Chapter 12- အတည်ပြုခြင်း

1.1K 273 19
                                    

Unicode

အကုန်လုံး နေရာယူပြီးကြပြီဖြစ်၍ တံခါးဝနားမှ ခုံနှစ်လုံးသာ အလွတ်ကျန်သည်။ ချီချင်းတွင်သာ ရွေးချယ်စရာရှိပါက ဒီလိုအရူးကောင်နှင့် အတူထိုင်ရန် လုံးဝစိတ်မကူး။

ချီချင်းက ခပ်လှမ်းလှမ်းမှ ကျိမင်ရွေ့ကို မေးဆတ်ပြလိုက်သည်။
" မင်း .. ထွက်လာခဲ့"

" ???"

" နေရာလဲထိုင်မယ်"

ချီချင်းကို မျှားခေါ်လာသော ကျိမင်ရွေ့မှာ လက်စားအချေခံရမည်စိုး၍ ခပ်မြန်မြန်လေး ပြန်ဖြေသည်။
" ငါ ထွက်လာဖို့ အဆင်မပြေလို့ပါကွ"

" ဒီမှာကြည့်လေ.. ငါ့ဘေးနှစ်ဖက်လုံး လူတွေပြည့်နေတာ"
ကျိမင်ရွေ့ ဆက်ပြောနေသည်။
" ပြီးတော့ ကျန်းယွီနဲ့ ရှောင်းလန်လဲ ငါ့ကို မလွှတ်ပေးနိုင်ဘူးတဲ့"

ကျန်းယွီ : "..."

ဆုရှောင်းလန် : "..."

ထမင်းလေးစားရုံပဲကို .. ဘယ်မှာစားစား အတူတူပဲ.. ထိုင်ချင်တဲ့နေရာထိုင်ပေါ့..  သူ့ကို ဘယ်သူဆွဲထားလို့လဲ...

ချီချင်း ရွေးချယ်စရာမရှိတော့။ ထိုင်ခုံနေရာယူပြီးနောက်တွင်တော့ ရှဲ့လင်က ဘာမှထပ်မပြောတော့ပဲ သူ့ရှေ့မှ သံပုရည်ခွက်ကို ဖယ်ပေးလိုက်သည်။

ချီချင်းက မျက်လုံးလှန်၍ ကြည့်သည်။

ရှဲ့လင် ပြန်ရှင်းပြလိုက်ရ၏။
" အေးနေလို့"

ချီချင်းအကြည့်တို့ ပြန်ရုတ်သိမ်းသွားသည်။

သူ့မြင်ကွင်းထဲမှ ရှဲ့လင် ခဏပျောက်သွား၏။ သို့သော် စက္ကန့်နှစ်ဆယ်အကြာတွင် ပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အငွေ့တထောင်းထောင်းထနေသော ရေနွေးဖြူတစ်ခွက်ပါလာကာ ချီချင်းရှေ့ ချပေးလိုက်၏။ ထို့နောက် သူ့ခွက်ထဲ လက်ဖက်ရည်နွေးကိုလဲ ငှဲ့ပေးနေသေးသည်။
" မင်း ခုန တံခါးဝမှာ ရပ်နေတုန်းက ‌ဖျားနေတဲ့ပုံပေါ်လို့.. မင်း ကိုယ်အပူချိန် တိုင်းကြည့်သေးလား"

တစ်ဖက်လူမှာ စကားနှစ်ခွန်းထက်ပိုပြီး လူမဆန်နိုင်သည်ကိုတော့ နောက်ပြောလာသောစကားကြောင့် ချီချင်း သေချာသိလိုက်ရသည်။
" တောင်းပန်ပါတယ်.. ကိုယ် မင်းကို အပေါ်ကနေ အတင်းတက်မဖိထားခဲ့သင့်ဘူး"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now