❄Part (85)❄အိပ်မက်ဆိုးတဖြစ်လည်းအတိတ်ဆိုး

1K 107 2
                                    

Until Death

❄ 85❄
[အိပ်မက်ဆိုးတဖြစ်လည်းအတိတ်ဆိုး]

ယွီချီးစီ ရွေးချယ်လိုက်သော ဆိုင်သည် အင်းချွန်းတွင် အကြီးဆုံးနဲ့ ရောင်းအားအကောင်းဆုံး အသီးအနှံနဲ့ စားသောက်ဆိုင်ကြီး ဖြစ်နေလေသည်။ အောက်ဆုံးအထပ်တွင် စားသောက်ဆိုင် ဖြစ်ကာ ဒုတိယအထပ်ကတော့ ဝိညာဥ်သီးပင်တွေကို သီးသန့်ရောင်းချတဲ့ ဆိုင်ပဲဖြစ်၏။

ဆိုင်တာဝန်ခံ လူအိုကြီးက သူတို့ကို အပေါ်ဆုံးထပ်ကို ခေါ်သွားသည်။ အပေါ်ဆုံးထပ်သည် အခန်းပေါင်းမနည်းရှိ၏။ အခန်းတိုင်းက တံခါးပိတ်ထားပြီး အင်မတန် တိတ်ဆိတ်လှသည်။ အခန်းတွေထဲက တစ်ခန်းကို ဖွင့်ပြီးသောအခါ သူတို့ကို အခန်းထဲ ထပ်ခေါ်သွား၏။

အခန်းကသေသပ် သန့်ရှင်းကာ ကျယ်ဝန်းသည်။ အခန်းအလယ်မှာ စားပွဲဝိုင်းတစ်ခုသာ ရှိသည်။ စားပွဲဘေးတွင် နုပျိုချောမောတဲ့ လူငယ်တစ်ဦးက တင်ပျဥ်ခွေထိုင်လျက် ဧည့်သည်ကို စောင့်နေဟန်ရှိ၏။

လူငယ်က သူတို့ဝင်လာတာကို မြင်တဲ့အခါ သူ့ရှေ့က ခုံမှာထိုင်ဖို့ အချက်ပြသည်။

"ဝိညာဥ်စွမ်းအင် ကြွယ်ဝတဲ့ မက်မွန်သီးဆိုရင်တော့ ကျွန်တော် စိတ်ဝင်စားပါတယ်.... ကျေးဇူးပြုပြီး သခင်လေးရဲ့ အရောင်းအဝယ်လုပ်ချင်တဲ့ အရာကိုထုတ်လိုက်ပါ"

ယွီချီးစီလည်း ရွှမ်းယင်ဘက်သို့ လှည့်လိုက်သည်။ ရွှမ်းယင် လက်ဝါးဖြန့်၍ ပန်းနုရောင် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်၏။ မက်မွန်သီး ပေါ်ထွက်လာသည်နှင့် တစ်ခန်းလုံးကို ဝိညာဥ်စွမ်းအင်တွေ လွှမ်းခြုံသွားလေသည်။

ဆိုင်တာဝန်ခံနဲ့ ဆိုင်ရှင်သူဌေးလူငယ်လေးမှာ မျက်လုံးများ ပြူးကျယ်လာလျက် အံ့သြမင်သက်နေကြသည်။ ဒီလောက်ဝိညာဥ်စွမ်းအားကောင်းတဲ့ အသီးကို သူတို့မမြင်ခဲ့ဖူးဘူး။ သူတို့ဆိုင်မှာ ဝိညာဥ်စွမ်းအင် အသီးအပင်တွေ ရှိပေမယ့် အဲ့တာတွေက အခုတွေ့နေရတဲ့ မက်မွန်သီးနဲ့ မိုးနဲ့မြေလို ကွာခြားနေ၏။

ဆိုင်ရှင်လူငယ်သည်လည်း လူသား ကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် မက်မွန်သီးက အားကောင်းလွန်းတဲ့ ဝိညာဥ်စွမ်းအားကို ခံစားမိသည်။ သူမနေနိုင်တော့ဘဲ ခပ်မြန်မြန် ထုတ်မေးလိုက်တော့သည်။

Until Death (OC) Complete Where stories live. Discover now