Chapter 41- သတိပေးစကား

993 264 31
                                    

Unicode

ရန်ချင်းမှာ အိမ်ပြောင်းလာတာမကြာသေးသော်လဲ အိမ်လေးကို နေချင့်စဖွယ်ကောင်းအောင် ပြင်ထားသည်။ စငှားကာစကဲ့သို့ အေးစက်မှုတွေ မရှိတော့။ ဧည့်ခန်းပြတင်းပေါက်များတွင် အရောင်လွင်လွင် လိုက်ကာလေးများ တပ်ထားသည်။ တံခါးလက်ကိုင်တွင် အလှတပ်ထားသည့်ပစ္စည်းများရှိသလို အခန်းထဲတွင်လဲ အလှဆင်ထား၏။

သို့သော် " ကျွန်မတစ်ယောက်ထဲ နေဖြစ်သွားတယ်" ဆိုသော စကားကို ကြားလိုက်ရပြီးနောက် ချီချင်းတစ်ကိုယ်လုံး အေးစက်လာသည်ကို ခံစားလိုက်ရသည်။

အနောက်မှ ဟထားသော တံခါးမှာ ရန်ချင်းကို မျှားခေါ်နေသည့် မကောင်းဆိုးဝါးတစ်ကောင်အလားပင်။

" မြောင်"
ကောင်းကောင်းက ရန်ချင်းခြေထောက်နားတွင် လိမ်လိမ်မာမာ ထိုင်နေသည်။

ဒီကြောင်ကိုလဲ ချီချင်း သိပ်သဘောမကျ။ ကြောင်ပုံစံက တစ်ခုခုကို အလိုမကျသလိုလို နေရခက်နေသလိုလိုနှင့် သူတို့ကို ကြိုဆိုပုံမရ။

ရန်ချင်း ဆံပင်စည်းထားပုံက အတော်လေးကပိုကရိုနိုင်ကာ ဆံပင်စများ ဂုတ်ပိုးပေါ် ဝဲကျနေသည်ကို ချီချင်းသတိထားမိသလို မျက်လုံးအောက်မှ မျက်ကွင်းများ ညိုနေခြင်းနှင့် အင်္ကျီလက်တွင် ဟင်းရည်တချို့ ပေရေနေခြင်းတို့ကိုပါ သတိထားမိနေသည်။

သူမ၏ စိတ်အခြေအနေက တည်ငြိမ်ပုံမရ။ အတော်လေး ပင်ပန်းနေပုံရသည်။

သူထင်သလိုဖြစ်နေတာ ဟုတ်မဟုတ်ကတော့ ချီချင်းလဲ မသိ။

" ကျွန်မလဲ အခန်းအတူသုံးနိုင်မဲ့ အခန်းဖော် လိုက်ရှာနေတာ... အခုတလော အိမ်လခတွေက သက်သာတာမဟုတ်ဘူးလေ"
ရန်ချင်းက အပြုံးတော့မပျက်။
" အခန်းကို Anjia app မှာ တင်ထားတယ်.. အခန်းလိုချင်တဲ့သူရှိရင် ကျွန်မကို အသိပေးလိမ့်မယ်"

တစ်ချိန်လုံးစကားမပြောပဲနေနေသော ချီချင်းက သန်းခေါင်စာရင်း စစ်သကဲ့သို့ ဝင်မေးသည်။
" ခင်ဗျား အဲ့မှာတင်ထားတာ ဘယ်လောက်ကြာပြီလဲ"

ရန်ချင်း နည်းနည်းအံ့ဩ‌သွားသော်လဲ ပြန်ဖြေလိုက်သည်။
" တစ်ပတ်တော့ရှိပြီ.. ဘာလို့လဲဟင်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now