိုက်၏။

ယွမ်ချန်းဖူလည်း သူ့သမီးကိုကြည့်ကာ လေသံမာမာဖြင့်
"ရှောင်ရိ၊ မိဘ‌က စေတနာနဲ့ ဝယ်ပေးချင်တာကို ငြင်းတာက အရမ်းရိုင်းတဲ့အပြုအမူဘဲနော်"

ယွမ်ရိကတော့ ပုခုံးကိုသာ အသာအယာတွန့်ကာ
"အဲ့တာဝောာ့ အဖေ့သဘောလေ။ အဖေတို့ဘာသာ ဝယ်ပေးပေး၊ မပေးပေး သမီးကတော့ ကျေးဇူးတင်စိတ်လုံးဝ ရှိလာမှာမဟုတ်ဘူးနော်"
ဟု ပြောလိုက်၏။

"အဖေတို့က သမီးဆီက ကျေးဇူးတင်‌တာခံချင်လို့ ဝယ်ပေးတာမဟတ်ုဘူး"
ယွမ်ချန်းဖူက သူ့သမီးကို ဒေါသထွက်စွာဖြင့် အော်လိုက်မိသည်။ ပြီးတာနဲ့ ထမင်းစားဝိုင်းကနေ ဒေါသတကြီး ထထွက်သွားတော့သည်။

ဖန်းရှုံးယန်က
"ရှင်ကလည်း ထစ်ကနဲရှိရင် ဒေါသကြီးဘဲ။ မနက်စာလေးတော့ ပြီးအောင်စားသွားပါဦး"
ဟု ဝင်ပြောလိုက်၏။

ယွမ်ချန်းဖူးက နောက်ကိုပြန်လှည့်ကာ
"စားချင်စိတ် မရှိတော့ဘူး"
ဟု လေသံမာမာဖြင့် ပြောလိုက်ပြီး အပြင်ကို ထွက်သွားတော့သည်။

ယွမ်ရိကတော့ သူမနဲ့မဆိုင်သည့်အလား ခပ်အေးအေးပင် မနက်စာကို ဆက်စားနေ၏။

ကျန်တဲ့သူတွေကတော့ ယွမ်ချန်းဖူ၏ဒေါသကို ကြောက်၍ တုန်ယင်သွားကြသည်။

အကြောက်ဆုံးကတော့ ယွမ်ဟောင်ဂျန်ပင်။ယွမ်ဟောင်ဂျန်က ယွမ်ချန်းဖူဒေါသတကြီး အော်သည့်အချိန်မှာ ကြောက်လန့်လွန်းလှသဖြင့် အစားအသောက်များပင် သီးသွားရ၏။

ယွမ်ချန်းဖူအပြင်ကို ထွက်သွားသည်အထိစောင့်ပြီးမှ မျက်တောင်တဖျပ်ဖျပ်ဖြင့် ယွမ်ရိကိုကြည့်ကာ
"ဝိုးးးး အိမ်ကအဖိုးကြီးနဲ့တောင်မှ တန်းတူ ရန်ဖြစ်နိုင်တယ်နော်။ အရမ်းကောင်းတာဘဲ"
ဟု အော်ပြောလိုက်၏။

ပြီးတာနဲ့ယွမ်ရိလက်ကို ဆက်ကနဲ့ကိုင်လိုက်ကာ
"အမ နင်က အခုချိန်ကစပြီး ငါ့ရဲ့အိုင်ဒေါလ်ဘဲ"
ဟု အလွန်အမင်း လေးစားနေသောလေသံဖြင့် ပြောလိုက်တော့သည်။

ယွမ်ရိ : "............"

ကျန်သည့်သူများ : ".........…"

ရဲ့ချူးဝမ်ဟာ မနက်စာကို အပြီးသတ်စားပြီးတာနဲ့ အပြင်ကိုထွက်လာခဲ့၏။ ယွမ်ချူးယန်ကလည်း သူမ၏မနက်စာကို ပါးစပ်အတွင်းခပ်မြန်မြန်သွပ်ထည့်လိုက်ပြီး ရဲ့ချူးဝမ်နောက်ကို မြန်မြန်လိုက်တော့သည်။

