Episode (23) Part 2

1.1K 129 38
                                    

Unicode

မတိုးမကျယ်သောအသက်ရှူသံသဲ့သဲ့ကြောင့် စာဆီသို့ရောက်ရှိနေသည့် သူ့အာရုံများမှာ သန့်ဆီကို ရောက်ရှိသွားရသည် ။ " ခဏလေး လှဲအုံးမယ် "ဆိုပြီး အပျင်းတစ်နေသည့် သန့်က ယခုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေကာ ဝတ်ထားသော တီရှပ်အင်္ကျီမှာလည်း အပေါ်သို့တွန့်တက်နေ၏ ။

သန့်ဆိုသည့် ကောင်လေးကို ဆူပစ်လိုက်ချင်သည် ။ ထိုသို့ဆူလိုက်လျှင်လည်း မျက်နှာငယ်လေးဖြင့်ကြည့်ပြီး နောက်မလုပ်တော့မည့်အကြောင်း ထပ်တလဲလဲကတိပေးလိမ့်မည် ။

သန့်၏မျက်နှာလေးမှာ တဖြည်းဖြည်းပြုံးလာကာ သွားများပေါ်သွားသည်အထိ ရယ်လိုက်ပြီးမှ တကျိကျိအသံမြည်အောင် သွားများကိုလည်း ကြိတ်နေပြန်သည် ။

အင်း...သန့်မင်းဉာဏ်တော့ အိပ်မက်ထဲမှာ ဘာတွေစားပြီး ပျော်နေပါလိမ့် ။

ပန်ကာမှထွက်လာသည့်အသံများကသာ အိမ်အောက်ထပ်တွင် လွှမ်းမိုးနေ၏ ။ သန့်ရှိနေ၍သာ အိမ်လေးက စိုပြည်နေခြင်းဖြစ်ပြီး ယခုလိုမျိုး သန့်အိပ်နေသည့်အချိန်မျိုးတွင် အိမ်လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ။ သူတို့အားလုံးချစ်ရသည့် အရွတ်တုံးဂျီထူလေးကတော့ ခြေပစ်လက်ပစ်ဖြင့် မည်သို့သောပူလောင်မှုမှမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည် ။

ထိုအချိန် ကားဟွန်းသံကျယ်ကျယ်က သူ့နားထဲကိုဝင်ရောက်လာတော့ မျက်ခုံးတန်းများမှာစုသွားပြီး ခန္ဓာကိုယ်မှာလည်း မတ်သွားခဲ့၏ ။ တီတီတို့၏ဧည့်သည်ဆိုလျှင်တော့ သန့်ကို နှိုးမှဖြစ်ပေမည် ။ တီတီကလည်း ယခုထိတိုင် စျေးမှပြန်မလာသေးပေ ။ ထပ်ပြီးကြားရသည့် ကားဟွန်းသံနှစ်ချက်ကြောင့် ထိုင်နေရာမှ ကပျာကယာထပြီး ခြေလှမ်းများကိုလည်း အိမ်တံခါးဆီသို့ဦးတည်မိ၏ ။

အိမ်တံခါးမှလှမ်းကြည့်လိုက်လျှင် ခြံရှေ့ကို ကွက်ကွက်ကွင်းကွင်းမြင်ရ၏ ။ အဖြူရောင်ကားတစ်စီးမှာ သန့်၏ခြံရှေ့တည့်တည့်တွင် ရပ်နေခဲ့သည် ။ တီတီတို့ဆီ လာပုံရသောကြောင့် ခြံတံခါးသော့ကိုပါ လိုလိုမည်မည်ယူပြီးမှ ထိုကားဆီသို့သွားရန်ပြင်ဆင်နေသော ခြေလှမ်းများမှာ ကားရှေ့ခန်းမှထွက်လာသည့်လူကြောင့် တုံ့ခနဲရပ်သွားခဲ့၏ ။ ထိုလူက အပြေးတစ်ပိုင်းဖြင့် ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ခန္ဓာကိုယ်မှာလည်း သိသိသာသာကိုင်းကျသွားလေသည် ။  ခန္ဓာကိုယ်ကိုပြန်ပြီးမတ်လိုက်ချိန်တွင် ထိုလူ၏လက်ထဲ၌ ဆွဲခြင်းတစ်ခြင်းပါလာခဲ့၏ ။ ကားတံခါးမှာ သည်အတိုင်းဖွင့်လျက်ရှိနေဆဲဖြစ်ကာ ကားနောက်ခန်းမှ ထွက်လာသော တီတီကြောင့် ရပ်တန့်သွားသော ခြေလှမ်းများကို ပြန်လည်၍အသက်သွင်းပြီး ခြေလှမ်းကျဲများဖြင့် ခြံတံခါးဆီကို ဦးတည်လိုက်သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now