EPISODE 58

3.5K 160 16
                                    

Unicode

ဆရာဝန်ကြီးဆီမှ အဖြေကို ကြားပြီးနောက် ကမ္ဘာစိုးမိုး ပျော်ရွှင်နေခဲ့သည်။

ချာတိတ်အား သူကယ်နိုင်တော့မည် မဟုတ်ပါလား။ချာတိတ်၌ အချိန်နှစ်ရက်သာ ကျန်တော့သည်။

တော်သေးတာပေါ့...အချိန်မီ ကယ်နိုင်ခဲ့လို့။

အိပ်ပျော်နေဆဲ ကောင်လေး၏ လက်ဖဝါးနုနု တစ်ဖက်အား သူဆုပ်ကိုင်လိုက်ကာ

"ချာတိတ် မင်းမကြာခင် ပြန်နိုးလာရတော့မှာ မပျော်ဘူးလား ငါကတော့ပျော်တယ် ငါ့ကို မင်းဘဝထဲကနေ ထုတ်ပစ်ပြီး ပျော်ပျော်ရွှင်ရွှင်နေရမယ် ကြားလား ငါအမိန့်ပေးနေတာ"

အမိန့်ဆိုသည့် စကားကို ကြားတိုင်း ရှုံ့မဲ့သွားတတ်သည့် ချာတိတ်၏မျက်နှာလေးအား မြင်ယောင်ရင်း ကမ္ဘာစိုးမိုး ပြုံးမိသွားသည်။

အမိန့်ဟု သုံးလိုက်လျှင် ငြင်းဆန်ခွင့်မရတော့တာကြောင့် ကြိတ်မှိတ်ကာ ငြိမ်ခံနေတတ်သည့် ထိုကလေးလေး...

"ဒီဂစ်တာကို မင်းအတွက် ဝယ်ထားခဲ့တာ ဒါပေမယ့် ဘယ်လိုအကြောင်းပြပြီး ပေးရမှန်းမသိလို့ ပြီးတော့ ငါ့ဘက်ကလည်း နည်းနည်းရှက်နေမိလို့ မပေးဖြစ်ခဲ့ဘူး"

ကုတင်ဘေး၌ ထောင်ထားသော ဂစ်တာအား လက်ဖြင့် ဖွဖွလေး ထိလိုက်ကာ

"မင်းကို သင်ပေးချင်ပေမယ့် မဖြစ်နိုင်တော့ဘူး နောက်ဆုံးညအထိတော့ ငါဂစ်တာတီးရင်း သီချင်းဆိုပြမယ်လေ မင်းကျေနပ်တယ်မလား"

ထို့နောက် ဂစ်တာအား ယူကာ ချာတိတ်ကြိုက်သည့် 'ချာတိတ်' သီချင်းအား စတင်သီဆိုသည်။

ချာတိတ်က ကိုယ်သီချင်းဆိုလျှင် အရမ်းသဘောကျကာ နှစ်လိုဖွယ်ဖြစ်အောင် ပြုံးပြီး နားထောင်နေတတ်သည်။နောက်ပိုင်းတွေမှာ မဆိုပြနိုင်တော့တာကြောင့် ဒီရက်အတွင်းမှာပင် ကြိမ်ဖန်များစွာ ချာတိတ်ဘေး၌ ထိုင်ကာ သီဆိုပြခဲ့သည်။

ညတိုင်း ဒိုင်ယာရီတွင် ချာတိတ်အကြောင်း ရေးဖြစ်သည်။အခွင့်အရေးများရခဲ့လျှင် ခံစားချက်အမှန်တို့ဖြင့် ရေးထားသော ထိုစာအုပ်အား ချာတိတ်ကို ဖတ်စေချင်မိသည်။

Char TateWhere stories live. Discover now