Chapter 8- ထိပ်တိုက်တွေ့ခြင်း

1.2K 266 17
                                    

Unicode

စကားပြောနေစဉ်တစ်လျှောက်လုံး ရှဲ့လင်မျက်လုံးတို့က ချီချင်းလက်မှ လုံးဝမခွာ။

လက်သုတ်ပြီးသော်လဲ ဘေးမှလူ စိုက်ကြည့်နေသည်ကို ချီချင်းခံစားနေရသောကြောင့် လက်ကောက်ဝတ်မှ လက်ချောင်းထိပ်လေးများအထိ အထပ်ထပ် ပွတ်တိုက်နေရာ ဒဏ်ရာရှိသော လက်ချောင်းထိပ်သို့ ရောက်မှပင် ရပ်သွားလေတော့သည်။

ချီချင်း၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
" ခင်ဗျား ကြည့်လို့ဝပြီလား"

ရှဲ့လင်က ခဏကြာအောင် စဉ်းစားပြီးမှ ပြန်ဖြေသည်။
" မဝသေးဘူးလို့ ဖြေရင် ကိုယ့်ကို နည်းနည်းလောက် ပေးကြည့်ဦးမှာလား"

ချီချင်း : "..."

ချီချင်း : " ဒေါက်တာဝူက ခင်ဗျားကိုသေချာမပြောလိုက်ဘူးပဲ"

ရှဲ့လင် : " ဘာကိုလဲ"

ချီချင်း : " ခင်ဗျား ရောဂါ တော်တော်လေး ပြင်းထန်တယ်ဆိုတာကို"

နားနေခန်းထဲ ဘာတွေဖြစ်နေသည်ကို သေချာမသိသော စာရေးမှာ ခပ်လှမ်းလှမ်းမှ လှမ်းအော်လိုက်သည်။
" လူကြီးမင်းချီ.. ဝင်လို့ရပါပြီရှင့်"

ရေရွှဲနေသော လက်အိတ်ကို ဆုပ်ကိုင်၍ ချီချင်း မတ်တပ်ထရပ်လိုက်သည်။ ထိုသူနှင့် စကားတစ်ခွန်းပင် ဆက်မပြောချင်တော့။

ရှဲ့လင်ကတော့ အပြုံးမပျက်။ ရှည်လျားသော အနက်ရောင် ကုတ်အင်္ကျီနှင့် စတိုင်ပင်ကို ဝတ်ထားရင်း သက်တောင့်သက်သာပင် ဆိုဖာပေါ် ထိုင်နေသည်။ ချီချင်းလက်ကို စိုက်ကြည့်နေရာမှ အကြည့်လွှဲကာ လက်သူကြွယ်မှ ငွေရောင်လက်စွပ်ပါးပါးလေးကို နှစ်ကြိမ်တိတိ လှည့်လိုက်သည်။ စောစောကပြောလိုက်သော သူ့စကားက သိပ်မထိရောက်ဘူးဟု ခံစားလိုက်ရ၍ နောက်တစ်ခွန်းထပ်ပြောလိုက်သေးသည်။
" နောက်တစ်ခေါက် ဓားကိုင်ရင် သတိထားနော်... မင်းရဲ့လက်လေးတွေ တအားလှတာ.. နောက်ထပ် ဓားမထိစေနဲ့ဦး"

"..."

........

တံခါးဖွင့်၍ ဝင်လာသည့်အချိန်မှစ၍ သူ့လူနာ ဒီနေ့ စိတ်တိုနေပုံရသည်ကို ဒေါက်တာဝူ သတိထားမိနေသည်။
" ဒီနေ့ တစ်ခုခု ဖြစ်ခဲ့လို့လား.. ခင်ဗျားကြည့်ရတာ စိတ်တိုနေတဲ့ပုံပဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now