16

8.8K 1.3K 27
                                    

U••

[အဆုံးသတ်မဲ့အရှက်မရှိခြင်း]

ယွီရှန်းသူ့ကိုပြန်လိုက်ပို့သည်အထိ ထိုစကားကဘာကိုဆိုလိုမှန်း ချန်းနင်နားမလည်ခဲ့ချေ။

သူဧည့်ခန်းထဲဝင်လာသည်နှင့် ရှေ့နေ၊ အကြီးအကဲယင်၊ ယင်ကျိနျန်နှင့်ချုန်းမင်တို့အကုန်လုံး ဆိုဖာပေါ်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူ့အတွေးများကိုအဝေးမောင်းထုတ်လိုက်ရင်းဖြင့် ထိုလူများအားနှုတ်ဆက်လိုက်ရ၏။

ရှေ့နေကသူပြင်ဆင်လာသည့်စာချုပ်များကို ထုတ်လာကာ အကုန်လုံးရှေ့၌ဖတ်ပြလေသည်။ အနှစ်ချုပ်အားဖြင့်တော့ ရှန်အဖွဲအစည်းမှရသည့်ရန်ပုံငွေ ၁၀ရာခိုင်နှုန်းကို ယင်အဖွဲ့အစည်းက ချန်းနင်ကိုပေးရန်ဖြစ်သည်။ ထပ်ပေါင်း၍ ဟယ့်ချန်းနင် ယင်မိသားစုမှထွက်သွားသည့်နေ့မှစကာ ယင်ကျိနျန်နှင့်ဟယ့်ချန်းနင်တို့သည် တစ်ယောက်ကိစ္စ၌တစ်ယောက်ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိတော့ကြောင်း ပက်သက်ဆက်နွယ်မှုကိုဖျက်သိမ်းခြင်းလည်းပါဝင်သည်။

အကြီးအကဲယင်၏မျက်နှာကမဲမှောင်နေကာ ချုန်းမင်၏မျက်နှာကလည်းဒေါသကြောင့်ရှုံ့တွလျက်။

ယင်ကျိနျန်လည်းထင်သလောက်အခြေအနေမကောင်းချေ။ ယခုအချိန်၌ ချန်းနင်၏ဆုံးဖြတ်ချက်ကို မည်သည့်အရာကမှပြောင်းလဲနိုင်တော့မည်မဟုတ်ကြောင်းသိနေသည့်တိုင် သူမေးကြည့်ခဲ့ပါသေးသည်။

"ချန်းနင်...မင်းတကယ်ပဲဒီလိုလုပ်မှရမှာလား?"

ချန်းနင်ကတည်ငြိမ်နေဆဲပင်။ ၎င်းကသူ့အဖေအပေါ် မျှော်လင့်ချက်တစ်စုံတစ်ရာလေးပင်မရှိတော့သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

"ကျွန်တော်ကတော့ဒီကိစ္စကိုရှည်ရှည်ဝေးဝေးထပ်ဆွေးနွေးစရာ ဘာအကြောင်းမှမရှိဘူးထင်တာပဲ"

ချန်းနင်၏ဂရုမစိုက်သောပုံစံကြောင့် ယင်ကျိနျန်၏စိတ်ပျက်မှုများက ပို၍တိုးပွားလာရသည်။ သူကဒေါသတကြီးဖြင့် ချန်းနင်ကိုလက်ညှိုးထိုး၍ထအော်တော့၏။

"ငါတို့မင်းအပေါ်ကြိုးစားအားထုတ်ခဲ့တာတွေအကုန် အလကားပဲ... ဟယ့်ချန်းနင် မင်းရဲ့ကိုယ်ကျင့်တရားကိုခွေးစားခံလိုက်ရပြီလား?! မင်းကငါတို့သားအဖဆက်ဆံရေးကြားက သံယောဇဉ်ကိုနည်းနည်းတောင်ဂရုမစိုက်တော့ဘူးလား? မင်းရဲ့နှလုံးသားကိုထိပြီးကိုယ်တိုင်မေးကြည့်စမ်းပါ... လက်ထပ်ပွဲကိစ္စကလွဲရင် ငါမင်းကိုဘာများဒုက္ခပေးခဲ့မိလို့လဲ? နောက်ဆုံးမျှော်လင့်ချက်မို့လို့သာမဟုတ်ရင် ငါကရောငါ့သားကိုတခြားတစ်ယောက်ဆီပေးပစ်လိုက်ဖို့ထိ အရှက်မဲ့လိမ့်မယ်လို့မင်းထင်နေတာလား? မင်းဒီကိစ္စကိုတကယ်ပဲပြသနာရှာနေမှာဖြစ်မှာလား? ဒီတံခါးကနေထွက်သွားပြီးတာနဲ့ မင်းကဘာကောင်ကြီးမှမဟုတ်တော့ဘူးနော်! ရှန်မိသားစုကမင်းကိုဂရုစိုက်ပြီးမင်းလုပ်ချင်သမျှလုပ်ခွင့်ပေးလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား? အဲ့မိသားစုကမင်းကိုကန်ထုတ်လိုက်ပြီဆိုရင် မင်းမှာမှီတွယ်စရာဘာမှရှိတော့မှာမဟုတ်ဘူးဆိုတာကိုရော မင်းတွေးမိရဲ့လား?!"

ယင်ကျိနျန်၏အသံကဧည့်ခံနံရံများမှတစ်ဆင့် ပဲ့တင်သံပင်ရိုက်လျက်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now