Episode (31)

1K 116 40
                                    

Unicode

မတ်လထဲကိုဝင်ရောက်လာသည်နှင့် ရန်ကုန်မြို့၏ရာသီဥတုမှာ သိသိသာသာခြောက်သွေ့ပြီးပူပြင်းလာပြီဖြစ်၏ ။ ပူပြင်းသောရာသီဥတုကြောင့် အပူကြောက်သောသူများမှာလည်း တညည်းညည်းတညူညူ ။

" ပူလိုက်တာ...ပူလိုက်တာ "

သန့်က ထိုစကားကိုရိုးရိုးပြောခြင်းမဟုတ်ဘဲ
လေပူများကိုမှုတ်ထုတ်ရင်း ရှုံ့မဲ့သောမျက်နှာထားဖြင့် ပြောလာခြင်းဖြစ်၏ ။ ပန်ကာဖွင့်ထားသော်လည်း သန့်၏မျက်နှာထက်တွင် ချွေးအချို့ထွက်နေခဲ့လေသည် ။ ထို့နောက် သန့်က ခန္ဓာကိုယ်ကိုဟ်ိုလှုပ်သည်လှုပ်ဖြင့် အာရုံများကိုလည်းစာဆီတွင်မထားဘဲ နေရာအနှံ့သို့ပို့လွှတ်နေ၏ ။

သူကသာ ဂနာမငြိမ်ဖြစ်နေသော်လည်း ကောင်းကတော့ ရှိသမျှအာရုံများကို စာထဲတွင်သာအပြည့်အဝပုံအပ်ထား၏ ။ ကောင်း၏ဖြူသောမျက်နှာတွင် ညိုသောမျက်ကွင်းများမှာ သိသိသာသာ ။ နဂိုပိန်သော်လည်း ယခုလိုမျိုးစာမေးပွဲကာလတွင် ကောင်း၏ခန္ဓာကိုယ်မှာ ပို၍ပင်ပိန်သွားလေသည် ။

" ကောင်း "

ကောင်းက သူ့ကို မျက်လုံးအကြည့်ဖြင့်သာ တုံ့ပြန်လာ၏ ။

" စာတွေကရပြီးသားမို့လား ၊ အများကြီးမကြိုးစားလဲ မင်း အောင်ပါတယ်ကွာ... အေးဆေး...အေးဆေး "

လက်ထဲရှိခဲသားဘောပင်ကို စာအုပ်ပေါ်ချလိုက်ပြီးမှ သန့်၏မျက်နှာကို တည့်တည့်ကြည့်လိုက်တော့ ရှိသမျှသွားများပေါ်အောင်ပြုံးရင်း မျက်နှာချိုသွေးပြလာသည့် သန့်ကြောင့် ပြောမည့်စကားများပင် မေ့တေ့တေ့ ။ အဆူခံရတော့မည်ကိုသိနေဟန်ဖြင့် သန့်က နောက်ဖေးဘက်ကိုလက်ညှိုးထိုးပြီး

" ရှူးပေါက်ချင်လို့ "

ဆိုသည့်စကားနှင့်အတူ ထိုင်နေရာမှ ကပျာကယာထကာ နောက်ဘက်သို့အမြန်အဆန်သွားလေ၏ ။
စာလုပ်နေသည်မှာ အချိန်အားဖြင့်တစ်နာရီကျော်သာရှိသေးသော်လည်း သန့်ကတော့ ရှူးပေါက်ဦးမည် ၊ ရေသောက်ဦးမည်ဆိုသော အကြောင်းပြချက်မျိုးစုံဖြင့် အကြောင်းမရှိအကြောင်းရှာနေသည်မှာ အကြိမ်ရေမနည်းတော့ပေ ။ 

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now