Episode (4)

2.2K 255 151
                                    

Unicode

"  ငါကူပေးမယ်လေ ဇာနည် "

" မလိုပါဘူးဟာ ၊ ငါ့ဘာသာချက်လို့ရပါတယ် လဲ့ရဲ့ ၊ နင် တခြားလုပ်စရာရှိတာကိုသာလုပ်လိုက် "

" ဖြစ်ပါ့မလား ဇာနည်ရယ် "

" နင်ကလဲဟာ ...ဘာမဖြစ်စရာရှိလို့လဲ ၊ သွားစမ်းပါ...ဘာမှခက်ခက်ခဲခဲချက်ရမှာလဲ မဟုတ်ဘူး ၊ ငါ့ဘာသာလုပ်လို့ရတယ် "

ဇာနည်က ဘေးနားတွင်ရပ်နေဆဲဖြစ်သည့် လဲ့၏လက်မောင်းကို ဖွဖွတွန်းပြီးပြောလိုက်တော့ လဲ့က ခေါင်းလေးကုတ်၏ ။

" အလုပ်နားတဲ့ရက်လေး နင့်ကို နားစေချင်လို့ပါဟာ "

" နင်က ငါ့ထက်စာရင် ပိုပြီးပင်ပန်းတယ်လေ ၊ ငါလဲ ငါတတ်နိုင်သလောက် နင့်ကိုကူပေးချင်တယ် လဲ့ ၊ နေအုံး... နင် မနက်က ခေါင်းအုံးစွပ်တွေလျှော်မယ်ဆိုပြီးပြောလိုက်လားလို့ ၊ အဲဒါ ခေါင်းအုံးစွပ်တွေဖြုတ်ပြီး ငါ့ကို လာပေးလိုက် ၊ ငါ လျှော်ပေးမယ် "

" ငါ့ဘာသာ..."

လဲ့ စကားကို ပြီးအောင်မပြောလိုက်ရပေ ။ ဇာနည်က မျက်မှောင်ကုတ်၍ကြည့်လာပြီး ခေါင်းကိုယမ်းပြလာ၏ ။

" နင့်ဘာသာ လျှော်လို့မရဘူး လဲ့ ၊ နင် ဓမ္မတာလာမဲ့​ရက်နီးနေပြီဆိုတော့ အအေးမခံနဲ့ ၊ ငါ လျှော်ပေးပါ့မယ်ဟာ ၊ ဘာမှပင်ပန်းတဲ့အလုပ်လဲမဟုတ်ဘူး ၊ စက်နဲ့လျှော်တာဆိုတော့ ဟင်းချက်ရင်းနဲ့ လျှော်လို့ရတယ် "

တက္ကသိုလ်မှာ သူငယ်ချင်းအဖြစ်ခင်မင်ကြပြီးမှ ချစ်သူဖြစ်ကြသည်ဆိုတော့ ကိုကို ၊ မောင်မောင် ၊ နာမည်အတိုကောက်ကို မခေါ်ပြောကြဘဲ နင် ၊ ငါဆိုသည့် အသုံးအနှုန်းကိုသာ နှစ်ယောက်သားနှုတ်ကျိုးနေ၏ ။ အိမ်ထောင်သည်ဖြစ်သွားတော့လည်း ယခင်ကဲ့သို့သာ ခေါ်ဝေါ်မိနေဆဲ ။

လုပ်ငန်းခွင်ထဲတွင် အတူတူပင်ပန်းကြသော်လည်း လဲ့က သား၏တာဝန်ကိုပါယူရသဖြင့် ပို၍ပင်ပန်းသည် ။ ထို့အတွက်ကြောင့် တတ်နိုင်သည့်ဘက်မှ လဲ့ သက်သာအောင် ကူညီပေးချင်၏ ။

လဲ့က ဇာနည်၏မျက်နှာကို အတန်ကြာစိုက်ကြည့်ပြီးမှ ခပ်ပါးပါးလေးပြုံး၍ မီးဖိုခန်းထဲမှထွက်ခွာသွားသည် ။ လဲ့ အနားတွင်မရှိတော့မှ ဇာနည်လည်း ချက်ပြုတ်ရန်လုပ်ငန်းစရ၏ ။ မိသားစုဝင်သုံးယောက်လုံးက အစားအသောက်နှင့်ပတ်သက်လျှင် ဇီဇာမကြောင်တတ်သဖြင့် မည်သည့်ဟင်းလျာကိုမဆို လွယ်လွယ်ကူကူချက်ပြုတ်နိုင်သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now