Episode (6)

2K 215 89
                                    

Unicode

တက်ကြွသောခြေလှမ်းများဖြင့် ကျောင်းကားပေါ်ကိုတက်လာသည့် ပုလဲ၏ခြေထောက်များဆီသို့ သန့်၏အကြည့်မှာ စူးစူးစိုက်စိုက် ။ အသားရောင်ကြိုးသိုင်းဖိနပ်လေးမှာ သန့်၏အာရုံကို အပြည့်အဝဖမ်းစားသွားသောအခါ မျက်လုံးများမှာအရောင်တလက်လက် ။

ပုလဲနှင့်ယုယက သန့်နှင့်ကောင်း ထိုင်နေကြသည့်ခုံတန်း၏ မျက်နှာချင်းဆိုင်ခုံတွင်ထိုင်ချပြီးမှ ပုလဲက မျက်ခုံးကိုဟန်ပါပါတွန့်ပြလာ၏ ။

" ဟဲ့...လှလား "

" အေး...လှတယ်...လှတယ် ၊ နင် ဘယ်ကဝယ်တာလဲ ပုလဲ "

ပုလဲက ခြေထောက်လေးကို တဆတ်ဆတ်ခါပြီးမှ မရှိမဲ့ရှိမဲ့ဆံပင်လေးကိုပါ ဆတ်ခနဲခါယမ်းလိုက်သည် ။

" စိန်ဂေဟာကလေ... အဲဒီမှာ သီတင်းကျွတ်အကြိုစျေးရောင်းပွဲကျင်းပနေတာဟ ၊ ငါ့မေကြီးက မနေ့က စျေးသွားဝယ်ရင်းနဲ့ ငါ့ကိုဝယ်ပေးတာ "

" ဟုတ်လား...စိန်ဂေဟာကလား "

" အေး...နင် ကြိုက်လား "

" ကြိုက်တာပေါ့ဟ ၊ ငါလဲ လိုချင်လိုက်တာဟာ "

" နင် လိုချင်ရင် တီတီ့ကိုဝယ်ခိုင်းလေ "

" အေး...အေး...မေ့ကို ဝယ်ခိုင်းမယ် "

" နင် ဟိုရက်ကမှ ဖိနပ်အသစ်ဝယ်ထားတာမို့လား သန့်  "

ယုယဆီမှထွက်လာသည့်အသံ ။

" ဟုတ်တယ်နော် ၊ ဟိုရက်ကမှ မေ ငါ့ကို ဖိနပ်အသစ်ဝယ်ပေးထားတာပဲ "

အမှန်ဆိုလျှင်တော့ မေ့ကို ဂျီကျပြီးဝယ်ခိုင်းထားခြင်းပင် ။ ထိုဖိနပ်မှာ စျေးလည်းနည်းနည်းကြီးသဖြင့် မေက နောက်ထပ်တစ်ရန်ကိုတော့ ချက်ချင်းဝယ်ပေးချင်မှ ဝယ်ပေးပါလိမ့်မည် ။

မေက မဝယ်ပေးဘူးလို့ပြောလာရင် ငိုပစ်လိုက်မှာပေါ့ ။

" ဟုတ်သားပဲ သန့်ရဲ့ ၊ နင့်ဆီမှာ ဖိနပ်တွေအများကြီးပဲလေ ၊ တီတီ့ကို ထပ်ပြီး မဝယ်ခိုင်းနဲ့တော့ "

မေ့ကိုဆိုလျှင် အင်မတန်ချစ်သည့် ပုလဲဆီမှ ထွက်လာသောစကားကြောင့် သန့်က ခေါင်းကို ဘယ်ပြန်ညာပြန်ခါယမ်းပစ်၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now