Episode (18)

1.4K 167 110
                                    

Unicode

သူ့ရဲ့ငယ်ဘဝက မိဘဆွေမျိုးတွေနဲ့ ကြီးပြင်းရတာမဟုတ်ဘဲ ဘေးအိမ်က မေမေ့သူငယ်ချင်းနဲ့သာ ကြီးပြင်းလာရတာ ။ မေမေ့သူငယ်ချင်းက သိပ်ချောသလို သဘောလဲကောင်းတယ် ။ မေမေက အဲဒီအန်တီကို တီတီလို့ခေါ်ဖို့ သင်ပေးတဲ့အတွက် သူကလဲ တီတီလို့ပဲ ခေါ်တာပေါ့ ။ တီတီက နဂိုကလဲ လှပြီးသားဆိုပေမဲ့ ပြုံးလိုက်ရင် ပိုလှသွားတာက ဘာကြောင့်ပါလိမ့် ။

တီတီ့မှာ သူ့အရွယ် သားလေးတစ်ယောက်ရှိပြီးတော့ အဲဒီကောင်လေးက အားတာနဲ့ ငိုတော့တာပဲ ။ နေတာထိုင်တာကလဲ ညစ်ပတ်သလို ဆော့တာကလဲ ကြောက်စရာကြီး ။ လိုချင်တာကိုမရရင် ခြေဆောင့်တတ်သလို နှုတ်ခမ်းကိုစူလိုက်ရင်လဲ ကာတွန်းကားထဲက ဘဲနှုတ်သီးနဲ့တောင် တူနေသေး ။ သူ့ကိုတွေ့တာနဲ့ တအားဖက်ပြီး အာဘွားတွေ မရပ်မနားပေးတဲ့အခါ ဘယ်လိုစိတ်ညစ်မှန်းကို မသိဘူး ။ မေမေ လူးပေးထားတဲ့ သနပ်ခါးတွေက အဲဒီကောင်လေး နမ်းလိုက်တာနဲ့ ပျက်သွားတဲ့အခါ တီတီက သူ့ကို မျက်နှာပြန်သစ်ပေးပြီး သနပ်ခါးပြန်လူးပေးရပါရော ။

ဂျီကျတတ်သလို ရယ်ပြီဆိုလဲ နှစ်ယောက်မရှိဘူး ။ ပုရွက်ဆိတ်လေးတွေကိုကြည့်ပြီးတော့ ရယ်တတ်သလို  ပုရွက်ဆိတ်အကိုက်ခံရရင်တော့ အာပြဲပြီးငိုတာပဲ ။ မချော့မချင်း ၊ ချစ်တယ်လို့မပြောမချင်း ၊ ဘာမုန့်လေးကိုဝယ်ကျွေးမယ်လို့ ကတိမပေးမချင်း အငိုမတိတ်ဘဲ တအီအီနဲ့ငိုတတ်တဲ့ကောင်လေးကြောင့် စိတ်ညစ်ရတာလဲ အကြိမ်ကြိမ်ပါ ။

သန့်ကလေ ၊ သန့်ကလေလို့ပြောတတ်တဲ့ ကောင်လေးက အိမ်မှာဘယ်လောက်ဆိုးဆိုး ၊ ဘယ်လောက်ဂျစ်ဂျစ် အပြင်ကလူတွေနဲ့ဆိုရင် အမြီးကုပ်ထားတဲ့ခွေးလေးလိုပဲ ။ နည်းနည်းလေးအသံမာလိုက်တာနဲ့ ဝိုင်းစက်နေတဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေပြည့်လာတတ်တယ် ။ နှာခေါင်းလေးကိုရှုံ့ ၊ မျက်နှာလေးကိုမဲ့ ၊ ခေါင်းလေးကိုငုံ့ ၊လက်လေးနှစ်ဖက်ကိုတင်းတင်းဆုပ်လို့ ကြောက်ရွံ့တတ်တဲ့ အဲဒီကောင်လေးကို သူ စိတ်ပျက်တာပဲ ။

အဲဒီကောင်လေးရဲ့ လက်နဲ့ ခြေထောက်တွေက ဖောင်းဖောင်းအိအိလေးဖြစ်နေပြီး လူကောင်ကလဲ ခပ်ကြီးကြီး ။ သူ့ထက် ခန္ဓာကိုယ်ကြီးပေမဲ့ တစ်ခုခုဆိုရင် သူ့နားကိုကပ်ပြီး အားကိုးတကြီးကြည့်တတ်တဲ့ ကောင်လေးကြောင့် တစ်ခါတလေလဲ နည်းနည်းစွာရသေးတယ် ။ နည်းနည်းပါပဲ ၊ သူက ရန်ဖြစ်ရတာမျိုး ...စကားကိုများများပြောရတာမျိုးကို မလုပ်ချင်ဘူး ။ သူ တည့်တည့်စိုက်ကြည့်လိုက်ရင် ရွယ်တူသူငယ်ချင်းတွေက ကြောက်သွားတတ်တယ် ။ ဘာမှမလုပ်နိုင်တဲ့အချိန်မှာ အကြည့်တွေနဲ့ပဲ သန့်ကို ကာကွယ်ပေးရတာက သူ့တာဝန်လိုမျိုး ဖြစ်နေပြီ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now