Chapter 24- အိပ်မပျော်ခြင်း

1.1K 245 10
                                    

Unicode

လူသတ်မှုနှင့် ပတ်သက်သော သဲလွန်စ တစ်ခုမှ မကျန်ခဲ့။ အိမ်၏ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ စတုရန်းမီတာ ငါးဆယ်ပတ်လည်သာရှိသော အခန်းကျဉ်းလေးဖြစ်ကာ ပရိဘောဂများများစားစား မရှိ။ မူရင်း အိမ်ပိုင်ရှင်က တစ်ရွက်ချင်း စုတ်ဖြဲသော ပြက္ခဒိန်ကို သုံးလေ့ရှိပုံရသော်လဲ အရင်လ၏ ရက်စွဲတစ်ခုတွင် ရပ်တန့်နေ၏။

ခေါက်သိမ်းနိုင်သော ပလတ်စတစ်စားပွဲခုံပေါ်တွင် မှာစားထားသော ခေါက်ဆွဲပန်းကန်အကျန်ပင် ရှိနေသေးသည်။

အနီရောင်ခေါက်ဆွဲရည်မှာ အဆီများခဲကာ မှိုတက်နေသည်။ ပဲပင်ပေါက်နှင့် ပဲပြားတို့ကို သိပ်ပင်မမြင်နိုင်။ တူတစ်စုံကို ဘေးချထားပြီး နှုတ်ခမ်းနီရာများပေပွနေသည့် တစ်ရှူးလုံးလေးများပါ ပြန့်ကျဲနေ၏။

တစ်အိမ်လုံးက အနည်းငယ်တော့ ရှုပ်ပွနေသည်။ သေဆုံးသူက သန့်ရှင်းရေး ကောင်းကောင်းမလုပ်ပုံရသည်။ ကုတ်အင်္ကျီများကို ဆိုဖာပေါ် ပုံထပ်ထားသေး၏။

ဆုရှောင်းလန်ပြောသော ရေခဲသေတ္တာမှာ ‌ဟိုးအရင်က သုံးသည့် freezer တစ်ခုဖြစ်သည်။ တစ်ပတ်ရစ်ဆိုင်မှ ဝယ်ထားပုံရပြီး ဈေးဆိုင်အသေးလေးများတွင် ရေခဲမုန့်ထည့်သည့် ရေခဲသေတ္တာနှင့် ဆင်တူသည်။ အပေါ်မှ အဝတ်ပင် အုပ်ထားသည်။

ပုံမှန်ထက် ပုံမှန်ဆန်သည့် အခန်းတစ်ခုဖြစ်ကာ သေဆုံးသူမှာလဲ သာမန်မိန်းကလေးများကဲ့သို့ တစ်ယောက်ထဲ နေပုံရသည်။ သာမန်အတိုင်းအလုပ်သွားကာ အများနည်းတူ အပြင်စာများ မှာစားတတ်၏။

တံခါးမဖွင့်မချင်း အလောင်းကိုတွေ့ရန် ခက်ခဲလေသည်။

မိန်းကလေးမှာ အညိုရောင်ဆံပင်အရှည်ရှိကာ ရေခဲသေတ္တာထဲ ‌ခွေခေါက်နေသည့်အတွက် ဒူးက ရင်ဘတ်နှင့် ထိနေသည်။ ခန္ဓာကိုယ်သေးသေးလေးဖြစ်သောကြောင့် ရေခဲသေတ္တာနှင့် အသာလေးဆံ့၏။ လည်ပင်း ရင်ဘတ်နှင့် ပေါင်များတွင် အနှိပ်စက်ခံထားရသော ဒဏ်ရာများ ရှိနေသည်။ ပြင်းထန်သော ဒဏ်ရာတို့မှာ အရေပြားအောက် သွေးထွက်မှုလွန်ကဲသောကြောင့် ခရမ်းရောင်ပင် ပြောင်းနေသည်။ မျက်တောင်များအောက်တွင် ရေခဲလွှာတစ်ခု ဖြစ်ပေါ်နေကာ မျက်လုံးများ ပွင့်လျက်သားရှိနေ၏။ အသတ်ခံရသောအချိန် ကြောက်လန့်တကြားအော်ရင်း မျက်လုံးမပိတ်နိုင်ပဲ သေဆုံးသွားပုံရလေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now