Episode (47)

1.4K 120 14
                                    

Unicode

" ဟဲ့... အဲဒီကောင် ငါတို့ကိုသက်သက်လုပ်တာသိလား "

" အခုလိုမျိုးပဲလုပ်မယ်လို့ ငါကြ်ိုတွေးပြီးသားပါ ပုလဲရာ ၊ နင်လဲ သိပ်ပြီးစိတ်တိုမနေပါနဲ့ ၊ သူ့အကုသိုလ်က ငါတို့အကုသိုလ်ဖြစ်မယ် "

" နင်ကတော့ ဘုရားတရားသမားဆိုတော့ ပြောအားရှိတာပေါ့ ၊ ငါကတော့ ဖြစ်နိုင်မယ်ဆိုရင် အဲဒီကောင်ရဲ့မျက်ခွက်ကို တည်ပြီးတော့ထိုးချင်တာ "

ပြောနေရင်း ပုလဲက စားပွဲခုံပေါ်သို့ လက်နှစ်ဖက်လုံးကိုဆောင့်ချလိုက်သဖြင့် အအေးခွက်များမှာ အနည်းငယ်မျှလှုပ်ယမ်းသွားတော့သည် ။ ပုလဲ စိတ်တိုမည်ဆိုလည်း စိတ်တိုစရာပင် ။ ကောင်း ထက်ဘုန်းနိုင်ကို ညနေလေးနာရီကျလျှင်တွေ့ကြမည်ဟု ချိန်းဆိုထားသော်လည်း ထက်ဘုန်းနိုင်၏အရိပ်အယောင်ကိုမမြင်ရဘဲ တစ်နာရီနီးပါးထိုင်စောင့်နေရလေသည် ။ ထို့အတွက်ကြောင့် စိတ်မြန်လက်မြန်ရှိလှသည့် ပုလဲ၏ဒေါသစိတ်မှာ ဒီရေတက်သလိုမျိုးမြင့်တက်လာပြီး မျက်နှာထားမှာလည်းတည်တင်းနေတော့၏ ။

" ဒေါသထွက်ပြီးဖြေရှင်းလို့မရဘူး ပုလဲ ၊ ထက်ဘုန်းနိုင်က ငါတို့ကိုဒေါသထွက်အောင် တမင်လုပ်နေတာ ၊ သူ့စိတ်နဲ့ဆိုရင် ဒီနားပတ်ဝန်းကျင်မှာ ရောက်နေနိုင်တယ် ၊ အခြေအနေပေးရင် တစ်နေရာကနေတောင် ငါတို့နှစ်ယောက်ကိုစောင့်ကြည့်ချင်စောင့်ကြည့်နေလိမ့်မယ် "

" မျက်နှာချင်းဆိုင်ကြည့်ပြီး ပျစ်ပျစ်နှစ်နှစ်ကိုဆဲပစ်ချင်တာဟာ ၊ ရုပ်လေးနဲ့မလိုက် ရိုင်းစိုင်းတယ်ဖြစ်မှာစိုးလို့ စိတ်မနည်းထိန်းနေရတယ် "

ကောင်းက ပုလဲကို မျက်နှာအပြူးသားဖြင့်စိုက်ကြည့်ပြီးမှ မျက်ခုံးပင့်၍ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်သည် ။ ထိုအပြုအမူကြောင့် ပုလဲကမျက်မှောင်ကြုတ်ပြီး ကောင်း၏လက်မောင်းရင်းကို လက်သီးဖြင့် တစ်ချက်ထိုးပစ်၏ ။

" ဘာလဲ ၊ ငါချောတယ်ဆိုတာကို လက်မခံချင်တဲ့သဘောလား ၊ နင်သာ ငါ့အလှတရားတွေ...ငါ့ချောမောမှုတွေကို မမြင်တာ ၊ အေးပေါ့လေ...ငါ နားလည်ပါတယ် ၊ နင့်မျက်လုံးထဲမှာ သန့်မင်းဉာဏ်ဆိုတဲ့ ကောင်လေးကသာ အချောဆုံးဖြစ်နေမှာပေါ့ ၊ အဲဒီတော့လဲ တခြားသူတွေရဲ့ လှပချောမောကျက်သရေရှိမှုတွေကို ဘယ်မြင်ပါ့မလဲ ၊ နင် မသိလို့နော် ...ငါ့ရဲ့လှပမှုက နိုင်ငံတကာကမော်ဒယ်တွေလို မိမိုက်တာဟဲ့ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now