Episode (32)

1K 104 30
                                    

Unicode

ထက်ဘုန်းနိုင် ဖုန်းကို သန့်မင်းဉာဏ်ဆီသို့လှမ်းပေးရင်း

" ဖွင့်ကြည့်လိုက် "

ဆိုပြီး အတက်အကျမရှိသည့်အသံဖြင့် ပြောလိုက်၏ ။ ထိုအခါ သန့်မင်းဉာဏ်က သူ့မျက်နှာကိုကြည့်လိုက် ၊ သူ့လက်ထဲရှိဖုန်းကိုကြည့်လိုက်ဖြင့် အတန်ကြာအလုပ်များနေပြီးမှ လက်နှစ်ဖက်လုံးကိုအသုံးပြုကာ ဖုန်းကိုလှမ်းယူလာသည် ။

အမျိုးအမည်သတ်မှတ်၍မရသော စိတ်ခံစားချက်များကြောင့် နှလုံးသားမှာပြင်းပြင်းထန်ထန်ခုန်လှုပ်နေခဲ့၏ ။ မသိစိတ်၏စေ့ဆော်မှုကြောင့် ထိုဖုန်းထဲတွင်ရှိနေသောအရာမှာ ကောင်းသောအခြင်းအရာမဟုတ်မှန်း အလိုလိုသိနေခဲ့သည့်အတွက် ဖွင့်ကြည့်ရန် တွန့်ဆုတ်နေမိလေသည် ။

" ကိုယ် အချိန်သိပ်မရဘူး သန့်မင်းဉာဏ် ၊ တကယ်လို့ မင်းမကြည့်ချင်ဘူးဆိုရင်လဲ ဖုန်းကို ကိုယ့်ပြန်ပေးလိုက် "

အမြဲတမ်းချိုချိုသာသာစကားပြောတတ်သည့် ကိုထက်ဘုန်းနိုင်က ယခုတော့ မာထန်စွာဖြင့်စကားပြောလာသည် ။ ထို့နောက် မီးဖိုခန်းဘက်ကိုမေးဆတ်လိုက်ပြီး

" မင်းမကြည့်ဘူးဆိုရင် ကာယကံရှင်ကိုပဲ သွားပြလိုက်မယ် "

ဟု ဆက်ပြောလာသောအခါ သန့် ထက်ဘုန်းနိုင်ကို ခေါင်းခါပြကာ ဗီဒီယိုဖိုင်ကိုဖွင့်လိုက်တော့ ထက်ဘုန်းနိုင်က နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံး၏ ။

ဗီဒီယိုထဲတွင် ကောင်းကို ပထမဆုံးမြင်လိုက်ရသည် ။ ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့်ရှိနေသော ကောင်း၏ခန္ဓာကိုယ်ထက်တွင် အတွင်းခံဘောင်းဘီတစ်ထည်သာရှိနေခဲ့၏ ။ ကောင်း၏ဘေးဘက်တွင် ချွတ်ပုံထားသောအဝတ်အစားများရှိနေပြီး ထိုအဝတ်အစားများကို ရင်းရင်းနှီးနှီးမှတ်မိနေလေသည် ။ ကိုထက်ဘုန်းနိုင်နှင့် သူတို့နှစ်ယောက်အပြင်သို့လိုက်သွားစဉ်က  ​ကောင်းဝတ်ခဲ့သည့်ဝတ်စုံကို မေ့စရာအကြောင်းမရှိပေ ။

ကလေးဘဝက ရေချိုးလည်းအတူတူ ၊ အဝတ်အစားလဲလျှင်လည်းအတူတူဆိုတော့ ကောင်းကို အဝတ်အစားမရှိဘဲတွေ့မြင်ရခြင်းမှာ  သန့်အတွက် စိမ်းသက်မနေပေ ။ သို့သော်လည်း ကောင်း၏ ယခုပုံစံအနေအထားက
သူ့ရင်ကို ပူလောင်စေသည် ။ မျက်လုံးများကိုမှိတ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ကောင်းကိုကြည့်နေရင်း မည်သို့မှဆက်ပြီးမကြည့်နိုင်တော့သောကြောင့် ဗီဒီယိုကိုရပ်လိုက်ကာ မျက်တောင်များကိုခတ်မိ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now