နှစ်သားယောက် အိမ်အပြင်ကိုရောက်တော့ ယွမ်ချူးယန်က တုန်လှုပ်နေသောလေသံဖြင့်
"ယွမ်ရိကတော့ ရူးသွားပြီလားမသိဘူး။ အဖေ့ကိုတောင်မှ ဒေါသတကြီးဖြစ်သွားအောင် ပြောရဲ‌တယ်နော်။ ညီမဖြင့် ကြောက်လွန်းလို့ တုန်နေတာဘဲ"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ်ကိုယ်တိုင်လည်း တုန်လှုပ်လို့နေသည်။ သူမက ယွမ်ရိအနေနဲ့မိဘတွေအပေါ် ဒေါသတွေထွက်လာအောင် ပြုမူလုပ်ဆောင်လိုက်မည်ဟု မျှော်လင့်ထားတာမျိုးမရှိခဲ့ချေ။

မိသားစုအတွင်း မည်သူကမျှ ယွမ်ချန်းဖူအပေါ်မှာ ယွမ်ရိကဲ့သို့ မပြောဆို၊ မပြုမူရဲကြချေ။

ဒါ့ကြောင့် သူမက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ယွမ်ရိက ရူးနေတာဘဲ ဖြစ်ရမယ်"
ဟု ပြောရင်း ယွမ်ချူးယန်၏စကားကို ထောက်ခံလိုက်သည်။

ယွမ်ချူးယန်က ရုတ်ခြည်း ပြုံးလိုက်ပြီး
"ဒီလိုဖြစ်သွားတော့လည်း ကောင်းတာပါဘဲ။ အခု ယွမ်ရိကြောင့်မို့ အဖေကဒေါသထွက်သွားတာ‌ဆိုတော့ နောက်ပိုင်းတွေမှာ ယွမ်ရိအပေါ် အဖေနဲ့အမေရဲ့ စိတ်ရှည်သည်းခံမှာတွေ ပိုပြီး ကုန်ဆုံးလာရတော့မှာ။ နောက်ဆုံးကျရင် သူမကို တောင်ပေါ်ဒေသဆီတောင် ပြန်ပို့ချင်ပြန်ပို့လောက်တယ်။ ဟားးးးးဟားးးးးးး"


ဒီတစ်ကြိမ်မှာတော့ ရဲ့ချူးဝမ်က ဘာမျှ ဝင်မပြောခဲ့တော့ချေ။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့လည်း သူမတို့၏မနက်စာကို စားသောက်ပြီးသည့်နောက် ကျောင်းသွားရန်အတွက် အပြင်ကို ထွက်လာခဲ့ကြ၏။သူတို့အိမ်ထဲကနေ အပြင်မရောက်ခင်မှာဘဲ နောက်ကနေ ယွမ်ဟောင်ဂျန်၏အသံကို ကြားလိုက်ရ၏။
"အမတို့ ဒီနေ့ ကျောင်းကို ကျွန်တော်လိုက်ပို့ပေးမယ်"

ယွမ်ချူးရွယ် အံ့အားသင့်သွားခဲ့၏။ ပုံမှန်အားဖြင့် ယွမ်ဟောင်ဂျန်ဟာ ရဲ့ဖန်နဲ့ဘဲ ကျောင်းသို့ အတူတူသွားလေ့ရှိတာမို့လို့ပင်။

အခု ယွမ်ဟောင်ဂျန်က သူမတို့နဲ့အတူတူ ကျောင်းကိုသွားမှာဖြစ်သည့်အတွက် ရဲ့ဖန်ကပါ သူတို့အုပ်စုနဲ့အတူတူ ပူးပေါင်းလိုက်ရတော့သည်။

ဒါ့ကြောင့် ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့က သက်သက်တစ်ဖွဲ့၊ ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်းတို့က တစ်ဖွဲ့ဖြင့် ကျောင်းကို ထွက်လာခဲ့ကြတော့သည်။

လမ်းမှာ ယွမ်ဟောင်ဂျန်က အသိတစ်ယောက်နဲ့တွေ့သဖြင့် ယွမ်ရိကိုညွှန်ပြလျက်
"ဒီမယ်၊ ဒါက ငါ့အမလေ။ မှတ်ထားကြဦးနော်"
ဟု အော်ပြောလိုက်၏။

ထို့ကြောင့် ယွမ်ချူးရွယ်နဲ့ရဲ့ဖန်တို့ဟာ အလွန်အမင်းမျက်နှာပူနေကြတော့သည်။

ယွမ်ရိက ယွမ်ဟောင်ဂျန်အား
"ဟောင်ဂျန်၊ ငါ့ကို တွေ့သမျှ လူတွေနဲ့မိတ်ဆက်ပေးမလို့တော့ မဟုတ်ပါဘူးနော်။ အဲ့တာက နည်းနည်း အဆင်ပြေမနေဘူး"
ဟု ပြောလိုက်၏။

