အပိုင်း ၂၉

1.8K 186 8
                                    

အပိုင်း ၂၉

အန်းရန်ရှီ အင်္ကျီဝတ်နေစဥ်က ရှင်းယာ မဂ္ဂဇင်းဖတ်နေတာဖြစ်သည်။ ဂလက်စီနည်းပညာမှ ဂိမ်းအသစ်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ရေးသားထားသည်။ သူမကိုယ်တိုင်လည်း နည်းပညာနှင့်ရင်းနှီးနေသူဖြစ်သဖြင့် ဂလက်စီနည်းပညာ ကုမ္ပဏီအကြောင်း အနည်းအကျဉ်းတော့ သိထားသည်။

လူငယ်စီအီးအိုနှင့် လူငယ်အိုင်တီသမားများ၏ တီထွင်နိုင်စွမ်းကြောင့် ဂလက်စီသည် အတော်အတန်နာမည်ကြီးသောနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ သူမ၏ရည်မှန်းချက်တွေထဲက တစ်ခုမှာ ဂလက်စီတွင်အလုပ်ဝင်နိုင်ဖို့ဖြစ်သည်။ သို့သော်လည်း အဓိကဦးစားပေးတော့မဟုတ်ပေ။

စာမျက်နှာတွင် ဂိမ်းအသစ်၏ပုံများကိုပြသထားပြီး စီအီးအိုရှယွင်ဖန်း စကားပြောနေသည့်ပုံမှာ စာမျက်နှာတစ်ဖက်ခြမ်းတွင်ဖြစ်သောကြောင့် စာရွက်လှန်မှတွေ့ရပေမည်။
သူမ စာရွက်လှန်လုဆဲဆဲတွင် ချန်ရှင်းက သူမ၏လက်မောင်းကိုကိုင်ကာဆွဲယမ်းလိုက်သောကြောင့် သူမမော့ကြည့်လိုက်မိသည်။

အန်းရန်ရှီသည် သူမမသိသော လူငယ်အုပ်စုနှင့်စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် ထိုလူငယ်အုပ်စုမှ ဆွဲဆောင်မှုရှိစွာဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး သူမတို့ဆီလှမ်းလာနေသည်ကိုလဲမြင်လိုက်ရသဖြင့် သူမမျက်မှန်ကိုလက်ဖြင့်ကိုင်ကာ သေသေချာချာကြည့်လိုက်သော်လည်း မျက်မှန်မလဲရသေးသောကြောင့် မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။

"ရှင်းယာ?? တကယ်ပဲနင်ဖြစ်နေတာကို''

အနားရောက်မှ ထိုမိန်းကလေး၏မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"ရှင်းမေရင်း?''

ရှင်းမေရင်းက သူမ၏အဖေတူအမေကွဲညီမဖြစ်သည်။ အမှန်တော့ သူမအဖေ၏ မယားကြီးကမွေးသောသမီးဆိုရင်ပိုမှန်လိမ့်မည်။

ရှင်းယာသည် အသက်၁၀နှစ်အထိ အဖေမရှိဘဲနေလာရသူဖြစ်ပြီး အသက်၁၀နှစ်ပြည့်သည့်အခါတွင် ရှိနေသောအမေကပါ ကွယ်လွန်သွားခဲ့သည်။ သူမအမေ၏စျာပနပွဲအပြီးတွင် ရုတ်တရက် သူမအဖေဆိုသူရောက်ရှိလာပြီး သူမအားစောင့်ရှောက်ရန်လာခေါ်လေသည်။

I'm Not A Villian(oc) (Completed)Where stories live. Discover now