Chapter 35- လက်ထောက်အကြံပေး

1K 253 24
                                    

Unicode

ရှဲ့လင် ချွတ်ထားသော လက်စွပ်က ချီချင်းလက်ထဲတွင် ရှိနေသည်။ ကုသမှု မပြီးသေးသောကြောင့် ကျန်လက်တစ်ဖက်ကို ရှဲ့လင်က ကိုင်ထားဆဲ။ ထို့ကြောင့် ချီချင်းမှာ လက်စွပ်ကို ပြန်ပေးချင်သော်လဲ အဆင်မပြေ။ လက်တစ်ဖက်တည်းနှင့် ပြန်ပေးရန် အလုပ် လက်စွပ်က ချောင်ကျနေသော သူ့လက်ချောင်းထဲ လေးဝင်သွားသည်။

ချီချင်း၏ လက်ချောင်းက သေးသွယ်လွန်းသောကြောင့် လက်စွပ်လေးမှာ အတားအဆီးမရှိပဲ အထဲထိ အသာလေးဝင်သွားသည်။

ရှဲ့လင် : " လက်စွပ်က မင်းနဲ့ အရမ်းကြီးတာပေါ့.. သဘောကျတယ်ဆိုရင် ဒီဇိုင်းတူထဲက ဆိုဒ်သေးရှိလား ဆိုင်ကိုလှမ်းမေးပေးမယ်"

ရှဲ့လင်ပြောသည့်အတိုင်း ချီချင်းလက်နှင့် လက်စွပ်ကြားတွင် အတော်လေးကွာဟနေသည်ကို တွေ့ရသည်။

ချီချင်းစိတ်ထဲတွင် 'ခင်ဗျားလို ဘယ်သူကမှ အပိုလုပ်ပြီး လက်စွပ်ဝတ်မနေဘူး' ဟု ပြောနေသည်။

ချီချင်း : " သဘောမကျပါဘူး"

ချီချင်းမှာ လက်‌စွပ် လက်ပတ် စသည်တို့ ဝတ်လေ့မရှိ။ ထိုအရာများက လက်ဆေးသည့်အရှိန်ကို နှေးစေနိုင်သည်။

ထို့အပြင် လက်အိတ်ဝတ်သည့်နေရာတွင်လဲ အနှောင့်အယှက် ပေးနိုင်သေးသည်။ ထို့ကြောင့် တခြားသူ၏ လက်စွပ်ကို ဝတ်ဖို့မပြောနှင့် တခြားသူ ကိုင်ထားပြီးသား ပစ္စည်းများကို ထိပင်မထိချင်။

ချီချင်းက လက်‌ကိုကွေး၍ လက်စွပ်ကို ခက်ခက်ခဲခဲ ပြန်ချွတ်လိုက်သည်။
" မတော်တဆ ချော်ဝင်သွားတာ"

ရှဲ့လင်လဲ ဘာမှပြန်မပြောတော့ပဲ လက်စွပ်ယူကာ သူ့လက်ချောင်းထဲ ပြန်ဝတ်ထားလိုက်သည်။
မမျှော်လင့်ထားသော လက်စွပ်အကြောင်းက လျှင်မြန်စွာပင် ပြီးသွားခဲ့သည်။ သူတို့နှစ်ယောက် ဘာစကားမှ ဆက်မပြောဖြစ်ကြတော့။ ‌ချီချင်း ခဏမေ့ထားသော အိပ်ချင်စိတ်လဲ ပြန်ရောက်လာ၏။ ရှဲ့လင်လက်ဖဝါးကို သူ့လက်ချောင်းလေးနှင့် ဖိကြည့်သော်လဲ အရင်က ဖြစ်ခဲ့ဖူးသော စိတ်မသက်မသာဖြစ်မှုတို့ မရှိတော့။ သူ့အိမ်ထက်ပင် ရှဲ့လင်အိမ်က ပို၍ သက်တောင့်သက်သာရှိသည်ဟု ခံစားနေရသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now