Chapter 1 - စိတ်ဖတ်စွမ်းရည်

9.9K 490 68
                                    

Unicode

သူက ညစ်ပေခြင်းကို အလွန်ကြောက်သူဖြစ်၏။

~~~ဝေါ~~~

မိုး သည်းကြီးမည်းကြီး ရွာနေသည့်အတွက် မှန်ပြတင်းပေါ် မိုးရေစက်များ စင်နေသည်။ ကောင်းကင်တစ်ခုလုံး မှောင်မဲစိုစွတ်နေ၏။ လမ်းတစ်လျှောက်တွင်တော့ လမ်းသွားလမ်းသူလာများ ထီးများဆောင်း၍ ဥဒဟို သွားလာနေသည်။ ကားများသည်လဲ မိုးရေသံများကြားတွင် ပြေးလွှားနေကြလေသည်။

ရေဒီယိုအသံလွှင့်ဌာနမှ ရာသီဥတုသတင်းတစ်ပုဒ်ကြေညာနေ၏။
" မနေ့ညမှစတင်၍ မိုးသက်မုန်တိုင်းများ အားကောင်းနေပါတယ်ရှင်.. ယခုလ၏ မိုးရွာသွန်းမှု ရာခိုင်နှုန်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်နေပြီး လမ်းများပေါ်တွင် ရေလွှမ်းလျှက်ရှိတာကြောင့် အများပြည်သူများအနေဖြင့် ဂရုတစိုက် သွားလာကြပါရန် သတိပေးအပ်ပါတယ်ရှင်"

" အရှေ့မှာ မတော်တဆဖြစ်နေတယ်လို့တော့ မပြောနဲ့နော်"
ကားဆရာက သူ့ရှေ့တွင် လှုပ်ရှားနေသော ကားဝိုက်ပါကို ငေးကြည့်နေရာမှ မိုးလေဝသ သတင်းအဆုံး စိတ်မရှည်စွာ ထပြောလိုက်၏။
" မိုးက ဘယ်လောက်ထိတောင် ရွာနေမှာလဲ မသိဘူး.. လမ်းပေါ်မှာလဲ ရေအပြည့်ပဲ"

ထို့နောက် ခေါင်းတစ်ချက်စောင်း၍ ကားအနောက်တွင် ထိုင်နေသော ပုံရိပ်ကို မေးလိုက်သည်။
" ခင်ဗျား အခုသွားမှာက... ရဲစခန်း ဟုတ်လား"

မှောင်မဲနေသော တိမ်တိုက်တို့က နေမင်းကို ဖုံးကွယ်ထားသည့်အတွက် ကားအတွင်းဘက်တွင် မီးသီးမှိန်မှိန်လေး ထွန်းထားရ၏။

ကားနောက်တွင် ထိုင်နေသော ပုံရိပ် ရုတ်တရက် လှုပ်ရှားလာသည်။ ခေါင်းထောင်ကာ လက်နှစ်ဖက်ကို ယှက်၍ ပေါင်ပေါ်တင်လိုက်သည်။ ​ချိတ်ထိုင်ထားသော ခြေထောက်နှစ်ဖက်တွင် ဂျင်းဘောင်းဘီအနက်နှင့် သားရေဘွတ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထား၏။ ရိုးရှင်းပြတ်သားလွန်းသော ဘွတ်ဖိနပ်ပေါ်တွင် မိုးရေစက်တချို့ စိုစွတ်နေသည်။

အဆိုပါလူမှာ ကားထဲဝင်ပြီးချိန်မှ စ၍ စကားတစ်ခွန်းမှ မဟသေး။ သူ သွားမည့်နေရာကို ကားဆရာကြီး သိနေခြင်းမှာ တက္ကစီခေါ်စဉ်က အွန်လိုင်းဘွတ်ကင်တွင် သွားလို့သည့်နေရာကို ထည့်သွင်းထားသောကြောင့်သာ ဖြစ်လေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now