ယွမ်ဟောင်ဂျန်လည်း ခေါင်းညိတ်ကာ
"ကောင်းပြီ အမ အဆင်မပြေဘူးဆိုရင်လည်း မိတ်ဆက်ပေးတာမျိုး မလုပ်တော့ပါဘူး"

ယွမ်ကျဲကတော့ ရယ်ချင်စိတ်ကို ထိန်းမရတော့၍ ခပ်သော့သော့လေးရယ်မောလိုက်မိ၏။

သူမတို့၏ရယ်မောဆူညံသံများကြောင့် ရှေ့ကနေသွားနေသည့် ယွမ်ချူးယန်လည်း နောက်ကို လှည့်ကြည့်မိလိုက်၏။ ထို့နောက် သူမက ရဲ့ချူးဝမ်အား
"ဟိုကောင်စုတ် ဟောင်ဂျန်ကတော့ ယွမ်ရိနဲ့ရောရောနှောနှော နေ,နေတာဘဲ။ သူမက အဖေ့ကို ဒေါသ‌ထွက်အောင်လုပ်ထားတာကို မသိတာလည်းမဟုတ်ဘဲနဲ့။ တတိယအကိုကပါ သူတို့အုပ်စုနဲ့ရောနေလိုက်သေးတယ်။ အကို ရဲ့ဖန်ကို သူတို့အုပ်စုကနေခေါ်လိုက်မယ်နော်"
ဟု အသိပေးလိုက်၏။

ပြီးတာနဲ့ သူမက ရဲ့ဖန်အား
"အကို ရဲ့ဖန် မြန်မြန်လာလေ"
ဟု ခေါ်လိုက်၏။

ရဲ့ဖန်က
"ငါအလျှင်မလိုပါဘူး နင်တို့သာ မြန်မြန်သွားကြ"
ဟု ပြန်ပြောလိုက်သည်။


ယွမ်ချူးယန်ဟာ တစ်ခုခုထပ်ပြောချင်သေးပေမယ့် ရဲ့ချူးဝမ်က သူမလက်ကိုကိုင်ကာ တားဆီးလိုက်သောကြောင့် ရဲ့ဖန်ကို ထပ်ခေါ်တာမျိုး မလုပ်တော့ချေ။

ယွမ်ရိက ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့အပေါ်မှာ အာရုံစိုက်တာမျိုး မရှိခဲ့ချေ။

သူမက လမ်းလျှောက်နေရင်းဖြင့် ယွမ်ဟောင်ဂျန်အား ဘယ်အတန်းမှာ တက်နေတာလဲ မေးလိုက်၏။

ယွမ်ဟောင်ဂျန် ဘာမှမပြောခင်မှာဘဲ ယွမ်ချူးရွယ်က
"အကိုဟောင်ဂျန်ကို မပြောခိုင်းနဲ့။ သမီးပြောမယ်။သူပြောနေရင် လေကြောရှည်နေမှာစိုးလို့။ သမီးတို့မိသားစုမှာ အသက်ခုနှစ်နှစ်ပြည့်တာနဲ့ ကျောင်းတက်ကြပြီ။ အမချူးဝမ်ကတော့ ကိစ္စတချို့ကြောင့်မို့ ကျောင်းတက်တာ နှစ်နှစ်နောက်ကျတယ်။ ဒါ့ကြောင့် အမချူးဝမ်နဲ့အကိုရဲ့ဖန်တို့က အတန်းအတူတူဖြစ်ပြီး အလယ်တန်းဒုတိယနှစ်မှာ တက်ရောက်နေကြတယ်။ ယွမ်ချူးယန်က ပဉ္စမတန်း၊ ဟောင်ဂျန်ကတော့ စတုတ္ထတန်း၊ ညီမကတော့ ဒုတိယတန်းမှာဘဲ"
ဟု ဝင်ပြောလိုက်သည်။

ယွမ်ရိလည်း ယွမ်ချူးရွယ်ပြောသမျှကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေခဲ့သည်။

ယွမ်ချူးရွယ်၏စကားဆုံးတာနဲ့ ယွမ်ဟောင်ဂျန်က ယွမ်ရိ၏လက်ကိုကိုင်ကာ
"အမ နင်ဘယ်အတန်းကိုတက်မှာလဲ။ ငါတို့ရဲ့ စတုတ္ထအတန်းကိုလာခဲ့ပါလား။ အတန်းတူရင် တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်လို့ရတာပေါ့"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း ယွမ်ဟောင်ဂျန်ကိုကြည့်ပြီး ပြုံးကာ
"စိတ်မကောင်းပါဘူး။ အမက ပဉ္စမတန်း တက်မှာကွဲ့"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now